နေအိမ်တစ်လုံး ဆောက်လုပ်ရန်အတွက် သစ်ဝါးဟူသည် မရှိမဖြစ် လိုအပ်ပေရာ၊ ထိုမှသာလျှင် လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည် ရှိပေ၏။
အခု ငါရဲ့ သက်ကယ်တဲအိုကလေးကို ပြုပြင်မွမ်းမံဖို့အချိန်အခါကောင်းပဲ ဟု ချင်ယွမ်ဖုန်း က မြွက်ဆိုရင်း တောအုပ်တစ်ခု၏ ရှေ့မှောက်သို့ ဆိုက်ရောက်လာခဲ့၏။
ထိုတောအုပ်အတွင်းရှိ သစ်ပင်အသီးသီးတို့မှာ လူတစ်ဖက်စာမျှပင် လုံးပတ်ထွားကြိုင်းလှသဖြင့် အိမ်ဆောက်ရန်အတွက် အလွန်ပင် သင့်လျော်လှပေသည်။
“ဒါအားလုံးက ငါ့အတွက် အသုံးတည့်မည့် အရာတွေပဲ”
ချင်ယွမ်ဖုန်း သည် ပြုံးရွှင်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလှမ်းလိုက်ပြီးလျှင် လက်ဝါးတစ်ချက် စောင့်၍ ရိုက်သွင်းလိုက်လေသည်။
သူ၏ လက်ဝါးချက်မှာ ပြင်းထန်သော လေအဟုန်နှင့်အတူ သစ်ပင်ကြီး၏ အခြေကို တိုက်ရိုက် ထိမှန်သွားတော့၏။
“ဂျောက်...”
ကြည်လင်ပြတ်သားသော အသံနှင့်အတူ လူတစ်ဖက်စာ လုံးပတ်ရှိသည့် သစ်ပင်ကြီးမှာ ချင်ယွမ်ဖုန်း ၏ လက်ဝါးချက်ကြောင့်ပင် တိခနဲ ကျိုးပြတ်သွားရချေသည်။
ထိုသစ်ပင်၏ အပြတ်ပိုင်းမှာလည်း ဓားဖြင့် တိတိရိရိ ဖြတ်တောက်ထားဘိသကဲ့သို့ ကြေးမုံပြင်ပမာ ချောမွတ်နေသည်မှာ အံ့ဩဖွယ်ပင်။
ယင်းကား မဟာဆရာအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းသတ္တိပင် ဖြစ်ချေသည်၊ လက်ဗလာဖြင့် ကျောက်သားများကိုပင် ချေမွနိုင်စွမ်းရှိသကဲ့သို့ ခန္ဓာကိုယ်မှာလည်း ကျောက်တုံးပမာ ခိုင်မာတောင့်တင်းလှပေသည်။
ချင်ယွမ်ဖုန်း သည် လက်ဝါးချက်များကို အကြိမ်ကြိမ် ထုတ်ဖော်လိုက်ရာ သူ၏ရှေ့မှောက်ရှိ သစ်ပင်ကြီးများမှာ တစ်ပင်ပြီးတစ်ပင် ပြိုလဲကုန်တော့၏။
မကြာမီအတွင်းမှာပင် မြေပြင်ပေါ်၌ သစ်ပင်ကြီး ဆယ်ဂဏန်းခန့် လဲလျောင်းနေလေပြီ။ ထို့နောက် သူသည် သစ်ပင်များ၏ အဖျားပိုင်းများကို ဖယ်ရှားကာ ပင်စည်များကိုသာ သပ်ရပ်စွာ စုစည်းလိုက်လေသည်။
တောင်ကုန်းငယ်တစ်ခုပမာ စုပုံနေသော သစ်ပင်များကို ချင်ယွမ်ဖုန်း သည် စနစ်တကျပင် စီစဉ်ထားရှိလိုက်၏။
“ဒါဆိုရင် လုံလောက်ပြီ၊ ငါ အမြန် ပြန်သွားမှ ဖြစ်မယ်”
ချင်ယွမ်ဖုန်း သည် ခိုင်ခံ့သော နွယ်ပင်နှစ်ပင်ကို ရှာဖွေသဖြင့် သစ်ပင်များကို အစည်းလိုက် ချည်နှောင်လိုက်သည်။
“ဟိမ့်...”
သူက အားမာန်ပါပါ ဟစ်အော်လိုက်ကာ တောင်ပုံရာပုံရှိသော သစ်ပင်အစည်းကို ကျောပေါ်သို့ ပိုးတင်လိုက်၏။
သစ်ပင်ပေါင်း လေးငါးဆယ်ခန့်မှာ အလေးချိန်အားဖြင့် ပိဿာပေါင်း ထောင်ချီ၍ ရှိနေပေရာ ချင်ယွမ်ဖုန်း သည် မဟာဆရာအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား အနည်းငယ်မျှပင် မောဟိုက်သွားရသည်။
“ ငါရဲ့ ခွန်အားကို လေ့ကျင့်ဖို့နဲ့အဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းပဲ” ဟု တွေးတောကာ သစ်ပင်များကို ထမ်းပိုးရင်း ဖြည်းညှင်းစွာ ပြေးလွှားတော့၏။
သူ၏ ခြေလှမ်းတိုင်းတွင် မြေပြင်၌ နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့လေသည်။
ချင်ယွမ်ဖုန်း ၏ အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်လာကာ နောက်ဆုံး၌ အပြင်းနှင်တော့၏။
အဝေးမှ ကြည့်မည်ဆိုလျှင် သစ်ပင်အောက်ရှိ သူ့ကို မြင်တွေ့နိုင်မည် မဟုတ်ဘဲ သစ်ပင်ကြီးများကသာ ခြေထောက်ပေါက်၍ ပြေးလွှားနေသကဲ့သို့ ထင်မှတ်ရပေ၏။
အသွားအပြန် ခရီးမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပေသည်။ ချင်ယွမ်ဖုန်း သည် သူ၏ သက်ကယ်တဲသို့ ပြန်လည်ရောက်ရှိချိန်တွင် ချွေးဒေါသီးများပင် စီးကျနေလေပြီ။
သူသည် သစ်ပင်များကို မြေပေါ်သို့ ဘုန်းခနဲ ချလိုက်ပြီးနောက် ရေကန်ဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့၏။
ထိုအချိန်တွင် ချန်ဒါချောင် နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးမှာ ငါးများကို သန့်စင်ပြီး၍ မီးကင်နေကြလေပြီ။
ချင်ယွမ်ဖုန်း အနီးသို့ ရောက်ရှိလာသောအခါ မွှေးကြိုင်လှသော ငါးကင်နံ့ကို ရရှိလိုက်လေသည်။
“သခင်လေး ပြန်လာပြီပဲ၊ ငါးကင်က မကြာခင် ရတော့မှာပါ” ဟု ချန်ဒါချောင် က ပြုံးရွှင်စွာ ပြောကြားလိုက်၏။
ချင်ယွမ်ဖုန်း က ခေါင်းညိတ်ပြလိုက်ကာ “မဆိုးပါဘူး၊ မင်းတို့ လက်ရာက တော်တော်လေး ကောင်းမယ့်ပုံပဲ” ဟု ချီးမွမ်းစကား ဆိုလိုက်သည်။
ထို့နောက် သူသည် အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ရေကန်အတွင်းသို့ တိုက်ရိုက် ခုန်ဆင်းလိုက်လေသည်။
ကန်ရေအေးအေးမှာ သူ၏ ခန္ဓာကိုယ်မှ အပူဒဏ်များကို ချက်ချင်းပင် ပြေပျောက်စေခဲ့၏။
သူ ရေချိုးပြီးချိန်တွင် ညီအစ်မနှစ်ဦးမှာလည်း ငါးကင်ခြင်း လုပ်ငန်းကို အပြီးသတ်နေလေပြီ။
ဆူဖြိုးသော ငါးကြီးများသည် မီးပုံပေါ်၌ ဆီများ တဖြဖြနှင့် ကျက်နပ်နေတော့၏။
“ကဲ... ဒါလေးကို အနည်းငယ် ထပ်ထည့်လိုက်ဦး” ဟု ဆိုကာ ချင်ယွမ်ဖုန်း က စိမ်းစိုသော မြက်ပင်တစ်ဆုပ်ကို ထုတ်ပေးလိုက်သည်။
“ဒါ... ဒါက ဆားမြက်ပင်ပဲ” ဟု ချန်ရှောင်ချောင် က အံ့ဩတကြီး အော်ဟစ်လိုက်၏။
ချင်ယွမ်ဖုန်း က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
သူ ဝိညာဉ်ကူးပြောင်း မလာမီ ဤနေရာသို့ ရောက်ရှိစဉ်က ဆားဟူသည် မရှိခဲ့ပေ။ သို့သော် ဤဆားမြက်ပင်မှာ ဆားကဲ့သို့ ငန်သော အရသာရှိသဖြင့် အစားထိုး အသုံးပြုနိုင်ပေသည်။
ဆင်းရဲသား မိသားစုမှ ကလေးငယ်များမှာ ထိုအကြောင်းကို နဂိုကပင် သိရှိနားလည်ကြပေရာသည်။
ချင်ယွမ်ဖုန်း မှာ သူ၏ ယခင်ဘဝ ဝိညာဉ်မကူးပြောင်းမီက ချမ်းသာသော မိသားစုမှ မဟုတ်သော်ငြား အစားအသောက်အတွက်မူ အခက်အခဲ မရှိခဲ့ဖူးချေ။ ယခုအခါတွင်မူ ရှိသည်ကိုသာ လုံလောက်အောင် စီမံရပေတော့မည်။
ချန်ဒါချောင် သည် ဆားမြက်ရည်ကို ကျွမ်းကျင်စွာ ညှစ်ထုတ်ကာ ငါးကင်ပေါ်သို့ သုတ်လိမ်းလိုက်၏။ ချင်ယွမ်ဖုန်း မှာ မအောင့်နိုင်တော့ဘဲ ငါးကင်တစ်ကောင်ကို ချက်ချင်းပင် ကောက်ယူကာ စားသောက်တော့သည်။
သို့သော်လည်း ချန်ဒါချောင် နှင့် ချန်ရှောင်ချောင် တို့မှာမူ ချင်ယွမ်ဖုန်း ကိုသာ ကြည့်ရှုရင်း ငြိမ်သက်စွာ ထိုင်နေကြပြီး သူတို့၏ ဝမ်းဗိုက်မှ ဆာလောင်သံများသာ ရံဖန်ရံခါ ထွက်ပေါ်နေလေသည်။
ချင်ယွမ်ဖုန်း က မျက်မှောင်ကြုတ်လိုက်ကာ “မင်းတို့လည်း စားကြလေ” ဟု ဆိုလိုက်၏။
“ကျွန်မတို့... စားလို့ရတာလား” ချန်ဒါချောင် က မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်း သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိ၏။ ဤရှန်းဝူ စကြဝဠာ တိုက်ကြီး ပေါ်တွင် လူတို့၏ အတွေးအခေါ်များမှာ ရှေးရိုးစွဲလွန်းလှပေသည်။
ညီအစ်မနှစ်ဦးမှာ သူတို့ကိုယ်သူတို့ အလုပ်အကျွေးပြုသူများဟု သတ်မှတ်ထားကြပေရာ သခင်ဖြစ်သူ၏ ခွင့်ပြုချက်မရဘဲ စားသောက်ရန် မဝံ့ရဲကြပေ။
“ဒီလိုလုပ်ပါ၊ ဒီနေ့ကစပြီး ငါ့ကို သခင်လေးလို့ မခေါ်ကြနဲ့တော့။ ဖုန်းအစ်ကို လို့ပဲ ခေါ်ပါ။ ငါတို့ကြားမှာ သခင်နဲ့ အလုပ်အကျွေး ဆက်ဆံရေးမျိုး မရှိပါဘူး၊ မင်းတို့က ငါ့ရဲ့ သူငယ်ချင်းတွေပါပဲ” ဟု ချင်ယွမ်ဖုန်း က ဆိုလိုက်သည်။
ညီအစ်မနှစ်ဦး၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားကာ “သခင်လေး... ကျွန်မတို့ မဝံ့ရဲပါဘူး၊ သခင်လေးရဲ့ အလုပ်အကျွေးအဖြစ်ပဲ နေထိုင်ရတာကို ကျေနပ်လှပါပြီ” ဟု ဆိုကြ၏။
“ဒါက အမိန့်ပဲ၊ ငါတို့က သူငယ်ချင်းတွေ ဖြစ်ရမယ်” ချင်ယွမ်ဖုန်း သည် အနည်းငယ် စိတ်တိုသွားရသည်။
သူသည် ခေတ်ပညာတတ်တစ်ဦး ဖြစ်သည့်အားလျော်စွာ ပွင့်လင်းသော အတွေးအခေါ် ရှိသူဖြစ်သော်လည်း ဤညီအစ်မနှစ်ဦး၏ အမူအရာမှာမူ သူက စွန့်ပစ်တော့မည်ဟု ထင်မှတ်နေကြဘိသကဲ့သို့ ဖြစ်နေသည်။
“တကယ်ပဲ ဖြစ်နိုင်ပါ့မလား... သခင်နဲ့ သူငယ်ချင်း ဖြစ်ရတယ်လို့” ညီအစ်မနှစ်ဦးမှာ မယုံကြည်နိုင်သကဲ့သို့ ရှိနေကြဆဲပင်။
“ငါတို့က သူငယ်ချင်းတွေ ဖြစ်နေပါပြီ” ဟု ချင်ယွမ်ဖုန်း က ပြုံးပြလိုက်ကာ “မြန်မြန်စားကြ၊ ငါးကင်တွေ တူးကုန်တော့မယ်” ဟု တိုက်တွန်းလိုက်၏။
ထိုအခါမှသာ ညီအစ်မနှစ်ဦးမှာ ငါးကင်များကို အားပါးတရ စားသောက်ကြတော့သည်။ သူတို့မှာ ကောင်းမွန်သော အစားအစာကို မစားရသည်မှာ ကြာမြင့်လှပေပြီ။
ထိုအခိုက်အတန့်၌ သူတို့၏ ရင်ထဲ၌ နွေးထွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူတို့၏ ရှေ့မှောက်ရှိ ချင်ယွမ်ဖုန်း မှာ ရွှေရောင်အရှိန်အဝါ များ ဖြာထွက်နေသကဲ့သို့ နွေးထွေးကြင်နာတတ်သူဟု ခံစားလိုက်ရလေသည်။
ငါးများကို သုံးယောက်သား စားသောက်လိုက်ကြရာ ငါးရိုးများသာ ကျန်ရစ်တော့၏။ ထိုအချိန်တွင် ညချမ်းအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အိမ်ဆောက်မည့် အစီအစဉ်ကို မနက်ဖြန်မှသာ စတင်ရန် ဆုံးဖြတ်လိုက်လေသည်။
“ဒီနေ့တော့ တော်တော်လေး နောက်ကျသွားပြီ။ မင်းတို့နှစ်ယောက် ဒီတဲအိုထဲမှာပဲ တစ်ညတာ အိပ်စက်လိုက်ကြပါ၊ မနက်ဖြန်မှ အိမ်ဆောက်တာကို စကြတာပေါ့” ဟု ချင်ယွမ်ဖုန်း က ဆိုသည်။
“ဒါဆိုရင် ဖုန်းအစ်ကိုက ဒီည ဘယ်မှာ အိပ်မှာလဲဟင်” ဟု ချန်ရှောင်ချောင် က မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်း က သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်ကာ “ငါက ယောက်ျားကြီးပဲ၊ ဘယ်နေရာမှာမဆို အိပ်လို့ရပါတယ်။ စိတ်မပူပါနဲ့” ဟု ဆိုလိုက်သည်။
“ဒါပေမဲ့...” ချန်ဒါချောင် မှာ မျက်နှာလေး နီမြန်းသွားကာ “ကျွန်မတို့ ညီအစ်မနှစ်ယောက်က သခင်လေးကို ပြုစုပေးနိုင်ပါတယ်...”
ချင်ယွမ်ဖုန်း မှာ မျက်လုံးအစုံ ပြူးကျသွားကာ ထိုရင်ခုန်ဖွယ် မြင်ကွင်းကို တွေးတောမိရင်း မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားရတော့သည်။
***