“မဟုတ်သေးဘူး... မဟုတ်သေးဘူး... သံယောဇဉ်ဆိုတာ ပြုစုပျိုးထောင်ယူရတာမျိုးပဲ၊ အဓမ္မစေခိုင်းလို့ ရတာမှမဟုတ်ဘဲ”
ကံကောင်းထောက်မစွာပင် ၂၁ ရာစု၏ စံပြလူငယ်ပီပီ ချင်ယွမ်ဖုန်း သည် အချစ်ရေးနှင့် ပတ်သက်လျှင် ကိုယ်ပိုင်ခံယူချက် ရှိသူဖြစ်ရာ အသိတရားက အလိုရမ္မက်ကို အောင်နိုင်သွားခဲ့ချေသည်။
ချန်ဒါချောင် နှင့် ချန်ရှောင်ချောင်တို့အား အခန်းထဲသို့ ပို့ဆောင်ပြီးနောက် ချင်ယွမ်ဖုန်းသည် အိမ်တံခါးဝ၌ တင်ပလ္လင်ခွေ ထိုင်လိုက်လေသည်။
ယခုအခါ သူ၏ လက်ဝယ်တွင် ‘ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်ဟူသော အစွမ်းထက်လှည့်ကွက်ကြီး ရှိနေပြီဖြစ်သော်လည်း ယင်းကိုချည်း အားကိုးနေ၍ မဖြစ်ပေ။
မိမိကိုယ်တိုင်လည်း ဝီရိယစိုက်ထုတ်၍ ကျင့်ကြံအားထုတ်ရန် လိုအပ်ပေသည်။
ထို့ပြင် ချင်ယွမ်ဖုန်းအတွက် အလွန်တရာ နားမလည်နိုင်သော ပဟေဠိတစ်ခု ရှိနေသေး၏။
ယခင်က သူသည် ချင်မိသားစု ၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါလျက်၊ အဘယ်ကြောင့် ရှန်းနုံဂိုဏ်း၏ ရွေးချယ်ပွဲ၌ သူ၏ပါရမီ များ ရုတ်ခြည်းကွယ်ပျောက်ကာ အားအင်ချိနဲ့သူ တစ်ဦး ဖြစ်သွားရသနည်း။
ယင်း၌ တစ်စုံတစ်ရာသော ပြဿနာရှိနေရမည်ဖြစ်ရာ ချင်ယွမ်ဖုန်းကိုယ်တိုင် စုံစမ်းဖော်ထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။
ကောင်းကင်ယံမှ မရေမတွက်နိုင်သော ကြယ်တာရာတို့ကို မော့ကြည့်ရင်း ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။ ဤမျှကြည်လင်သော ကောင်းကင်ပြင်ကို သူ မမြင်တွေ့ရသည်မှာ မည်မျှကြာခဲ့ပြီနည်း။
“ငါတို့တွေ တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း ဒီလိုရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ရှင်သန်ကြတာပေါ့” ဟု အိမ်ထဲရှိ ဒါချောင်နှင့် ရှောင်ချောင်တို့အား ရည်ရွယ်၍ ပြောလိုက်သော်လည်း သူ၏လေသံမှာ ညဉ့်ကောင်းကင်ယံထဲသို့ ခဏချင်းမှာပင် ပျော်ဝင်သွားတော့သည်။
“အော်... ဒါနဲ့...” ချင်ယွမ်ဖုန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ “စနစ်စောင့်ရှောက်သူ ရှောင်လင် ဆိုရင် ငါ့ခန္ဓာကိုယ်မှာ ဘာတွေမှားယွင်းနေလဲဆိုတာ သိနိုင်မလားမသိဘူး”
ဤအချိန်၌ သူသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး မှ ချင်ယွမ်ဖုန်းနှင့် ဝိညာဉ်ပေါင်းစည်းသွားပြီ ဖြစ်ရာ၊ ဤကမ္ဘာမှ ချင်ယွမ်ဖုန်း ခံစားခဲ့ရသော အရှက်တကွဲ ဖြစ်ရပ်များကို သူကိုယ်တိုင် ခံစားနေရသကဲ့သို့ ရှိပေသည်။
“ရှောင်လင်... ငါ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်း စစ်ဆေးပေးလို့ ရမလား” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
စနစ်စောင့်ရှောက်သူ ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ မေးခွန်းများကို အချိန်မရွေး၊ နေရာမရွေး ပြန်လည်ဖြေကြားနိုင်စွမ်း ရှိပေသည်။
“တောင်းပန်ပါတယ် သခင်... လက်ရှိမှာ သခင့်ရဲ့ ကျင့်စဉ်အဆင့် က နိမ့်လွန်းနေသေးတဲ့အတွက် စစ်ဆေးပိုင်ခွင့် မလုံလောက်သေးပါဘူး၊ ဒါကြောင့် သခင့်ခန္ဓာကိုယ်ကို အသေးစိတ် စစ်ဆေးပေးဖို့ မစွမ်းသာသေးပါဘူး” ဟု ရှောင်လင်က ပြန်လည်ဖြေကြားသည်။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်သွားကာ “ဒါဆို ခန္ဓာကိုယ်ကို အသေးစိတ်စစ်ဆေးဖို့ ဘယ်လိုအဆင့်မျိုး လိုအပ်တာလဲ” ဟု ထပ်မံမေးမြန်းလေသည်။
“ဘုရင်အဆင့်ပါ သခင်” ဟု ရှောင်လင်က ရိုးသားစွာပင် ဆိုလာ၏။
ချင်ယွမ်ဖုန်းသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဘုရင်အဆင့် ဟုတ်လား... ငါ့ရဲ့ အခုရှိနေတဲ့ ပါရမီနဲ့ဆိုရင် အဲဒီအဆင့်ကို ဘယ်တော့မှ ရောက်နိုင်ပါ့မလဲ” ချင်ယွမ်ဖုန်းသည် အားကိုးရာမဲ့စွာဖြင့် ရေရွတ်လိုက်မိသည်။
“သခင်အနေနဲ့ ယုံကြည်မှုတန်ဖိုး တွေကို စုဆောင်းပြီး စနစ်အရောင်းဆိုင် ကနေ ကျင့်စဉ်တိုးတက်စေမယ့် ဆေးလုံးတွေနဲ့ လဲလှယ်နိုင်ပါတယ်” ဟု ရှောင်လင်က လမ်းညွှန်ချက်တစ်ခု ပေးလာ၏။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ယင်းမှာ နည်းလမ်းကောင်းတစ်ခု ဖြစ်သော်လည်း စနစ်အရောင်းဆိုင်ရှိ ပစ္စည်းတိုင်းမှာ ယုံကြည်မှုတန်ဖိုး သန်းနှင့်ချီ၍ လိုအပ်လှရာ ထိုပမာဏကို တွေးကြည့်ရုံနှင့်ပင် ချင်ယွမ်ဖုန်း စိတ်ပျက်အားလျော့သွားမိသည်။
“ကြည့်ရတာ... ငါ့အတွက် ယုံကြည်မှုတန်ဖိုးတွေ စုဆောင်းရမယ့် အချိန်ရောက်ပြီထင်တယ်” ချင်ယွမ်ဖုန်းသည် တိုးညင်းစွာ ရေရွတ်လိုက်ရင်း သူ၏နှုတ်ခမ်းအစွန်းတွင် မာရ်နတ်တစ်ဦးကဲ့သို့ ပြုံးယောင်သန်းသွားလေသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ဒါချောင်နှင့် ရှောင်ချောင်တို့သည် စောစီးစွာ နိုးထလာကြသည်။
ချင်ယွမ်ဖုန်းနှင့်အတူ နေထိုင်နိုင်ရန်အတွက် သူတို့၏ တန်ဖိုးကို သက်သေပြရမည်ဖြစ်ကြောင်း နှစ်ဦးစလုံး နားလည်ထားကြသည်။
ဤသို့သော ရှုပ်ထွေးလှသည့် လောကကြီးတွင် အသုံးမဝင်သော ဝန်ထုပ်ဝန်ပိုး နှစ်ခုကို မည်သူကမျှ အလကား ကျွေးမွေးထားမည် မဟုတ်ပေ။
ထို့ပြင် ချင်ယွမ်ဖုန်း၏ အစွမ်းထက်မှုကို မြင်တွေ့ထားရသော်လည်း သူသည် တသီးတခြား ဆိတ်ငြိမ်စွာ နေထိုင်ခြင်းကို ရွေးချယ်ထားရာ၊ သူသည် လောကီစည်းစိမ်နှင့် ကျော်စောမှုနောက်သို့ လိုက်နေသူ မဟုတ်ကြောင်း သူတို့ ယုံကြည်သွားကြသည်။
သို့သော် သူတို့ တံတားဝကို တွန်းဖွင့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားကြရ၏။
ချင်ယွမ်ဖုန်းသည် မည်သည့်နေရာမှ ရလာသည်မသိသော ကျောက်တုံးကြီးတစ်ခုကို အဆက်မပြတ် မ တင်လိုက်၊ ချလိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အင်္ကျီဗလာဖြင့် သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ထင်ရှားပေါ်လွင်နေပြီး၊ ကြည့်ရုံမျှဖြင့် ပေါက်ကွဲအားကြီးမားလှကြောင်း သိသာလှပေသည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ ချွေးစက်များ တဖွဲဖွဲကျနေသည်ကို ကြည့်ကာ ဒါချောင်နှင့် ရှောင်ချောင်တို့မှာ မသိမသာပင် တံတွေးမျိုချလိုက်မိကြသည်။
ချင်ယွမ်ဖုန်း ခေါင်းလှည့်ကြည့်လိုက်ရာ ဒါချောင်နှင့် ရှောင်ချောင်တို့ကို မြင်သဖြင့် ကျောက်တုံးကြီးကို အဝေးတစ်နေရာသို့ သွားရောက်ချထားပြီး အိမ်ရှေ့သို့ ပြန်လာခဲ့သည်။
“နိုးကြပြီလား... ဘာလို့ နောက်ထပ်ခဏလောက် မအိပ်ကြတာလဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။
ကျင့်ကြံသူ တစ်ဦးအတွက် အနားယူခြင်းသည်လည်း ကျင့်ကြံခြင်းပင် ဖြစ်သည်။ သူတို့သည် ညဘက်တွင် တင်ပလ္လင်ခွေထိုင်ကာ ထွက်လေဝင်လေဖြင့် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင် များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူကြပြီး၊ ကျင့်စဉ်အတတ်ကို အသုံးပြုကာ ကိုယ်တွင်းစွမ်းအင် အဖြစ် ပြောင်းလဲကြသည်။
ဤနည်းလမ်းဖြင့် ကျင့်ကြံသူများသည် တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများကို ဖျောက်ဖျက်နိုင်ကြပြီး အိပ်စက်ရန်ပင် မလိုတော့ပေ။ ယေဘုယျအားဖြင့် ညဘက်၌ နှစ်နာရီ၊ သုံးနာရီခန့် ကျင့်ကြံအားထုတ်ရုံနှင့်ပင် တစ်နေ့လုံး လန်းဆန်းတက်ကြွနေစေရန် လုံလောက်ပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် အလွန်စောစီးစွာ နိုးထနေခြင်း ဖြစ်သည်။
အခြားကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းခြင်း ခံရပြီးနောက်၊ ဤခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ အတွေ့အကြုံများအရ ကျင့်ကြံခြင်း၏ အရေးပါပုံကို ချင်ယွမ်ဖုန်း နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။
အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ဤလောကတွင် အားနည်းသူတို့သည် ဖယ်ရှားခြင်း ခံရမည်သာ ဖြစ်ပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် အချိန်တိုင်းကို အကျိုးရှိရှိ အသုံးပြု၍ ကျင့်ကြံရမည်ဖြစ်သည်။ သို့မှသာ တစ်နေ့တွင် 'ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်' ကို အားမကိုးရတော့လျှင်ပင် ဤလောက၌ ကောင်းမွန်စွာ ရှင်သန်နိုင်မည် မဟုတ်လော။
“ဖုန်းအစ်ကို .. ဒီလောက်စောစောထပြီး ကျင့်ကြံနေတာလား” ဟု ရှောင်ချောင်က ငေးမောနေရာမှ သတိဝင်လာကာ နှုတ်ဆက်လိုက်သည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြကာ “အင်း... ငါသာ ကြိုးစားအားမထုတ်ရင် တစ်နေ့ကျရင် အဖယ်ရှားခံရမှာပေါ့” ဟု ဆိုသည်။
“ဖုန်းအစ်ကိုက ဒီလောက်တော်တာ၊ ဘယ်သူက ဖယ်ရှားရဲမှာလဲ” ရှောင်ချောင်သည် မနေ့ကထက် ပိုမိုတက်ကြွလန်းဆန်းနေပုံ ရသည်။
ဒါချောင်ကမူ ထုံးစံအတိုင်း ငြိမ်သက်စွာပင် ပြုံးလျက် ဘေးမှ ရပ်ကြည့်နေလေသည်။
“ကဲ... ငါ ရေသွားချိုးလိုက်ဦးမယ်၊ ပြီးရင် မနက်စာအတွက် ငါးတစ်ကောင်၊ နှစ်ကောင်လောက် သွားဖမ်းဦးမယ်” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက်ပြောကာ သက်ငယ်တဲအိမ်လေး၏ အနောက်ဘက်ရှိ ရေကန်ထဲသို့ ခုန်ဆင်းသွားတော့သည်။
မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် ဆူဖြိုးသော ငါးအချို့ကို ဖမ်းမိလာပြီး ကုန်းပေါ်သို့ ပစ်တင်လိုက်သည်။ ထိုစဉ် အတွေးတစ်ခု သူ၏ခေါင်းထဲသို့ ရုတ်တရက် ဝင်လာ၏။
“ရှောင်လင်... ဒီရေကန်ထဲကို သဘာဝ နတ်စမ်းရေ တွေ ခပ်လိုက်ရင် ဘာဖြစ်မလဲ”
“ရေတွေက နတ်စမ်းရေရဲ့ အာနိသင်ကို လျော့ပါးစေမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဂုဏ်သတ္တိတွေကတော့ ကျန်ရှိနေမှာပါ” ဟု ရှောင်လင်က ပြန်ဖြေသည်။
“ဒါဆို ရေကန်ထဲက သတ္တဝါတွေရော ဘာဖြစ်သွားမလဲ”
“နတ်စမ်းရေဟာ အပင်တွေရဲ့ ကြီးထွားမှုကို မြန်ဆန်စေရုံတင်မကဘဲ တိရစ္ဆာန်တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အချိန်ကြာလာရင် မျိုးဗီဇပြောင်းလဲမှုတွေတောင် ဖြစ်ပေါ်လာနိုင်ပါတယ်”
“ဒါဆို သိပ်ကောင်းတာပေါ့” ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ရေပြင်ကို ရိုက်လိုက်ရာ ရေစက်များ ဖွေးခနဲ စင်ထွက်သွားသည်။
“ဖုန်းအစ်ကို... ဘာဖြစ်လို့လဲ”
ငါးများကို ပြင်ဆင်နေသော ရှောင်ချောင်သည် ချင်ယွမ်ဖုန်း၏ အပြုအမူကို မြင်သဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
ချင်ယွမ်ဖုန်း ပြုံးလျက် ခေါင်းခါပြကာ “ဟားဟား... ဘာမှမဟုတ်ပါဘူး၊ ငါတို့တွေ ဆင်းရဲတဲ့ဘဝမှာ ကြာကြာနေစရာ မလိုတော့ဘူးလို့ တွေးမိလို့ပါ” ဟု ဆိုသည်။
ဤသဘာဝ နတ်စမ်းရေသာ ရှိနေလျှင် ချင်ယွမ်ဖုန်း စိုက်ပျိုးသမျှ သို့မဟုတ် မွေးမြူသမျှ အရာအားလုံးသည် အဆမတန် တိုးတက်လာမည်ဖြစ်သည်။
ထိုအခါ ဂိုဏ်းသို့ ပေးသွင်းရမည့် ဝေစုကို ပေးသွင်းပြီးလျှင် ကျန်ရှိသမျှမှာ သူ၏ပိုင်ဆိုင်မှုများ ဖြစ်လာပေတော့မည်။
မှန်ပေသည်။
ဤခြောက်သွေ့ဖုန်းဆိုးလှသော မြေနက်မြေ သို့ နှင်ထုတ်ခံထားရသော်လည်း၊ ဂိုဏ်းသည် ချင်ယွမ်ဖုန်းအား သူစိုက်ပျိုးသမျှ သီးနှံများကို ပေးသွင်းရန် ဖိအားပေးထားသေးသည်။
ယင်းမှာ ချင်ယွမ်ဖုန်းအား အသေသတ်ရန် တွန်းပို့နေခြင်းပင် ဖြစ်ချေသည်။
ဤကမ္ဘာမှ ချင်ယွမ်ဖုန်းသည် အဘယ်ကြောင့် စိတ်ဓာတ်ကျကာ သေဆုံးသွားရသနည်းဆိုသည်မှာ မဆန်းတော့ပေ။ ထိုအဖိုးကြီးများ၏ ဖိနှိပ်မှုကြောင့်သာ ဖြစ်ပေလိမ့်မည်။
“ဟင်း... ငါသာ အစွမ်းရှိလာရင် ဘယ်သူမှ ငါ့ကို အနိုင်မကျင့်စေရဘူး” ဟု ချင်ယွမ်ဖုန်း စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။
ကုန်းပေါ်သို့ ပြန်တက်လာပြီးနောက် ချင်ယွမ်ဖုန်းနှင့် ဒါချောင်၊ ရှောင်ချောင်တို့သည် အရသာရှိလှသော ငါးကင်ကို မြိန်ရှက်စွာ စားသုံးကြသည်။
ထို့နောက်မှသာ ချင်ယွမ်ဖုန်းသည် ဧကများစွာ ကျယ်ဝန်းသော ရေကန်ထဲသို့ သဘာဝ နတ်စမ်းရေ တစ်ပုလင်းကို လောင်းထည့်လိုက်လေသည်။
ထိုအချိန်တွင် နေမင်းသည် ထွက်ပေါ်လာရာ၊ နေရောင်ခြည်သည် ရေကန်ပေါ်သို့ ရွှေမှုန်ကြဲထားသကဲ့သို့ တဖိတ်ဖိတ် တောက်ပလျက် ရှိနေပေတော့သည်။
“အခုကစပြီး ဒီရေကန်ထဲက ရေကိုပဲ အပင်တွေ ရေလောင်းဖို့ သုံးမယ်၊ ဒါပေမဲ့ ငါကိုယ်တိုင် သုံးစွဲမယ့် အရာတွေကိုတော့ နတ်စမ်းရေအစစ်နဲ့ပဲ လောင်းရမယ်” ဟု ချင်ယွမ်ဖုန်းက အစီအစဉ်များ ချမှတ်လိုက်သည်။
ဝမ်းဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏နေအိမ်ကို ပြုပြင်ရန် စတင်လေသည်။ သူသည် ဦးစွာ သက်ငယ်တဲဟောင်းကို ဖျက်ဆီးပြီး၊ မနေ့က သယ်ဆောင်လာသော သစ်သားတိုင်များကို အသုံးပြုကာ အိမ်အသစ်တစ်လုံးကို စတင်တည်ဆောက်လေတော့သည်။
***