ထိုစဉ်ကာလ၌ ချင်ယွမ်ဖုန်း၏ နေအိမ်နှင့် ပေတစ်ရာခန့်အကွာဝေးဝယ် တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော ရွှေရောင်အတားအဆီးတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာချေသည်။
"အရှင်သခင်... အဆင့်သုံး အစီအရင်ဖြစ်တဲ့ ထိုက်ချင်း နတ်လေပြည် အစီအရင်ကို ခင်းကျင်းလို့ ပြီးပါပြီ။ ဒီအစီအရင်ထဲကို အဝင်အထွက် ပြုလုပ်ချင်တယ်ဆိုရင်တော့ အစီအရင် လက်မှတ် လိုအပ်ပါလိမ့်မယ်
ရှောင်လင် စကားဆိုသည်နှင့်တစ်ပြိုင်နက် ရွှေရောင်လက်မှတ်သုံးစောင်သည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာ၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်၍ "ကောင်းပြီ... ဒါဆိုရင်တော့ ငါ စိတ်အေးလက်အေးနဲ့ ထွက်ခွာနိုင်ပြီပေါ့" ဟု ဆိုလေသည်။
"ဒါပေမဲ့ အရှင်သခင်..." ရှောင်လင်က ရုတ်တရက် စကားဆက်ပြန်သည်။ "ဒီအစီအရင်အတွက် အသုံးပြုထားတဲ့ ဝိညာဉ်ကျောက်တုံးတွေက စနစ်ကနေ ပေးအပ်တဲ့ လက်ဆောင်မွန်တွေ ဖြစ်ပါတယ်။ ဒါကြောင့် သုံးရက်ပဲ ခံပါလိမ့်မယ်။ သုံးရက်ကျော်သွားရင်တော့ အစီအရင်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားပြီး အလိုအလျောက် ရပ်တန့်သွားမှာ ဖြစ်ပါတယ်"
"ဝိညာဉ်ကျောက်တုံး ဟုတ်လား... အစီအရင်တွေက ဝိညာဉ်ကျောက်တုံး လိုအပ်လို့လား" ချင်ယွမ်ဖုန်းမှာ ဆွံ့အသွားရချေသည်။
သို့သော် ပြန်လည်စဉ်းစားကြည့်ပြန်လျှင်လည်း ယင်းက ကျိုးကြောင်းဆီလျော်လှပေသည်။
အကယ်၍ ဝိညာဉ်ကျောက်တုံးသာ မရှိပါက အစီအရင် လည်ပတ်ရန် စွမ်းအင်ကို အဘယ်က ရရှိနိုင်ပါအံ့နည်း။
ချင်ယွမ်ဖုန်းသည် အစီအရင်အနားသို့ လှည့်ပတ်ကြည့်ရှုရာ အတွင်း၌ ဝှက်ထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးဆယ့်သုံးတုံးကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။
ဝိညာဉ်ကျောက်တုံးဆိုသည်မှာ မြေကမ္ဘာနှင့် ကောင်းကင်ဘုံ၏ ဝိညာဉ်စွမ်းအင်များ စုစည်းနေသော စိန်တုံးကဲ့သို့ ကြည်လင်သည့် ကျောက်တုံးများ ဖြစ်ပေရာ ကျင့်ကြံသူ ပညာရှင်များအနေဖြင့် ၎င်းတို့အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်စုပ်ယူနိုင်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးများသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ အသုံးများသော ငွေကြေးသဖွယ် ဖြစ်လာခဲ့လေသည်။
ဝိညာဉ်ကျောက်တုံးများတွင်လည်း အဆင့်အတန်း ကွဲပြားမှု ရှိပေရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးမှာ အနိမ့်ဆုံးဖြစ်ပြီး ၎င်းနောက်တွင် အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အသီးသီး ရှိကြကုန်၏။
အဆင့်နိမ့်ကျောက်တုံး တစ်ရာလျှင် အလယ်အလတ်အဆင့် တစ်တုံးနှင့် လဲလှယ်နိုင်ပြီး ကျန်အဆင့်များမှာလည်း ထိုနည်းနှင်နှင်ပင် ဖြစ်ချေသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးဆယ့်သုံးတုံး ဆိုသည်မှာ သာမန်လူတစ်ဦး တစ်လစာ စားသောက်နေထိုင်ရန် လုံလောက်သော ပမာဏ ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် မတတ်သာသော်လည်း ယခုခရီးစဉ်မှ ဝိညာဉ်ကျောက်တုံးအချို့ ရရှိအောင် ကြိုးပမ်းရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့မှသာ နောင်တွင် အခက်အခဲမရှိ သွားလာနိုင်ပေလိမ့်မည်။
"ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်... မင်းတို့ ခဏလာကြဦး" ချင်ယွမ်ဖုန်းက လှမ်း၍ ခေါ်လိုက်၏။
ညီအစ်မနှစ်ဖော်သည် ချင်ယွမ်ဖုန်း ဘာပြောလိုသည်ကို သိလိုလှသဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။
"ငါ ဒီမှာ အစီအရင်တစ်ခု ခင်းကျင်းထားတယ်။ ဒါက မင်းတို့ကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးလိမ့်မယ်။ ရော့... ဒါတွေကို ယူထားကြ"
ချင်ယွမ်ဖုန်းက လက်မှတ်နှစ်စောင်ကို ကမ်းပေးလိုက်သည်။
ထိုလက်မှတ်များသည် ညီအစ်မနှစ်ဦး၏ လက်ဖဝါးနှင့် ထိတွေ့သည်နှင့်တစ်ပြိုင်နက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ လက်မောင်းများပေါ်တွင် ပေါင်းစပ်သွားကာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ချင်ယွမ်ဖုန်း၏ လက်မှတ်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။
"ဒီလက်မှတ်ရှိရင် မင်းတို့နှစ်ယောက် ဒီအစီအရင်ထဲကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်နိုင်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုလေသည်။
"ဖုန်းအစ်ကိုကကော... အပြင်သွားမလို့လား" ဟု ဒါချောင်က စိုးရိမ်တကြီး မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ဟုတ်တယ်... ငါ အခု အပြင်ကို သီးနှံမျိုးစေ့တွေ သွားဝယ်မလို့။ နှစ်ရက် သုံးရက်လောက်တော့ ကြာမယ်။ မင်းတို့ အစီအရင်ထဲမှာပဲ နေခဲ့ကြနော်" ဟု မှာကြားလေသည်။
သူတို့နှစ်ဦးမှာ မခွဲခွာချင်သော်လည်း ချင်ယွမ်ဖုန်းအား ဂရုစိုက်ရန် မှာကြားကာ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေမည်ဟု ဆိုကြကုန်၏။
ဒါချောင်နှင့် ရှောင်ချောင်တို့ကို နှုတ်ဆက်ပြီးနောက် ချင်ယွမ်ဖုန်းသည် တောင်ဘက်အရပ်သို့ တည့်တည့်မတ်မတ် ဦးတည်ထွက်ခွာခဲ့လေတော့သည်။
ဆေးနတ်ဘုရားဂိုဏ်းနှင့် အကွာအဝေးမှာ မြောက်ဘက်တောင်တန်းနှင့် အလားတူပင် ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် အရှိန်အဟုန်ဖြင့် ပြေးလွှားပါက နာရီဝက်ခန့်အတွင်း ရောက်ရှိနိုင်ပေသည်။
သို့သော် ပစ္စည်းများ ဝယ်ယူရန်အတွက်မူ တောင်ဘက်စွန်းတွင်ရှိသော နန်ဝူးမြို့သို့ သွားရောက်ရမည် ဖြစ်၏။
ချင်ယွမ်ဖုန်း မြေနက်မြေမှ ထွက်ခွာသွားချိန်ဝယ် ဆေးနတ်ဘုရားဂိုဏ်းရှိ ဟဲချိုင်ကျွင်းမှာမူ ဒေါသအာဃာတများ ပိုမိုကြီးထွားနေချေသည်။
မိမိကဲ့သို့သော သူတစ်ယောက်က အားအင်ချိနဲ့သူတစ်ဦး၏ အရိုက်အနှက်ကို ခံရရုံမျှမက ပခုံးနှစ်ဖက်စလုံး ရိုက်ချိုးခံရသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အသုံးမကျတဲ့သူ တစ်ယောက်ပါ၊ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် အားကောင်းသွားရတာလဲ" ဟု ဟဲချိုင်ကျွင်းက နာကြည်းစွာ တွေးတောနေမိသည်။
သူ၏ ပခုံးနှစ်ဖက်ကို ပြန်လည်ဆက်ထားနိုင်ပြီ ဖြစ်သော်လည်း နာကျင်မှုမှာ ရှိနေဆဲဖြစ်ရာ ယင်းက သူ၏ အမုန်းတရားကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
"ချင်ယွမ်ဖုန်း... မင်း ငါ့ကို စော်ကားခဲ့တဲ့အတွက် ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
ဟဲချိုင်ကျွင်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ အပြင်စည်းတပည့်များ နေထိုင်ရာသို့ ရောက်ရှိလာခဲ့သည်။
အပြင်စည်းတပည့်များမှာ တရားဝင်တပည့် အဆင့်ထက် သာလွန်သူများ ဖြစ်ကြပြီး မိမိတို့ ဒေသအသီးသီးတွင် ပါရမီရှင်များအဖြစ် ကျော်ကြားသူများ ဖြစ်ကြ၏။
ထိုအပြင်စည်းတပည့်များထဲတွင် ချောင်ချန်းအန်းမှာ အကျော်ကြားဆုံးဖြစ်ပြီး သူသည် ဟဲချိုင်ကျွင်း၏ အားကိုးရာလည်း ဖြစ်ပေသည်။
"စီနီယာချောင် ရှိလား" ဟု ဟဲချိုင်ကျွင်းက ဝါးအိမ်လေး၏ အပြင်ဘက်မှ တိုးညှင်းစွာ ခေါ်လိုက်၏။
မကြာမီ ဝါးအိမ်တံခါး ပွင့်ဟလာပြီး လူရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုသူမှာ ထောင်လွှားသော အမူအရာရှိသော်လည်း မျက်လုံးများမှာ ကလိန်ကကျစ်ကျလှပြီး ကောင်းမွန်သောသူတစ်ဦး မဟုတ်ကြောင်း အကဲခတ်နိုင်ပေသည်။
"ဂျူနီယာဟဲ ပါလား... ဘာကိစ္စရှိလို့လဲ" ဟု ချောင်ချန်းအန်းက မေးမြန်းလေသည်။
ဟဲချိုင်ကျွင်းသည် ရုတ်တရက် မျက်ရည်များ ဝိုင်းလာကာ "စီနီယာကြီး... ကျွန်တော့်အတွက် မတရားမှုကို ဖြေရှင်းပေးပါဦး" ဟု ငိုယိုကာ ပြောဆိုတော့သည်။
"ဖြည်းဖြည်းချင်း ပြောစမ်းပါ... ဘာဖြစ်လာတာလဲ" ချောင်ချန်းအန်းသည် ဟဲချိုင်ကျွင်း၏ ဒဏ်ရာများကို မြင်တွေ့သွားသဖြင့် လှမ်း၍ မေးမြန်းလိုက်၏။
"စီနီယာကြီး... ကျွန်တော် နာမည်ခံ တပည့်တစ်ယောက်ရဲ့ အရိုက်ခံရတာပါ။ ကျွန်တော့်အတွက် လက်စားချေပေးပါ" ဟု ဟဲချိုင်ကျွင်းက မျက်ရည်စက်လက်ဖြင့် ဆိုသည်။
ချောင်ချန်းအန်းက မျက်မှောင်ကြုတ်ကာ "နာမည်ခံ တပည့် ဟုတ်လား... ဘယ်လို တပည့်မျိုးက မင်းကိုတောင် အနိုင်ယူနိုင်ရတာလဲ"
သာမန် တပည့်များမှာ ပညာသင်အဆင့်၌သာ ရှိတတ်ကြပြီး ပညာရှင်အဆင့်သို့ ရောက်မှသာ အပြင်စည်းတပည့် ဖြစ်လာနိုင်ကြသည်။
သို့သော် ဟဲချိုင်ကျွင်းမှာမူ ပါရမီနည်းပါးသဖြင့် ဆေးလုံးများ အတင်းအဓမ္မ စားသုံးကာ ပညာရှင်အဆင့်သို့ မနည်းတက်လှမ်းထားရသူ ဖြစ်ရာ အပြင်စည်းတပည့် ဖြစ်မလာခဲ့ပေ။
"အဲဒါ ချင်ယွမ်ဖုန်း ပါ စီနီယာကြီး" ဟု ဟဲချိုင်ကျွင်းက အံကြိတ်၍ ဆိုသည်။
"ချင်ယွမ်ဖုန်း ဟုတ်လား..." ချောင်ချန်းအန်းက ထိုအမည်ကို ရင်းနှီးနေသဖြင့် စဉ်းစားလိုက်ပြီးမှ "ဟို အသုံးမကျတဲ့ ကောင်ကို ပြောတာလား" ဟု မေးလေသည်။
"ဟုတ်ပါတယ် စီနီယာကြီး"
"အမှိုက်ကောင်ရဲ့ အရိုက်ခံရတာဆိုရင် မင်းကလည်း အမှိုက်ထက် မပိုပါဘူး" ဟု ချောင်ချန်းအန်းက အေးစက်စွာ ဆိုလိုက်၏။
ဟဲချိုင်ကျွင်းက ခေါင်းကို အပြင်းအထန် ရမ်းကာ "မဟုတ်ဘူး စီနီယာကြီး... အဲဒီလူက အရင်လို အသုံးမကျတဲ့သူ မဟုတ်တော့ဘူး..." ဟု ဆိုကာ ဖြစ်သမျှ အကြောင်းအရာတို့ကို အပိုအလိုများ ထည့်သွင်း၍ ရှင်းပြလေတော့သည်။
"ဒီလိုနဲ့ သူက ဆေးလုံးအားလုံးကို လုယူသွားပါတယ်။ တကယ်တော့ အဲဒီဆေးလုံးတွေကို စီနီယာကြီးကို ကန်တော့ချင်လို့ပါ" ဟု ဟဲချိုင်ကျွင်းက ဝမ်းနည်းဟန်ဖြင့် ဆိုသည်။
ယင်းကို ကြားရသောအခါ ချောင်ချန်းအန်းက နှာခေါင်းရှုံ့လျက် "အားနည်းချင်ယောင်ဆောင်တဲ့ လှည့်ကွက်ပေါ့လေ။ ငါ့လူကိုတောင် ရန်စရဲသလား... ကောင်းပြီ၊ ငါ့အစွမ်းကို သူ မြင်စေရမယ်"
ချောင်ချန်းအန်း ကိုယ်တိုင် ပါဝင်မည်ဟု သိရသောအခါ ဟဲချိုင်ကျွင်းမှာ ဝမ်းသာအားရ ဖြစ်သွားချေသည်။
ချောင်ချန်းအန်းသည် အဆင့်၇ ပညာရှင်တစ်ဦးဖြစ်ပြီး အပြင်စည်းတပည့်များထဲတွင် ထိပ်တန်းမှ ပါဝင်သူ ဖြစ်ပေရာ ချင်ယွမ်ဖုန်းကဲ့သို့သော သူတစ်ဦးမှာ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
"ငါ ပစ္စည်းတွေ ပြင်ဆင်လိုက်ဦးမယ်။ ဒီညပဲ မြေနက်မြေကို သွားကြတာပေါ့" ချောင်ချန်းအန်း၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း တောင်ခြေသို့ ရောက်ရှိလာသည်။ ရှေ့မှောက်တွင် မြင်တွေ့နေရသော ခန့်ညားထည်ဝါလှသည့် တောင်တန်းကြီးမှာ ဆေးနတ်ဘုရားဂိုဏ်း၏ အဓိက ဌာနချုပ်ပင် ဖြစ်ချေသည်။
သူသည် လူအများ၏ အာရုံစိုက်မှုကို မခံရစေရန် ဂိုဏ်းနှင့် ဝေးကွာသော နေရာမှပင် အရှိန်လျှော့၍ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့၏။
တောင်တံခါးကို စောင့်ကြပ်နေသော တပည့်များသည် ချင်ယွမ်ဖုန်းတွင် ဆေးနတ်ဘုရားဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ အတားအဆီးမရှိ ဝင်ခွင့်ပြုလိုက်ကြသည်။
"ဒါ ဆေးနတ်ဘုရားဂိုဏ်းပေါ့... တကယ့်ကို ပထမတန်းစား အဖွဲ့အစည်းပီသပါပေတယ်"
ချင်ယွမ်ဖုန်းမှာ အံ့ဩချီးကျူးမိခြင်း ဖြစ်ရသည်။
သူ ဤကမ္ဘာသို့ ဝိညာဉ်ကူးပြောင်းလာပြီးကတည်းက ဆေးနတ်ဘုရားဂိုဏ်းသို့ တစ်ခါမျှ မရောက်ဖူးသေးဘဲ ယခုအခါတွင်မူ သူ၏ မှတ်ဉာဏ်ဟောင်းများကို အားပြုကာ ဤနေရာသို့ ရှာဖွေရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသတည်း။
***