“နတ်၊ ဗြဟ္မာ၊ ဝိဇ္ဇာ၊ ကဝေ နဲ့ ယက္ခ... လောကကို ဘယ်သူက အုပ်စိုးမှာလဲ"
စကြာယာဉ်တွေ ပျံသန်းနေတဲ့ အထက်ဘုံနဲ့ တန်ခိုးစွမ်းအားတွေ လွှမ်းမိုးထားတဲ့ အောက်ဘုံ...။
ဝိဇ္ဇာတွေရဲ့ သိဒ္ဓိစွမ်းအား၊ ကဝေတွေရဲ့ အမှောင်ပညာနဲ့ ယက္ခတွေရဲ့ ဝါးမျိုခြင်းစွမ်းအားတွေကြားမှာ "အနွယ်တော်" ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုရှိနေမလဲ။
လောကဦး ကြာပန်းက မွေးဖွားပေးလိုက်တဲ့ အနွယ်တော်ဟာ ဘယ်လောက် ထူးခြားမလဲ။
မြန်မာ့ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေကို Modern Fantasy စတိုင်နဲ့ အသစ်တစ်ဖန် ပုံဖော်ထားတဲ့ "နှောင်ကြိုးမဲ့ ကြာပန်းဝိဇ္ဇာ"
ရှေးဟောင်းကျမ်းစာတွေထဲက လျှို့ဝှက်ချက်တွေနဲ့ အားမာန်ပါတဲ့ ဝိဇ္ဇာလမ်းစဉ်ကို ဝါသနာပါရင် ကိုယ်တိုင် ဝင်ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
***
မဟာစကြာဝဠာ၏ အလယ်ဗဟိုတွင် လောကထောက်တိုင်ဟု ထင်ရှားသော ယူဇနာ ရှစ်သောင်း မြင့်သည့် မြင်းမိုရ်တောင် ရှိသည်။ ရေအောက် ယူဇနာ လေးသောင်း၊ ရေပေါ် ယူဇနာ လေးသောင်း ရှိပြီး လောကရှိ ဘုံအများစုမှာ ၎င်းပေါ် မှီခို၍ တည်ရှိနေကြ၏။ မြင်းမိုရ်တောင် ဆိုသည်မှာ အလှအပများ စုဝေးရာ အရပ်ဒေသတစ်ခုလည်း ဖြစ်သည်။ ဒဏ္ဍာရီများထဲက ပန်းများ၊ ဆေးပင်များ၊ ရေအိုင်များနှင့် ရတနာများ အမျိုးစုံအောင် တည်ရှိလေသည်။
မြင်းမိုရ်တောင်၏ ခါးပမ်း၌ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော အနောတတ်အိုင် ရှိသည်။ အနောတတ်ဆိုသည်မှာ နေရောင်၊ လရောင် မကျရောက်ဘဲ တောင်အရိပ်ကြောင့် အမြဲတစေ အေးမြသည်ဟု အဓိပ္ပါယ်ရ၏။ ထိုအိုင်မှာ မျက်စိတစ်ဆုံး ရေပြင်ကြီးများသာ ရှိပြီး ပင်လယ်အသေးစားဟု ခေါ်ရလောက်အောင် ကျယ်ဝန်းပေသည်။ ၎င်း၏ကမ်းစပ်၌ ကြာမျိုးငါးပါးက သူ့အစုနှင့်သူ ခြံရံပေးထားသဖြင့် အနောတတ်မှာ သဘာဝအတိုင်း လှချင်တိုင်း လှနေတော့သည်။
ထိုအချိန်တွင် အနောတတ်အိုင် အလယ်၌ ရေဝဲအသေးစားလေး တစ်ခုက ဖြည်းဖြည်းချင်း ဝေ့လာခဲ့သည်။ ထိုရေဝဲလေး ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ အသက်ဓာတ်များက ရေဝဲနေရာသို့ ပြေးလာကြလေသည်။ အသက်ဓာတ်များ တဖြည်းဖြည်း စုစည်းလာသည်နှင့်အမျှ ရေဝဲမှာ တဖြည်းဖြည်း အားကောင်းလာတော့သည်။ ၎င်း၏ သက်ရောက်မှုကြောင့် အနီးအနားက အသက်ဓာတ်များ ခမ်းခြောက်ကာ သစ်ပင်၊ ပန်းမန်များမှာလည်း ချက်ချင်း ညှိုးနွမ်းကုန်လေသည်။
ရေဝဲ၏သက်ရောက်မှုမှာ မြင်းမိုရ်တောင်ကို ဗဟိုပြုလျက် ကောင်းကင်ထိတိုင် မြင့်မားလာတော့သည်။ ယူဇနာ တစ်ရာ ပတ်လည်ရှိ အသက်ဓာတ်များမှာလည်း ရုတ်တရက် ဆွဲယူခံလိုက်ရသလို ပျောက်ကွယ်သွားတော့သည်။
ရေဝဲ လည်ပတ်မှု အရှိန်မှာ တဖြည်းဖြည်း မြန်ဆန်ကာ ကျယ်လောင်လာသဖြင့် လောကရှိ မဟာပုဂ္ဂိုလ်တို့မှာလည်း စတင် သတိထားမိလာကြသည်။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအချိန်တွင် ရွှေရောင်ဝတ်စုံ ဆင်မြန်းထားသည့် လူငါးယောက် ထွက်ပေါ်လာသည်။ သူတို့သည် သန့်စင်သော အသွင်အပြင်နှင့် မြင့်မြတ်သော အရှိန်အဝါတို့ ရှိကြသည်။
"ဘာဖြစ်တာလဲ၊ လောကရတနာ ပေါ်လာတော့မှာလား" ရွှေရောင်ဝတ်စုံနှင့် တစ်ယောက်က ပြောသည်။
"ကြည့်ရတာတော့ အဲလိုပဲ ထင်တယ်။ ဒီလောက်ကြီးမားတဲ့ အဖြစ်အပျက်က လောကရတနာ ပေါ်လာမယ့် နိမိတ်ပဲ ဖြစ်နိုင်တယ်" နောက်တစ်ယောက်ကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။
"လောကရတနာ ပေါ်မလာတာ ဘယ်လောက် ကြာပြီလဲ။ ဒီတစ်ခါ လူ့ဘုံမှာ ပေါ်လာတာဆိုတော့ ဒီရတနာကို စကြာမင်းပဲ ပိုင်ဆိုင်ရမယ်" တတိယ တစ်ယောက်က လေးနက်စွာ ပြောသည်။
"ဒီလောက် မလွယ်မှာကို စိုးရိမ်မိတယ်။ ဒီတစ်ခါ ပေါ်တဲ့ လောကရတနာက ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ထားတော့ ဘုံအားလုံး သိပြီးလောက်ပြီ။ မကြာခင် မဟာပုဂ္ဂိုလ်တွေ ရောက်လာမယ် ထင်တယ်" စတုတ္ထတစ်ယောက်က အကျိုးအကြောင်းသင့်စွာ ထောက်ပြသည်။
နောက်ဆုံးတစ်ယောက်က မည်သည်မျှ မပြောဘဲ အပေါ်ဘက် ဟင်းလင်းပြင် တစ်နေရာအား စိုက်ကြည့်နေသည်။
"ရွှစ်..."
ဟင်းလင်းပြင်က စုတ်ဖြဲခံလိုက်ရပြီး ထိုနေရာမှ ပထမရောက်လာသော လူများကဲ့သို့ တူညီသည့် ရွှေရောင်ဝတ်စုံများနှင့် လူများ တစ်ရာနီးပါးခန့် ထွက်လာခဲ့သည်။
"ဟားဟားဟား... ရောင်းရင်း ဧကရာဇ်တို့ကတော့ တယ်လည်း လက်သွက်တာကိုး။ ကောင်းတာလေးတွေကို တိတ်တိတ်လေး ဝှက်မထားရဘူး။ ရောင်းရင်းကောင်းတွေကို မျှပေးမှ မိတ်ဆွေကောင်း ပီသတော့... ဟင် " ထိုလူမှာ စကားဆုံးအောင် မပြောနိုင်ဘဲ ဆွံ့အသွားသည်။
" ဒါ... ဒါ လောကရတနာပဲ၊ သောက်ကျိုးနည်း... လောကရတနာ ပေါ်လာတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ရတော့မှာပဲ။ မဟာပုဂ္ဂိုလ်တွေ ခြေလက်ဆန့်တာကို မြင်ရလောက်အောင် ငါတို့တော့ ကံကောင်းပြီပဲ" ထိုလူက အံ့ဩတကြီး ပြောသည်။
တခြားလူများမှာ မည်သည့်စကားမျှ မဆိုဘဲ တိတ်တဆိတ်သာ ရပ်နေကြသည်။ လောကရတနာဆိုသည်မှာ သူတို့နှင့် မဆိုင်တော့ပေ။ ထို့ကြောင့် သက်ဆိုင်သူများကို စောင့်နေကြခြင်း ဖြစ်သည်။
တချို့လူများမှာ အခြေအနေအား စူးစမ်းရန် အနားသို့ တိုးကပ်သွားကြသည်။ သူတို့သည်လည်း ရေဝဲအနီးသို့ များများစားစား မကပ်နိုင်ဘဲ အဝေးကနေသာ လေ့လာနေရသည်။
"ဝုန်း..."
ဟင်းလင်းပြင် အက်ကွဲသံတစ်သံနှင့် အတူ သိန္ဓောမြင်းတစ်ထောင် က,သော ယာဉ်ပျံကြီးတစ်စီး ပေါ်ထွက်လာသည်။ ဤသည်မှာ ဒဏ္ဍာရီထဲက စကြာယာဉ် ဖြစ်လေသည်။ စကြာယာဉ်နှင့်အတူ စကြာမင်း ရောက်လာပြီ ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
"အရှင့်ကို နှုတ်ဆက်ပါတယ် "
လူပေါင်းတစ်ရာ၏ အသံမှာ မြင်းမိုရ်တောင်ကြီးအား ရိုက်ခတ်ကာ ဟိန်းထွက်သွားလေတော့သည်။
စကြာယာဉ် ရပ်တန့်သွားပြီးနောက် တံခါးမှာ ပွင့်လာခဲ့သည်။ ယာဉ်ပေါ်မှ အသက် သုံးဆယ်အရွယ် အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။ ထိုလူရွယ် ခြေချလိုက်သည့် နေရာတွင် ဟင်းလင်းပြင်မှာ တစ်ချက် ကွေးညွတ်သွားရသည်။ သူ၏ဘုန်းတန်ခိုးကြောင့် အလျှံတညီးညီး ထွက်နေသော ရောင်ဝါများမှာ ပတ်ဝန်းကျင်အား အလင်းဓာတ်ဆောင်နေသည်။ ထိုလူရွယ်သည် ကြည့်မိသူများကို အလိုလို နိမ့်ကျသွားစေသည့် ခံစားချက်အား ပေးစွမ်းသည်။ ရုပ်ရည်မှာလည်း ယောက်ျားကောင်း အင်္ဂါရပ်များနှင့် ပြည့်စုံသဖြင့် အထူး ပြောစရာပင် မလိုတော့ပေ။
"လောကရတနာ ဘယ်အချိန် ပေါ်လာမလဲ" ထိုလူရွယ်၏ အသံမှာ ဩရှရှဖြင့် လေးပင်လှသည်။ နားထောင်မိသူများအား အလိုလို ညွတ်ကျိုးစေသော အသံဩဇာ ရှိသည်။
စကြာမင်းသည် ရေဝဲကို စိုက်ကြည့်ရင်း အခြေအနေအား ကိုယ်တိုင် စူးစမ်းလိုက်သည်။
'ဒီတစ်ခါ ပေါ်လာတဲ့ လောကရတနာက ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ဖို့ မျှော်လင့်တယ်' သူတွေးနေမိသည်။
" လျှောက်တင်ပါတယ် အရှင်၊ အနားကို တိုးသွားလို့ မရတာကြောင့် ခန့်မှန်းခြေ အနေနဲ့ပဲ သိခဲ့ရပါတယ်။ အများဆုံး ခုနစ်ရက်၊ အနည်းဆုံး သုံးရက်အတွင်း လောကရတနာ ပေါ်လာပါလိမ့်မယ်" ရောက်ရောက်ချင်း အခြေအနေကို စူးစမ်းခဲ့သော လူတစ်ဦးက ပြောသည်။
"ကောင်းပြီ" စကြာမင်းသည် စကြာယာဉ်အတွင်း ပြန်ဝင်ကာ တိတ်ဆိတ်သွားတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ရေဝဲ၏ တဟီးဟီး အသံမှအပ မည်သည့် အသံမျှ ထွက်မလာတော့ပေ။ အားလုံးမှာ ရေဝဲကိုသာ စိုက်ကြည့်ရင်း တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
" ဝုန်း... ဝုန်း... ဝုန်း"
ဟင်းလင်းပြင် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ပထမဆုံး ရောက်ရှိလာသူများမှာ လူ့ဘုံနှင့် အနီးဆုံး ဖြစ်သည့် သားရဲဘုံမှ မဟာပုဂ္ဂိုလ် နှစ်ပါးဖြစ်သော နဂါးမင်းနှင့် ဂဠုန်မင်းတို့ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း လောကအမြင့်ဆုံး အဆင့်သို့ ရောက်ရှိပြီး ဖြစ်ပေရာ စကြာယာဉ်များ ပိုင်ဆိုင်ထားကြသည်။
သူတို့နှစ်ဦး စကြာယာဉ်ပေါ်မှ ဆင်းလာသည်နှင့် လောကအရောင်များပင် ပြောင်းလဲသွားသည်။ အရှိန်အဝါ သက်သက်ဖြင့်ပင် ဟင်းလင်းပြင်မှာ တရှဲရှဲ မြည်နေတော့သည်။
နဂါးမင်းမှာ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်ဖြူ ဆံပင်ဖြူနှင့် အသက် ၄၀ အရွယ် ရင့်ကျက်သည့် အသွင်ဆောင်သည်။ ရုပ်ရည်မှာ အဖြူရောင်များသာ ဆင်မြန်းထားသဖြင့် တစ်မျိုး ထူးခြားနေတော့သည်။
ဂဠုန်မင်းသည် အသက် ၆၀ အရွယ် အဖိုးကြီး တစ်ဦးအသွင် ဖြစ်သည်။ ဆံပင် နီကျင်ကျင်များမှာ ရှုပ်ပွေနေပြီး မျက်ဝန်းများမှာ အနည်းငယ် နီမြန်းသည်။ ဝတ်ထားသည့် နီညိုရောင် ဝတ်စုံမှာလည်း လျော့တိလျော့ရဲ ဖြစ်နေပြီး ခါးတွင် အရက်ဘူးတစ်ဘူးအား ချိတ်ထားသည်။
"အောက်ဘုံနား နီးကပ်တဲ့ ဟင်းလင်းပြင်က တော်တော် စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ အထိကို မခံဘူး" နဂါးမင်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
"လောကရတနာ ပေါ်လာဖို့က အချိန်လိုသေးတာပဲ။ ဟေ့ လူသားလေး၊ မင်းမှာ အရက်ပါလား" ဂဠုန်မင်းက လူသားဧကရာဇ်တစ်ပါးအား လှမ်းမေးလိုက်သည်။
လူသားဧကရာဇ်မှာ မငြင်းဆန်ဝံ့ဘဲ ဣစ္ဆာသယ အိတ်ထဲမှာ လူ့ဘုံ၏ အကောင်းဆုံး အရက်အား သွားပေးလိုက်ရသည်။
"ငါ အိပ်ပျော်နေတာ တော်တော် ကြာသွားတယ်။ လူ့ဘုံက အရက်ရဲ့ အရသာကိုတောင် မေ့တော့မလို့။ အရက်ဆိုရင်တော့ လူ့ဘုံကို ဘယ်ဘုံမှ မမီတာတော့ ဝန်ခံရမယ်။ အား... ကောင်းလိုက်တာကွာ" ဂဠုန်မင်းသည် အရက်တစ်ငုံ မော့ကာ ကောင်းကင်ပေါ်သို့ လေပူတစ်ချက် မှုတ်လိုက်သည်။ ထိုလေပူမှာ အရှိန်ပြင်းသော မြားတစ်စင်းကဲ့သို့ မီးတောက်များ ခြံရံလျက် ကောင်းကင်သို့ ပျံတက်သွားတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဂဠုန်မင်း မှုတ်ထုတ်လိုက်တော့ လေပူမှာ ယခုလေးတင် ပွင့်လာသော ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ပြေးဝင်သွားတော့သည်။
"ငှက်အိုကြီး... ကျုပ်ကို ခြောင်းတိုက်ရဲတယ်ပေါ့ ဟုတ်လား။ ခင်ဗျား သေချင်နေတာလား" ဒေါသတကြီး အသံတစ်သံနှင့်အတူ မိစ္ဆာဘုံ၏ စကြာယာဉ်မှာ ပေါ်ထွက်လာတော့သည်။
"ဟားဟားဟား... ငါ တကယ် တိုက်ခိုက်ချင်ရင် ဒီလောက်ပဲ ဖြစ်နေမလားကွ။ ဒါက မတော်တဆပါ။ ကလေးလုပ်မနေစမ်းပါနဲ့ကွာ" ဂဠုန်မင်းက ရယ်မောကာ ပြောသည်။
"ဟွန်း..." နှာမှုတ်သံနှင့်အတူ မိစ္ဆာဘုံ၏ မဟာပုဂ္ဂိုလ် ထွက်ပေါ်လာသည်။ ထိုလူ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တွင် ငိုညည်းသံကဲ့သို့ တအီအီ အသံများ ထွက်ပေါ်လာသည်။ ထိုလူသည် ဝတ်ရုံနက် အထူကြီးကို ဝတ်ဆင်ထားပြီး မျက်ကွင်းများမှာလည်း မည်းနက်နေသည်။ သူသည် စကြာယာဉ်ပေါ်မှ ဆင်းကာ ဂဠုန်မင်းအား မကျေမနပ် အကြည့်တစ်ချက် ပို့လိုက်သည်။
"ကောင်လေး မာန်စကြာ၊ မတွေ့တာ ကြာပြီနော်။ မင်းနောက်က ခွေးလေးကောင်ရော မပါဘူးလား။ ငါ အရက်သောက်ရတာ အာပူလို့ အမြည်းလိုနေတာ။ မင်းကောင်တွေ ပါလာရင် တစ်ခါတည်း အမြည်းရတာပေါ့" ဂဠုန်မင်းက ပြုံးကာ ပြောသည်။
"အဖိုးကြီး၊ ကျုပ် ဒီနေ့ လောကရတနာ ရတော့မှာမို့ စိတ်ကြည်နေတယ်။ ခင်ဗျားနဲ့ ရန်မဖြစ်ချင်ဘူး။ နောက်ပြီး ကျုပ်ညီလေးတွေကို ခွေးလို့ မပြောနဲ့။ မဟုတ်ရင်..."
"မဟုတ်ရင် ဘာဖြစ်မှာလဲကွ။ မင်းတို့တွေက တကယ်လည်း ချတာမဟုတ်ဘဲ လေပေါလာတာ နှစ်ပေါင်း ဘယ်လောက် ရှိပြီတုံး"
ဟင်းလင်းပြင် အက်ကွဲသံနှင့်အတူ စကြာယာဉ်တစ်စီး ရောက်ရှိလာသည်။ ၎င်းမှာ နတ်ဘုံက သိကြားမင်း ပိုင်ဆိုင်သော စကြာယာဉ် ဖြစ်သည်။ သိကြားမင်းက ရောက်ရောက်ချင်း ထိုစကားကို ပြောလိုက်ခြင်း ဖြစ်သည်။
စကြာယာဉ် ရပ်လိုက်သည်နှင့် သိကြားမင်း ထွက်ပေါ်လာသည်။ သိကြားမင်းမှာ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်မနေဘဲ သာမန်လူအတိုင်းသာ ရှိသည်။ ရုပ်ရည်မှာ ဖြူဖြူနွဲ့နွဲ့ဖြင့် စာပေသမားပုံစံ ဖြစ်သည်။ ဝတ်စုံမှာလည်း သာမန် ဖျင်ကြမ်း ဝတ်စုံသာ ဖြစ်ပြီး လက်ထဲတွင် ခေါက်ယပ်တောင် တစ်ချောင်းအား ကိုင်ထားသည်။
"နဂါးလေး၊ မင်းအစ်မရော နေကောင်းရဲ့လား။ သူနဲ့ မတွေ့ဖြစ်တာ အတော် ကြာပြီပဲ။ ဟူး... အရင်တုန်းက အချိန်တွေကို ပြန်သတိရတိုင်း နာကျင်စရာတွေပဲ ဖြစ်နေတော့ ခက်သား " သိကြားမင်းက နဂါးမင်းကို နှုတ်ဆက်ရင်း ခပ်ပါးပါးလေး စနောက်လိုက်သည်။
"သိကြားမင်း၊ ကိုယ့်သိက္ခာနဲ့ကိုယ် မနေတတ်ဘူးလား။ နောက်တစ်ခါ ဒီအကြောင်း ထပ်ပြောရင် ကျုပ် ခင်ဗျားနဲ့ စကားပြောစရာတွေ များသွားလိမ့်မယ်" နဂါးမင်းက ရှူးရှူးရှဲရှဲဖြင့် ပြန်ပြောသည်။
နောက်ထပ် အက်ကွဲသံနှင့်အတူ ဟင်းလင်းပြင်ထဲမှ စကြာယာဉ် တစ်စီး ထွက်ပေါ်လာပြန်သည်။ ၎င်းမှာ ဗြဟ္မာမင်း၏ စကြာယာဉ်ပင် ဖြစ်သည်။
"လူတောင် စုံနေပြီပဲ" ဗြဟ္မာမင်းသည် စကြာယာဉ်ရပ်သည်နှင့် ချက်ချင်း ထွက်လာခဲ့သည်။ ဗြဟ္မာမင်းမှာ အနီရောင် ဝတ်စုံအား သေသပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်များမှာလည်း သေချာ ဖြီးသင်ကာ သျှောင်ထုံး ထုံးထားသည်။ အသက် ၂၀ ခန့် အရွယ်ရှိပြီး ရုပ်ရည်မှာ စကြာမင်းထက် နည်းနည်းမျှ မလျော့ပေ။ တစ်ကိုယ်လုံးရှိ အဆင်တန်ဆာများမှာ ဖိနပ်ကစ၊ သရဖူထိ အကောင်းဆုံးဆိုသော ရတနာများသာ ဖြစ်သည်။
"တော်တော် ကြွားတာပဲ" သိကြားမင်းက မသဲမကွဲ ရေရွတ်လိုက်သည်။
"ကဲ... အချိန်လေး ရတုန်း ငါတို့ အတူတူ ဝိုင်းဖွဲ့လိုက်ကြရအောင်။ ငါတို့တွေ စုံဖို့ဆိုတာ လောကရတနာပေါ်လာတာက လွဲရင် ကျန်တဲ့ အချိန်တွေမှာ မဖြစ်နိုင်ဘူးလေ။ ဟေ့ လူသားကောင်လေး၊ အပျိုမလေးလို အိမ်တွင်းပုန်း လုပ်မနေနဲ့။ အပြင်ထွက်ခဲ့" ဂဠုန်မင်းက ဦးဆောင်က အော်ပြောလိုက်သည်။
မကြာမီ ကျောက်ဖျာကြီး တစ်ချပ်ပေါ်တွက် မဟာပုဂ္ဂိုလ်များ ဝိုင်းဖွဲ့လိုက်ကြသည်။ နောက်ရက် အနည်းငယ်ဆို မည်သို့ ဖြစ်ကြမည် မသိသေးသော်လည်း ယခုချိန်တွင်တော့ အားလုံးက ငြိမ်းချမ်းစွာ အရက်သောက်နေကြလေသည်။