မြင်းမိုရ်တောင် ပတ်ဝန်းကျင်က ဟင်းလင်းပြင်မှာ အသားတုံး ခွေးဆွဲနေသကဲ့သို့ တဗြိဗြိနှင့် အဆက်မပြတ် ပြဲကွဲနေသည်။ ဘုံအရပ်ရပ်မှ စစ်တပ်များ၊ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့် လေလွင့် ဗေဒါများ တဖွဲဖွဲ ရောက်ရှိလာကြသည်။
လေလွင့် ဗေဒါဆိုသည်မှာ မည်သည့် ပြည်ထောင် သို့မဟုတ် မည်သည့် ဂိုဏ်းမှ ဝင်မထားဘဲ တစ်ကိုယ်တော် ရပ်တည်ကြသည့် ပုဂ္ဂိုလ်များကို ဆိုလိုသည်။
သားရဲစစ်တပ်ကြီးမှာ ကုန်းနေ၊ ရေနေ သားရဲမျိုးစုံ ပါရှိပြီး ကြီးမားသော ခန္ဓာကိုယ်၊ အစွမ်းထက်သော တန်ခိုးများဖြင့် ပတ်ဝန်းကျင်အား လွှမ်းမိုးထားသည်။
လူသားစစ်တပ်ကြီးမှာ ဘုရင်များ ရောက်ရှိလာပြီ ဖြစ်ပြီး ရွှေရောင် တဝင်းဝင်းဖြင့် လွန်စွာ တောက်ပကာ အရှိန်အဝါ ကြီးမားလှပေသည်။
မိစ္ဆာစစ်တပ်ကြီးမှာမူ အနက်ရောင် အနီရောင် အငွေ့အသက်များ ရောပြွမ်းနေကာ ညည်းတွားသံများ၊ ငိုကြွေးသံများနှင့် ကျိန်စာတိုက်သံများ ကြွက်ကြွက်ညံနေသဖြင့် အလွန် ချောက်ချားဖွယ် ကောင်းနေတော့သည်။
နတ်ဘုံစစ်တပ်သည် တူရိယာများ ကိုယ်စီ ကိုင်ဆောင်ထားကြပြီး အရှိန်အဝါ တစ်စက်မျှ အပြင်မထွက်ဘဲ ရိုးရှင်းသော ဝတ်စုံများဖြင့်သာ စနစ်တကျ ရပ်နေကြသည်။
ဗြဟ္မာဘုံ စစ်တပ်မှာ အရှိန်အဝါ အကြီးမားဆုံး ဖြစ်သည်။ ဗြဟ္မာဧကရာဇ်များမှာ ဥပေါသထမျိုးနွယ် ဆင်များ စီးနင်းထားပြီး ဗြဟ္မာဘုရင်များမှာ အဿတိုရ်မြင်းများ စီးထားကြသည်။ ဘုံအားလုံးတွင် ဗြဟ္မာဘုံမှာ အချမ်းသာဆုံးဘုံဟူသော ဘွဲ့ဖြင့် တကယ် ထိုက်တန်ပေ၏။
ဂိုဏ်းအစုအဖွဲ့များမှာလည်း သူ့အုပ်စုနှင့်သူ နောက်နားတွင် တိတ်တဆိတ် ရပ်နေကြသည်။ ၎င်းတို့နောက်တွင် လေလွင့်ဗေဒါများ ရှိသည်။ လူပေါင်း မြောက်မြားစွာ ရှိသော်လည်း ရေဝဲအသံမှတစ်ပါး တခြား မရှိပေ။ မဟာပုဂ္ဂိုလ်များရှေ့တွင် အသံထွက်ဝံ့မည့်သူလည်း ရှိမည် မထင်ချေ။
"ဒီတစ်ခါ ဘာရတနာ ပေါ်လာမယ် ထင်လဲ" သိကြားမင်းက မေးသည်။
"ပတ်ဝန်းကျင်က အသက်ဓာတ်တွေ စုပ်ယူနေပုံကို ကြည့်ရရင် ဒီတစ်ခါတော့ အသက်နဲ့ ဆိုင်မယ့် လောကရတနာ ဖြစ်လိမ့်မယ်" ဗြဟ္မာမင်းက တွေးဆကာ ဖြေသည်။
မာန်စကြာမှာ မျက်လုံးများ အရောင်တောက်သွားသည်။ အသက်နှင့်ဆိုင်သည် ဟူသော အသံကြောင့် နှုတ်ခမ်းများ တဆက်ဆက် တုန်သည်ထိ စိတ်လှုပ်ရှာသွားသည်။ ထိုရတနာကို ရအောင် ယူဖို့ သူဆုံးဖြတ်လိုက်သည်။
"ဒီရတနာက ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်မယ် ထင်လား" နဂါးမင်းက မျှော်လင့်ချက်ကြီးသည့် မျက်ဝန်းများဖြင့် မေးသည်။
"အတိအကျတော့ ပြောလို့ မရဘူး။ ဒါပေမဲ့ ချိုးဖြတ်နိုင်မယ် ဆိုရင်တောင် နောက်ဆုံးကြိုးထိ မရောက်နိုင်မှာ သေချာတယ်" စကြာမင်းက လေးနက်စွာ ဖြေသည်။
"ဘာဖြစ်လို့လဲ၊ ဘာလို့ နောက်ဆုံးကြိုးထိ မရောက်တာလဲ။ နောက်ဆုံးကြိုးထိ မရောက်ရင် ငါတို့အတွက် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ" ဂဠုန်မင်းသည် ရင်ထိတ်သွားက အလောတကြီး ပြန်မေးသည်။
နဂါးမင်းသည်လည်း မျက်မှောက်ကြုတ်ကာ ရေဝဲဘက် လှမ်းကြည့်လိုက်သည်။ သူတို့အတွက် မျှော်လင့်ချက်ကို မည်သည့်အချိန်မှ ရမည်နည်း။
"အကြောင်းပြချက်ကိုတော့ ကျုပ်လည်း ပြောပြလို့ မရဘူး။ စောင့်ကြည့်ကြတာပေါ့၊ အဲဒီလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ" စကြာမင်းက စကားကို အဆုံးသတ်လိုက်သည်။
အရက်ဝိုင်းမှာ ပြန်လည် တိတ်ဆိတ်သွားသည်။ လူတိုင်းမှာ အတွေးကိုယ်စီ ဖြစ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း လေးရက် ကုန်ဆုံးသွားသည်။ ရေဝဲမှာလည်း ယူဇနာ ငါးရာထိ ကျယ်ပြန့်လာသည်။ ယူဇနာ ငါးရာ ပတ်လည်က အသက်ဓာတ်များမှာ ခမ်းခြောက်သွားသဖြင့် ပြန်လည် ကောင်းမွန်ရန် အချိန်များစွာ ကြာမြင့်မည် ဖြစ်သည်။
ငါးရက်မြောက်နေ့တွင် ရေဝဲမှာ ရပ်တန့်မည့် အရိပ်အယောင်များ ပြလာသည်။ အသက်ဓာတ်များကို စုပ်ယူခြင်း မပြုတော့ဘဲ အရှိန်မှာလည်း တဖြည်းဖြည်း နှေးလာခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် ရေဝဲမှာ လုံးဝ ရပ်တန့်သွားသည်။ ရေဝဲရပ်တန့်သွားသည်နှင့် အိုင်အလယ်တွင် ရွှေရောင် အလင်းက စတင် တောက်ပလာခဲ့သည်။
မဟာပုဂ္ဂိုလ်များ ထရပ်ကာ အနားသို့ တိုးကပ်သွားလိုက်သည်။ သို့သော် သူတို့အား မမြင်ရသော အတားအဆီးတစ်ခုက တားထားသလို ရှေ့ဆက်တိုးမရတော့ပေ။
ဂိုဏ်းပေါင်းစုံနှင့် လေလွင့်ဗေဒါများမှာ ရတနာပေါ်လာတော့မည် ဖြစ်သဖြင့် အနည်းငယ် ရွစိရွစိ ဖြစ်လာကြသည်။ မည်သည့် ရတနာ ပေါ်လာမည် ဖြစ်ကြောင်း သူတို့ သိလိုကြသည်။ သို့သော် ရှေ့တွင် အင်အားအကြီးဆုံး စစ်တပ်ကြီး ခံနေသဖြင့် အရဲလည်း မကိုးရဲကြပေ။ သူတို့မှာ သိလိုစိတ်ကို အောင့်အီးထားရန်သာ တတ်နိုင်တော့သည်။
"လောကရတနာက ကိုယ်ပိုင် အကာအကွယ်ကို ဖွင့်ထားပြီပဲ။ သိပ်မကြာခင် ရတနာကို မြင်ရတော့မယ်" မာန်စကြာက စိတ်လှုပ်ရှားစွာ ပြောသည်။
သူ့စကားဆုံးပြီး မကြာမီမှာပင် အိုင်အလယ်မှ ရွှေရောင် အဆင်းရှိသော ကြာပန်းတစ်ပွင့်က ရေအောက်မှ ထိုးထွက်လာသကဲ့သို့ ထွက်ပေါ်လာလေသည်။ ကြာပန်း၏အလင်းရောင်မှာ ကောင်းကင်ထိတိုင် ထိန်လင်းကာ ဘုံငါးဘုံအား အလင်းရောင် ဆောင်ကျဉ်းလေသည်။
ရောက်ရှိလာကြသော ပရိသတ်ထုကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ လောကရတနာ ပေါ်လာသည်က တစ်သတ်တွင် တစ်ခါ ကြုံရဖို့ မလွယ်ပေ။
"လောကရတနာက ကြာပန်းလား။ ဒါက ဘယ်နေရာမှာ သုံးရမှာလဲ။ နေပါဦး... ဒီကြာပန်းကို ငါ သိသလိုပဲ" သိကြားမင်းက တီးတိုး ရေရွတ်သည်။
"ဟုတ်တယ်၊ ကျုပ်လည်း မြင်ဖူးသလို ခံစားနေရတယ်။ ဘယ်နေရာမှာလဲကွာ" နဂါးမင်းမှာလည်း ဇဝေဇဝါ ဖြစ်နေသည်။
"မင်းတို့ မြင်ဖူးတာ မှန်တယ်။ ဒါ လောကဦး ကြာပန်းပဲ" ဗြဟ္မာမင်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
"ဘာ... ဒါက လောကဦးတုန်းက တစ်ခါပဲ ပွင့်ဖူးတဲ့ လောကဦးကြာပန်းလား။ ပရိက္ခရာ ရှစ်ပါးကို မွေးဖွားပေးခဲ့တဲ့ လောကဦး ကြာပန်းလား" ဂဠုန်မင်းက အံ့ဩတကြီး ထအော်တော့သည်။
"ဟုတ်တယ်၊ လောကဦးတုန်းက ဒီကြာပန်း မွေးဖွားပေးခဲ့တဲ့ ပရိက္ခရာရှစ်ပါးကြောင့် ဗုဒ္ဓပေါင်း များစွာ ပွင့်ထွန်းပြီး စကြဝဠာကြီး အေးချမ်းခဲ့တယ်။ ဒါက အဖိုးဖြတ်လို့ မရတဲ့ ရတနာပဲ။ ဒီတစ်ခါရော ဘာရတနာ ဖြစ်မလဲ။ လူ့ဘုံမှာ ပွင့်တဲ့ ကြာပန်းဆိုတော့ ဒါနဲ့ သက်ဆိုင်တဲ့ ရတနာကို လူ့ဘုံမှာပဲ ထားရမယ်" စကြာမင်းမှာ မဖြစ်စဖူး စိတ်လှုပ်ရှားနေတော့သည်။
"ဟမ့်... အိပ်မက် မက်နေတာပဲ။ ရတနာဆိုတာ ထိုက်တန်တဲ့ လူပဲ ရတာ။ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာ အချိန်က အဖြေပေးလိမ့်မယ်" မာန်စကြာက ခနဲ့သည်။
"စကြာမင်း ပြောတာ မှန်တယ်။ ဒီရတနာက နောက်ဆုံးကြိုးကို မဖြတ်နိုင်ဘူး" နဂါးမင်းက စိတ်ပျက်စွာ ပြောသည်။
"ရတနာ မွေးဖွားတော့မယ်" ဗြဟ္မာမင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
ဗြဟ္မာမင်း စကားဆုံးသည်တွင် ကြာပန်းမှာ ဖူးနေရာမှာ ပွင့်အာလာတော့သည်။
"အူဝဲ... အူဝဲ... အူဝဲ"
"ဟင်... ဟာ... အို "
ကလေးငိုသံ ထွက်ပေါ်လာသည်နှင့် မဟာပုဂ္ဂိုလ်များသာကမ ဘုံးငါးဘုံ စစ်တပ်ရော အနောက်က ပရိသတ်များပါ အံ့အားသင့်ကုန်ကြသည်။
လောကရတနာဆိုသည်မှာ လက်နက်တစ်လက်၊ ဆေးပင်တစ်ပင် သို့မဟုတ် လောက အကျိုးပြုမည့် ရတနာ တစ်မျိုးမျိုး ဖြစ်မည်ဟု အားလုံးက ထင်မှတ်ထားကြသည်။ ယခုတွင်မူ လောကရတနာမှာ ကလေးတစ်ယောက် ဖြစ်နေသည်။ ကလေးတစ်ယောက်ကို သူတို့ မည်သို့ အသုံးပြုရမည်နည်း။ ယင်းက မည်သို့သော ဟာသနည်း။
"ဒါက သန္ဓေသားပဲ။ ရှေးဟောင်း မှတ်တမ်းတစ်ခုမှာ ငါ ဖတ်ဖူးတယ်။ လောကရတနာက မွေးဖွားပေးတဲ့ သန္ဓေသားက ဆေးတစ်လုံထက် တန်ဖိုးရှိတယ်။ သန္ဓေသားရဲ့ အဆီအနှစ်ကို ခုနစ်ရက်အတွင်း စုပ်ယူမယ်ဆို ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ဖို့ အခွင့်အရေး ရှိတယ်" စကြာမင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
ကန့်သတ်ချက်ကို ချိုးဖြတ်ဖို့ ဆိုသည်မှာ မဟာပုဂ္ဂိုလ်များ၏ အိပ်မက်ပင် ဖြစ်သည်။ ထိုအရာအား ချိုးဖြတ်နိုင်မည် ဆိုပါက သူတို့သည် အရာအားလုံးကို ရင်းဝံ့ပေသည်။
"ဒီရတနာကို ငါ ပိုင်တယ်။ ဟေ့ လူနှစ်ယောက်၊ ကျုပ်နဲ့ ပူးပေါင်းပေး။ ကျုပ်သာ ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ရင် ခင်ဗျားတို့ရဲ့ ကန့်သတ်ချက်လည်း ပျက်ပြီလေ" မာန်စကြာက နဂါးမင်းနှင့် ဂဠုန်မင်းကို ပြောသည်။
"မင်း ရူးနေလား။ မင်းတို့ ဘယ်သူပဲ ရရ မင်းတို့ တက်လမ်းအတွက် ကန့်သတ်ချက်ကို ချိုးဖြတ်မှာပဲ။ ကန့်သတ်ချက် ပြတ်တာနဲ့ ငါတို့လည်း လွတ်လပ်ပြီကွ။ ငါက မင်းကို ဘာကြောင့် ကူညီရမှာလဲ" နဂါးမင်းက ဒေါသတကြီး ပြန်ပြောသည်။ လောကရတနာမှာ သူတို့အတွက် များစွာ အသုံးမဝင်သဖြင့် သူစိတ်ပျက်နေခြင်း ဖြစ်သည်။ ထိုအရာကိုပင် အလိုက်ကန်းဆိုး မသိသည့် ထိုမိစ္ဆာက သူ့အား အရူးကွက်လာနင်းနေသည်။
ဂဠုန်မင်းကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။ "ကဲ... ထုံးစံအတိုင်း ရတနာက ငါတို့အတွက် အသုံးမဝင်လို့ ဒီပွဲကနေ ငါတို့ ထွက်တယ်။ ဒါပေမဲ့ ရတနာကို တရားမျှမျှတတနဲ့ အနိုင်ရသူကို ငါတို့ အစွမ်းကုန် ကူညီပေးမယ်"
ထိုသို့ ပြောပြီးနောက် နဂါးမင်းနှင့် ဂဠုန်မင်းတို့က နောက်ဆုတ်လိုက်သည်။ သားရဲစစ်တပ်ကြီးမှာလည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"ကဲ... သူများတွေ နောက်ဆုတ်သွားပြီ။ ခင်ဗျားတို့နှစ်ယောက်က ဘာလုပ်နေတာလဲ။ ဘာလဲ ခင်ဗျားတို့ကရော ကလေးတစ်ယောက်ရဲ့ အသက်ကို စုပ်ယူမလို့လား" မာန်စကြာက တဟဲဟဲ ရယ်ကာ ပြောသည်။
"မင်း စကားပြောတာ ဆင်ခြင်ရင် ကောင်းမယ်။ ဒါက သက်ရှိမဖြစ်သေးဘူး။ လောကရတနာ သန္ဓေသားပဲ။ မင်းတို့ မိစ္ဆာလမ်းစဉ်လို အောက်တန်းကျတဲ့ လုပ်ရပ်ကို ငါမလုပ်ဘူး" စကြာမင်းက လေးနက်စွာ ပြောသည်။
"ဒါဆို မင်းတို့ ဘယ်လို လုပ်မယ် စိတ်ကူးထားလဲ။ ငါတို့တွေ တိုက်ခိုက်ကြရင် ဒီနေရာက လုံးဝ ပျက်စီးသွားလိမ့်မယ်။ မတိုက်ခိုက်ဘဲ ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေး စဉ်းစားပါဦး" သိကြားမင်းက ဝင်ပြောသည်။
"ဒီရတနာက ကျုပ်အတွက် အရေးကြီးတယ်။ ကျုပ် ရမှကို ဖြစ်မယ်" မာန်စကြာက လောဘကြီးစွာ ပြောသည်။
"မင်းအတွက်ပဲ အရေးကြီးတယ် ထင်နေလား။ ငါတို့အတွက်ရော အရေးမကြီးဘူးလား။ မင်းလိုချင်တယ်ဆို တရားမျှမျှတတ ယှဉ်ပြိုင်။ စည်းကမ်းဖောက်ရင် အကုန် ဝိုင်းတိုက်ခိုက်တာ ခံရမယ်ဆိုတာ မင်းသိတယ်မလား" ဗြဟ္မာမင်းက မာန်စကြာအား ဒေါသတကြီး ပြောသည်။
"ဟွန့်... ခင်ဗျား စမ်းကြည့်လေ။ ကျုပ်လည်း ဒီနှစ်တွေမှာ အလကား မနေပါဘူး။ ခင်ဗျားရဲ့ အရိုးအိုကြီးတွေ အရင်လို မာသေးလား ကြည့်ရတာပေါ့" မာန်စကြာက သူ့ခန္ဓာကိုယ်ထဲမှ ဘွဲ့ဖြူလက်နက်ကို ထုတ်ယူလိုက်သည်။
ဘွဲ့ဖြူလက်နက် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှာ အမှောင်ထုများ ကြီးစိုးသွားသည်။ မိစ္ဆာများမှာ ချက်ချင်း ဒူးထောက်ကာ ဘွဲ့ဖြူလက်နက်အား အရိုအသေ ပေးလိုက်ကြသည်။ ဘွဲ့ဖြူလက်နက်သည် သူတို့၏ ဒုတိယ မဟာပုဂ္ဂိုလ်ပင် ဖြစ်သည်။
***