အောက်ဘုံလောကတွင် မြင်းမိုရ်တောင်နှင့် တောင်စဉ် တစ်ဆက်တည်းရှိသော ဟိမဝန္တာနှင်းတောင်တန်းမှာ ဗုဒ္ဓဂိုဏ်းနှစ်ဂိုဏ်း တည်ရှိရာ အရပ် ဖြစ်သည်။ အောက်ဘုံတစ်လောကလုံး မည်မျှပင် ဖရိုဖရဲ ဖြစ်နေပါစေ ထိုနှင်းတောင်တန်းကြီးမှာ ဗုဒ္ဓတပည့်များ၏ မေတ္တာကြောင့်ရော တန်ခိုးကြောင့်ပါ အစဉ် အေးချမ်းနေခဲ့သည်။
ဗုဒ္ဓဂိုဏ်းအား သမထဂိုဏ်းနှင့် ဝိပဿနာဂိုဏ်း ဟူ၍ အမျိုးအစား နှစ်ခု ခွဲထားသည်။ သမထဂိုဏ်းတွင် ရသေ့များသာ ရှိကြပြီး လူသူကင်းဝေးရာ ဟိမဝန္တာတောင်ထိပ်တွင် ဂိုဏ်းတည်ထားကြသည်။ ထိုရသေ့များသည် ဈာန်တန်ခိုးများအား ကျင့်ကြံကြပြီး လောကီကိစ္စများနှင့် ကင်းကင်း နေကြပေသည်။
ဝိပဿနာဂိုဏ်းမှာမူ ဟိမဝန္တာ တောင်ခြေတွင် တည်ရှိပြီး ဂိုဏ်းဝင်များမှာ ရဟန်းများသာ ဖြစ်သည်။ ရဟန်းများမှာ ဝိနည်းအရ လူများနှင့် ကင်းကင်း နေ၍ မရဘဲ မြို့ရွာများအား အမှီပြု နေကြရသည်။ လူများနှင့် မကင်းဟု ဆိုရာမှာ ရောရောနှောနှော နေသည်ဟု မဆိုဘဲ လိုအပ်သလောက်သာ ဆက်ဆံခြင်း ဖြစ်သည်။ ထိုရဟန်းများမှာ ရသေ့များထက်ပင် လောကီအရေးကို ပိုမို အရေးမစိုက်တတ်ကြပေ။
ထိုအချိန်တွင် ဟိမဝန္တာနှင်းတောင်တန်းကြီး တစ်နေရာတွင် ကလေးငယ်လေးအား ပွေ့ဖက်ထားသော လူတစ်ယောက်သည် ဒယိမ်းဒယိုင်ဖြင့် လျှောက်လာနေသည်။
ထိုလူသည် မီးခိုးရောင် ဝတ်စုံအား ဝတ်ဆင်ထားပြီး မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ထားသည်။ ခေါင်းပေါ်မှ သျှောင်ထုံးမှာ ပြေလျော့နေပြီ ဖြစ်သော်လည်း ထိုလူမှာ ဂရုစိုက်ပုံ မပေါ်ပေ။ ဂရုမစိုက်နိုင်သည်မှာလည်း မဆန်းပေ။ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များမှာ နေရာမလပ် ရှိနေသည် မဟုတ်လော။ စင်စစ် ထိုလူသည် မဟာပုဂ္ဂိုလ်များနှင့် လောကရတနာများ ကြားမှ သန္ဓေသားအား ခိုးယူပြီး အောက်ဘုံသို့ ဆင်းပြေးလာသော စောရဝိဇ္ဇာပင် ဖြစ်လေသည်။
စောရဝိဇ္ဇာသည် သန္ဓေသားအား အောင်မြင်စွာ ခိုးယူလာနိုင်သော်လည်း သူ ပေးဆပ်ခဲ့ရသည်က မနည်းပေ။ လောကရတနာများ၏ အရှိန်အဝါကြောင့် သူ့တန်ခိုးများ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ တန်ခိုးများ မပျက်စီးသော်လည်း အဆင့်များစွာ ကျသွားခဲ့သဖြင့် သူ့မှာ သေလုမျောပါး ဖြစ်သွားရသည်။ အဆိုးထဲက အကောင်းဆိုသလိုပင် အဆင့်များ လျော့သွားသဖြင့် အောက်ဘုံ ကန့်သတ်ချက် ပွင့်ကာ အောက်ဘုံသို့ ဆင်းလာနိုင်ခဲ့သည်။
မဟာပုဂ္ဂိုလ်များသည် စောရဝိဇ္ဇာက အောက်ဘုံသို့ ဆင်းလာနိုင်မည်ဟု လုံးဝ ထင်ထားမည် မဟုတ်ပေ။ အထက်ဘုံ၌ မည်မျှပင် လွတ်လပ်စွာ သွားလာနိုင်ပါစေ အောက်ဘုံ ကန့်သတ်ချက်မှာ မဟာပုဂ္ဂိုလ်များ အတွက်ပင် ချွင်းချက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် စောရဝိဇ္ဇာကဲ့သို့ သူတို့ထက် အဆင့်နိမ့်သူတစ်ဦး အောက်ဘုံသို့ ဆင်းနိုင်မည်ဟု သံသယ မဝင်ခဲ့ခြင်း ဖြစ်သည်။
စောရဝိဇ္ဇာသည် သန္ဓေသားအား ခပ်ဖွဖွ ပွေ့ဖက်ထားရင်း နှင်းခဲများပေါ် အားယူကာ လျှောက်လှမ်းနေသည်။ သို့သော် သူ့အသက်ဓာတ်များက အချိန်နှင့်အမျှ လျော့လာနေသောကြောင့် သူ ကြာရှည်စွာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
"ငါ ဒီတောင်က မကျော်နိုင်တော့ဘူး ထင်တယ်။ ရတနာကို ရခဲ့ပေမဲ့ ငါ ပေးဆပ်လိုက်ရတာကလည်း ငါ့မှာ ရှိသမျှ အကုန်ပဲ" စောရဝိဇ္ဇာ မကျေမနပ် ညည်းညူလိုက်သည်။
စောရဝိဇ္ဇာသည် မျက်လုံးကို အတင်း ဖွင့်ကာ ထိုးအိပ်ချင်သည့် ဆန္ဒအား ဖြေဖျောက်လိုက်သည်။ သို့သော် သူသည် စိတ်ကသာ ဆောင်နေပြီး လူက မလိုက်နိုင်တော့ပေ။ မကြာခင်မှာပင် သူ မဟန်နိုင်တော့ဘဲ လဲကျသွားတော့သည်။
အစက အဝတ်ထုတ်ထဲတွင် နွေးထွေးစွာ အိပ်ပျော်နေသော သန္ဓေသားသည် နှင်းဓာတ်၏ အအေးဒဏ်ကြောင့် ရုတ်တရက် လန့်ကာ ငိုတော့သည်။
"အူဝဲ... အူဝဲ... အူဝဲ"
ကလေးငိုသံမှာ နှင်းတောင်တစ်ခွင် ပျံ့နှံ့သွားပြီး အဝေးက နှင်းခဲအချို့မှာ ပြိုကျသွားသည်။ နှင်းပြင် ဖြူစွတ်စွတ်ပေါ်တွင် သွေးများ ရွဲနေသည့် လူတစ်ယောက်က ကလေးငယ်အား ဖက်ရင်း သတိလစ်နေသည်မှာ အထီးကျန် ရက်စက်သော လောက၏ ဓမ္မတာ တစ်ရပ်ကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
စောရဝိဇ္ဇာသည် လေတိုးသံ သစ်ရွက်လှုပ်သံများအား ကြားနေရသည်။ ဘေးနားမှာ တီးတိုး ရေရွတ်သံများမှာလည်း ဝေးသွားလိုက် နီးလာလိုက်နှင့် တစ်မျိုး ကြောက်စရာ ကောင်းနေသည်။ သူ သေဆုံးသွားပြီး ဘုံတစ်ခုခု၌ ရောက်နေသည်လော။
စောရဝိဇ္ဇာ မျက်လုံးအား ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်က သစ်ရွက်ခြောက် အမိုးတစ်ခု ဖြစ်သည်။ သူ့တစ်ကိုယ်လုံးမှာ ဆေးရည်နံ့များ မွှန်ထူနေပြီး အညိုရောင် ပတ်တီးများဖြင့်လည်း သူ့အား ကောက်ညှင်းထုပ်သလို စည်းထား၏။ သူ့အား တစ်စုံတစ်ယောက်က ကယ်တင်ထားသည်မှာ သေချာသလောက် ရှိသည်။
"သန္ဓေသားရော" သူ ထိတ်လန့်သွားသည်။ အသက်နှင့် ရင်း၍ ခိုးယူလာသော ရတနာအား တခြားသူက အလွယ်တကူ အပိုင်သိမ်းသွားပြီလော။ သူ စိုးရိမ်တကြီးနှင့် ထရန် ပြင်လိုက်သည်။
"ဒကာကြီး စိတ်အေးအေးထားပါ။ ဒကာကြီး သားလေး ဘေးကင်းပါတယ်။ ဒကာကြီး သားကို ရသေ့ပျိုတွေက စောင့်ရှောက်ပေးထားပါတယ်" သျှောင်ထုံး မြင့်မြင့် ထုံးထားပြီး အညိုရောင် သင်္ကန်းနှင့် ရသေ့အို တစ်ပါးက စောရဝိဇ္ဇာအား အပြုံးဖြင့် နှစ်သိမ့်ပေးသည်။
"ကျွန်တော့်သား ဟုတ်လား။ ဒါက... " စောရဝိဇ္ဇာ ခေတ္တ တုန့်ဆိုင်းသွားသည်။
"ဟုတ်ပါတယ်။ ဒကာကြီး ဒဏ်ရာတွေနဲ့ သတိလစ်နေတာကို ထင်းကောက်သွားတဲ့ ရသေ့ငယ်တွေ တွေ့လို့ ဒီကို ခေါ်လာတာ။ တော်သေးတာပေါ့ ကလေးက နှင်းကိုက်ဒဏ်ရာတွေ ရမသွားလို့။ ဒီလောက် ကြမ်းတမ်းတဲ့ နယ်မြေကို လသားအရွယ် ကလေးကို ဘာကြောင့်များ ခေါ်လာတာလဲ" ရသေ့အိုကြီးက နားမလည်နိုင်စွာ မေးသည်။
"ကျွန်တော် ရန်သူတွေ လိုက်လာလို့ ထွက်ပြေးလာတာပါ။ အခုလို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ကျွန်တော် သတိလစ်နေတာ ဘယ်နှရက် ရှိပြီလဲ" စောရဝိဇ္ဇာက နောက်ဆုံးစကားကို သတိထားကာ မေးလိုက်သည်။ ခုနစ်ရက်ကျော်သွားပါက သန္ဓေသား၏စွမ်းအင်အား စုပ်ယူ၍ မရတော့ကြောင်း သူသိထားသည် မဟုတ်လော။
"ဒကာကြီး သတိလစ်နေတာ တစ်လကျော်ပါပြီ" ရသေ့အိုက ဖြေသည်။
ထိုစကားကြောင့် စောရဝိဇ္ဇာသည် မျှော်လင့်ချက်များ ပျောက်ဆုံးသွားတော့သည်။ စိတ်ဓာတ်ကျခြင်းကြောင့်ရော ဒဏ်ရာအရှိန်များကြောင့်ရော နှစ်မျိုးရောကာ သူ သတိပြန်လစ်သွားတော့သည်။
"သူ သတိပြန်လစ်သွားပြီပဲ၊ ကံဆိုးလိုက်တဲ့ သားအဖပါလား" ရသေ့အိုက သက်ပြင်းချကာ တဲအပြင်ဘက် ပြန်ထွက်သွားတော့သည်။
အပြင်ရောက်သည်နှင့် ရသေ့အိုသည် အနားတွင် စောင့်နေသည့် ရသေ့ပျိုအား လူနာကို ဂရုစိုက်ရန် မှာကြားကာ သူ့ကျောင်းဆောင်သို့ ပြန်သွားတော့သည်။
ထိုသို့ဖြင့် အချိန်များ ကြာညောင်းသွားသည်။ စောရဝိဇ္ဇာသည် ရသေ့များ၏ ကုသပေးမှုကြောင့် အနည်းငယ် နလန်ထူလာသည်။ သို့သော် ကလေးငယ်ကို မြင်တိုင်း သူ ဒေါသထွက်သည်။ ထိုကလေးကိုသာ သူမခိုးခဲ့ပါက ယခုလို အခြေအနေမျိုးဖြင့် ကြုံရမည် မဟုတ်ပေ။ အရာအားလုံး၏ တရားခံမှာ ထိုကလေးသာ ဖြစ်သည်။ သူ့စိတ်ထဲတွင် ထိုကလေးအား သတ်ပစ်ချင်စိတ်တို့သာ ကြီးစိုးနေသည်။ သို့သော် ရသေ့များရှေ့တွင် သူ စိတ်လိုက်မာန်ပါ မလုပ်ဝံ့ပေ။ ယခုအချိန်တွင် သူက ပုရွက်ဆိတ် တစ်ကောင်ကိုပင် မသတ်နိုင်သည်ထိ အားနည်းနေသည် မဟုတ်လော။
ထိုသို့ဖြင့် စောရဝိဇ္ဇာ ရသေ့ကျောင်းသို့ ရောက်သည်မှာ တစ်နှစ်ကျော် ကြာမြင့်သွားပြီ ဖြစ်သည်။ သူသည်လည်း ချိုင်းထောက် အကူဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်ပြီ ဖြစ်သည်။ အစောပိုင်းတွင် တန်ခိုးအကျန်များဖြင့် အရိုးများ ကျိုးနေသည်ကို တောင့်ခံနိုင်သော်လည်း ယခုလို သာမန်လူ ဖြစ်သွားသည့်နောက် အရိုးများ သဘာဝအတိုင်း ကောင်းရန် တစ်နည်းသာ ရှိတော့သည်။
ထိုအချိန်တွင် အညိုရောင် ဝတ်စုံလေးအား ဆင်မြန်းထားသည့် ကလေးငယ် တစ်ဦးသည် ဆန်ပြုတ်ပန်းကန်လုံးလေး တစ်လုံးကို ကိုင်ရင်း စောရဝိဇ္ဇာနေသည့် ကျောင်းဆောင်သို့ လျှောက်လာနေသည်။ ထိုကလေးသည် အသားအရည်မှာ ပန်းနုရောင် သမ်းကာ မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နက်နှင့် မျက်တောင်မွေးများမှာ ရှည်လျားပြီး အပေါ်သို့ ကော့တက်နေသည်။ မျက်ခုံမွေးထူထူကြီးမှာလည်း မျက်လုံးအား ဘောင်ခတ်ထားသလို ရှိသည်။ သူ့အပြုံးမှာလည်း မြင်သူတိုင်းအား နှစ်လိုဖွယ် ခံစားချက်ကို ပေးစွမ်း၏။ ဆံနွယ်တို့မှာလည်း အသားကောင်းကာ ထူထဲ နက်မှောင်နေ၏။ ထိုကလေးသည် စောရဝိဇ္ဇာ ချိုင်းထောက်ဖြင့် လမ်းလျှောက်နေသည်အား မြင်လိုက်ရာ တစ်ချက် ပြုံးသည်။
"ဖေဖေ၊ လမ်းလျှောက်ရတာ အဆင်ပြေရဲ့လားဟင်၊ သား ကူပေးရမလား။ သား ဒီမှာ ဆန်ပြုတ် ယူလာတယ်။ ဖေဖေ ဆာနေရင် သောက်လိုက်နော်။ သား ကိုယ်တိုင် ပြုတ်လာတာ ဖေဖေရဲ့" ကလေးငယ်က အပြုံးလေးဖြင့် ပြောသည်။ ကလေးငယ်မှာ ယခုတွင် စကားများ တီတီတာတာ ပြောနေပြီ ဖြစ်သည်။
"ဟေ့ကောင်၊ ထွက်သွားစမ်း။ ငါ ဘာမှ မလိုဘူး။ မင်းမျက်နှာကို မမြင်ချင်ဘူး။ သွား" စောရဝိဇ္ဇာက ဒေါသတကြီး မောင်းထုတ်သည်။
ကလေးသည် အရွယ်နှင့်မလိုက်အောင် သင်ယူနိုင်စွမ်း မြင့်မားသည်။ ဉာဏ်ရည်မှာ တခြားကလေးများထက် များစွာ သာလွန်၏။ ထို့ကြောင့် စောရဝိဇ္ဇာက သူ့အား မုန်းနေမှန်း သူသိသည်။ သူသည် ဖခင်ဖြစ်သူက အဘယ်ကြောင့် မုန်းနေမှန်း မသိသော်လည်း သူသိသလောက် တတ်သလောက်ဖြင့် ဖခင်ဆီက မေတ္ဆာကို ရအောင် ကြိုးစားခဲ့သည်။ သို့သော် သူ လုပ်သမျှက မည်သည်အခါကမျှ အဆင်မပြေခဲ့ချေ။
"သား မျက်နှာကို မမြင်ချင်ရင် သား သွားပါ့မယ်။ ဒါပေမဲ့ ဒီဆန်ပြုတ်လေး... "
"ဟာကွာ... ဒီအစုတ်အပြတ် ဆန်ပြုတ်ကို ငါက ဘာလုပ်ရမှာလဲ။ သွားစမ်း..."
စောရဝိဇ္ဇာက ဆန်ပြုတ် ပန်းကန်အား ချိုင်းထောက်ဖြင့် ရိုက်ချလိုက်သည်။
ကလေးငယ်မှာ ထိတ်လန့်သွားသည်။ ချိုင့်ထောက်က သူ့လက်ဆစ်ကို ရိုက်မိသွားသဖြင့် နာကျင်စွာ ညည်းညူမိသည်။ သို့သော် ရင်ထဲက ပိုနာသည်။ သူ မည်သည့် အမှားမျိုး လုပ်ခဲ့ဖူးသနည်း။ မည်သို့သော အကြောင်းမျိုးကြောင့် ဖခင်ဖြစ်သူက သူ့ကို ထိုမျှ မုန်းတီးနေရသနည်း။ သူ လုံးဝ နားမလည်တော့ပေ။
"ဒကာကြီး လူဇော်၊ အပြစ်မဲ့တဲ့ ကလေးကို ဘာဖြစ်လို့ ဒီလောက် ရက်စက်ရတာလဲ။ ဒကာကြီး လုပ်ရပ်တွေ တရားလွန်နေပြီ" ရသေ့ပျို တစ်ပါး ရောက်လာကာ ပြောသည်။
သူသည် ကလေး၏လက်ကို စိုးရိမ်တကြီး ဆွဲကာ ဒဏ်ရာအား တစ်ချက် စစ်ဆေးလိုက်သည်။ ကလေး၏အသားမှာ နုနယ်လှသဖြင့် အညိုအမည်းပင် စွဲသွားသည်။
"ဦးရသေ့ ဆေးထည့်ပေးမယ်နော်။ နာသွားလား သားလေး" ရသေ့ပျိုက ကြင်နာစွာ ပြောသည်။
"သား မနာပါဘူး ဦးရသေ့ရယ်။ သား မလိမ္မာလို့ ဖေဖေက ဆုံးမတာပါ။ သား မနာပါဘူး" ကလေးသည် ဖခင်အား အပြစ်တင်မည် စိုးသဖြင့် ထိတ်လန့်စွာ ရှင်းပြသည်။
"လာပါ သားရယ်။ ဦးရသေ့နဲ့ လိုက်ခဲ့။ မနာပေမဲ့ ဆေးတော့ ထည့်ရမယ် မဟုတ်လား။ ဦးရသေ့စကား နားထောင်နော်" ရသေ့ပျိုက ကြင်နာစွာ ထပ်ပြောသည်။
"ဟုတ်ကဲ့ ဦးရသေ့၊ ဒါပေမဲ့ ဖေဖေ..."
"သား အဖေအတွက် နောက်တစ်ယောက်ကို ဆန်ပြုတ် ပို့ခိုင်းလိုက်ပါမယ်။ မစိုးရိမ်နဲ့နော်" ရသေ့ပျိုက အပြုံးဖြင့် ပြောသည်။
"ဟုတ်ကဲ့" ကလေးက ခေါင်းညိတ်ကာ နာခံသည်။
ထိုသို့ဖြင့် ရသေ့ပျိုသည် ကလေးအား ခေါ်ကာ ထွက်သွားတော့သည်။
"ဟွန့်..." စောရဝိဇ္ဇာသည် နှာခေါင်း တစ်ချက် ရှုပ်ကာ ခုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုကလေးက ဤလပိုင်းတွင် သူ့ဆီသို့ ခဏခဏ လာ၍ စကားပြောနေသည်က သူ့အတွက် အလွန် အဆင်မပြေ ဖြစ်ရသည်။ သူ့စိတ်ထဲတွင် ထိုကလေးအား နည်းနည်းမှ ကြည့်မရအောင် မုန်းနေသည်။ ဟုတ်သည်။ သူ့ဘဝကို ပျက်စီးအောင် ဖျက်ဆီးခဲ့သည့် ထိုကလေးအား သူမုန်းသည်။
စောရဝိဇ္ဇာသည် ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ အမုန်းတရားများကို သက်ပြင်းတစ်ချက်မှုတ်ကာ ဖြေလျော့လိုက်သည်။ စောစောက စိတ်လှုပ်ရှားသွားသဖြင့် သူ မောပန်းသွားသည်။ အပူမီးများတွင် အမုန်းမီးက အပူဆုံးပင် မဟုတ်လော။
ထိုသို့ဖြင့် စောရဝိဇ္ဇာသည် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားတော့သည်။
***