အနွယ်တော်သည် အပြေးအလွှားဖြင့် ဖခင်၏ကျောင်းဆောင်သို့ ရောက်လာသော်လည်း အထဲတွင် မည်သူမျှ မရှိပေ။ ဖခင်ဖြစ်သူ လမ်းလျှောက်သွားသည် ထင်သဖြင့် သူ အနီးဝန်းကျင်တွင် လျှောက်ရှာကြည့်သည်။ သို့သော် ဖခင်အား အနီးအနားတွင် ရှာမတွေ့ပေ။
သူ စိုးရိမ်စွာဖြင့် တခြားနေရာများတွင် သွားရှာဖို့ ပြင်လိုက်သည်၌ ရသေ့ပျို ဦးဇောတိက ဖခင်အား ပွေ့ချီလာသည်ကို မြင်လိုက်ရသည်။ အနွယ်တော် ရင်ထဲတွင် မကောင်းသည့် နိမိတ်အား ခံလိုက်ရကာ စိုးရိမ်တကြီး ဖြစ်သွားသည်။
"ဦးရသေ့ အဖေ ဘာဖြစ်တာလဲ" အနွယ်တော် သူတို့အနားသို့ ချက်ချင်း သွားကာ မေးလိုက်သည်။
"ဦးရသေ့ ရှာတွေ့တာ မြန်လို့ပေါ့။ မင်းအဖေ ဂိုဏ်းပြင်က အာရဇ်ပင်အောက်မှာ လဲကျနေတာ။ ခေါင်းက ကျောက်စောင်းနဲ့ ထိထားတော့ တစ်ချက် ကွဲသွားတယ်။ သွေးတိတ်အောင်တော့ ဆေးထည့်ပေးထားတယ်။ လာ အထဲရောက်မှ ဆက်ပြောတာပေါ့" ပြောပြောဆိုဆိုဖြင့် ရသေ့ပျို ဦးဇောတိက စောရဝိဇ္ဇာ၏ ကျောင်းဆောင်ထဲသို့ ဝင်သွားသည်။
"ဟုတ်ကဲ့" အနွယ်တော်လည်း ခေါင်းညိတ်ကာ နောက်မှ စိုးရိမ်စွာ လိုက်ဝင်လာခဲ့သည်။
အထဲရောက်သည်နှင့် ဦးဇောတိက စောရဝိဇ္ဇာအား ခုတင်ပေါ်တွင် အသာချကာ အပေါ်က စောင်ခြုံပေးလိုက်သည်။
"သား ဒီမှာ ခဏ နေဦးနော်။ ဦးရသေ့ ဘရသေ့ကို သွားခေါ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ ဦးရသေ့"
ရသေ့ပျို ဦးဇောတိ ထွက်သွားသည်နှင့် အနွယ်တော် ဖခင်ဘေးတွင် ထိုင်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ ထိုအခြေအနေတွင် သူလည်း မည်သည်မျှ မလုပ်တတ်သဖြင့် ဖခင်ဖြစ်သူကိုသာ ပူပန်စိတ်ဖြင့် စိုက်ကြည့်နေမိသည်။
မကြာမီ ဘရသေ့နှင့် ရသေ့ပျိုများ ရောက်လာကြသည်။ ရသေ့များ ရောက်လာသည်တွင် အနွယ်တော် ထရပ်ကာ လက်အုပ်ချီလိုက်သည်။
ဘရသေ့က ခေါင်းညိတ်ပြကာ စောရဝိဇ္ဇာအား စစ်ဆေးလိုက်သည်။
"အင်း... ခေါင်းထိထားလို့ သတိမေ့နေတာပါ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ သူ သတိရလာရင် ဘရသေ့ကို လာခေါ်နော် သားလေး" ဘရသေ့က အနွယ်တော်အား လှည့်ကြည့်ကာ ပြောသည်။
"ဟုတ်ကဲ့ပါ ဘရသေ့" အနွယ်တော် ရိုသေစွာ ပြန်ဖြေလိုက်သည်။
ထိုသို့ ပြောပြီးနောက် ဘရသေ့ ပြန်ထွက်သွားသည်။ ရသေ့ပျိုများသည်လည်း အနွယ်တော်အား နှုတ်ဆက်ကာ ပြန်ထွက်သွားကြသည်။
ရသေ့များ ထွက်သွားသည်နှင့် အနွယ်တော်သည် ကျောင်းတံခါးကို သေချာ ပိတ်ကာ မင်းတုံးချလိုက်သည်။ ထို့နောက် ဟိုဟိုသည်သည် ကြည့်လိုက်ရာ ရသေ့များ မုတ်ဆိတ်ရိတ်ရာတွင် သုံးသော သင်တုန်းဓား အဟောင်း တစ်ချောင်းကို တွေ့လိုက်ရသည်။ အနွယ်တော် ထိုနေရာသို့ သွားကာ သင်တုန်းဓားအား ကောက်ယူလိုက်သည်။
အနွယ်တော်သည် ဖခင်ရှိရာသို့ လှမ်းကြည့်လိုက်ရာ မျက်ရည်များ ဝဲလာသည်။ ဖခင်ဖြစ်သူမှာ ဒဏ်ရာပေါ် ဒဏ်ရာထပ်ကာ အခြေအနေမှာ အတော် ဆိုးနေပြီ ဖြစ်သည်။ သူ သိတတ်စ အရွယ်ကတည်းက ဖခင်မှာ နေ့စဉ်နှင့်အမျှ ဝေဒနာကို ခါးစည်းခံနေရသည်။ သူ ဖခင်အား ဝေဒနာများ မခံစားစေလိုတော့ပေ။ ဖခင်အား ကျန်းကျန်းမာမာဖြင့် သူ မြင်လိုသည်။ အနွယ်တော်သည် ဖခင်ရှိရာသို့ လျှောက်သွားကာ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
"အဖေ နေပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ သားရဲ့သွေးက အဖေ့ကို နေပြန်ကောင်းအောင် လုပ်ပေးနိုင်မယ်ဆို တစ်ကိုယ်လုံးရှိတဲ့ သွေးတွေ ကုန်ချင် ကုန်ပါစေ" အနွယ်တော်သည် အံတင်းတင်း ကြိတ်ကာ လက်ဖဝါးအား ဓားဖြင့် လှီးချလိုက်သည်။
သွေးများမှာ ရဲခနဲ ထွက်လာပြီး အနွယ်တော် နာကျင်မှုကြောင့် မျက်လုံး စုံမှိတ်လိုက်ရသည်။
ထွက်လာသည် သွေးများကို သူ ဖခင်၏ ဒဏ်ရာပေါ်သို့ အစက်ချလိုက်သည်။ သို့သော် သွေးက လုံလောက်အောင် မထွက်ခင် ဒဏ်ရာမှာ ပြန်ကျက်သွားသည်။
"ဒီနေရာက သွေးသိပ်မထွက်ဘူး။ နေရာပြောင်း လှီးကြည့်မှနဲ့ တူတယ်" ထိုသို့ ဆိုရင်း အနွယ်တော်သည် လက်ဖမိုးအား လှီးလိုက်သည်။
လက်ဖမိုးမှာလည်း သွေးလုံလောက်စွာ မထွက်ခင် ဒဏ်ရာက ပြန်ကျက်သွားသည်။
ထိုသို့ဖြင့် အနွယ်တော်သည် နေရာပြောင်းကာ လှီးကြည့်ရင် လက်ကောက်ဝတ် သွေးကြောသို့ ရောက်သည်တွင် သူလိုအပ်သော သွေးပမာဏကို ရရှိသွားသည်။
စောရဝိဇ္ဇာ၏ခေါင်းမှ ဒဏ်ရာမှာ အရှင်း ပျောက်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် အနွယ်တော် ရပ်တန့်လိုက်သည်။
"ငါ့သွေးက ဒဏ်ရာတွေကို ကုနိုင်တယ်ဆိုတော့ အဖေ နှစ်တွေ အကြာကြီး ခံစားနေရတဲ့ ဒီဒဏ်ရာတွေကိုရော ကုနိုင်မလား။ ဒါပေမဲ့ ဒဏ်ရာမပေါ်တော့ ဘယ်နေရာကို သွေးထည့်ပေးရမလဲ" အနွယ်တော် တစ်ချက် စဉ်းစားသွားသည်။
"ဒီဒဏ်ရာတွေအတွက် ဦးရသေ့တို့ ဆေးတိုက်နေတာ မြင်ဖူးတယ်။ ဒါဆို ဆေးက တစ်ကိုယ်လုံးကို အာနိသင်ရောက်တယ်လို့ ဆိုရမယ်။ ငါ့သွေးကလည်း ဆေးဆိုတော့ အဖေ့ကို သွေးတိုက်ရင် ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်တယ်။ ဒါပဲ... ဒီလိုပဲ ဖြစ်ရမယ်" အနွယ်တော် မျက်လုံးများ အရောင်တောက်ကာ သင်တုန်းဓားဖြင့် လက်ကောက်ဝတ်ကို ထပ်လှီးလိုက်ပြန်သည်။
သွေးများ ဖြာခနဲ ဆင်းလာကာ အနွယ်တော် အံကြိတ်မိသည်။ သူ သွေးများကို တစ်စက်မျှ အလေလွင့် မခံဘဲ ဖခင်၏ ပါးစပ်ထဲ တိုက်ကျွေးလိုက်သည်။ ဒဏ်ရာက သွေးများကြောင့် ဆက်တိုက် ပြန်ကောင်းလာနေသဖြင့် သူသည်လည်း လက်ကောက်ဝတ်အား ဆက်တိုက် လှီးနေရသည်။ ဒဏ်ရာက ပြန်ကောင်းသော်လည်း နာကျင်မှုကတော့ ပျောက်မသွားပေ။ သင်တုန်းဓားဖြင့် လှီးရသည့် နာကျင်မှုက အသည်းထဲထိ လှိုက်တက်ကာ စူးရှနေတော့သည်။
အနွယ်တော်၏ သွေးများ ဝင်လာသည်နှင့် စောရဝိဇ္ဇာ အနှစ်နှစ် အလလ ခံစားနေရသော ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသည်။ မျက်နှာမှာလည်း ခါတိုင်းနှင့် မတူတော့ဘဲ သွေးရောင်လွှမ်းလာတော့သည်။
"ငါ ထင်တာ မှန်တယ်။ ဒီတိုင်း ဟုတ်တယ်" အနွယ်တော် အလွန် ဝမ်းသာသွားကာ ဖခင်အား သွေးများ ပိုမို တိုက်ကျွေးလိုက်တော့သည်။
သို့သော် အနွယ်တော်မှာ သွေးများ ဆုံးရှုံးမှုများလာသဖြင့် မျက်လုံးများ ပျာဝေလာသည်။ နာကျင်မှုကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသော်လည်း မသုတ်အားဘဲ သွေးများ အဆက်မပြတ်အောင်သာ လက်ကို မပြတ်တမ်း လှီးနေသည်။
စောရဝိဇ္ဇာ၏ ဒဏ်ရာများမှာ မဟာပုဂ္ဂိုလ်များနှင့် လောကရတနာများကြောင့် ရလာသော ဒဏ်ရာများ ဖြစ်သည်။ ထိုသို့သော ဒဏ်ရာမျိုးအား မည်သည့်ဆေးနှင့်မျှ မကုသနိုင်သော်လည်း အနွယ်တော်၏သွေးဖြင့်မူ အပေါ်ယံ ဒဏ်ရာများမှာ ဖြည်းညှင်းစွာ ပျောက်ကင်းနေလေသည်။
အနွယ်တော် မည်မျှပင် ထူးခြားပါစေ သာမန်လူသား တစ်ဦးသာ ဖြစ်နေသေးသည်။ သာမန်လူ၏ သွေးမှာ မဟာပုဂ္ဂိုလ်နီးနီးရှိသော ပုဂ္ဂိုလ်တစ်ယောက်အား အပြည့်အဝ ကုသပေးနိုင်မည် မဟုတ်ပေ။ ထိုအရာကို မသိဘဲ ဖခင်အား ပြန်ကောင်းစေချင်ဇောဖြင့် သွေးများ အမြောက်အမြား တိုက်နေသည်က နည်းလမ်း မမှန်ပေ။
သို့သော် လောကဦး ကြာပန်းက မွေးဖွားပေးလိုက်သည့် အနွယ်တော်၏ သွေးမှာလည်း ပေါ့သေးသေး မဟုတ်ပေ။ မဟာပုဂ္ဂိုလ်များ၏အရှိန်အဝါနှင့် လောကရတနာ သက်ရောက်အားကြောင့် ရလာသော အသေးစားဒဏ်ရာများ ပျောက်ကင်းသွားသည်က သက်သေပင်။ ဤအချိန်တွင် အနွယ်တော်မှာ သာမန်လူသား အဆင့်သာ ရှိသေးပေသည်။ နောင်တစ်ချိန် အဆင့်များ တက်လာချိန်တွင် သူ့သွေးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလာမည်မှာ တွေးကြည့်စရာပင် မလိုချေ။
အနွယ်တော်မှာမူ သတိလစ်တော့မည် ဖြစ်သည်။ သွေးမထွက်တော့သော ဒဏ်ရာများမှာ သွေးအာနိသင် မရတော့သဖြင့် ဒဏ်ရာအတိုင်းသာ ကျန်နေခဲ့သည်။ သူ့လက်ကောက်ဝတ် နှစ်ဖက်စလုံးမှာလည်း ဓားဒဏ်ရာများ ပြည့်နေတော့သည်။
အနွယ်တော်သည် မဟန်နိုင်တော့သဖြင့် ဖခင်၏မျက်နှာပေါ်တွင် လက်တင်ကာ နောက်ဆုံး ဓားချက်အား လှီးချလိုက်သည်။ သွေးလက်ကျန် အနည်းငယ် ထွက်လာပြီး ပါးစပ်ထဲ ဝင်သွားသော်လည်း အခြေအနေမှာ ထိုထက်ပို၍ ထူးမလာတော့ပေ။
"နိုးလာပါတော့ အဖေရယ်။ အဖေ့အတွက် သားရဲ့သွေးက မလောက်တော့ဘူး ထင်ပါတယ်။ သားက ငယ်သေးလို့ ကိုယ်ထဲမှာ သွေးအများကြီး မရှိလို့ပါ။ သား တောင်းပန်ပါတယ်" အနွယ်တော်သည် ထိုစကား ပြောပြီးနောက် ခေါင်းငိုက်စိုက်ကာ သတိလစ်သွားတော့သည်။
"ဒေါက်... ဒေါက်" တံခါးခေါက်သံ ထွက်ပေါ်လာသည်။
အချိန် အတန်ကြာသည်ထိ တံခါးပွင့်မလာသဖြင့် အပြင်က လူက တံခါးကို ဆက်ခေါက်သည်။
လေးကြိမ်၊ ငါးကြိမ်ခန့် ဆက်ခေါက်သော်လည်း တံခါးက ပွင့်မလာသဖြင့် တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း အပြင်ကလူ သိသွားသည်။
အပြင်ကလူသည် တံခါးကို တွန်းဖွင့်သော်လည်း မင်းတုံးချထားသဖြင့် ဖွင့်မရဖြစ်နေသည်။
"ဝုန်း..." နောက်ဆုံးတွင် အပြင်ကလူသည် ခွန်အားဖြင့် တံခါးအား ဆွဲဖျက်ပစ်လိုက်သည်။
အပြင်ကလူသည် တံခါးပျက်စီးသွားသည်နှင့် အထဲသို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ မျက်လုံးပြူးသွားတော့သည်။
"အနွယ်တော်လေး" သူ စိုးရိမ်တကြီး အော်ခေါ်ကာ အထဲသို့ လျှပ်စီးလက်သလို ပြေးဝင်လာတော့သည်။
***