အထဲသို့ ပြေးဝင်လာသူမှာ အခြေအနေကို လာကြည့်သော ရသေ့ပျို ဦးဒီပါ ဖြစ်သည်။ သူက ဤနေရာသို့ လာဖို့ တာဝန်ကျသော်လည်း လမ်းတွင် ကိစ္စတစ်ခု ရှိနေသဖြင့် အချိန် အနည်းငယ် ကြာသွားခြင်း ဖြစ်သည်။ သူသာ အချိန်မီရောက်လျှင် ယခုလို ဖြစ်မည် မဟုတ်ပေ။
"ဖြစ်မှ ဖြစ်ရလေ အနွယ်တော်ရယ်" ဦးဒီပါ မချိတင်ကဲ ရေရွတ်ကာ အနွယ်တော်အား ကောက်ပွေ့လိုက်သည်။
"အင်း... အဲ" ထိုအချိန်တွင် စောရဝိဇ္ဇာသည်လည်း ဒဏ်ရာများ သက်သာလာသဖြင့် သတိရလာတော့သည်။
"ဘာ... ဘာဖြစ်နေတာလဲ" သူသည် သတိရရချင်း ဒဏ်ရာများဖြင့် မေ့မြောနေသော အနွယ်တော်ကို ဦးဒီပါက စိုးရိမ်တကြီး ပွေ့ထားသဖြင့် နားမလည်နိုင်စွာ မေးလိုက်သည်။
"ခင်ဗျား သားက ခင်ဗျားကို သွေးတိုက်လိုက်တာ ဖြစ်မယ်။ သူ့လက်က ဒဏ်ရာတွေက သွေးကြောကို လှီးထားတဲ့ ဒဏ်ရာတွေ။ အခု သူ သွေးထွက်များလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ကျွန်တော် ဘရသေ့ဆီ သွားမှ ဖြစ်မယ်။ ခင်ဗျားလည်း ဂရုစိုက်ဦး" ရသေ့ပျို ဦးဒီပါက ထိုသို့ ပြောပြီးသည်နှင့် အနွယ်တော်ကို ပွေ့ကာ ပြေးထွက်သွားတော့သည်။
စောရဝိဇ္ဇာသည်တော့ ကြားရသည့် စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ဤမျှ ငယ်ရွယ်သည့် ကလေးက ထိုသို့သော အတွေးမျိုး မည်သို့ ရှိနေရသနည်း။ ကိုယ့်သွေးကြောကို လှီးကာ သွေးတိုက်နိုင်သည့် မေတ္တာမျိုးက မည်သို့နည်း။ သူ နားမလည်နိုင်တော့ပေ။
ခဏအကြာတွင် စောရဝိဇ္ဇာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်က တစ်ခုခု ထူးခြားနေသည် မဟုတ်လော။
"ဘရသေ့... ဘရသေ့ရေ၊ ကယ်ပါဦး" ရသေ့ပျို ဦးဒီပါ ဘရသေ့ကျောင်းဆောင် တံခါးအား တဘုန်းဘုန်း ထုကာ အော်ခေါ်လိုက်သည်။
"ဟဲ့... ဒီပါ။ ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာ..." ဘရသေ့ တံခါးဖွင့်လိုက်သည်နှင့် ပြောလက်စ စကား ရပ်သွားသည်။
"အနွယ်တော်လေး ဘာဖြစ်တာလဲ။ လက်က ဒဏ်ရာတွေက ဘယ်က ရလာတာလဲ" ဘရသေ့ စိုးရိမ်စွာ မေးလိုက်သည်။
ရသေ့ပျို ဦးဒီပါသည် သူ မြင်ခဲ့သည်များအား စတင် ရှင်းပြလိုက်တော့သည်။
"တယ် ခက်တဲ့ ကလေးပါလား။ မိုက်လိုက်တာကွယ်" ဘရသေ့ ခေါင်းယမ်းက သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် တခြား ရသေ့ပျိုများသည်လည်း သတင်းကြားသဖြင့် ရောက်လာကြသည်။
"ဇောတိရေ ဒီကို လာပါဦး"
"ဘရသေ့၊ တပည့်တော် ရှိပါတယ်" ဦးဇောတိ ရှေ့ထွက်လာကာ လက်အုပ်ချီ၍ လျှောက်သည်။
ဘရသေ့သည် ဣစ္ဆာသယအိတ်ထဲမှ ဆေးပင် တစ်ပင်နှင့် ပုလင်းတစ်လုံးအား ထုတ်ယူလိုက်သည်။
"ဒါ ကျောက်သွေးနဲ့ သွေးဂမုန်းပဲ။ သွေးအတွက် ကောင်းတယ်။ ဒါကို ယူပြီး အတွင်းစည်းက နာယကကြီး ဆေးဝိဇ္ဇာဆီမှာ သွေးဆေး ဖော်ပေးဖို့ အကူအညီ တောင်းလိုက်ပါ။ ဘရသေ့က အရေးတကြီး လိုနေတယ်ဆိုတာလည်း ထည့်ပြော" ဘရသေ့က သွေးဂမုန်းနှင့် ကျောက်သွေးပုလင်းအား ဦးဇောတိထံ ပေးရင်း ပြောသည်။
"ကောင်းပါပြီ ဘရသေ့။ တပည့်တော် ဆေးရတာနဲ့ ချက်ချင်း ပြန်လာပါ့မယ်" ဦးဇောတိ ဆေးပင်နှင့် ကျောက်သွေးပုလင်းကို ယူကာ ဂိုဏ်းအတွင်းစည်းသို့ အလျင်အမြန် ထွက်သွားတော့သည်။
သမထဂိုဏ်းတွင် အတွင်းစည်း အပြင်စည်း နှစ်မျိုး ခွဲထားသည်။ ဈာန်အဆင့် မရောက်သေးသည့် ရသေ့များမှာ အပြင်စည်းတွင်သာ နေရသည်။ ပထမဈာန်သို့ ရောက်သည်နှင့် ရသေ့များမှာ အတွင်းစည်းသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ ဈာန်ဆိုသည်မှာ နီဝရဏများကြောင့် အလွယ်တကူ လျောကျတတ်သဖြင့် အတွင်းစည်းတွင်သာ နေထိုင်ကြရခြင်း ဖြစ်သည်။
ဦးဇောတိသည် ခဏအတွင်းမှာပင် အတွင်းစည်း တံခါးဝသို့ ရောက်လာခဲ့သည်။
"ဦးရသေ့၊ ဘာကိစ္စနဲ့ လာတာလဲ သိလို့ ရမလား" တံခါးဝတွင် အစောင့်ကျသည့် ရသေ့ပျိုတစ်ပါးက လက်အုပ်ချီကာ မေးသည်။
"ဘရသေ့ ခိုင်းလိုက်လို့ လာတာပါ" ဦးဇောတိ လက်အုပ်ချီကာ ပြန်ပြောလိုက်သည်။
"အပြင်စည်း နာယကကြီးက ခိုင်းလိုက်တာဆို ဝင်လို့ ရပါပြီ" တံခါးစောင့် ရသေ့က ပြန်ပြောရင်း တံခါးဖွင့်ပေးလိုက်သည်။
ဦးဇောတိသည် ခါတိုင်းလို ပန်းဥယျာဉ်များ၊ ရေပန်းများနှင့် သမထလိုဏ်ဂူများကိုပင် မငေးနိုင်တော့ဘဲ ဆေးဝိဇ္ဇာဆောင်သို့ တည့်တည့် လျှောက်လာခဲ့သည်။
ဆေးဝိဇ္ဇာဆောင်မှာ ဘေးပတ်လည်၌ ဆေးပင်များ ဝန်းရံထားပြီး ဆေးပင်များအား ရေလောင်း ပေါင်းသင်နေသည့် ရသေ့ပျိုများဖြင့် စည်ကားနေလေသည်။
မကြာမီ သူသည် ဆေးဥယျာဉ်အား ကျော်ဖြတ်ကာ အချွန်အတက် စုလစ်မွမ်းချွန်များဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော ဆေးဝိဇ္ဇာဆောင်ရှေ့သို့ ရောက်လာခဲ့သည်။
"ဦးရသေ့ ဒီကို ဘာကိစ္စနဲ့ လာတာလဲ" ဆေးဝိဇ္ဇာဆောင်ရှေ့နားတွင် ဂမုန်းပင် တစ်ပင်အား ပျိုးနေသည့် ရသေ့ပျိုတစ်ပါးက မေးသည်။
"ဘရသေ့က နာယကကြီးကို ဆေးဖော်ပေးဖို့ အကူအညီတောင်းခိုင်းလိုက်လို့ပါ" ဦးဇောတိက လက်အုပ်ချီကာ ဖြေလိုက်သည်။
"အပြင်စည်း နာယကကြီး ခိုင်းလိုက်တာဆိုတော့ အချိန်ဖြုန်းလို့ မကောင်းဘူး။ အထဲကို ဝင်သွားလိုက်။ နာယကကြီး အထဲမှာ စာဖတ်နေတယ်" အပင်ပျိုးနေသည့် ရသေ့ပျိုက ရိုသေစွာ ပြန်ပြောသည်။
"ကောင်းပါပြီ။ ခွင့်ပြုပါဦး" ဦးဇောတိ ထိုရသေ့ပျိုအား နှုတ်ဆက်ကာ ဆေးဝိဇ္ဇာဆောင်ထဲသို့ ဝင်လာခဲ့သည်။
ဦးဇောတိ အထဲသို့ ရောက်လာသည်တွင် ခန်းမကျယ်ကြီး တစ်ခန်းအား မြင်လိုက်ရသည်။ ဆေးကြိတ်သည့် ကျောက်ပြင်များ၊ ဆေးကြိတ်စုံ၊ ဆေးကြိတ်တံနှင့် ဆေးပေါင်းအိုးများမှာ သူ့အစုနှင့်သူ ရှိနေကြသည်။ ဆေးစစ်ထုတ်သည် ဝါးတီးစစ်များမှာ ရေဆေးကာ နေရောင်ရသည့် အပိုင်းတွင် သေသပ်စွာ လှန်းထားသည်။
ဆေးထင်းများမှာလည်း ညီညာစွာ ဖြတ်တောက်ကာ စီရီထားသဖြင့် စည်းကမ်းရှိကြောင်း သိသာစေသည်။ အင်းကွက်ကြီးအား ဆွဲထားသည့် ဖိုခနောက်ကြီးများမှာလည်း တစ်တောင်ပတ်လည်ခန့် ရှိကာ တစ်မျိုး ခန့်ညားနေလေသည်။
ဦးဇောတိသည် အဆောင်ထဲက ဆေးဖော်သည့် ပစ္စည်းများကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင် ဖြစ်ရသည်။ သို့သော် သူ ကြာကြာ မကြည့်နိုင်ဘဲ နာယကကြီးအား လိုက်ရှာတော့သည်။
မကြာမီ သူ ကုလားထိုင်ပေါ်တွင် စာအုပ် မျက်နှာပေါ် မှောက်ကာ အိပ်ပျော်နေသော နာယကကြီးအား တွေ့လိုက်ရသည်။
"နာယကကြီး ခင်ဗျာ။ တပည့်တော် ဇောတိ လာပါတယ်" ဦးဇောတိ နာယကကြီးကို အားမနာနိုင်တော့ဘဲ နှိုးလိုက်ရသည်။
"ဟေ ဘာကိစ္စလဲကွ" နာယကကြီးသည် အိပ်ပျော်နေသည်ကို အနှိုးခံရသော်လည်း စိတ်မဆိုးဘဲ အပြုံးဖြင့် မေးလိုက်သည်။
ဦးဇောတိသည် ဖြစ်ခဲ့သမျှအား အကြောင်းစုံ ရှင်းပြလိုက်တော့သည်။
"ဟင်း... တော်တော် ခက်တဲ့ ကလေးပါလား။ ဒါနဲ့ ဦးရသေ့မှာ ပါတဲ့ ဆေးပင်နဲ့ ကျောက်သွေးကို ပေး။ ပြီးရင် ဒီမှာ ခဏစောင့်နော်။ သွေးဆေး ဖော်တာ သိပ်မကြာပါဘူး" နာယကကြီးက ဆေးဖော်ဖို့ ပစ္စည်းများ တောင်းသည်။
ဦးဇောတိသည်လည်း ယူလာသည့် သွေးဂမုန်းနှင့် ကျောက်သွေးအား ရိုသေစွာ ကမ်းပေးလိုက်သည်။
နာယကကြီးသည် ကျောက်သွေးနှင့် သွေးဂမုန်းအား ယူပြီး ထိုင်ရာမှ ထကာ ဆေးပေါင်းအိုးများ ရှိရာသို့ လျှောက်သွားတော့သည်။
"ဝမ်..." နာယကကြီး လက်ဝေ့ယမ်းလိုက်သည်တွင် ဆေးပေါင်းအိုးမှာ ကြွတက်ကာ ဖိုခနောက်ပေါ်သို သွားတင်လေသည်။ ဆေးပေါင်းအိုး ဖိုခနောက်ပေါ် ရောက်သည်နှင့် နာကယကြီးသည် ဆေးထင်းများအား လက်ဟန်ဖြင့် ဆွဲယူကာ မီးဓာတ် ညှိပေးလိုက်သည်။
ထို့နောက်တွင် နာယကကြီးသည် သွေးဂမုန်းအား ဆေးကြိတ်စုံထဲသို့ ထည့်ကာ အပေါ်မှ ဆေးကြိတ်တံဖြင့် တဒုန်းဒုန်း ထောင်းတော့သည်။ ထောင်းနေစဉ်အတွင်း မန္တန်များအား တတွတ်တွတ် ရွတ်ကာ ဣစ္ဆာသယအိတ်ထဲမှာ တခြား ဆေးပင်များကိုလည်း ထုတ်ကာ ထည့်နေသည်။
အချိန်ခဏကြာသည်တွင် ဆေးပင်များမှာ အမှုန့်ဖြစ်ကာ ဆေးဖော်ရန် အသင့်ဖြစ်သွားသည်။ နာယကကြီးသည် ဆေးပေါင်းအိုး အပူရှိန် ရလာသည်ကို သတိပြုမိသဖြင့် အဖုံးဖွင့်ကာ ကျောက်သွေးပုလင်းအား လောင်းထည့်လိုက်သည်။ ခဏအကြာတွင် ဆေးရည်များ ပွက်လာသဖြင့် ထောင်းထားသည့် ဆေးမှုန့်များကိုလည်း ခပ်ထည့်ကာ အဖုံးပြန်ပိတ်လိုက်သည်။
ဆယ်မိနစ်ခန့် အကြာတွင် ဆေးပေါင်းအိုးမှာ တစ်ဆက်ဆက် တုန်ခါလာသည်။ ထိုအရာကို မြင်လိုက်ရာ နာယကကြီးက ဆေးပေါင်းအိုး အဖုံးအား ပြန်ဖွင့်လိုက်သည်။
ဆေးပေါင်းအိုး အဖုံး ပွင့်လာသည်နှင့် အငွေ့များ အထောင်းထောင်း ထွက်လာတော့သည်။ ထိုအငွေ့များ ကြားထဲတွင် အနီရောင် ဆေးလုံးလေး တစ်လုံးက ပျံဝဲနေလေသည်။
ဆေးလုံးပေါ်လာသည်နှင့် သွေးနံ့စူးစူးက အဆောင်အတွင်း ပျံ့နှံ့သွားလေသည်။ ဆေးလုံးမှာလည်း နီရဲနေကာ တလက်လက် တောက်ပနေတော့သည်။ ၎င်းမှာ သာမန်ဆေး မဟုတ်ဘဲ အဆင့်နှစ် သွေးဆေးပင် ဖြစ်သည်။
နာယကကြီးသည် ဆေးလုံးအား ကြွေပုလင်းဖြင့် လျင်မြန်စွာ ထည့်ပိတ်ကာ ဦးဇောတိဘက် လှည့်လိုက်သည်။
"ဦးရသေ့၊ ဆေးကို ယူသွားတော့။ လူနာဆီ အချိန်မီ ဆေးရောက်ဖို့ လိုက်တယ်" နာယကကြီးက ဆေးပုလင်းအား ဦးဇောတိဆီ ကမ်းပေးရင်း ပြောလိုက်သည်။
"ကောင်းပါပြီ ခင်ဗျာ့" ဦးဇောတိ ဆေးပုလင်းအား ယူပြီး လက်အုပ်ချီကာ အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူ ချက်ချင်း လှည့်ကာ အပြင်စည်းဝင်းသို့ ပြေးထွက်သွားတော့သည်။
စောရဝိဇ္ဇာ ကျောင်းဆောင်အတွင်း၌...
စောရဝိဇ္ဇာသည် သူ့ခန္ဓာကိုယ် အတွင်းမှာ ဒဏ်ရာများ ပျောက်ကင်းနေသည်ကို သတိပြုမိသွားသည်။ ထိုဒဏ်ရာများကို ရသေ့များ နေ့စဉ် တိုက်နေသည့် ဆေးများဖြင့် လုံးဝ ကုသနိုင်မည် မဟုတ်ပေ။ သူ ထ၍ လမ်းလျှောက်နိုင်သည်မှာ သူ၏ လက်ကျန် တန်ခိုးများကြောင့်သာ ဖြစ်သည်။ သို့သော် ထိုတန်ခိုးများမှာ လမ်းလျှောက်နိုင်ရုံမျှသာ ဖြစ်ပြီး များစွာ အသုံးဝင်ခြင်း မရှိပေ။
ယခုအချိန်တွင်မူ ကျိုးနေသော အရိုးများ ပြန်ကောင်းလာပြီး ဖြစ်သဖြင့် သာမန်လူအတိုင်း သူ လမ်းပြန်လျှောက်နိုင်တော့မည် ဖြစ်သည်။ အနွယ်တော်၏ သွေးများက သူ့တန်ခိုးများကို ပြန်မကောင်းစေသော်လည်း ဒဏ်ရာများ ပြန်ကောင်းလာသည်ကပင် သူ့အတွက် ကျေနပ်စရာ ဖြစ်သည်။
သို့သော် အနွယ်တော် ဖြစ်သွားသည့် အခြေအနေကို ပြန်သတိရသွားသဖြင့် သူ ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။ သူ့အပေါ်တွင် လူတစ်ယောက်က ထိုမျှ သံယောဇဉ်ရှိသည်မှာ ဤသည်က ပထမဆုံးပင်။ သူကိုယ်တိုင်သည်လည်း မိဘမဲ့ တစ်ယောက် ဖြစ်လေရာ အနွယ်တော်နှင့် တူသည်ဟု ခံစားမိသည်။
စောရဝိဇ္ဇာမှာ အပြစ်မဲ့သည့် ကလေးတစ်ယောက်အပေါ် အမုန်းများ ထားခဲ့မိသည့်အတွက် သူ့ကိုယ်သူ ရှက်သွားသည်။ တကယ်တမ်းတွင် အဖြစ်အပျက်များက အနွယ်တော်နှင့် လုံးဝ မဆိုင်ပေ။ စောရဝိဇ္ဇာသည် အနွယ်တော်အတွက် စိုးရိမ်စိတ်များ မြင့်တက်လာတော့သည်။ သွေးထွက်များခြင်းက အသက်အန္တရာယ် စိုးရိမ်ရမှန်း သူလည်း သိသည်။ အောက်ဘုံက ဆေးများက သူ့အား ကုသပေးနိုင်မည်လော။ သူ အစွမ်းထက်သည့် ဆေးနည်းများ သိထားသဖြင့် အနွယ်တော်အား ကူညီပေးနိုင်မည်မှာ သေချာလေသည်။
ထိုသို့ဖြင့် စောရဝိဇ္ဇာသည် ထရပ်ကာ ကျောင်းဆောင်ထဲမှ အလျင်အမြန် ထွက်လာခဲ့တော့သည်။
***