စောရဝိဇ္ဇာသည် ဘရသေ့ ကျောင်းဆောင်သို့ ရောက်လာသည်တွင် ရသေ့များ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထိုအရာကို မြင်လိုက်ရာ သူ စိုးရိမ်စွာဖြင့် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။
"ဦးရသေ့တို့ နည်းနည်းလောက် ဖယ်ပေးလို့ ရမလား" စောရဝိဇ္ဇာက စိုးရိမ်စွာဖြင့် ခွင့်တောင်းလိုက်သည်။
ရသေ့ပျိုများက နောက်လှည့်ကြည့်လိုက်ရာ စောရဝိဇ္ဇာအား မြင်သဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ လမ်းပွင့်သွားသည်နှင့် စောရဝိဇ္ဇာ အထဲသို့ ခပ်သွက်သွက် လျှောက်ဝင်လာခဲ့သည်။
အထဲရောက်သည်တွင် ခုတင်ပေါ်၌ ဖြူရော်စွာ မေ့မြောနေသော အနွယ်တော်အား မြင်လိုက်ရသဖြင့် သူ့ရင်ထဲ မချိအောင် ဖြစ်သွားရသည်။ သူ အနားသို့ ချက်ချင်း သွားကာ အခြေအနေကို စစ်ဆေးလိုက်သည်။
"သွေးထွက်များလို့ သတိလစ်နေတာ။ လက်ကောက်ဝတ် သွေးကြောကိုတောင် လှီးထားတာဆိုတော့ သွေးဆုံးရှုံးတာ တော်တော် များတယ်။ ဒီတိုင်းဆို သူ့အသက်ကို ကယ်နိုင်တော့မယ် မထင်ဘူး" ဘရသေ့က သက်ပြင်းချကာ အခြေအနေကို ပြောပြလိုက်သည်။
စောရဝိဇ္ဇာသည်လည်း အခြေအနေကို သတိထားမိသည်။ အောက်ဘုံသို့ ပြေးလာစဉ်က သူ့ဣစ္ဆာသယအိတ်မှာ ဟင်းလင်းပြင်ကြောင့် ကြေမွသွားသဖြင့် ယခုအချိန်တွင် သူ့၌ ကူညီပေးစရာ မည်သည်မျှ မရှိပေ။ အနွယ်တော်အား မည်သည်မျှ မကူညီပေးနိုင်သဖြင့် စောရဝိဇ္ဇာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။
"ဆေးရလာပါပြီ ဘရသေ့" ဦးဇောတိ အမောတကောဖြင့် ပြန်ရောက်လာကာ ဆေးပုလင်းအား ဘရသေ့ထံ ပေးလိုက်သည်။
ဘရသေ့သည် ဆေးပုလင်းကို ယူကာ အဖုံးဖွင့်၍ အနွယ်တော်အား ချက်ချင်း တိုက်လိုက်သည်။ ဆေးလုံးမှာ အနွယ်တော် ပါးစပ်ထဲ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်ကာ ပျောက်ကွယ်သွားလေသည်။ ထိုသည်မှာ သိဒ္ဓိဝင် ဆေးများ၏ အားသာချက် တစ်ခုပင် ဖြစ်သည်။ သာမန်ဆေးလုံးများမှာ သောက်သုံးရန်အတွက် ရေဖြင့် မျောချဖို့ လိုသော်လည်း သိဒ္ဓိဝင် ဆေးများမှာ ခံတွင်းထဲ ရောက်သည်နှင့် အလိုလို အရည်ပျော်သွားတတ်သည်။
ဆေးလုံး ဝင်သွားသည်နှင့် အနွယ်တော်၏ မျက်နှာမှာ သွေးရောင် အနည်းငယ် လွှမ်းလာသော်လည်း ချက်ချင်း ပြန်ပျောက်သွားသည်။ ဆေးက မည်သို့မျှ အာနိသင် မပြဘဲ ရေတစ်ခွက် တိုက်လိုက်သလိုပင်။
"ဟင်... ဆေးက ဘာဖြစ်လို့ အာနိသင် မပြတာလဲ။ ဆေးများ မှားနေလို့လား" ဘရသေ့ တအံ့တဩ ဖြစ်နေတော့သည်။
"ဒါက ဆေးကြောင့် မဟုတ်ပါဘူး။ အကြောင်းရင်းကို ကျွန်တော် သိတယ်" စောရဝိဇ္ဇာက တည်ကြည်စွာ ပြောသည်။
"ဘာကြောင့်လဲ" ဘရသေ့က နားမလည်နိုင်စွာ ပြန်မေးသည်။
"ဒါက ကျွန်တော်တို့ မျိုးရိုးရဲ့ ပြဿနာ တစ်ခုပါ။ ဘရသေ့တို့ ကျွန်တော့်ကို နေ့တိုင်း ဆေးတွေ တိုက်နေပေမဲ့ ကျွန်တော် အများကြီး မကောင်းလာတာ ဘရသေ့တို့ သတိထားမိမှာပေါ့" စောရဝိဇ္ဇာက အခြေအနေအား ရှင်းပြသည်။
"ဒါတော့ ဟုတ်တယ်။ ဒါကို ဘရသေ့ သတိထားမိပါတယ်။ ဘရသေ့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိသေးတယ်။ ဒကာကြီး ဘယ်လိုဖြစ်လို့ အခု ပြန်ကောင်းနေတာလဲ။ ပြီးတော့ အနွယ်တော်က ဒကာကြီးကို ဘာဖြစ်လို့ သွေးတိုက်ရတာလဲ။ ဒါကရော ဒကာကြီးတို့ မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်ပဲလား" ဘရသေ့သည် စိတ်ထဲက သိလိုသည်များအား ထုတ်မေးလိုက်သည်။
"အဲဒီလို ပြောလို့ ရပါတယ်။ ကျွန်တော်တို့ မျိုးရိုးက ထူးခြားတယ်။ သာမန် သိဒ္ဓိဝင်ဆေးတွေက ကျွန်တော်တို့အပေါ် သက်ရောက်မှု အားနည်းပါတယ်။ အနွယ်တော်ကို ကုသဖို့ အထူး အခြေအနေတွေ လိုပါတယ်။ ကျွန်တော် သူ့ကုသပေးချင်လို့ ဘရသေ့တို့ ခဏလောက် အပြင်ထွက်ပေးလို့ ရမလား" စောရဝိဇ္ဇာက အားနာနာဖြင့် ပြောလိုက်ရသည်။
"ဒါက ဖြစ်သင့်တာပဲလေ။ အားနာမနေပါနဲ့။ အကူအညီ လိုအပ်တာ ရှိရင် ချက်ချင်း လှမ်းခေါ်လလိုက်ပါ။ ဘရသေ့တို့ အပြင်မှာ ရှိနေမယ်" ဘရသေ့က ခေါင်းကို တဆက်ဆက် ညိတ်ကာ ပြောသည်။
"ကျေးဇူးတင်ပါတယ် ခင်ဗျာ့" စောရဝိဇ္ဇာ ဘရသေ့အား အရိုအသေ ပေးလိုက်သည်။
အနွယ်တော်သည် လောကဦး ကြာပန်းက မွေးဖွားလာသည်မို့ သူ့ခန္ဓာကိုယ်က အလွန် ထူးခြားပေသည်။ သူသည်လည်း တန်ခိုးများ ကျဆင်းသွားပေမည့် ခန္ဓာကိုယ်က မဟာပုဂ္ဂိုလ်နီးနီး ဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာရလာပါက သာမန်ဆေးများဖြင့် ကုသ၍ မရနိုင်ပေ။ ကျောက်ဆောင်၏ အက်ကြောင်းအား လွှစာမှုန့်ဖြင့် ပိတ်၍ မရသကဲ့သို့ အဆင့်တစ်ခုရှိသော ဒဏ်ရာအား အဆင့်တစ်ခုရှိသော ဆေးဖြင့်သာ ကုသနိုင်၏။
ထိုအကြောင်းများကို ရသေ့များအား သူပြောပြ၍ မရပေ။ ထိုအကြောင်းများကို ပြောပြလိုက်ခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမည် မဟုတ်လော။ သူ့ကျေးဇူးရှင် ရသေ့များအပေါ် သူ့ကြောင့် ဆိုးကျိုးများ မဖြစ်စေလိုပေ။
စောရဝိဇ္ဇာသည် လက်ကျန် တန်ခိုးများကို စုစည်းလိုက်၏။ ယခင်က ထိုတန်ခိုးများကို လမ်းလျှောက်ရာတွင် သုံးဖို့ ချန်ထားခြင်း ဖြစ်သည်။ ယခု သူ ပုံမှန်အတိုင်း လမ်းလျှောက်နိုင်ပြီ ဖြစ်လေရာ ထိုတန်ခိုးများ အကူအညီ မလိုတော့ပေ။ သူ့သားအတွက် ထိုလက်ကျန်များအား သူ နှမြောမနေနိုင်တော့ပေ။
စောရဝိဇ္ဇာ အနွယ်တော်အား သူ့သားအဖြစ် အပြည့်အဝ လက်ခံလိုက်ပြီ ဖြစ်သည်။ လောကတွင် သူ့အတွက် မိသားစုတစ်စု ရှိလာပြီ ဖြစ်သည်။ ထိုနွေးထွေးမှုက သူတစ်ကြိမ်မျှ မခံစားဖူးသော အတွေ့အကြုံ ဖြစ်သည်။ စောရဝိဇ္ဇာ မျက်နှာတွင် ကြည်နူးအပြုံး တစ်ချက် ထွက်ပေါ်လာတော့သည်။
"ဝမ်..." စောရဝိဇ္ဇာ လက်ဖဝါးတွင် အမှောင်တန်ခိုးများ ထွက်ပေါ်လာသည်။ ထိုအမှောင်ထဲတွင် လှိုင်းတွန့်လေးများလည်း ပါရှိသည်။ ထိုသည်မှာ သူနားလည်ထားသော အမှောင်နှင့် ဟင်းလင်းပြင် တန်ခိုးများ ဖြစ်သည်။
စောရဝိဇ္ဇာသည် အနွယ်တော်၏ နဖူးပေါ် သူ့လက်ဝါးအား တင်လိုက်သည်။ ထို့နောက် တန်ခိုးများအား အနွယ်တော်၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ အသက်ဓာတ် လိုအပ်သည့် နေရာတွင် အသက်ဓာတ်၊ သွေးလိုအပ်သည့် နေရာတွင် သွေး စသည်ဖြင့် လိုအပ်သည့် အစိတ်အပိုင်းများကို နိယာမတန်ခိုးများက ဖြည့်ဆည်းပေးသွားသည်။ မကြာမီ စောရဝိဇ္ဇာ၏ လက်ကျန် တန်ခိုးများမှာ ကုန်ဆုံးသွားတော့သည်။ သို့သော် ထိုမျှက လုံလောက်ပြီ ဖြစ်သည်။
စောရဝိဇ္ဇာ၏ မျက်နှာမှာ ချက်ချင်း အိုစာသွားတော့သည်။ တန်ခိုးများ အားလုံး ကုန်ဆုံးသွားပြီး ဖြစ်လေရာ အသက်ဓာတ်ကို ထိန်းပေးမည့် အခံ မရှိတော့ခြင်း ဖြစ်သည်။ သူ့ဆံပင်များမှာလည်း မျက်စိဖြင့် မြင်နိုင်သည်ထိ တဖြည်းဖြည်း ဖြူဖွေးလာတော့သည်။ ယခင်က အသက် လေးဆယ် အရွယ် ရှိသော စောရဝိဇ္ဇာမှာ ယခုအခါ အသက် ခုနစ်ဆယ် အရွယ်ထိတိုင် ရုပ်ရည်ကျသွားပြီ ဖြစ်သည်။
သို့သော် စောရဝိဇ္ဇာ ထိုသည်ကို ဂရုမစိုက်ဘဲ အနွယ်တော်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အနွယ်တော်၏ ဒဏ်ရာများမှာ ပြန်လည် စေ့ပိတ်သွားပြီ ဖြစ်သည်။ ဖြူရော်နေသော အသားအရည်မှာလည်း နဂိုအတိုင်း ပြန်ဖြစ်လာသည်။ နိယာမတန်ခိုးများကြောင့် အနွယ်တော်မှာ နဂိုထက်ပင် ပို၍ ကျန်းမာနေတော့သည်။
"အင်း..." ညည်းညူသံနှင့်အတူ အနွယ်တော်မှာ မျက်လုံများ တလှုပ်လှုပ် ဖြစ်လာတော့သည်။
စောရဝိဇ္ဇာသည် အနွယ်တော် လှုပ်ရှားလာခြင်းကြောင့် အသက်အောင့်ထားမိသည်။ အနွယ်တော် နိုးလာလျှင် သူ့အပေါ် ယခင်ကဲ့သို့ ဖြစ်နေဦးမည်လော။ သူ အမြဲတမ်း သူ့အပေါ် ကြမ်းတမ်းခဲ့သဖြင့် သူ့အား မုန်းတီးသွားမည်လော။ စောရဝိဇ္ဇာ ထိုအတွေးများကို ဆက်မတွေးရဲတော့ဘဲ အနွယ်တော်အား စိုးရိမ်စွာ ကြည့်နေမိသည်။ ယခုအချိန်တွင် မိသားစုဟူသော နွေးထွေးမှုကို သူ မက်မောနေမိပြီ ဖြစ်သည်။
မကြာခင် အနွယ်တော်သည် သတိရလာပြီး သူ့မျက်လုံးအား ဖွင့်လိုက်တော့သည်။
***