အနွယ်တော် အမှောင်ထုထဲမှ အလင်းတစ်စအား မြင်လိုက်ရသည်။ သူ မျက်လုံးအား ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်တွင် ဘေး၌ ထိုင်နေသော ဖခင်ဖြစ်သူကို မြင်လိုက်ရသည်။ အနွယ်တော်မှာ ဖခင်အား မြင်လိုက်ရာ တအံ့တဩ ဖြစ်သွားတော့သည်။ ဖခင်၏ရုပ်ရည်မှာ သူ မမှတ်မိလောက်အောင် ပြောင်းလဲသွားသည် မဟုတ်လော။
"ဒါက... ဒါက အဖေ ဘာဖြစ်တာလဲ" အနွယ်တော် အံ့ဩစွာ မေးလိုက်သည်။
"ဒါက အရေးမကြီးပါဘူး သားရယ်။ သား အခြေအနေ ဘယ်လို ရှိလဲ။ နေရထိုင်ရတာ သက်သာရဲ့လား" စောရဝိဇ္ဇာ အနွယ်တော်အား ချစ်ခင်စွာ ကြည့်လျက် ပြောသည်။
"သားကို အဖေ... အဖေ သားလို့ ခေါ်လိုက်တယ်နော်။ သား နားကြားမှာတာ မဟုတ်ပါဘူးနော်" အနွယ်တော် ကြားလိုက်ရသည့် စကားကို မယုံနိုင်စွာ ပြန်မေးလိုက်သည်။
"သားက အဖေ့သားပဲလေ။ ဒီလောကမှာ သားက အဖေ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ။ ဒါကြောင့် သားလို့ ခေါ်တာ ဘာမှားလို့လဲ" စောရဝိဇ္ဇာ မျက်ရည်များ ဝဲလျက် ပြန်ဖြေသည်။
"မမှားပါဘူး။ အဖေ မမှားပါဘူး။ ဟုတ်တယ်... သားက အဖေ့သားမို့ သားလို့ ခေါ်တာ မှန်တာပေါ့" အနွယ်တော် ခေါင်းကို တွင်တွင်ယမ်းကာ ပြောသည်။ သူ့တစ်သက်တာတွင် ဖခင်ဆီက သားဟူသော ခေါ်သံအား အမြဲ ကြားချင်နေခဲ့သည်။ ဤအရာများ အားလုံးမှာ အိပ်မက်ဖြစ်ကာ ပြန်လည် ပျောက်ကွယ်သွားမည်ကို သူ စိုးရိမ်သည်။ ဤအရာက အိပ်မက်သာဆိုလျှင် ထိုအိပ်မက်လေးကို သူ့တစ်သက်တာလုံး ထွေးဖက်ထားလိုသည်။
စောရဝိဇ္ဇာမှာ မျက်ရည်များ ဖြိုင်ဖြိုင်ကျလျက် ယောက်ျားတန်မဲ့ ငိုနေမိသည်။ ထိုသည်မှာ ဝမ်းသာ၍ ကျသည့် မျက်ရည်များပင်။ ထိုကလေးအား သူ အမြဲ ဆိုးရွားစွာ ဆက်ဆံခဲ့မိသည့်အပေါ် ယခု အလွန် နောင်တရနေတော့သည်။ သို့သော် ဖြစ်ပြီးသမျှက ဖြစ်ပြီးပြီမို့ ပြန်လည် ပြုပြင်၍ မရတော့ပေ။ အနာဂတ်အတွက်သာ သူ အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။
"ဒေါက်... ဒေါက်" တံခါး ခေါက်သံ ထွက်လာသည်။
စောရဝိဇ္ဇာ တံခါးခေါက်သံ ကြားရသည်နှင့် ချက်ချင်း ထကာ တံခါးဖွင့်ပေးလိုက်သည်။
"ဒကာကြီး၊ စကားပြောသံ ကြားတော့ ဆေးကုလို့ ပြီးပြီထင်လို့ တံခါး ခေါက်လိုက်တာပါ။ အဆင်ပြေရဲ့လား" ဘရသေ့က အပြုံးဖြင့် မေးသည်။ စောရဝိဇ္ဇာ ရုပ်ရည် ပြောင်းသွားသည်ကို သူက မသိဟန်ပြုထားသည်။ ထိုအရာက တစ်ဖက်လူ၏ လျှို့ဝှက်ချက် ဖြစ်လေရာ သူ ထုတ်မေး၍ မကောင်းပေ။
"ပြီးပါပြီ ခင်ဗျာ့။ အပြင်မှာ စောင့်ခိုင်းမိတာ အားနာပါတယ်" စောရဝိဇ္ဇာ လက်အုပ်ချီကာ ပြန်ပြောလိုက်သည်။
"ရပါတယ်ကွယ်။ အခြေအနေ ဘယ်လိုရှိလဲ ဒကာကြီး။ အနွယ်တော် သက်သာရဲ့လား" ဘရသေ့က ဆက်မေးသည်။
"အဆင်ပြေပါတယ် ခင်ဗျာ့။ သားလေး သက်သာသွားပါပြီ" စောရဝိဇ္ဇာက ဘေးသို့ ဖယ်ပေးကာ ပြောသည်။
ထိုအချိန်တွင် အနွယ်တော်သည် ခုတင်ပေါ်မှ ဆင်းကာ ဘရသေ့အား လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
"ကျွန်တော် သက်သာပါတယ် ဘရသေ့။ အဖေက ကျွန်တော့်ကို ဂရုစိုက်ပေးလို့ သက်သာသွားပါပြီ" အနွယ်တော် ဝမ်းသာသည့် မျက်နှာဖြင့် ပြန်ဖြေသည်။
"အားလုံး အဆင်ပြေတာ သိရလို့ ဝမ်းသာပါတယ်ကွယ်။ ကဲကဲ... အနားယူချေဦး" ဘရသေ့က ဘေးသို့ ဖယ်ပေးကာ ပြောသည်။
"ကောင်းပါပြီ ခင်ဗျာ့" စောရဝိဇ္ဇာ အနွယ်တော်အား ခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
အပြင်သို့ ရောက်လာသည်တွင် ရသေ့ပျိုများက မေးခွန်းများ ဝိုင်းမေးသဖြင့် အနွယ်တော်တို့မှာ ဖြေနေရသည်။ စောရဝိဇ္ဇာ၏ ရုပ်ရည်မှာ ထင်မထားလောက်အောင် ပြောင်းလဲသွားသည် မဟုတ်လော။ထိုအရာမှာ မျိုးနွယ်၏ လျှို့ဝှက်ချက် ဖြစ်ကြောင်း အသက်ကြီးပုံပေါ်သော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုအပေါ် သက်ရောက်မှု မရှိကြောင်း စောရဝိဇ္ဇာက ရှင်းပြလိုက်သည်။ သို့နှင့် အားလုံး အဆင်ပြေကြောင်း သိရသဖြင့် သူတို့သည်လည်း ဝမ်းသာကြောင်း ပြောကာ ပြန်သွားကြလေသည်။
အနွယ်တော်နှင့် စောရဝိဇ္ဇာတို့သည် ကျောင်းဆောင် ရှိရာသို့ ပြန်လာခဲ့ကြသည်။ ကျောင်းဆောင်သို့ ရောက်သည်တွင် စောရဝိဇ္ဇာက ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်ကာ အနွယ်တော်ကိုလည်း တစ်ဖက်က ကုလားထိုင်တွင် ထိုင်ဖို့ လက်ဟန်ပြသည်။ အနွယ်တော်သည်လည်း ဖခင် ညွှန်ပြရာ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"သားရဲ့ သွေးက ဒဏ်ရာတွေကို ကုနိုင်တယ်ဆိုတာ ဘယ်လို သိတာလဲ" စောရဝိဇ္ဇာက သူ မရှင်းသည်များအား မေးတော့သည်။
အနွယ်တော်သည် သမင်လေးအား ကယ်တင်သည့် အချိန်မှ စကာ လက်ဝါးကို ခွဲကာ စမ်းကြည့်သည်ထိ အမှန်တိုင်း ရှင်းပြလိုက်သည်။
စောရဝိဇ္ဇာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ ဝမ်းသာရမည်လော သို့မဟုတ် စိုးရိမ်ရမည်လော မခွဲခြားတတ်တော့ပေ။
"ဒါက အသုံးဝင်တဲ့ စွမ်းရည် ဖြစ်ပေမဲ့ လူရှေ့မှာ ထုတ်ပြသင့်တဲ့ အရာမျိုး မဟုတ်ဘူး။ သားရဲ့သွေးက ဒဏ်ရာကုသနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ သိလား" စောရဝိဇ္ဇာက မေးသည်။
"သားမသိပါဘူး အဖေ" အနွယ်တော် ခေါင်းယမ်းကာ ဖြေသည်။
"ဒါက သားရဲ့သွေးက ဆေးလို့ ဆိုလိုတာပဲ။ သားရဲ့သွေး အကြောင်းကို အောက်လမ်းပညာရှင်တွေ ဖြစ်တဲ့ ကဝေတွေနဲ့ ယက္ခတွေသာ သိသွားရင် ငါ့သား ဘယ်တော့မှ အေးအေး နေရမှာ မဟုတ်တော့ဘူး။ သူတို့က သားကို သားကောင် တစ်ကောင်လို အမဲလိုက်ကြလိမ့်မယ်" စောရဝိဇ္ဇာက သက်ပြင်းချကာ ရှင်းပြသည်။
"ကဝေတွေ ယက္ခတွေ ဆိုတာ ဘာတွေလဲ။ ပြီးတော့ သူတို့က ဘာဖြစ်လို့ သားရဲ့သွေးကို လိုချင်ရတာလဲ" အနွယ်တော် နားမလည်နိုင်စွား မေးသည်။
"ဟင်း... ကဝေတွေ၊ ယက္ခတွေဆိုတာ သက်ရှိတွေဆီက အသက်ဓာတ်တွေ၊ သေခြင်းဓာတ်တွေကို စုပ်ယူပြီး တန်ခိုးအဆင့်တက်အောင် လေ့ကျင့်ကြတာ။ ဒါကြောင့် အသက်ဓာတ်တွေ ပြည့်ဝတဲ့ သက်ရှိဆိုတာ သူတို့အတွက် သားကောင်ပဲ။ သူတို့က ဘာတွေလဲဆိုတော့ မိစ္ဆာတွေလို့ပဲ သား သိထားပါ။ နောက်ကျရင် သား အလိုလို နားလည်သွားမှာပါ" စောရဝိဇ္ဇာ အာခေါင် ခြောက်လာသဖြင့် ရေနွေးကြမ်း တစ်ခွက် ငှဲ့ကာ မော့သောက်လိုက်သည်။
"ဒါဆို သူတို့က တော်တော် ဆိုးတာပဲနော်။ ရွာတွေမြို့တွေထဲမှာ နေတဲ့ လူတွေကတော့ သူတို့ကို အမြဲ ကြောက်နေရမှာပဲ"
"အဲလိုတော့လည်း မဟုတ်ဘူး။ ပြည်သူတွေကို ကာကွယ်ပေးနေတဲ့ အထက်လမ်းဂိုဏ်းဆိုတာ ရှိတယ်။ သူတို့ကို ဝိဇ္ဇာဂိုဏ်းလို့ ခေါ်တယ်။ သူတို့က ရှမ်းဗဲလား ကုန်းမြေမှာ ဂိုဏ်းတည်ထားတယ်။ သိပ်ကို လေးစားဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်တွေပေါ့ သားရယ်" စောရဝိဇ္ဇာ လေးနက်စွာ ရှင်းပြသည်။
"ဘရသေ့တို့ကရော ပြည်သူတွေကို ဘာဖြစ်လို့ မကာကွယ်ပေးတာလဲဟင်" အနွယ်တော် နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘရသေ့တို့က ဈာန်တန်ခိုးတွေ သိပ်ကြီးတာပေါ့ သားရယ်။ အတွင်းစည်းက ရသေ့တွေဆို ပိုတောင် တန်ခိုးကြီးသေးတယ်။ သူတို့က ကာကွယ်မပေးချင်လို့ မဟုတ်ဘဲ သူတို့ကျင့်တဲ့ သမထကျင့်စဉ်ဆိုတာ နိဝရဏတွေနဲ့ တွေ့ရင် ပြန်လျောကျတတ်လို့ လောကီနယ်ပယ်နဲ့ ဝေးဝေး နေကြတာ" စောရဝိဇ္ဇာက စကား ခဏရပ်ကာ ရေနွေးကြမ်း ငှဲ့သောက်ပြန်သည်။
"တောင်အောက်မှာ ဝိပဿနာဂိုဏ်းဆိုတာ ရှိသေးတယ်။ သူတို့တွေက ပိုလို့တောင် တန်ခိုးကြီးသေးတယ်။ တချို့ ရဟန်းတွေဆို ရသေ့ဘဝနဲ့ သမထကျင့်စဉ် အောင်မြင်ပြီးမှ ရဟန်းဘဝနဲ့ ဝိပဿနာကျင့်စဉ်ကို ဆက်အားထုတ်နေတာ။ ဒီဂိုဏ်းအကြောင်းတော့ သားလည်း သိပြီးသား ဖြစ်မှာပေါ့" စောရဝိဇ္ဇာက ထပ်ရှင်းပြလိုက်သည်။
"လောကကြီးက တော်တော် ကျယ်တာပဲနော် အဖေ။ သား အဲဒီနေရာတွေ သွားကြည့်ချင်တယ်" အနွယ်တော်မှာ ဖခင် ပြောလိုက်သည့် ရှမ်းဗဲလားမှ ဝိဇ္ဇာများကို လွန်စွာ လေးစားနေတော့သည်။
"သား မြင်ရမှာပါ။ သားက ဒီထက် ကျယ်ပြောတဲ့ နယ်မြေတွေဆီကို သွားဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပါ" စောရဝိဇ္ဇာက အပြုံးဖြင့် ပြန်ဖြေသည်။
"ဘယ်လို ကံကြမ္မာ ပါတာလဲဟင်" အနွယ်တော် သိလိုစိတ်ဖြင့် မေးလိုက်သည်။
"အခုချိန်မှာ သားသိဖို့ အချိန်မတန်သေးဘူး။ အချိန်တန်ရင် သား သိရမှာပါ။ သား ဘေးမှာ အဖေ အမြဲ ရှိနေမှာပါ။ သား လက်ကို ဆွဲပြီး ဒီနယ်မြေတွေကို အဖေ လျှောက်ပြပေးမှာပေါ့" စောရဝိဇ္ဇာက ကြည်နူးအပြုံးဖြင့် ဖြေသည်။
"သား စောင့်နေပါ့မယ် အဖေ။ အဖေနဲ့အတူ ကမ္ဘာကြီး အနှံ့ လျှောက်ကြည့်ကြမယ်" အနွယ်တော် စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။
***