လင်းကြက်တွန်သံနှင့်အတူ အရုဏ်ဦး အချိန်က ကမ္ဘာမြေအား အလင်းဓာတ် ဆောင်ကျဉ်းလေသည်။ ကြေးငှက်သာရကာတို့၏ တကျီကျီ မည်သံ၊ အုန်းမောင်းခေါက်သံ တတုတ်တုတ်နှင့်အတူ လောကကြီးက စတင် လှုပ်ရှားသက်ဝင်လာတော့သည်။
ထိုအချိန်တွင် အနွယ်တော်သည် အိပ်ရာမှ ထကာ တစ်ချက် သမ်းဝေလိုက်သည်။ ထို့နောက် အကျောဆန့်ကာ စောင်အား သေသပ်စွာ ခေါက်သိမ်းလိုက်သည်။
အနွယ်တော်သည် ထုံးစံအတိုင်း ဖခင်၏ခုတင်ဆီ လှမ်းကြည်လိုက်ရာ ခုတင်ပေါ်တွင် ဖခင်အား မမြင်ရပေ။ ယနေ့မှ ထူးထူးဆန်းဆန်း ဖခင်ဖြစ်သူမှာ အိပ်ရာ အစောထနေသည်။
အနွယ်တော် တစ်ချက် ပြုံးကာ မျက်နှာသုတ် တဘက်အား ယူ၍ ကျောင်းဆောင်အပြင်သို့ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။ အပြင်ဘက်သို့ ရောက်လာသည်တွင် အအေးဓာတ်က အကဲပို၏။ ကျောင်းဆောင်ထဲတွင် မီးဖိုရော စောင်ရောကြောင့် နွေးထွေးသည့် အရှိန်နှင့် အိပ်ခဲ့ရသဖြင့် အပြင်ဘက်က ပိုအေးသည်ဟု ထင်ရသည်။ သို့သော်လည်း အနွယ်တော်အတွက် ထိုသည်က ရိုးနေပြီ ဖြစ်သည်။ ဟိမဝန္တာ နှင်းတောင်တန်းက အမြဲတစေ ထိုတိုင်းသာ ရှိနေသည် မဟုတ်လော။
အနွယ်တော်သည် စဉ့်အိုးဘေးသို့ သွားကာ ဖွဲပြာတစ်ဆုပ်အား ယူ၍ သွားတိုက်လိုက်သည်။ ပြီးနောက် မျက်နှာသစ်ကာ တဘက်ဖြင့် မျက်နှာအား ပြောင်စင်အောင် သုတ်လိုက်သည်။
ထိုကိစ္စများ ပြီးသည်နှင့် သူသည် ဆွမ်းစားဆောင်သို့ သွားကာ ယာဂုယူရန် ပြင်လိုက်သည်။
"သားရေ ဒီနေ့တော့ ယာဂုသွားမယူတော့နဲ့။ အဖေ သားအတွက် ထမင်းကြော်ထားတယ်" စောရဝိဇ္ဇာ လူဇော်သည် ကျောင်းဆောင်ဘေးက အဖီထဲမှ ထွက်လာကာ ပြောသည်။
"ဪ အဖေ အစောထပြီး မနက်စာ ချက်နေတာလား။ အဖေရယ် အခုမှ နေကောင်းကာစကို အပင်ပန်းတွေ မခံပါနဲ့" အနွယ်တော်က စိုးရိမ်စွာ ပြောသည်။
"ဟားဟားဟား... အဖေက သန်မာပါတယ်ကွ။ သူများကလေးတွေဆို ဒီအချိန် အိပ်ပုပ်ပဲ လုပ်နေဦးမှာ။ သားက အမြဲတမ်း ဝီရိယတွေ ကောင်းနေတယ်။ ဒါ မကောင်းဘူး ငါ့သား။ ဒီနေ့က စပြီး ငါ့သား ခပ်ဆိုးဆိုး ကလေးလေး လုပ်ရမယ်" စောရဝိဇ္ဇာက ရယ်မောကာ ပြောသည်။
"အဖေကတော့ လိမ္မာနေတဲ့ သားကို ဆိုးအောင် လုပ်နေပြန်ပါပြီ။ ဘာပဲဖြစ်ဖြစ် အဖေ လုပ်ကျွေးတဲ့ မနက်စာကို သား ပထမဆုံး စားဖူးတော့မှာပဲ" အနွယ်တော် ကြည်နူးစွာ ပြုံးရင်း ပြောသည်။
စောရဝိဇ္ဇာ စိတ်မကောင်း ဖြစ်သွားသည်။ အနွယ်တော် ပြောသည်က အမှန်ပင်။ သူ ယခင်က ဒဏ်ရာများကြောင့် မထနိုင်၍ ချက်မကျွေးသည် မဟုတ်ဘဲ ထနိုင်လျှင်ပင် ချက်ကျွေးမည် မဟုတ်ပေ။ သို့သော် အတိတ်ကို အတိတ်တွင်သာ ထားခဲ့ဖို့ သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"ကဲလာ မင်းအဖေက ဟိုးတုန်းက တစ်ကိုယ်တည်းသမားမို့ ကိုယ်စားဖို့ ကိုယ့်ဘာသာ ချက်ရတာ။ ဟင်း မချက်ဖြစ်တော့တာ ဘယ်လောက် ကြာသွားလဲဆိုတာတောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ စိတ်ချ ငါ့သား အကြိုက်တွေ့မှာ သေချာပါတယ်" စောရဝိဇ္ဇာ အနွယ်တော်အား မနက်စာ စားဖို့ ခေါ်လိုက်သည်။
"လာပြီ အဖေ။ အဖေ ဘာတွေ လုပ်ထားလဲ သား ကြည့်ဦးမယ်" အနွယ်တော် ဖခင်ဖြစ်သူထံ ချက်ချင်း လျှောက်လာခဲ့သည်။
အနွယ်တော် အထဲရောက်လာသည်တွင် ထမင်းနှင့် အသီးအရွက်များအား ရောကြော်ထားသည်ကို တွေ့လိုက်ရသည်။ သူ ထိုစားစရာကို တစ်ခါမျှ မမြင်ဖူးပေ။
"ဒါကို ထမင်းကြော်လို့ ခေါ်တယ်။ ရသေ့ကျောင်းမှာတော့ ဒါမျိုးတွေ ရှိမှာ မဟုတ်ဘူး။ သူတို့က စားစရာကို ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရ ရဖို့အတွက်ပဲ စားတာ။ အရသာအတွက်ကတော့ သူတို့အတွက် မလိုဘူးလေ" စောရဝိဇ္ဇာက အနွယ်တော် အထူးအဆန်း ဖြစ်နေသည်ကို မြင်သဖြင့် ရှင်းပြသည်။
"ကဲလာ ထိုင်။ အဖေ ချက်ထားတာ ကြိုက်ရဲ့လား မြည်းကြည့်ပါဦး" စောရဝိဇ္ဇာက ထိုင်ခုံတွင် ထိုင်ရင်း ပြောသည်။
"ဟုတ်ကဲ့" အနွယ်တော် ခေါင်းညိတ်ကာ ထိုင်ခုံတွင် ထိုင်လိုက်သည်။
အနွယ်တော်သည် ထမင်းကြော်အား ဇွန်းဖြင့် ခပ်ကာ တစ်လုတ် မြည်းကြည့်လိုက်သည်။ အရသာမှာ လျှာဖျားပေါ်တွင် စိမ့်ကာ ပျော်ဝင်သွားလေသည်။ ထမင်း၏ အဆိမ့်အရသာ၊ အပေါ့၊ အငန်နှင့် အစပ်တို့မှာ အချိုးအစား ကျနလှသဖြင့် အရသာမှာ အလွန် ကောင်း၏။ အနွယ်တော် မျက်လုံးများအား မှိတ်ပြီးပင် အရသာကို ခံစားကြည့်လိုက်သည်။
"ကောင်းတယ်မလား။ ရသေ့တွေ စားနေကျ ရေလုံပြုတ်တွေနဲ့ မတူဘူးမလား။ အစားအစာဆိုတာ ဒီလို စားရတယ်ကွ မှတ်ထား။ ဟားဟား..." စောရဝိဇ္ဇာသည် သားဖြစ်သူ အရသာခံနေသည်ကို ကြည့်ကာ သဘောကျနေတော့သည်။
"သိပ် ကောင်းတယ် အဖေ။ အစားအစာကို ဒီလိုလည်း လုပ်စားလို့ ရတယ်လား။ တော်တော် ထူးဆန်းတာပဲ" အနွယ်တော် အထူးအဆန်းအား တွေ့လိုက်ရသဖြင့် အလွန် စိတ်ဝင်စားနေတော့သည်။
"ဒါက ဒီမှာ ရှိတာလေးနဲ့ပဲ ချက်ထားရတာ။ ဒီမနက် အဖေ တောင်အောက်ဆင်းပြီး တိဘက်ပြည်ကို သွားမလို့။ အဲဒီမှာ လိုအပ်တာလေးတွေ ဝယ်စရာ ရှိတယ်။ ပြန်ရောက်တာနဲ့ ငါ့သားကို အဖေ ဟင်းကောင်းတွေ ချက်ကျွေးမယ်"
"ဟုတ်ကဲ့ပါ အဖေ။ တိဘက်ပြည်ကို သွားမယ်ဆို သားလည်း လိုက်ချင်တယ်"
"သားက ငယ်ပါသေးတယ်။ နှင်းတွေပေါ်မှာ လမ်းလျှောက်ရတာ လူကြီးတွေအတွက်တောင် မလွယ်ဘူး။ စိတ်မပူပါနဲ့။ သား သွားရမှာပါ" စောရဝိဇ္ဇာက အနွယ်တော်အား နှစ်သိမ့်ပေးလိုက်သည်။
"ကောင်းပါပြီ အဖေ" အနွယ်တော် ခေါင်းညိတ်ကာ နာခံလိုက်သည်။
"ဪ ဒါနဲ့၊ သား မနက်စာ စားပြီးရင် ဦးဇောတိဆီမှာ စာသွားသင်ဦး။ အဖေ ဦးဇောတိဆီမှာ အကူအညီ တောင်းထားတယ်။ လူတစ်ယောက်မှာ စာဖတ်တတ်ဖို့က သိပ်အရေးကြီးတယ်" စောရဝိဇ္ဇာက မှာသည်။
"စိတ်ချပါ အဖေ။ သားလည်း စာသင်ချင်နေတာ ကြာပါပြီ"
"အေးအေး... ဒါဆို စားစရာရှိတာ စားတော့"
ထိုသို့ဖြင့် သားအဖနှစ်ယောက် မနက်စာအား ပျော်ရွှင်စွာ စားလိုက်ကြသည်။ စားပြီးနောက် အနွယ်တော်သည် ဖခင်၏ပန်းကန်ကိုပါ ယူကာ သွားဆေးသည်။
စောရဝိဇ္ဇာသည် အနွေးထည် အထူကြီး ဝတ်ပြီး ခွာမြင့်သော ဖိနပ်ရှည်ကြီးအား စီးကာ ပလိုင်းကို လွယ်လိုက်သည်။ အားလုံး အဆင်သင့် ဖြစ်ပြီမို့ စောရဝိဇ္ဇာသည် အနွယ်တော်အား နှုတ်ဆက်လိုက်သည်။
"ညနေမစောင်းခင်တော့ အဖေ ရောက်အောင် ပြန်လာခဲ့မယ်။ ပြန်ရောက်ရင် သား သင်လာတဲ့ စာတွေ အဖေ ပြန်မေးမယ်နော်။ တခြား နေရာတွေမှာ ကြိုက်သလို ဆိုးလို့ ရတယ်။ စာသင်တဲ့ နေရာမှာ မဆိုးနဲ့။ အဖေ မကြိုက်ဘူး" စောရဝိဇ္ဇာက စိတ်မချစွာ မှာသည်။
"သားက ဘယ်နေရာမှာမှ မဆိုးပါဘူး အဖေရယ်။ စိတ်ချနော်။ သား စာကို ကောင်းကောင်း သင်ပါ့မယ်" အနွယ်တော် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒါမှ ငါ့သားကွ။ လူဇော့်သားက ဒီလိုမှပေါ့" စောရဝိဇ္ဇာသည် အနွယ်တော့် နဖူးအား ညင်သာစွာ နမ်းပြီးနောက် ထွက်ခွာသွားတော့သည်။
အနွယ်တော်မှာ နောက်တွင် လက်ပြရင်း ကျန်ခဲ့တော့သည်။ ပညာသင်ရာတွင် မဆိုးနှင့်ဆိုသော စကားက အနွယ်တော်၏ ရင်ထဲတွင် နက်ရှိုင်းစွာ ထင်ကျန်ရစ်ခဲ့သည်။ ထိုစကားအား သေသည်ထိ လိုက်နာသွားရန် သူဆုံးဖြတ်လိုက်သည်။ သူ့အဖေ မကြိုက်သော အရာအား သူ လုပ်မည် မဟုတ်ပေ။
ထိုသို့ဖြင့် အနွယ်တော်သည် ရသေ့ပျို ဦးဇောတိ၏ ကျောင်းဆောင် ရှိရာသို့ ဦးတည် လိုက်တော့သည်။
***