လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက ကျောက်တုံးမြို့၏ ကျန်းမိသားစုသည် ကျောက်တုံးမြို့ရှိ ဩဇာအကြီးမားဆုံး မိသားစုများထဲမှ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှသည်။ ကျန်းမိသားစု၏ သိုင်းသမား မျိုးဆက်နှစ်ဆက်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားများ ဖြစ်လာခဲ့သောကြောင့်ပင်။
တတိယနှင့် စတုတ္ထမျိုးဆက်များမှာ အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်နိုင်ခဲ့သော်လည်း သူတို့သည် နိုင်ငံရေးနှင့် စီးပွားရေးလောကများသို့ အသီးသီး ဝင်ရောက်ခဲ့ကြသည်။ သူတို့သည် ထိုနေရာများတွင် အောင်မြင်မှုအသီးအသီးရရှိထားကြပြီး ကြီးမားသော အာဏာကို ရယူထားကြသည်။
ကျန်းမိသားစုသည် ကျောက်တုံးမြို့ရှိ ထိပ်တန်း မိသားစုများထဲမှ တစ်ခုဖြစ်ကြောင်း လူတိုင်း သိကြသည်။
ကျန်းမိသားစုသည် စတုတ္ထမျိုးဆက်အထိ ဆင်းသက်လာခဲ့ပြီး ဖြစ်သည်။ ကျန်းမိသားစုသည် အချိန်အတော်ကြာ အားကောင်းလွန်းနေခဲ့သောကြောင့် စတုတ္ထမျိုးဆက်တွင် ထူးချွန်သော ပုဂ္ဂိုလ်များ မရှိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။ အနည်းငယ် ပို၍ ထူးချွန်သူများမှာ အများဆုံး အရည်အချင်းပြည့်မီသော အမွေဆက်ခံသူများသာ ဖြစ်ကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ တတိယမျိုးဆက်ဖြစ်စေ စတုတ္ထမျိုးဆက်ဖြစ်စေ မည်သူမျှ သိုင်းပညာတွင် မွေးရာပါ ပါရမီရှိပုံ မပေါ်ပေ။ ကျန်းမိသားစု၏ တတိယနှင့် စတုတ္ထမျိုးဆက်များမှာ ကျဆင်းနေပုံရသော်လည်း ကျန်းမိသားစုတွင် သာလွန်လူသား ကျွမ်းကျင်သူနှစ်ဦး ရှိနေသေးသရွေ့ ကျန်းမိသားစုကို မည်သူက အထင်သေးဝံ့မည်နည်း။
ဖြန်း
ကျန်းမိသားစု၏ ဗီလာတွင် ကျန်းထျန်းလုံသည် ကျန်းဟွေ၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ပါးရိုက်လိုက်သောအားကြောင့် ကျန်းဟွေ ယိမ်းယိုင်သွားပြီး သူ့မျက်နှာမှာ ချက်ချင်း ဖောင်းအစ်လာသည်။
သို့သော် ကျန်းဟွေ စကားတစ်ခွန်းမျှ မဆိုရဲပေ။ သူ ခေါင်းငုံ့ထားရုံသာ ရှိသည်။ ယခုအချိန်တွင် သူ့ဖခင်ကို ဒေါသထွက်ခွင့်ပေးလိုက်မှသာ ရမည်ဖြစ်ကြောင်း သူ သိသည်။ သို့မဟုတ်ပါက သူ အသက်ရှင်နိုင်မည်ပင် မဟုတ်ပေ။
"မင်းကွာ ဒီလောက် အရေးကြီးတဲ့ကိစ္စကို မင်းဘာလို့ ငါ့ကို စောစောကတည်းက မပြောရတာတုန်းကွ"
ကျန်းထျန်းလုံ အမှန်တကယ် ဒေါသထွက်နေသည်။ သူသည် ကျန်းမိသားစု၏ တတိယမျိုးဆက်တွင် အထူးချွန်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ကျောက်တုံးမြို့ စီးပွားရေးလောက၏ စူပါသူဌေးကြီးတစ်ဦး ဖြစ်သည်။ ကျန်းမိသားစုရှိ သာလွန်လူသားနှစ်ဦး၏ ဩဇာလွှမ်းမိုးမှုကို အားကိုးကာ သူသည် ကျန်းမိသားစုကို တိုးတက်ကြီးပွားလာစေရန် ဂရုတစိုက် စီမံခန့်ခွဲနိုင်ခဲ့သည်။
လမ်းသစ်ဖောက်နိုင်ခြင်း မဟုတ်ဟု ဆိုနိုင်သော်လည်း သူသည် ဤနှစ်များတစ်လျှောက် မည်သည့် အမှားအယွင်းမျှ မလုပ်ခဲ့ပေ။
သူ၏ စတုတ္ထသားဖြစ်သူ ကျန်းဟွေ လာရောက်တောင်းပန်သည့် ယနေ့အထိ ထိုသို့ပင် ဖြစ်သည်။ ကျန်းဟွေ ပြောသမျှကို ကြားလိုက်ရသောအခါ သူ့စိတ်ထဲတွင် ချက်ချင်း ဗလာကျင်းသွားတော့သည်။
သူသည် ကျောက်တုံးမြို့၏ စူပါသူဌေးကြီးတစ်ဦးဖြစ်ပြီး လှုပ်ရှားမှုတစ်ခုဖြင့် တစ်မြို့လုံးကို တုန်လှုပ်သွားစေနိုင်သူ ဖြစ်သည်။ သို့သော်လည်း ကျန်းဟွေ၏ စကားများကို ကြားပြီးနောက် သူ ကျန်းဟွေကို ရိုက်သတ်ပစ်ချင်စိတ်ပင် ပေါက်လာခသည်။
ကျန်းဟွေသည် အလေအလွင့် အပေအတေ ဆန်ကုန်မြေလေး သားတစ်ယောက်အဖြစ်သာ နေလို့ရသည်။ ကျန်းမိသားစုသည် နောက်ထပ် အလေအလွင့် မျိုးဆက်အနည်းငယ်ကို ထောက်ပံ့ပေးရန် ဝန်မလေးသော်လည်း ကျန်းဟွေက သူ့ကို ဤမျှထိကြီးကျယ်သော ပြဿနာကြီး ရှာပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ မကြာသေးမီက နာမည်ကြီးနေသော လူသားသူရဲကောင်း လင်းဖုန်းကိုပင် သူ အကြံအစည် ဆင်ရဲခဲ့သည်။ ကျန်းထျန်းလုံ မည်သို့ ဒေါသထွက်မနေဘဲ နေနိုင်မည်နည်း။
သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦး...။ သာမန်လူတွေက သာလွန်လူသား ကျွမ်းကျင်သူ တစ်ဦးကို ဘယ်လိုလုပ် အကြံအဖန်လုပ်လှည့်စားနိုင်မှာလဲ။ ထို့အပြင် သူဂွင်ဆင်ချင်ရင်တောင် တခြားသူတွေကို အသိမပေးဘဲ လျှို့ဝှက်ထားသင့်သည်။ သို့သော် ကျန်းဟွေ ဘာလုပ်ခဲ့သနည်း။ လင်းဖုန်း သိသွားလောက်သည်အထိ သူ အတိုင်ထက်အလွန်ကျော်လွန်လုပ်ဆောင်ခဲ့သညိ။ ပြီးမှ ကိစ္စပေါ်သွားပြီး သူ့အကူအညီကို တောင်းခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိဖြစ်လာသည်။
ကျန်းထျန်းလုံ သူ့နဖူးကို ရိုက်လိုက်သည်။ သူ အလွန် ဒေါသထွက်နေသည်။
ကျန်းဟွေ လုပ်ခဲ့သမျှကို တွေးပြီးနောက် ကျန်းထျန်းလုံ ခေါင်းခါလိုက်သည်။ သူ များသောအားဖြင့် သိပ်ဂရုမစိုက်မိသော သူ့သား ကျန်းဟွေသည် ဤမျှ ရက်စက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် သူ လုံလုံလောက်လောက် ရက်စက်သော်လည်း အရာရာကို သေချာ မစဉ်းစားဘဲ လုပ်ဆောင်ခဲ့ပြီး အားနည်းချက်များစွာ ချန်ထားရစ်ခဲ့သည်။
"မင်း တကယ်ကို ရက်စက်တာပဲ။ ယွီရွှေကို ဓားစာခံ လုပ်ချင်တာလား။ ယွီရွှေက နောက်ဆုံးမိနစ်ကျမှ မင်းကို သစ္စာဖောက်လိမ့်မယ်လို့ မစဉ်းစားမိဘူးလား။ အခု ယွီရွှေ မသေသေးဘူး။ အဲ့ကောင်သူ့အစ်ကိုကြီးကို မသတ်ခဲ့ဘူး။ ပြီးတော့ မင်းလုပ်ခဲ့တာတွေ အကုန်လုံး ပေါ်သွားပြီ။ ရက်စက်တာက ကောင်းတဲ့ လက္ခဏာတစ်ခုဆိုပေမဲ့ ကိစ္စတွေကို အကောင်အထည်ဖော်တဲ့အခါ မင်း အရမ်း မဆင်မခြင် နိုင်လွန်းတယ်"
"အဖေ... ကျွန်တော် မသေချင်သေးဘူး"
ကျန်းဟွေ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ယခု သူ အမှန်တကယ် ကြောက်နေပြီ ဖြစ်သည်။ သူ ယခင်က လုပ်ခဲ့သမျှ အရာအားလုံး ပြီးပြည့်စုံသည်ဟု သူ ထင်ခဲ့သော်လည်း နေရာတိုင်းတွင် အားနည်းချက်များ ဟာကွက်များ ရှိနေခဲ့သည်။
"ဟမ့်... အခုမှ မင်း ကြောက်တတ်သွားပြီလား။ ယုတ်မာတဲ့ အစီအစဉ်တွေ ဆွဲတုန်းက အကျိုးဆက်တွေကို ဘာလို့ မစဉ်းစားခဲ့တာလဲ။ မင်းက သာလွန်လူသား ကျွမ်းကျင်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့တွက်ခဲ့တယ်။ ယွီရွှေ သေသွားရင်တောင် မင်း လုံခြုံလိမ့်မယ်လို့ ထင်နေတာလား"
ကျန်းထျန်းလုံ တကယ် ဒေါသထွက်နေသည်။ အကြောင်းမှာ ကျန်းဟွေ အရမ်း ရက်စက်လွန်းသောကြောင့် မဟုတ်ချေ။ ကျန်းဟွေမှာ အလွန် မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့သည်ဟု သူ ခံစားရသောကြောင့်သာ ဖြစ်သည်။ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးက ဘယ်လိုလုပ် အလွယ်တကူ လှည့်စားခံရနိုင်မှာလဲ။
အစီအစဉ်က အစကတည်းက ဟာကွက်တွေ အများကြီး ရှိနေတာကို ထားလိုက်ဦး သူက သာလွန်လူသား ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် အကျပ်ကိုင်ချင်နေသေးတယ်။ အဲဒါက ဘယ်လိုမှကို ယုတ္တိမတန်ဘူး။ ယွီရွှေ သေသွားရင်တောင် လင်းဖုန်း ဆန္ဒရှိသရွေ့ ကျန်းဟွေဆီကို ခြေရာခံမိမှာပဲ။ သက်သေအထောက်အထားဆိုတာနဲ့ ပတ်သက်ရင် သာလွန်လူသား ကျွမ်းကျင်သူတွေက သက်သေလိုအပ်လို့လား။ သူတို့လိုအပ်တာက သံသယနည်းနည်းပဲ။ သက်သေဆိုတာ သာမန်လူတွေ အတွက်ပဲ။ ကျန်းဟွေက ယွီရွှေကို မိုက်မဲတယ်လို့ ထင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ကျန်းထျန်းလုံက ကျန်းဟွေကို ပိုပြီး မိုက်မဲတယ်လို့ ထင်နေသည်။
"အဖေ၊ ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော် မသေချင်ဘူး"
ကျန်းဟွေ အပူတပြင်း တောင်းပန်လိုက်သည်။ လက်ရှိအချိန်တွင် သူ့ထံ၌ သခင်လေးကျန်းဟူသည့် ဂုဏ်သိက္ခာ လုံးဝမကျန်ရှိတော့ပေ။
ကျန်းထျန်းလုံ၏ မျက်နှာအမူအရာ မှောင်မိုက်သွားသည်။ သူ ကျန်းဟွေကို ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေ သူက သူ့သားအရင်းပင်။ ကျန်းဟွေကို သူ မည်မျှပင် လျစ်လျူရှုထားပါစေ ကျန်းဟွေ သေသွားမည်ကို သူ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ပေ။
ထို့အပြင် ဤကိစ္စသည် ပုဂ္ဂိုလ်ရေး အာဃာတ၏ နယ်ပယ်ကိုပင် ဝေဝါးဝါး ကျော်လွန်နေပြီ ဖြစ်သည်။
"ကျန်းဟွေ၊ မင်း လုပ်ခဲ့တာတွေက အရမ်း မိုက်မဲလွန်းတယ်။ ငါလည်း မင်းကို လက်ခံ ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယွီရှန်းကို ဖြေရှင်းတဲ့အခါမှာ မင်း တိုက်ရိုက် တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလေ။ ပြီးတော့ ယွီရှန်းလည်း မသေသေးဘူး။ မင်းက အများဆုံး လှုံ့ဆော်သူပဲ ဖြစ်မှာပါ။ ဒါပေမဲ့ လင်းဖုန်းကသာ အတင်းလုပ်မယ်ဆိုရင်တော့ မင်း ဒုက္ခရောက်လိမ့်မယ်။ မင်း ကိုယ့်ဖာသာကိုယ် သွားအဖမ်းခံတာ ပိုကောင်းမယ်လို့ ငါထင်တယ်။ လက်ရှိ ဥပဒေအရ မင်း ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးဆိုတော့ မင်းရဲ့ ပြစ်မှုက သေဒဏ်ပေးလောက်တဲ့ အပြစ် မဟုတ်ဘူး။ အများဆုံး မင်း ထောင်ကျရုံပဲ။ အခြေအနေတွေ ငြိမ်သက်သွားပြီးတဲ့နောက် ငါမိသားစုရဲ့ အင်အားကို သုံးပြီး မင်းကို ပြန်ထုတ်ပေးနိုင်သေးတယ်။ မင်း နားလည်လား"
ကျန်းဟွေကို ကာကွယ်ပေးရန် အလွန် ခက်ခဲလိမ့်မည်ကို ကျန်းထျန်းလုံ သိသည်။ တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းဟွေကို သူ့ဖာသာသူ သွားရောက် အဖမ်းခံခိုင်းရန်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျန်းဟွေသည် အများဆုံး ထောင်ဒဏ် နှစ်အနည်းငယ်သာ ကျခံရပေမည်။ အကယ်၍ သူသာ လင်းဖုန်း၏ လက်ထဲသို့ ကျရောက်သွားပါက သေချာပေါက် သေရမည်သာ။ ကျန်းဟွေလည်း ထိုကွာခြားချက်ကို နားလည်သဖြင့် အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မိသားစုရဲ့ စီစဉ်မှုတွေကို ကျွန်တော် အပြည့်အဝလိုက်နာဖို့ ဆန္ဒရှိပါတယ်"
"ကောင်းပြီ၊ ဒါဆို ဒီကိစ္စကို အတည်ပြုလိုက်ပြီ။ ငါ မင်းရဲ့ အဘိုးကို အရင် ဆက်သွယ်လိုက်မယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို သူတို့ကို အသိပေးရမယ်။ လင်းဖုန်းက ကျောက်တုံးမြို့မှာ ဆူပူမှုတွေ လုပ်ခဲ့ပြီးတော့ ဥပဒေစိုးမိုးရေးအဖွဲ့နဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်။ သူ ဒီကိစ္စကို အလွယ်တကူ အဆုံးသတ်မှာ မဟုတ်ဘူး။ မင်းရဲ့ အဘိုး ဝင်ပါဖို့ လိုလိမ့်မယ်"
"အဖေ၊ လင်းဖုန်းက ကျွန်တော့်ကို အတင်း သတ်ချင်နေရင်ကော ဘယ်လိုလုပ်မလဲ"
ယွီမိသားစုတွင် လင်းဖုန်း၏ လုပ်ရပ်များ မည်မျှ ရက်စက်ကြောင်း ကျန်းဟွေ သိထားပြီး ဖြစ်သည်။ သူသည် ဥပဒေစိုးမိုးရေး အဖွဲ့ဝင် လေးဦးကို တိုက်ရိုက် အနိုင်ယူခဲ့ပြီး ယွီရွှေ၏ ခြေထောက်များကို ချိုးပစ်ခဲ့သည်။ လင်းဖုန်းက သူ့ကိုလည်း အတင်း သတ်ချင်နေမည်ကို သူ ကြောက်နေမိသည်။ ထိုသို့ဆိုလျှင် ပြဿနာ တက်ပေလိမ့်မည်။
ကျန်းထျန်လုံ၏ မျက်လုံးများတွင် ထက်မြက်သော အရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။
"ဟွန့်၊ မင်း ဘာသိလို့လဲ။ ဒီအခြေအနေ ရောက်နေမှတော့ ဒီကိစ္စက လင်းဖုန်းနဲ့ ယွီမိသားစုကြားက ကိစ္စသက်သက်ပဲလို့ မင်း ထင်နေတာလား။ အဲဒီလောက် မရိုးရှင်းတော့ဘူး။ ငါတို့က မင်းကို လင်းဖုန်း လက်ထဲ အပ်ချင်ရင်တောင် အစိုးရက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး။ ဒါက အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်မှုအာဏာနဲ့ သက်ဆိုင်နေတယ်။ အဲဒီတုန်းက အစိုးရအဖွဲ့က ဒါကို ရဖို့အတွက် ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတာ။ လင်းဖုန်းလို အသွင်ပြောင်းနယ်ပယ်သာလွန်လူသားတစ်ယောက်အတွက်နဲ့ သူတို့ရဲ့ အစိုးရအဖွဲ့ အာဏာကို လက်လွတ်ခံဖို့ ဘယ်လိုလုပ် ဆန္ဒရှိနိုင်မှာလဲ"
"ဗျာ"
ကျန်းဟွေ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ကျန်းထျန်းလုံ ပြောနေသည်ကို သူ လုံးဝ နားမလည်ပေ။ ကျန်းထျန်းလုံကလည်း ဆက်မရှင်းပြတော့ပေ။ ဤသည်မှာ အဖွဲ့ကြီး ငါးခုကြားမှ အားပြိုင်မှုနှင့် သက်ဆိုင်နေသည်။ ကျန်းဟွေကဲ့သို့ အလေအလွင့် ဆန်ကုန်မြေလေးသားတစ်ယောက်က ဤကိစ္စ၏ နက်နဲမှုနှင့် သက်ရောက်မှု အတိုင်းအတာကို မည်သို့ နားလည်နိုင်မည်နည်း။
သို့သော် ဤကိစ္စငယ်လေးက အစိုးရအဖွဲ့၏ အာရုံခံစားမှု အလွယ်ဆုံး အကြောကို ထိခိုက်မိနေပြီဖြစ်ကြောင်း ကျန်းထျန်းလုံ သိသည်။ အကယ်၍ လင်းဖုန်းသာ ကျန်းဟွေ သို့မဟုတ် ယွီရွှေကို သတ်ရန် အတင်းအကျပ်လုပ်နေပါက ယင်းမှာ အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအာဏာကို ချိုးဖောက်ခြင်းပင် ဖြစ်လိမ့်မည်။ အစိုးရအဖွဲ့အနေဖြင့် ဤကဲ့သို့သော အပြုအမူကို မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။
သို့သော် ကျန်းထျန်းလုံ ဤသည်ကို သိသော်လည်း ဤကိစ္စကို ကျန်းမိသားစု၏ သာလွန်လူသား ကျွမ်းကျင်သူ နှစ်ဦးထံသို့ တင်ပြရဦးမည် ဖြစ်သည်။ ကျန်းမိသားစု၏ သာလွန်လူသားနှစ်ဦးသည် အစိုးရအဖွဲ့သို့ ဝင်ရောက်ထားကြသည်။ အချိန်တန်သောအခါ သူတို့မိသားစုသည် အစိုးရအဖွဲ့ကိုလည်း အားကိုးနိုင်ပေသည်။ ကျောက်တုံးမြို့ရှိ သူ့လုပ်ရပ်က အဖွဲ့ကြီး ငါးခုကြားမှ အာဏာကစားပွဲ ဝဲဂယက်ထဲသို့ ပါဝင်ပတ်သက်သွားပြီ ဖြစ်ကြောင်းကို လင်းဖုန်းကိုယ်တိုင်ပင် သိချင်မှ သိပေလိမ့်မည်။
***