ယွီရှန်းမှာ သတိလစ်နေသော်လည်း သူ၏ သက်စောင့်စွမ်းအားမှာ အလွန် အားကောင်းနေသည်။ သူ၏ ဆဲလ်များမှာ ဆက်တိုက်ကွဲပွားခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည်ဖြစ်တည်ခြင်းတို့ကို အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ဤဖြစ်စဉ်မှာ ကြာရှည်သော လုပ်ငန်းစဉ်တစ်ခု လိုအပ်ပေသည်။
"လင်းဖုန်း... ယွီရှန်းကို ကယ်လို့ရသေးရဲ့လား"
ချန်ရှီး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာတစ်ခု ရှိနေသည်။ ယွီရှန်းမှာ ဤကဲ့သို့ အိပ်ပျော်နေပြီးမှ ပြန်နိုးမလာတော့မည်ကို သူမ တကယ် ကြောက်နေမိသည်။
လင်းဖုန်းက ရှားရှားပါးပါး ပြုံးလိုက်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ယွီရှန်းရဲ့ အခြေအနေက အရမ်းကောင်းပါတယ်။ သူ့ရဲ့ ခြေထောက်တွေ ပြန်ကောင်းလာဖို့တောင် ဖြစ်နိုင်ခြေ ရှိသေးတယ်"
"ရှင်... ဘာပြောတယ်"
ချန်ရှီး၏ မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ယွီရွှေပင်လျှင် ထိုစကားကို နားမလည်နိုင် ဖြစ်နေသည်။ ယွီရှန်းက ဤကဲ့သို့ သွေးထွက်သံယိုဖြစ်ကာ မေ့မျောနေပြီကို လင်းဖုန်းက နောက်ပြောင်နေခြင်းပေလော။
"ငါ အထင်မမှားဘူးဆိုရင် ယွီရှန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသွားပြီ။ အခု သူ့ရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို ဖြတ်သန်းနေတာ။ အရင်ကတည်းက ယွီရှန်းရဲ့ ဘက်စုံစွမ်းဆောင်ရည်က အရမ်းအားကောင်းတာ။ သူမျိုးရိုးဗီဇကန့်သတ်ချက်ကို ဟိုးအရင်ကတည်းက ချိုးဖျက်နိုင်ခဲ့သင့်တာပါ။ မထင်မှတ်ဘဲ ကျောက်တုံးမြို့ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ ဒီလို ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ရပြီးမှ တိုက်ဆိုင်မှုတွေကြောင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တာပဲ"
လင်းဖုန်း အမှန်တကယ် ဝမ်းသာမိသည်။ သူနှင့် ယွီရှန်းတို့သည် သေရေးရှင်ရေး အခြေအနေများကို အတူတူ ဖြတ်ကျော်ခဲ့ကြသူများ ဖြစ်ကြသည်။ အကယ်၍ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့သာ အသက်ရှင်နေသေးပါက သူတို့လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လောက်ပြီပင်။
ထိုစဉ်က လင်းဖုန်း ယွီရှန်း၏ အသက်ကို ကယ်တင်ခဲ့ပေမဲ့ ယွီရှန်းမှာ သူ့ခြေထောက်တွေကို ဆုံးရှုံးခဲ့ရသည်။ လောက၏သဘာဝ အနိမ့်အမြင့်အတက်အကျတွေကြားတွင် သူ တော်တော်လေး စိတ်ဓာတ်ကျခဲ့ရသည်။ နောက်ပိုင်းတွင် ချန်ရှီးနှင့် တွေ့ဆုံကာ ဘဝအပေါ် မျှော်လင့်ချက် ပြန်ရလာခဲ့သော်လည်း သူ့မိသားစု၏ သစ္စာဖောက်ခြင်းကို ခံရပြန်သည်။ တခြားသူသာဆိုလျှင် ဤကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်နေသော ကံကြမ္မာဆိုးများကြားတွငိ လက်မြှောက်အရှုံးပေးသွားလောက်ပြီပင်။ သို့သော် ယွီရှန်းသည် ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဤကဲ့သို့ နာကျင်ဝမ်းနည်းစရာကောင်းသည့် မျှော်လင့်ချက်မဲ့ အခြေအနေတွေကြားမှပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့သည်။
မူလက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ဆိုသည်မှာ ကံတရား သို့မဟုတ် အလွန်တရာ ပြင်းထန်အားကောင်းသည့် စိတ်ဆန္ဒ လိုအပ်ပေသည်။ ချန်ရှီးနှင့် တွေ့ဆုံခဲ့ခြင်းက ယွီရှန်းကို မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်နိုင်စေမည့် ပြင်းထန်ပုတ်သားသည့် စိတ်ဆန္ဒကို ပေးစွမ်းနိုင်ခဲ့သည်လည်း ဖြစ်နိုင်ပေသည်။
"မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်တာလား။ တကယ်ပဲလား။ ဒါဆို ယွီရှန်းက ဘာလို့ အခုထိ နိုးမလာသေးတာလဲ"
ချန်ရှီး အတိုင်းမသိ ဝမ်းသာသွားသည်။ ယွီရှန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့သဖြင့် အလွန် စိတ်လှုပ်ရှားနေမိသည်။
ဘေးနားတွင် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသော ယွီရွှေသည်လည်း နာကျင်မှုကြောင့် ညည်းညူနေခြင်းကို ရပ်လိုက်သည်။ သူသည်လည်း လင်းဖုန်း၏ စကားများကို သဘာဝကျစွာ ကြားလိုက်ရသဖြင့် အနည်းငယ် မှင်သက်သွားသည်။
ယွီရှန်းက တကယ်ပဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်သွားတာလား။
ဒါက ယွီရွှေ တစ်ခါမှ အိမ်မက်ပင် မမက်ဖူးသော ကိစ္စဖြစ်သည်။ ယခင်က ယွီရှန်း မည်မျှပင် ထူးချွန်ပါစေ မျိုးရိုးဗီဇကန့်သတ်ချက် ချိုးဖျက်နိုင်မည့် လက္ခဏာ မပြခဲ့ပေ။ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခြင်းက ယွီမိသားစု တစ်ခုလုံးကို အပြည့်အဝ တိုးတက်ကြီးပွားစေနိုင်ပေသည်။
သို့သော် သူ၏ မိုက်မဲမှုနှင့် လောဘဇောတက်သော လုပ်ရပ်များကြောင့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့မိလေပြီ။
ယွီရွှေ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ သူ တစ်ခုခု ပြောချင်နေသော်လည်း တွန့်ဆုတ်နေမိသည်။ နောက်ဆုံးတွင် သူ ခေါင်းငုံ့လိုက်ပြီး သူ့မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
လင်းဖုန်းသည် ယွီရှန်း၏ လက်ရှိ အခြေအနေကို ကောင်းကောင်း သိသည်။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် မည်သူမျှ သတိလစ်မသွားတတ်ပေ။ သို့သော် ဤသည်မှာ ယခင်က ယွီရှန်း ဒဏ်ရာရထားခြင်းကြောင့် ဖြစ်နိုင်သလို သူ၏ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့ကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းအတွက် စွမ်းအင်အမြောက်အမြား လိုအပ်ပေသည်။
ထိုစဉ်က လင်းဖုန်းသည် အာဟာရဖြည့်ဆေးရည် အမြောက်အမြားကို အသုံးပြုခဲ့သောကြောင့် သူ၏ အသွင်ပြောင်းလဲခြင်းမှာ အလွန် လျင်မြန်ခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းတွင် အာဟာရဖြည့်ဆေးရည် အချို့ ပါလာခဲ့သည်။ များများစားစား မဟုတ်သော်လည်း ယွီရှန်း နိုးလာစေရန်အတွက်တော့ လုံလောက်ပေသည်။
လင်းဖုန်းသည် အာဟာရဖြည့်ဆေးရည် ပုလင်းအနည်းငယ်ကို ထုတ်ယူကာ ယွီရှန်း၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ အာဟာရဖြည့်ဆေးရည်များ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့်အမျှ ယွီရှန်း၏ အသွင်ပြောင်းလဲမှု အရှိန်မှာ ပိုမိုမြန်ဆန်လာသည်။ သူ၏ ဒဏ်ရာများမှာ လျင်မြန်စွာ အနာဖေးတက်ပြီး ကွာကျကုန်သည်ကို သာမန်မျကိစိဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ မူလ အသားညိုညိုမှာလည်း ပြောင်းလဲသွားသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာပင် အနည်းငယ် ပို၍ သန်မာတောင့်တင်းလာသည်။ ဤသည်မှာ အစောပိုင်း အသွင်ပြောင်းလဲခြင်းသာ ရှိသေးသည်။ နောင်တွင် အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပါက ယွီရှန်း၏ တစ်ကိုယ်လုံးမှာ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပေလိမ့်မည်။ ထို့အပြင် အရေးကြီးဆုံးအရာမှာ ယွီရှန်း၏ ခြေထောက်များပင် ဖြစ်သည်။ သူ့ခေုထောက်များမှာ ပေါင်ရင်းမှနေ၍ ဖြတ်တောက်ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ နည်းပညာဖြင့် ခြေတုများ တပ်ဆင်နိုင်သော်လည်း ယင်းက ဘာထူးမည်နည်း။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းဖြင့်သာ ယွီရှန်း၏ ခြေထောက်များ ပြန်ပေါက်လာနိုင်သည်။ ဤသည်မှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း၏ အကျိုးကျေးဇူးဖြစ်ပြီး ခေတ်မီနည်းပညာဖြင့် မလုပ်ဆောင်နိုင်သော အရာလည်း ဖြစ်သည်။
လင်းဖုန်း တိုက်ကျွေးလိုက်သော အာဟာရဖြည့်ဆေးရည်များ တဖြည်းဖြည်း အစွမ်းပြလာသည်နှင့်အမျှ ယွီရှန်း၏ ခြေထောက်များတွင် အသားသစ်များ စတင်ပေါက်ပွားလာသည်။ ဆဲလ်များမှာ ဆက်တိုက် ကွဲပွားခြင်း၊ သေဆုံးခြင်းနှင့် ပြန်လည် ကွဲပွားခြင်းတို့ကို ဖြစ်ပေါ်နေစေသည်။
ယွီရှန်း၏ ခြေထောက်များမှ အရိုးနှင့် အသွေးအသားများလည်း တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဤမြင်ကွင်းမှာ အမှန်တကယ် အံ့ဩစရာ ကောင်းလှသည်။ သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး၏ အသွင်ပြောင်းလဲမှုနှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းမှုကို မြင်တွေ့ခွင့်ရခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလှသည်။
သူ့ဘေးတွင် ချန်ရှီးသည် ယွီရှန်းကို အမြဲမပြတ် စိုက်ကြည့်နေသည်။ သူမ ယွီရှန်းကို ဂရုစိုက်ပေးနေသဖြင့် လင်းဖုန်းလည်း အလွန် စိတ်အေးသွားသည်။ ကြည့်ရသည်မှာ ယွီရှန်း၏ ခြေထောက်များ ပြန်ပေါက်လာရန် အချိန်အတန်ကြာနိုင်ပေသည်။ ထို့အပြင် ယွီရှန်းမှာ သတိလစ်နေသဖြင့် လင်းဖုန်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
စောင့်ဆိုင်းနေစဉ်အတွင်း ဥပဒေစိုးမိုးရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် သုံးဦးမှာလည်း ဂိတ်တံခါးများကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေသည်ကို လင်းဖုန်း တွေ့လိုက်ရသည်။ သူတို့မှာ တစ်လှမ်းမျှ မခွာဘဲ စောင့်နေကြပုံရသည်။ ထိုသည်က လင်းဖုန်းကို မျက်မှောင်ကြုတ်သွားစေသည်။
အမှန်တကယ်တော့ သူသည် ကျောက်တုံးမြို့ရှိ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် တိုက်ခိုက်ရန် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ အထူးသဖြင့် ဤလူသုံးဦးမှာ အလွန် အားကောင်းလှသည်။ တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုလျှင်ပင် လင်းဖုန်းက သူတို့၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
လင်းဖုန်းသည် ဥပဒေစိုးမိုးရေးအဖွဲ့မှ ဤအသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် အလွန် စိမ်းသက်လှသည်။ သူသည် ယခင်က ဗဟိုပင်လယ်တွင် သူတို့နှင့် တစ်ခါမျှ ထိတွေ့မှု မရှိခဲ့ဖူးပေ။ သူတို့မှာ အစိုးရအဖွဲ့နှင့် ဆက်နွှယ်နေပုံရသည်။
ဤအခွင့်အရေးကို အသုံးချကာ လင်းဖုန်းသည် သူ၏ ဆက်သွယ်ရေးကိရိယာကို ထုတ်ယူလိုက်ပြီး ၎င်းမှတစ်ဆင့် သိုင်းနယ်မြေကွန်ရက်သို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။ ထို့နောက် ဖိုရမ်ကို ရှာဖွေလိုက်သည်။
သူသည် အစိုးရအဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့မှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို စုဆောင်းလိုသည်။
သိုင်းနယ်မြေကွန်ရက်ကို အဖွဲ့ကြီး ငါးခုလုံးအတွက် ဖွင့်လှစ်ပေးထားပြီး ယင်း၏ ဖိုရမ်မှာလည်း ထိုနည်းအတိုင်းပင်။ အတွင်းတွင် အင်အားစုမျိုးစုံ ရောယှက်နေကြသည်။
သေချာပေါက်ပင် သိုင်းနယ်မြေဖိုရမ်ကို ပညာရေးအဖွဲ့ ကဏ္ဍ၊ အစိုးရအဖွဲ့ ကဏ္ဍ စသည်ဖြင့် ကဏ္ဍများစွာ ခွဲခြားထားသည်။ သို့သော် ၎င်းတို့အားလုံးကို ဖွင့်လှစ်ပေးထားပြီး သိုင်းနယ်မြေဖိုရမ်သို့ ဝင်ရောက်ခွင့်ရှိသူတိုင်း မြင်တွေ့နိုင်သည်။
လင်းဖုန်းသည် အစိုးရအဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့ဟူသော သော့ချက်စကားလုံးများကို တိုက်ရိုက် ရှာဖွေလိုက်ရာ ပို့စ်အမြောက်အမြားကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲတွင် အစိုးရအဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့အကြောင်း အထူးတလည် မိတ်ဆက်ထားသည့် ပို့စ်အချို့လည်း ပါဝင်သည်။
လင်းဖုန်း သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ အစိုးရအဖွဲ့က ဥပဒေစိုးမိုးရေးအဖွဲ့ကို တည်ထောင်ရခြင်းမှာ အမှန်တကယ်တော့ အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအာဏာကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။ အခြားသော အဖွဲ့အစည်းများတွင်လည်း အလားတူ အဖွဲ့အစည်းများ ရှိကြသည်။
ဥပဒေစိုးမိုးရေး အဖွဲ့ဝင်များမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ ဖြစ်ရမည်။ အရေးကြီးသော မြို့တိုင်းတွင် သံတမန်တစ်ဦး ရှိရမည်ဖြစ်ပြီး ၎င်းမှာ အသက်ဝိညာဥ်အသွင်ကူးပြောင်းမှု နှစ်ကြိမ် ပြုလုပ်ထားသော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်ရမည်။
သို့သော် လင်းဖုန်း ပို့စ်များကို လိုက်ကြည့်နေစဉ်တွင် အခြားသော အဖွဲ့ကြီးလေးခုနှင့် အစိုးရအဖွဲ့၏ ဥပဒေစိုးမိုးရေးအဖွဲ့တို့အကြား အချင်းချင်း တိုက်ခိုက်နေကြသည့် ပို့စ်အချို့ကို မတော်တဆ တွေ့ရှိသွားသည်။ ထို့အပြင် ထိုသည်မှာ ပို့စ်တစ်ခုတည်း မဟုတ်ဘဲ အမြောက်အမြား ရှိနေခြင်း ဖြစ်သည်။
သူလည်း အလွန် စိတ်ဝင်စားသွားသဖြင့် တစ်ခုချင်းစီကို နှိပ်ကာ အသေးစိတ် ဖတ်ကြည့်လိုက်သည်။
သို့သော် ဤသို့ ဖတ်ကြည့်ပြီးနောက် လင်းဖုန်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အေးစက်လာတော့သည်။
အဖွဲ့ကြီး ငါးခုမှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် အချင်းချင်း မနှစ်သက်ကြသလို အချင်းချင်းလည်း ယှဉ်ပြိုင်နေကြသည်။ ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် အရာအားလုံးကို ခြုံငုံကြည့်လျှင် သူတို့မှာ စည်းလုံးနေကြဆဲပင်။ သူတို့ စည်းလုံးနေရသည့် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ကြောက်မက်ဖွယ် ကြမ်းကြုတ်သားရဲများပင်။ လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်တွင် အစွမ်းထက်သော သားရဲများက ချောင်းမြောင်း စောင့်ဆိုင်းနေကြသည်။ လူသားများသည် ဤကမ္ဘာ၏ သခင်များ မဟုတ်ကြပေ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ အားလုံးသည် ရှေ့တန်းစစ်မျက်နှာတွင် သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြပြီး လူသားများ ရှင်သန်နိုင်မည့် နေရာတစ်ခုရရှိရန် ကြိုးစားနေကြသည်။ သို့သော် အစိုးရအဖွဲ့မှ သိုင်းသမားများသာ ကင်းလွတ်ခွင့် ရနေကြသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရအဖွဲ့တွင် အုပ်ချုပ်ရေးအာဏာ ရှိနေသောကြောင့် ဖြစ်သည်။ အစိုးရအဖွဲ့သို့ ဝင်ရောက်သော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ အားလုံးသည် အဓိက မြို့ကြီးအသီးသီးတွင် အခြေချနေထိုင်ရန် လျှောက်ထားနိုင်သည်။
ဥပမာအားဖြင့် ဥပဒေစိုးမိုးရေးအဖွဲ့သို့ ဝင်ရောက်ခြင်းမှာ အလွန် အတွေ့ရများသည်။ သူတို့သည် အစိုးရအဖွဲ့ကို လူ့အဖွဲ့အစည်းတစ်ခုလုံးအား စီမံခန့်ခွဲရန် ကူညီပေးကြသည်။ သို့သော် လူ့အဖွဲ့အစည်းကို စီမံခန့်ခွဲရန်အတွက် သာလွန်လူသား ကျွမ်းကျင်သူ အမြောက်အမြား ဘာကြောင့် လိုအပ်ရသနည်း။ အစိုးရအဖွဲ့တွင်လည်း ရှေ့တန်းအခြေစိုက်စခန်းများ ရှိသော်လည်း ထိုနေရာတွင် သာလွန်လူသား ကျွမ်းကျင်သူ အလွန် နည်းပါးလှသည်။
အစိုးရအဖွဲ့မှ အသွင်ပြောင်းနယ်ပယ် သိုင်းသမား အများစုမှာ စစ်တိုက်ရန် စစ်မြေပြင်သို့ တစ်ခါမျှ မသွားခဲ့ကြဖူးပေ။ သူတို့မှာ နောက်တန်းတွင် ပုန်းအောင်းနေကြပြီး ရယ်စရာကောင်းသော အုပ်ချုပ်မှုအခွင့်အရေးများကိုသာ ကျင့်သုံးနေကြသည်။ လက်တွေ့တွင်မူ သူတို့သည် စစ်ပွဲနှင့် သားရဲများကို ရှောင်ရှားနေကြခြင်းသာ ဖြစ်သည်။
ထို့ကြောင့် အစိုးရအဖွဲ့မှ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများကို အခြားသော အဖွဲ့ကြီးလေးခုမှ သိုင်းသမားများက လူကြောက်များဟု ခေါ်ဝေါ်ကြသည်။ သူတို့သည် အစိုးရအဖွဲ့မှ သိုင်းသမားများကို အထင်သေးကြပြီး ပို့စ်များပေါ်တွင်လည်း ခဏခဏ တိုက်ခိုက်လေ့ ရှိကြသည်။ အဖွဲ့ကြီး လေးခုမှ သိုင်းသမားများက ရှေ့တန်းတွင် သူတို့၏ အသက်ကို ရင်းကာ တိုက်ခိုက်နေကြစဉ် အစိုးရအဖွဲ့မှ သိုင်းသမားများကတော့ နောက်တန်းရှိ လူသားမြို့တော်များတွင် သာယာချမ်းမြေ့သော ဘဝကို ခံစားနေကြသည်။
ပို၍ အရေးကြီးသည်မှာ ရှေ့တန်းတွင် တစ်ခါမျှ မတိုက်ခိုက်ဖူးသော အစိုးရအဖွဲ့မှ သာလွန်လူသား ကျွမ်းကျင်သူများသည်လည်း အခြားသော သာလွန်လူသားများ ရရှိသည့် အခွင့်ထူးများကို ခံစားနေရခြင်းပင်။
ရေတွက်၍မရသော သိုင်းသမားများသည် ရှေ့တန်းတွင် အသက်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း သူတို့၏ မိသားစုနှင့် သူငယ်ချင်းများမှာမူ အစိုးရအဖွဲ့မှ ထိုလူကြောက် သိုင်းသမားများ၏ အုပ်ချုပ်မှုနှင့် ဖိနှိပ်မှုအောက်တွင် ရှိနေကြသည်။ ဥပမာအားဖြင့် ယွီရှန်းသည် ရှေ့တန်းတွင် ဒဏ်ရာရခဲ့ပြီး ထိုနေရာမှ ကျောက်တုံးမြို့သို့ ပြန်လာခဲ့သည်။
သူ အကူအညီ လိုအပ်နေချိန်တွင် အစိုးရအဖွဲ့မှ သိုင်းသမားများ ဘယ်မှာ ရှိနေခဲ့သနည်း။ သူတို့က လုံးဝ ဂရုမစိုက်ခဲ့ကြသော်လည်း အခွင့်ထူးမျိုးစုံကိုတော့ ခံစားနေကြဆဲ ဖြစ်သည်။ အချို့မှာ ယုတ်မာသူများကိုပင် ကူညီပေးနေကြသေးသည်။
လင်းဖုန်း သိုင်းနယ်မြေကွန်ရက်မှ ထွက်လိုက်သည်။ သူသည် တံခါးအပြင်ဘက်ရှိ ဥပဒေစိုးမိုးရေး အရာရှိ သုံးဦးကို အေးစက်စက် အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
***