ကြယ်တာရာစွမ်းအားမျှင် ၉၉ ခု ပေါက်ကွဲထွက်လာခြင်းက ဘယ်လောက်တောင် အစွမ်းထက်သလဲ။
လင်းဖုန်း အရင်က မသိခဲ့သော်လည်း ယခုတော့ သူ သိသွားပြီ ဖြစ်သည်။ အဘိုးကျန်းသည် လုံးဝ တွန့်ဆုတ်မနေခဲ့ပေ။ တန်ချိန် ၁၄၀၀ ကျော်ရှိသော လင်းဖုန်း၏ ခွန်အားကို ရင်ဆိုင်ရချိန်တွင် သူသည် မည်သည့်နည်းလမ်းနှင့်မဆို သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အဓိကဦးစားပေးကြိုးစားရပေမည်။ ကြယ်တာရာစွမ်းအားများကို ရူးသွပ်စွာ အစွမ်းကုန်ထုတ်ဖော်လိုက်လေသည်။
ဝှစ်
ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉ ခုက အဘိုးကျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း အသက်ဝင်လာပြီး သူ့ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ထူထပ်သော ကြယ်တာရာစွမ်းအား ကွန်ရက်တစ်ခုကို ဖြစ်ပေါ်စေသည်။ အဆီအနှစ်စွမ်းအားများနှင့် ပေါင်းစပ်လိုက်သောအခါ လက်ရှိသူ၏ကာကွယ်မှုမှာ အလွန်အမင်း အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။
အဘိုးကျန်းသည် ယခင်က ဤမျှ အောက်ကျနောက်ကျ တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။ သို့သော် လင်းဖုန်း သူ့ခွန်အားအပြည့်ဖြင့် ထုတ်ဖော်လိုက်သော စွမ်းအားက အဝေးမှပင် သူ့ကို အသက်ရှူကျပ်စေရန် လုံလောက်နေသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မကြာသေးမီကမှ ချိုးဖျက်ထားရုံမျှဖြင့် ဤသို့သော စွမ်းအားရှိရန်မှာ မည်သို့ ဖြစ်နိုင်အံ့နည်း။ ထိုစွမ်းအားမှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် ကျွမ်းကျင်သူများနှင့်ပင် ရင်ပေါင်တန်းနိုင်ပေသည်။
လင်းဖုန်း၏ ပုံရိပ်သည် အမြောက်ဆန်တစ်ခုအလား ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ ထိုသူနှစ်ဦး သူတို့၏ ခုခံကာကွယ်မှုအားလုံး အစွမ်းကုန် ခင်းကျင်းထားသည်ကို သူ မြင်တွေ့ရသော်လည်း ယင်းက ဘာအရေးပါလိမ့်မည်နည်း။
လင်းဖုန်းသည် အထက်စည်းမှနေ၍ အောက်သို့ ငုံ့ကြည့်ကာ ရုတ်တရက် လက်သီးတစ်ချက် ထိုးချလိုက်သည်။ လင်းဖုန်း၏ လက်သီးချက်သည် ထိုက်တောင်ကြီး ဖိချလိုက်သကဲ့သို့ပင်။ သူ့တစ်ကိုယ်လုံးမှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများကို လက်သီးတစ်ချက်တည်းဖြင့် ရိုက်ချလိုက်သည်။ သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ သူတို့နှစ်ဦးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ကြီးမားသော တွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ လင်းဖုန်းသည် ကြယ်တံခွန်တစ်ခု ကျဆင်းလာသကဲ့သို့ အောက်သို့ ပြေးဆင်းသွားသည်။
ဘုန်း...ဘုန်း... ဘုန်း...ဘုန်း...
လက်သီးချက်များ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။ လက်သီးချက်တိုင်းက သူ၏ ခွန်အားအားလုံးကို ထုတ်ဖော်ထားပြီး ထိုနှစ်ဦးကို သွေးအန်လုမတတ် တုန်လှုပ်သွားစေသည်။ သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ပေးနေသော ကြယ်တာရာစွမ်းအားများ ရှိနေသေးသည်။ ကြယ်တာရာစွမ်းအားများ မလွင့်စင်သွားသရွေ့ သူတို့နှစ်ဦးမှာ လုံးဝနီးပါး မရှုံးနိမ့်နိုင်သူများ ဖြစ်ကြသည်။
ဤသည်မှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ ထူးခြားချက်ပင် ဖြစ်သည်။ ကြယ်တာရာစွမ်းအားက အရေးကြီးဆုံးဖြစ်ပြီး မွေးရာပါ စွမ်းရည်များကပင် ဒုတိယနေရာတွင် ရှိသည်။ ယခင် နဂါးကျောက်တုံးမြို့ အပြင်ဘက်တွင် သာလွန်လူသား ကျွမ်းကျင်သူများသည် ဝက်အူရစ်ပိုးကောင် နတ်ဆိုးများ၏ ဝိုင်းဝန်းပိတ်ဆို့မှုအောက်တွင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့ခြင်းမှာ အမှန်တကယ်တော့ သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ပေးနေသော ကြယ်တာရာစွမ်းအားများ ရှိနေခြင်းကြောင့်ပင်။
ကြယ်တာရာစွမ်းအားများ မလွင့်ပါးသွားသရွေ့ သူတို့ ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတော့ကော။ လင်းဖုန်း၏ လက်သီးတစ်ချက်တည်းဖြင့် ကျန်းမိသားစုမှ မျိုးဆက်နှစ်ဆက် သာလွန်လူသားများ၏ ကြယ်တာရာစွမ်းအားများကို မလွင့်စင်သွားစေနိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုက သူတို့နှစ်ဦးကို အလွန် နေရခက်စေဆဲ ဖြစ်သည်။
အသက်ဝိညာဉ်အသွင်ကူးပြောင်းမှု တစ်ကြိမ်အပြီးတွင် သူတို့၏ ကြံ့ခိုင်သန်မာသော ရုပ်ခန္ဓာတည်ဆောက်ပုံနှင့် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းထားသော ခန္ဓာကိုယ်များ ရှိနေလျက်နှင့်ပင် လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်မှ ရိုက်ခတ်မှုကို သူတို့ မည်သို့မျှ မခံနိုင်ချေ။
လင်းဖုန်းသည် သာလွန်လူသား နှစ်ဦးကို သဲအိတ်များကဲ့သို့ ထိုးကြိတ်ကာ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ရိုက်ချနေသဖြင့် ကြီးမားသော တွင်းပေါက်ကြီးများတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးမှာ ရုန်းကန် ခုခံကြသော်လည်း လင်းဖုန်းကို ရိုက်ခတ်သွားသော ခွန်အားများမှာ အရည်ပျော်နေသော ရွှံ့စေးများကဲ့သို့ပင် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
အမှန်တကယ်တော့ သူတို့၏တိုက်ခိုက်မှုမှာ လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။ လင်းဖုန်းသည်လည်း မရေမတွက်နိုင်သော ထိုးနှက်ချက်များကို ခံစားခဲ့ရသည်။ သို့သော် သူ့တွင် မသေနိုင်သော အစွမ်းသတ္တိ ရှိနေသည်။ ထိုဒဏ်ရာ အနည်းငယ်မှာ ဘာမှမဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထိပ်တိုက် ရင်ဆိုင်မှုတွင် သူ ဘယ်သူ့ကိုမျှ မကြောက်ပေ။
ယခင်က ဥပဒေစိုးမိုးရေးအဖွဲ့မှ အသွင်ပြောင်းနယ်ပယ် သိုင်းသမား လေးဦးကို ရင်ဆိုင်ခဲ့စဉ်ကလည်း လင်းဖုန်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ကိုသာ အားကိုးခဲ့သည်။ သူတို့၏ ကြယ်တာရာစွမ်းအားများကို သူ မလွင့်စင်သွားစေနိုင်လျှင်တောင် ရိုက်ခတ်မှုမှတစ်ဆင့် သူတို့ကို ဒဏ်ရာရစေနိုင်သေးသည်။
ဘုတ်
မရေမတွက်နိုင်သော ထိုးနှက်ချက်များကို ခံရပြီးနောက် ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများမှာ သွေးတစ်ပွက် မအန်ဘဲ မနေနိုင်တော့ပေ။ သူတို့ ရှုံးနိမ့်သွားပြီ ဖြစ်သည်။ ဤမျှ ရှင်းလင်းပြတ်သားကာ အရှက်ရဖွယ် ကောင်းသော နည်းလမ်းဖြင့် ရှုံးနိမ့်သွားခြင်းပင်။ လင်းဖုန်း၏ တစ်ဖက်သတ် ပြင်းထန်စွာ ရိုက်နှက်မှုကို သူတို့ ခံလိုက်ရခြင်း ဖြစ်သည်။
ဤအဖြစ်မှာ သူတို့အတွက် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။ သူတို့ မသေလျှင်တောင် အနာဂတ်တွင် ကျောက်တုံးမြို့၌ သူတို့တွင် မည်သည့် ဂုဏ်သိက္ခာမျှ ရှိတော့မည် မဟုတ်ပေ။
ဤမြင်ကွင်းက လူတိုင်းကို အံ့သြမှင်သက်သွားစေသည်။ အမှန်တကယ်တန်းတွင် ကျန်းမိသားစုသည် ယနေ့အတွက် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။ သူတို့သည် ကျန်းဟွေကို ခေါ်သွားရန် ရဲစခန်းမှ လူများကို စောစောစီးစီး စေလွှတ်ထားခဲ့သည်။ ထို့အပြင် လင်းဖုန်း ရောက်လာသည့်တိုင် သူတို့သည် တမင်သက်သက် နောက်ချန်နေခဲ့ကြသည်။ လက်တွေ့တွင် လင်းဖုန်းရှေ့၌ အချက်တစ်ခုကို သူတို့ သက်သေပြချင်ခဲ့သည်။ ကျန်းဟွေ မှားခဲ့သော်လည်း သူသည် ကိုယ့်ဖာသာကိုယ် အဖမ်းခံပြီးပြီ ဖြစ်သည်။ သူ့ကို အပြစ်ပေးရန် တရားဥပဒေရှိသည်။ လင်းဖုန်း လုံးဝဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သူတို့နှစ်ဦး၏ ခွန်အားဖြင့် လင်းဖုန်းကို အချိန်အတန်ကြာ တားဆီးထားရန်မှာ ပြဿနာ မဟုတ်ကြောင်း သူတို့ ခံစားခဲ့ရသည်။ ဥပဒေစိုးမိုးရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်များမှာလည်း လင်းဖုန်းနောက်မှ လိုက်ပါလာကြသည်။ ထိုအချိန်ကျလျှင် အသာစီးမရသူမှာ သေချာပေါက် လင်းဖုန်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် နောက်ဆုံးမှာတော့....။
သူတို့တွေ အေးအေးဆေးဆေး နေလာရတာ တကယ်ပဲ ကြာလွန်းသွားလို့ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့သည် နောက်တန်းရှိ မြို့ကြီးများတွင် သက်တောင့်သက်သာ ဘဝများကို ဖြတ်သန်းကာ အခွင့်ထူးမျိုးစုံကို ခံစားနေခဲ့ကြသည်။ သိုင်းသမားများ၏ သေရေးရှင်ရေး တိုက်ပွဲကို သူတို့ မေ့လျော့နေခဲ့သည်မှာ အတောိကြာပြီ ဖြစ်သည်။
ရှေ့တန်းတွင် သားရဲများနှင့် မိစ္ဆာများကို တိုက်ခိုက်နေကြသော သာလွန်လူသား ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက သူတို့မှာ အလွန် နိမ့်ကျလွန်းလှသည်။
ထို့ကြောင့် သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားများထက် များစွာ ပိုမိုအစွမ်းထက်သော လင်းဖုန်းနှင့် တွေ့ဆုံသောအခါ လင်းဖုန်း၏ ပြင်းထန်စွာ ရိုက်နှက်မှုကိုသာ သူတို့ ခံရတော့သည်။ သူတို့ ဘာမှ မတတ်နိုင်ခဲ့ပေ။
"လင်းဖုန်း... ရပ်လိုက်စမ်း"
နောက်ဆုံးတော့...။ ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများအတွက်တော့ ဆယ်စက္ကန့်ဝန်းကျင်မျှ တိုတောင်းသော အချိန်လေးမှာ ထာဝရကာလတစ်ခုလို ခံစားခဲ့ရသည်။ ဥပဒေစိုးမိုးရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် နှစ်ဦး အမီလိုက်လာကြသည်။ လင်းဖုန်း အမှန်တကယ် ထပ်မံ တိုက်ခိုက်နေသည်ကို တွေ့ရပြီး ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများနှင့် ဖြစ်နေသဖြင့် သူတို့နှစ်ဦးစလုံးမှာ ခေါင်းကိုက်သွားကြသည်။
လင်းဖုန်း မတ်တပ်ရပ်လိုက်ပြီး အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမား နှစ်ဦးကို အေးစက်စက် စူးစိုက်ကြည့်လိုက်သည်။ သံသယဖြစ်ဖွယ်မရှိဘဲ ဤလူနှစ်ဦးမှာ ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများထက် များစွာ ပိုမို အစွမ်းထက်ကြသည်။
အကယ်၍ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးသည် အထွတ်အထိပ်သို့ ရောက်ရှိပါက သူတို့တွင် ကြယ်တာရာစွမ်းအား အမျှင် ၉၉၉၉ ခုပင် ရှိနေမည် ဖြစ်သည်။ သူတို့၏ ကြယ်တာရာစွမ်းအားများကို လွင့်စင်သွားစေရန် လင်းဖုန်းတွင် ယုံကြည်မှု လုံးဝ မရှိပေ။ ထို့အပြင် ကြယ်တာရာစွမ်းအားများကို ကာကွယ်ရေးအတွက်သာမက ပေါက်ကွဲထွက်နိုင်သော တိုက်ခိုက်မှုများအတွက်ပါ အသုံးပြုနိုင်သည်။ ကြယ်တာရာစွမ်းအား အမျှင် တစ်ရာ ပေါက်ကွဲထွက်လာမှုကပင် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် အထွတ်အထိပ် သိုင်းသမားတစ်ဦး၏ အစွမ်းကုန် ခွန်အားထက် များစွာ ပိုမို အစွမ်းထက်လှသည်။
"ဘာလဲ... မင်းတို့က ငါ့ကို တိုက်ခိုက်ချင်တာလား"
လင်းဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မားမားမတ်မတိရပ်နေသည်။ တောက်ပနေသော လူသားသူရဲကောင်းတံဆိပ်မှာ သူ့ ရင်ဘတ်တွင် ချိတ်ဆွဲထားဆဲဖြစ်ပြီး သူသည် လူသားသူရဲကောင်း တစ်ဦးဖြစ်ကြောင်းနှင့် လူသားသူရဲကောင်း တစ်ဦးကို တိုက်ခိုက်ခြင်းက ဘာကို ဆိုလိုကြောင်း လူတိုင်းကို သတိပေးနေသကဲ့သို့ပင်။
ခေါင်းဆောင်ရှဲ့လည်း ခေါင်းကိုက်နေသော်လည်း ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများ၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ သူ လျစ်လျူရှုမထားနိုင်ပေ။ သူသည် ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးစလုံးမှာ ကျောက်တုံးမြို့ရှိ အစိုးရအဖွဲ့မှ သာလွန်လူသား ကျွမ်းကျင်သူများ ဖြစ်ကြသည် မဟုတိပါလား။
"လင်းဖုန်း... ယွီရှန်း မသေသေးဘူး။ မင်း တကယ် ဘာလုပ်ချင်နေတာလဲ"
"ယွီရှန်း မသေသေးပေမဲ့ ယွီရှန်းကို အကွက်ချ ကြံစည်ခဲ့တဲ့ တရားခံက ကျန်းဟွေပဲ။ ငါ သူ့ကို သတ်မှာကို မင်းတို့က တားချင်နေတာလား"
"ကျန်းဟွေက ကိုယ့်ကိုယ်ကိုယ် အဖမ်းခံပြီးပြီ။ သူ့ကို ရဲတွေ ဖမ်းသွားပြီ။ သဘာဝကျကျပဲ မျှတပြီး တရားဝင်တဲ့ စီရင်ချက်တစ်ခု ရှိလာမှာပါ။ အဲ့ဒီအတွက် မင်း ဝင်စွက်ဖက်ခွင့် မရှိဘူး"
"ဟားဟား... မျှတတဲ့ စီရင်ချက် ဟုတ်လား။ အခွင့်ထူးမျိုးစုံကို ခံစားနေကြတဲ့ မင်းတို့ သာလွန်လူသား ကျွမ်းကျင်သူတွေက စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးဘူး။ မင်းတို့ကို ငါ ဘယ်လို ယုံရမှာလဲ"
"ဒါက အစိုးရအဖွဲ့ ကျင့်သုံးရမယ့် အုပ်ချုပ်မှုအခွင့်အရေးပဲ။ မင်း မဆင်မခြင် လုပ်လို့ မရဘူး။ လင်းဖုန်း... မင်း နောက်ဆုတ်လိုက်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ဒါပေမဲ့ မင်းက ခေါင်းမာပြီး အမှားတွေကိုပဲ ဆက်လုပ်နေမယ်ဆိုရင် မင်းအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူးနော်"
လင်းဖုန်း ထပ်ပြီး ဘာမှ မပြောတော့ပေ။ နှစ်ဖက်စလုံးမှာ မတူညီသော ဘက်များတွင် ရှိနေကြပြီး တစ်ဖက်နှင့်တစ်ဖက် မည်သူကမျှ အနိုင်မယူနိုင်ကြပေ။
ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများမှာ မသေသေးပေ။ သူတို့မှာ ထိုမျှအထိ ပျော့ညံ့သူများ မဟုတ်ကြပေ။ သို့သော် သူတို့၏ အကြည့်များမှာ အလွန် တည်ကြည်နေသည်။ ဤအဖြစ်အပျက်ပြီးနောက်တွင် သူတို့သည် လင်းဖုန်းနှင့် လုံးဝ ရန်သူများ ဖြစ်သွားကြပြီ ဖြစ်သည်။
နှစ်ဖက်စလုံးသည် မတူညီသော အဖွဲ့အစည်းများမှ ဖြစ်ကြပြီး အချင်းချင်း လုံးဝ မကြောက်ရွံ့ကြပေ။ သို့သော် ဤနေရာမှာ အစိုးရအဖွဲ့ အင်အားအကောင်းဆုံးဖြစ်သည့် ကျောက်တုံးမြို့ ဖြစ်သည်။ ဤအသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမား နှစ်ဦး ရှိနေသဖြင့် လင်းဖုန်းအနေဖြင့် ကျန်းဟွေကို သတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် နှစ်ဖက်စလုံးမှာ အကျပ်အတည်းတစ်ခုထဲသို့ ကျရောက်သွားကြသည်။ ဤမြင်ကွင်းက ဗီလာအတွင်းရှိ အခြားသော သာမန်လူများ၏ အာရုံစိုက်မှုကိုပင် ရရှိသွားသည်။
ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသားများ၏ သနားစဖွယ် အခြေအနေကို ကြည့်ကာ သာမန်လူများသည် ကျန်းမိသားစု၏ သာလွန်လူသား ကျွမ်းကျင်သူများကို ဤကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေမျိုးတွင် မည်သည့်အချိန်က မြင်ဖူးခဲ့ကြသနည်း။
ခေါင်းဆောင်ရှဲ့သည် ဤနေရာတွင် လင်းဖုန်းနှင့် အချိန်ပြည့် ထိပ်တိုက် မရင်ဆိုင်ထားနိုင်သော်လည်း သူ တိုက်ခိုက်၍လည်း မရပေ။ သူလည်း အလွန်တရာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ထို့ကြောင့် သူသည် ဤနေရာမှ အခြေအနေကို သံတမန်ထံ ချက်ချင်း အစီရင်ခံလိုက်သည်။
ဤနေရာမှာ အစိုးရအဖွဲ့၏ နယ်မြေဖြစ်ကြောင်း လင်းဖုန်း သဘာဝကျစွာပင် သိရှိနေသည်။ ဥပဒေစိုးမိုးရေးအဖွဲ့ တစ်ခုတည်းတွင်ပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမား အများအပြား ရှိနေသည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သော သံတမန်ကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။
သံတမန် ဝင်စွက်ဖက်လာသည်နှင့်တပြိုင်နက် ကျန်းဟွေကို သတ်ရန် သူ့အတွက် ပို၍ပင် ခက်ခဲလာပေလိမ့်မည်။ သို့သော် ဥပဒေစိုးမိုးရေးအဖွဲ့က စစ်ကူခေါ်နိုင်လျှင် သူကကော မလုပ်နိုင်ဘူးလား။
***