"လင်းဖုန်း..."
ယွီရှန်းက လင်းဖုန်းနှင့်အတူ တိုက်ပွဲဝင်ရန် အသင့်ပြင်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
သို့သော် လင်းဖုန်းက ခေါင်းခါကာ ပြောလိုက်သည်။ "ယွီရှန်း... လောလောဆယ် ဘေးမှာပဲ နေနေဦး။ မင်းရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလဲမှုဖြစ်စဥ်ကို အပြည့်အဝ မဖြတ်သန်းရသေးဘူး။ အခုက မင်း တိုက်ခိုက်ရမယ့် အချိန်မဟုတ်သေးဘူး။ ကျန်းဟွေကို စောင့်ကြည့်ထား။ သူ့ကို ထွက်ပြေးခွင့် မပေးနဲ့။ အခွင့်အရေးရရင် ကျန်းဟွေကို သတ်လိုက်။"
ယွီရှန်း ခေါင်းညိတ်လိုက်သည်။ သူသည်လည်း အလွန် အကူအညီမဲ့သလို ခံစားနေရသည်။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားနိုင်ခဲ့သော်လည်း ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် လုံးဝ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။ သူ့ရှေ့က ကျန်းမိသားစု၏ မျိုးဆက်နှစ်ဆက် သာလွန်လူသား နှစ်ဦးထဲမှ တစ်ဦးကိုပင် သူ ယှဉ်နိုင်မည် မဟုတ်ပေ။
သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျန်းဟွေကို စောင့်ကြည့်ရန်သာ ဖြစ်သည်။ အခွင့်အရေးရပါက ကျန်းဟွေကို သူကိုယ်တိုင်ပင် သတ်ပစ်နိုင်သည်။
လင်းဖုန်းထံမှ ထွက်ပေါ်နေသော တိုက်ခိုက်လိုစိတ်များကို မြင်သောအခါ ခေါင်းဆောင်ရှဲ့၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ သူသည် စစ်မြေပြင်သို့ တစ်ခါမှ မသွားခဲ့ဖူးလျှင်ပင် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်နှင့် အသွင်ပြောင်းနယ်ပယ် ပထမအဆင့်ကြားရှိ ကွာဟချက်မှာ မှန်းဆ၍မရနိုင်အောင် ကြီးမားလှသည်။ လူတစ်ယောက် မည်မျှပင် ပါရမီရှိပါစေ အဆင့်နှစ်ခုကြားရှိ ကွာဟချက်ကို လျစ်လျူရှုဖြတ်ကျော်တိုက်ခိုက်ရန်မှာ အလွန် ခက်ခဲလှသည်။
ထို့ကြောင့် ခေါင်းဆောင်ရှဲ့က အခြား ဒုတိယအဖွဲ့ခေါင်းဆောင်ကို ပြောလိုက်သည်။
"ကျန်းဟွေကို စောင့်ကြည့်ထား။ သူ့ကို ဘာမှ အဖြစ်မခံနဲ့။ လင်းဖုန်းကို ငါ့ဆီ ထားခဲ့လိုက်။"
"ကောင်းပါပြီ၊ ဒါပေမဲ့ ခေါင်းဆောင်ရှဲ့လည်း သတိထားဦးနော်။ ဒီလင်းဖုန်းက လူသားသူရဲကောင်း တံဆိပ်ကို အခုလေးတင် ရထားတာ။ မမျှော်လင့်ထားတာ တစ်ခုခု မဖြစ်ရအောင် မြန်မြန်လုပ်ပြီး သူ့ကို အမြန်ဆုံး နှိမ်နင်းလိုက်ပါ။"
ခေါင်းဆောင်ရှဲ့သည် ဤသဘောတရားကို သေချာပေါက် သိထားပြီး ဖြစ်သည်။ သူသည် အင်အားလျှော့သုံးရန်ပင် ရည်ရွယ်မထားဘဲ လင်းဖုန်းကို အမြန်ဆုံး နှိမ်နင်းရန် စီစဉ်ထားသည်။
"မင်းက အရမ်း ပါရမီရှိတယ်။ အနာဂတ်မှာ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို နောက်တစ်ကြိမ် ချိုးဖျက်ပြီး ဒုတိယအကြိမ် အသက်ဝိညာဥ်အသွင်ကူးပြောင်းမှုကို ဖြတ်သန်းပြီးတော့ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာနိုင်ခြေတောင် ရှိသေးတယ်။ ဒါပေမဲ့ သေချာတာက အခုတော့ မဟုတ်သေးဘူး"
ခေါင်းဆောင်ရှဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်တာရာစွမ်းအားများ တလက်လက် တောက်ပသွားပြီးနောက် ရုတ်တရက် လက်ဆန့်ကာ ကုပ်ယူဖမ်းဆွဲသည့် ဟန်ပန်တစ်ခု ပြုလုပ်လိုက်သည်။
ဝှစ်
ဝုန်း...
ဟင်းလင်းပြင်ထဲမှ ကြီးမားသော လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး လင်းဖုန်းထံသို့ အဘက်ဘက်မှ ကျယ်ပြန့်စွာ ဖုံးလွှမ်းလာသည်။ အဝေးမှပင် ဤကြီးမားသော လက်ဝါးကြီးထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားကို လင်းဖုန်း ခံစားမိသည်။
ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်နိုင်တဲ့ ကြယ်တာရာစွမ်းအား... သူ့ ပြိုင်ဘက်က ကြယ်တာရာစွမ်းအားများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။ ပြိုင်ဘက်၏ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်၏ အကန့်အသတ်သို့ သေချာပေါက် ရောက်ရှိနေပြီဖြစ်ပြီး သူ့အား ကြယ်တာရာစွမ်းအား အမျှင်တန်းပေါင်း ၉၉၉၉ ခုကို ပေးစွမ်းထားသည်။
ကြယ်တာရာစွမ်းအားဆိုသည်မှာ အံ့ဖွယ် စွမ်းအားတစ်ခု ဖြစ်သည်။ ထိုစွမ်းအားများ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာသောအခါ လူတစ်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ သွက်လက်မှု စသည်တို့ကို ချက်ချင်း သန်မာလာစေနိုင်သည်။ ထိုစွမ်းအားသည် သိုင်းသမားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ကဏ္ဍအားလုံးနီးပါးတွင် အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာစေနိုင်သည်။
ကြယ်တာရာစွမ်းအား များလေလေ ပေါက်ကွဲအား ပိုကောင်းလေလေပင်။
အကယ်၍ ကြယ်တာရာစွမ်းအားကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ အနီးကပ်တိုက်ခိုက်မှုများအတွက် အသုံးပြုနိုင်သည့်အပြင် အဝေးပစ် တိုက်ခိုက်မှုများအတွက်လည်း အသုံးပြုနိုင်သည်။ သို့သော် ကြယ်တာရာစွမ်းအား ကုန်ဆုံးမှုမှာ အလွန် များပြားလွန်းလှသည်။ သာမန် ပထမအဆင့်နှင့် ဒုတိယအဆင့် သိုင်းသမားများသည် ကြယ်တာရာစွမ်းအားများကို အပြင်သို့ ထုတ်လွှတ်ကာ တိုက်ခိုက်လေ့မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ကုန်ဆုံးမှုက ခံနိုင်ရည်မရှိလောက်အောင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
လင်းဖုန်းသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ကြယ်တာရာစွမ်းအားများဖြင့် အပြည့်အဝ စုစည်းထားသော ဤလက်ဝါးတစ်ချက်တည်းကပင် ကြယ်တာရာစွမ်းအား အမျှင်တန်း တစ်ထောင်ခန့် ပါဝင်ရမည်ဟု လင်းဖုန်း ခန့်မှန်းမိသည်။
ကြယ်တာရာစွမ်းအား အမျှင်တန်း တစ်ထောင်... ဤသည်မှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုနှင့် ညီမျှသည်။
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ လင်းဖုန်း ချက်ချင်း တီးတိုးရေရွတ်လိုက်သည်။
"ချပ်ဝတ်"
ချက်ချင်းဆိုသလိုပင် အရေခွံ ချပ်ဝတ်အလွှာတစ်ခုက လင်းဖုန်း၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးအုပ်သွားသည်။ သွယ်လျခန့်ညားသော ချပ်ဝတ်တန်ဆာအပြင် နူးညံ့သော ရေမြှုပ်လွှာနှင့် သူ့ ပခုံးပေါ်ရှိ အရိုးစူးအချို့က လင်းဖုန်းကို နက်နဲဆန်းကြယ်သော ရုပ်သွင်တစ်ခု ပေးစွမ်းထားသည်။
သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။ လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ဝဲဂယက်စွမ်းအားများ ထပ်မံ ပေါက်ကွဲထွက်လာသည်။
"ဝဲဂယက်စွမ်းအား တတိယအဆင့်"
ဝဲဂယက်စွမ်းအား သုံးခု ပေါက်ကွဲထွက်လာသောအခါ လင်းဖုန်း၏ လက်သီးချက်နောက်တွင် တန်ချိန် ၁၄၀၀ ကျော်သော ခွန်အားများ လိုက်ပါလာသည်။ အဝေးမှ လူများပင်လျှင် ထိုအသက်ရှူကျပ်မတတ် စွမ်းအားကို ခံစားမိနိုင်သည်။
ဟင်းလင်းပြင်ထဲတွင် ဘတ်စကက်ဘော ကွင်းတစ်ကွင်းစာ အရွယ်အစားရှိသော လက်ဝါးကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ အခြားတစ်ဖက်တွင်မူ လင်းဖုန်းသည် စစ်နတ်ဘုရားတစ်ပါးအလား ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက် လက်သီးတစ်ချက် ထိုးချလိုက်သည်။ ပြင်းထန်သော စွမ်းအားက ပြင်းထန်သော မုန်တိုင်းတစ်ခုကိုပင် ဖြစ်ပေါ်စေလုမတတ်ပင်။
ဝုန်း
လင်းဖုန်းသည် အသက်ရှူကျပ်သည့်အလား ခံစားလိုက်ရသည်။ ကြယ်တာရာ လက်ဝါးကြီးသည် ကြယ်တာရာစွမ်းအားများဖြင့် အပြည့်အဝ စုစည်းထားခြင်း ဖြစ်သည်။ ကြယ်တာရာစွမ်းအား အမျှင်တန်း တစ်ထောင်ကျော် ပေါက်ကွဲထွက်လာမှုမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုလက်ဝါးချက်သည် အဆောက်အအုံ တစ်လုံးကိုပင် အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်နိုင်သည်။
သို့သော် ဤလက်ဝါးကြီးက လင်းဖုန်းကို ရိုက်သတ်ရန် ရည်ရွယ်မထားပေ။ ထိုအစား လင်းဖုန်းကို အပြည့်အဝ ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ လင်းဖုန်း၏ တန် ၁၄၀၀ ကျော်ရှိသော ခွန်အားမှာ ကြယ်တာရာ လက်ဝါးကြီးရှေ့တွင် အလွန် သေးငယ်ပြီး အားနည်းလွန်းလှသည်။ သူသည် ကျယ်ပြောလှသော ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ရင်ဆိုင်နေရသည့် အင်းဆက်ပိုးမွှားလေး တစ်ကောင်နှင့် တူနေသည်။ မည်သို့ နှိုင်းယှဉ်နိုင်အံ့နည်း။ အရပ်မျက်နှာ အသီးသီးမှ ဖိချိတ်လာသော ခွန်အားက လင်းဖုန်းကို အသက်ရှူကျပ်လုမတတ် ဖြစ်စေသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အမှန်တကယ် ပိတ်မိသွားခဲ့သည်။ ကြယ်တာရာ လက်ဝါးကြီး ဆက်လက် ကျုံ့ဝင်လာသည်နှင့်အမျှ လင်းဖုန်းသည် အနှေးနှင့်အမြန်ဆိုသလို အပြည့်အဝ ပိတ်မိသွားတော့ပေလိမ့်မည်။
ခေါင်းဆောင်ရှဲ့က ခေါင်းခါကာ ပြောလိုက်သည်။ "မင်းရဲ့ ခွန်အားက တကယ်ကို အရမ်း အစွမ်းထက်ပါတယ်။ သန့်စင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်နဲ့ မင်းလိုအဆင့်ကို ရောက်ဖို့ဆိုတာ အရမ်း ရှားပါးတယ်။ မင်းက အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရဲ့ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ မင်းရဲ့ မွေးရာပါ စွမ်းရည်တွေကလည်း မဆိုးပါဘူး။ မင်းမှာ မွေးရာပါ စွမ်းရည် တစ်ခုထက်မက နိုးထလာခဲ့တာပဲ ဖြစ်ရမယ်။"
"ငါ မင်းကို တကယ် အားကျမိတယ်။ မင်းက အရမ်း ပါရမီပါတယ်။ အနာဂတ်မှာ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို နောက်တစ်ကြိမ် ချိုးဖျက်နိုင်ဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ ဒါပေမဲ့ အခုတော့ မင်း လမ်းမှားကို ရွေးခဲ့တယ်။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ စကြဝဠာရဲ့ စွမ်းအားထက် ဘယ်လိုလုပ် ပိုသန်မာနိုင်မှာလဲ။ ကြယ်တာရာစွမ်းအားဆိုတာ ငါတို့လို သိုင်းသမားတွေရဲ့ အခြေခံ အုတ်မြစ်ပဲ။ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ဆိုတာတောင် အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ရဲ့ ကျရှုံးခဲ့တဲ့ သိုင်းပညာရပ်တစ်ခုပဲ။ မင်း အဲဒါကို အမြင့်ဆုံးအဆင့်အထိ တတ်မြောက်သွားရင်တောင် ဘာထူးမှာလဲ"
ခေါင်းဆောင်ရှဲ့မှာ အလွန် သက်သောင့်သက်သာ ရှိနေပုံရသည်။ ကြယ်တာရာစွမ်းအားများဖြင့် စုစည်းထားသော လက်ဝါးကြီးက လင်းဖုန်းကို တစ်ချက်တည်းဖြင့် ဖမ်းဆုပ်ထားသည်။
သို့သော် သူ၏ စကားများက လင်းဖုန်းကို လှောင်ပြုံးခပ်ရေးရေးသာ ဖြစ်စေသည်။
"ငါ့လမ်းစဉ် မှားသလား၊ မှန်သလားဆိုတာ မင်း ဆုံးဖြတ်ခွင့်မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အားနည်းတယ်လို့ ဘယ်သူပြောလဲ။ ပြီးတော့ မင်းရဲ့ ကြယ်တာရာစွမ်းအားက စကြဝဠာအဆင့်နဲ့ အများကြီး ကွာဝေးသေးတယ်။ မင်းရဲ့ ကြယ်တာရာလက်ဝါးကို ငါ ဖျက်ဆီးပစ်မယ် ကြည့်ထား"
ဤကြယ်တာရာလက်ဝါးမှာ ခေါင်းဆောင်ရှဲ့၏ ကြယ်တာရာ သိုင်းပညာ ဖြစ်ရမည်ကို လင်းဖုန်း သိသည်။
လင်းဖုန်းသည် လောလောဆယ်တွင် မသုံးနိုင်သေးသောကြောင့် မည်သည့် ကြယ်တာရာ သိုင်းပညာကိုမျှ မဝယ်ယူခဲ့ပေ။ သူသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ ပို၍ အာရုံစိုက်ခဲ့သည်။ ကံမကောင်းစွာဖြင့် လင်းဖုန်းသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ နောက်ဆုံး အဆင့်ခြောက်ဆင့်ကို အခုလေးတင် ဝယ်ယူထားရုံသာ ရှိသေးပြီး ၎င်းတို့ကို ကျင့်ကြံရန် အချိန်မရခဲ့ပေ။
သို့မဟုတ်ပါက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကိုးဆ ပေါက်ကွဲထွက်လာမှုဖြင့် လင်းဖုန်းသည် ဤကြယ်တာရာလက်ဝါးကြီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
သို့သော် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ နောက်ထပ် အဆင့်ခြောက်ဆင့် မရှိရင်ကော ဘာဖြစ်လဲ။
လင်းဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်သီးမှာ ထူးဆန်းသော အရာဝတ္ထုတစ်ခုဖြင့် ဖုံးအုပ်သွားပြီး ချွန်ထက်သော ဦးချိုများ ထွက်ပေါ်လာသည်။
"ထက်မြက်သော ဦးချို"
ဤသည်မှာ လင်းဖုန်း ထက်မြက်သော ဦးချိုကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ လင်းဖုန်းသည် ယခင်က ထိုစွမ်းရည်ကို စမ်းသပ်ခဲ့ဖူးသည်။ ထက်မြက်သော ဦးချိုကို ဖျက်ဆီး၍မရနိုင်ပေ။ ထိုဦးချိုသည် မည်သည့်အရာ သို့မဟုတ် မည်သည့်စွမ်းအားကိုမဆို အလွယ်တကူ ထိုးဖောက်ဖျက်ဆီးနိုင်သည်။ လက်တွေ့တွင် ၎င်းသည် မည်သည့် နတ်လက်နက်ထက်မဆို ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤသည်မှာလည်း လင်းဖုန်း သူ့ဓားကိုပင် ယူဆောင်မလာခဲ့ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။ လက်နက်များဆိုသည်မှာ နောက်ဆုံးတွင် သူ့ကိုယ်ပိုင် အစိတ်အပိုင်းများ မဟုတ်ကြသောကြောင့် အလွန်အမင်း အားကိုး၍မရပေ။ ကိုယ်ပိုင် ခွန်အားကို အားကိုးခြင်းဖြင့်သာ တစ်စုံတစ်ယောက်သည် အနှိုင်းမဲ့ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။
"ဖျက်ဆီးစမ်း"
လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများအားလုံး ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ဝဲဂယက်အား သုံးခုလည်း ပေါက်ကွဲထွက်လာသည်။ သူ့လက်သီးပေါ်ရှိ ထက်မြက်သော ဦးချိုသည် ရွှေရောင် အလင်းတန်း တစ်ချက်ဖြင့် တောက်ပသွားသည်။ လင်းဖုန်း ချက်ချင်း ထုတ်လွှတ်လိုက်သော အစွမ်းထက်သည့် ခွန်အားကို အရင်းပြုကာ ကြီးမားလှသော ကြယ်တာရာလက်ဝါးကြီးထဲသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။
"အသုံးမဝင်ပါဘူး။ ကြယ်တာရာစွမ်းအား ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း မသိပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား သက်သက်က ဘာအသုံးကျမှာလဲ။ မင်း ငါ့ရဲ့ ကြယ်တာရာလက်ဝါးထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ခေါင်းဆောင်ရှဲ့သည် အလွန် တည်ငြိမ်အေးဆေးနေပုံရသည်။ ကြယ်တာရာလက်ဝါး သိုင်းပညာကို လဲလှယ်နိုင်ရန်အတွက် သူသည် အောင်မြင်စွာ မလဲလှယ်နိုင်မီ စုစုပေါင်း နှစ်ပေါင်း ၂၀ ကြာအောင် အကျိုးပြုတန်ဖိုးများကို စုဆောင်းခဲ့ရသည်။
ကြယ်တာရာလက်ဝါး ပုံစံရှိသော ဤကြယ်တာရာ သိုင်းပညာဖြင့် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားများကြားတွင်ပင် သူ့ကိုယ်သူ အတော်လေး အစွမ်းထက်သူဟု ယူဆနိုင်သည်။ အသွင်ပြောင်းလဲခြင်းကိုပင် အပြည့်အဝ မပြီးမြောက်သေးသည့် သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမား လင်းဖုန်းကို ရင်ဆိုင်ရန်မှာ သူ့အတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေလော။
လင်းဖုန်း လုံးဝ တုန်လှုပ်ခြင်း မရှိပေ။ ကြယ်တာရာလက်ဝါးကို ထိုးနှက်ရန် ခွန်အားအလုံစုံကို အစွမ်းကုန် အသုံးပြုလိုက်သည်။ ထိုအချိန်တွင် ချွန်ထက်သော ဦးချိုသည် ခဏမျှ ရပ်တန့်သွားသော်လည်း ထို့နောက်တွင် ဦးချိုသည် လွန်ပူတစ်ခုကဲ့သို့ ကြယ်တာရာလက်ဝါးကြီးကို ထိုးဖောက် ဖြတ်သန်းသွားတော့သည်။
ကြယ်တာရာလက်ဝါးကြီး လွင့်စင်သွားပြီး ကျယ်ပြောလှသော ကြယ်တာရာစွမ်းအားများ အရပ်မျက်နှာ အသီးသီးသို့ လှိုင်းလုံးများအဖြစ် ရိုက်ခတ်သွားသည်။ လှိုင်းလုံများ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာအားလုံးသည် ကြယ်တာရာစွမ်းအား၏ ရိုက်ခတ်ဖျက်ဆီးမှုကို ခံလိုက်ရသည်။ ကြီးမားလှသော ဗီလာဧရိယာကြီးသည် ရုတ်တရက် ရှုပ်ပွနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
အစပိုင်းက ယုံကြည်မှုအပြည့်နှင့် ပေါ့ပေါ့ပါးပါး ဖြစ်နေသော ခေါင်းဆောင်ရှဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။
***