“ဝှစ်... ဝှစ်... ဝှစ်...”
ရှုကျင်းမင်၏ အရပ်ရှည်ရှည် သန်မာသော ကိုယ်ဟန်က လှံရှည်တစ်စင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဝမ်ချီနှင့် အခြားသူများ၏ ကြားထဲတွင် လျှပ်စီးပမာ လှုပ်ရှားနေသည်။ တစ်ဦးချင်း တိုက်ခိုက်ပွဲတွင် မည်သူမျှ သူနှင့် မယှဉ်နိုင်သလို ယခုတွင် ထိုသူများအားလုံးက မိုးကြိုးနတ်ဘုရား လက်ချောင်း ၏ ဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိနေကြသူများသာ ဖြစ်သည်။ ဟန်ရှန်း၏ SSအဆင့် တိုက်ခိုက်ရေးနည်းSystem ဖြစ်သော အသက်ဝိညာဉ် မျှဝေခြင်း ပင်လျှင် ခံစားနေရသော ပြင်းထန်သည့် နာကျင်မှုဒဏ်ကြောင့် ပျက်ပြယ်သွားခဲ့ရသည်။
ဤလူစုလူဝေး၏ ရှေ့တွင် ရှုကျင်းမင်က သိုးအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် အတင်းဝင်ရောက်သွားသော ကျားတစ်ကောင်နှင့် တူနေပြီး သူ၏ လမ်းကြောင်းပေါ်ရှိသမျှ အရာအားလုံးကို ရက်ရက်စက်စက် သုတ်သင်နေတော့သည်။ သဲအိတ်ကို ထိုးနှက်နေသကဲ့သို့ပင် ရှုကျင်းမင်၏ လှံချက်တစ်ခုချင်းစီက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အားပါလှသည်။ ပြိုင်ဘက်များကို ခုခံခွင့်ပင် မပေးဘဲ ခုနစ်မီတာ၊ ရှစ်မီတာခန့် အဝေးသို့ လွင့်စင်သွားစေသည်။
သူက သူ၏ ခွန်အားကို အကောင်းဆုံး ထိန်းချုပ်ထားသဖြင့် ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ပြိုင်ဘက်များအနေဖြင့် ဘေးကင်းရေး ဘောလုံး ကို အသက်သွင်းနိုင်စွမ်း မရှိတော့ပေ။ ပြိုင်ဘက်က အရှုံးပေးကြောင်း ဝန်ခံပြီးမှသာ နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ သူက ကူးပြောင်းသည်။
ထွက်ပြေးရန် ကြိုးစားသူများ မရှိသည်တော့ မဟုတ်ပေ။ သို့သော် ရှုကျင်းမင်၏ အစွန်းရောက် မြန်နှုန်းရှေ့တွင် ထွက်ပြေးရန်မှာ မဖြစ်နိုင်သော အလုပ်ပင်။ ထို့ကြောင့် မိုးကြိုးနတ်ဘုရား လက်ချောင်း ကြောင့် မီးလောင်ကျွမ်းနေသော ဤမြက်ခင်းပြင်ကျယ်ကြီးက ရှုကျင်းမင် တစ်ယောက်တည်း ကပြအသုံးတော်ခံရာ စင်မြင့်တစ်ခု ဖြစ်သွားခဲ့လေတော့သည်။
"တကယ်ကို မယုံနိုင်စရာပဲ... မိုးကြိုးနတ်ဘုရား လက်ချောင်း တစ်ချက်တည်းနဲ့ တက္ကသိုလ်နှစ်ခုလုံးကို ခြေမှုန်းပစ်လိုက်တာလား... မိုးကြိုးဧကရာဇ်က တကယ်ပဲ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"
"အရင် တစ်ဦးချင်းပွဲတုန်းက မိုးကြိုးဧကရာဇ်က ဝမ်ချီကို အနိုင်ယူဖို့ ခက်ခက်ခဲခဲ တိုက်ခဲ့ရတာလေ... အခုတော့ ဒါက တစ်ဖက်သတ် ချေမှုန်းပွဲကြီး ဖြစ်နေပြီ"
"ဒါပေါ့... မဂျစ်စီးတီး တက္ကသိုလ်က အဲဒီ ပံ့ပိုးမှုအမျိုးအစား စွမ်းရည်ပိုင်ရှင်ဆိုရင် သူ့ရဲ့ စွမ်းအားအစစ်ကိုတောင် ထုတ်မသုံးလိုက်ရဘူး..."
အားကစားကွင်းအတွင်းရှိ ပရိသတ်အများအပြားက ရှုကျင်းမင်၏ နတ်ဘုရားတစ်ပါးကဲ့သို့ စွမ်းဆောင်ရည်ကြောင့် အမှန်ပင် အံ့အားသင့်နေကြရသည်။ မူလက ရှုကျင်းမင်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့လျှင်ပင် ပေကျင်းတက္ကသိုလ်နှင့် ကျင်းချန်းတက္ကသိုလ်တို့မှ ထိပ်တန်းပြိုင်ပွဲဝင် ၁၁ ယောက်ကို ရင်ဆိုင်ရန် အချိန်အတန်ကြာ ပေးရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ဝမ်ချီနှင့် သူ၏အပေါင်းအပါများက ပထမဆုံး ထိတွေ့မှုမှာတင် ပြိုလဲသွားခဲ့ကြသည်။ ဒါသည် တစ်ဖက်သတ် ချေမှုန်းခံရသည့် ရှုံးနိမ့်မှုကြီးသာ ဖြစ်သည်။
"ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာတောင် သူက လွှတ်မပေးသေးဘူး... မိုးကြိုးဧကရာဇ်က ကောင်းကောင်းကြီး လက်စားချေနေတာပဲ"
ဖန်သားပြင်ပေါ်တွင် ဆက်လက်ဖြစ်ပွားနေသော မြင်ကွင်းကြောင့် ပရိသတ်များမှာ ရင်သပ်ရှုမော ဖြစ်နေကြရသည်။
"ဟဲဟဲ... ပေကျင်းတက္ကသိုလ်နဲ့ ကျင်းချန်းတက္ကသိုလ်က ပူးပေါင်းပြီး မဂျစ်စီးတီးကို ဖိနှိပ်ခဲ့တာဆိုတော့ မိုးကြိုးဧကရာဇ်က လက်စားချေဖို့ ရွေးချယ်တာက သဘာဝကျပါတယ်"
လူဆိုသည်မှာ အားနည်းသူဘက်မှ စာနာတတ်ကြသည် မဟုတ်ပါလား။ မဂျစ်စီးတီး တက္ကသိုလ်၏ အားနည်းချက်မှာ သူတို့၏ အရည်အချင်း ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲ တက္ကသိုလ်နှစ်ခု ပူးပေါင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လူအများစုမှာ ရှုကျင်းမင်က အားနည်းသူကို နှိပ်စက်နေသည်ဟု မယူဆဘဲ အလွန်ပင် ကျေနပ်အားရနေကြသည်။
အထူးသဖြင့် မဂျစ်စီးတီး တက္ကသိုလ်၏ ပရိသတ်များမှာ လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ချီနှင့် အခြားသူများကြောင့် ခံစားခဲ့ရသော မကျေနပ်ချက်များ၊ အခံရခက်မှုများအားလုံး တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွသွားကြသည်။
"ပေကျင်းတက္ကသိုလ်နဲ့ ကျင်းချန်းတက္ကသိုလ် ပူးပေါင်းရင်တောင် ရှုံးနေတုန်းပဲလား... ဒီရှုကျင်းမင်က တကယ့်ကို မိစ္ဆာတစ်ကောင်ပဲ"
"အသက် ၁၉ နှစ်နဲ့ စတုတ္ထအဆင့်နိမ့်ကို ရောက်နေတာက တကယ်ကို မယုံနိုင်စရာ အမြန်နှုန်းပဲ... နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူတို့အားလုံး သတ္တမအဆင့် အထွတ်အထိပ် ဆရာကြီးတွေ ဖြစ်လာကြတော့မယ်"
ပွဲကြည့်စင်ပေါ်တွင် ရှိနေကြသော ဆရာများကလည်း အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်နေကြသည်။ ထိပ်တန်းတက္ကသိုလ် နှစ်ခု ပူးပေါင်းလိုက်ခြင်းကြောင့် မဂျစ်စီးတီးမှာ ခုခံနိုင်စွမ်း မရှိတော့ဟု ထင်ခဲ့ရသော်လည်း ရှုကျင်းမင် တစ်ယောက်တည်းက အခြေအနေအရပ်ရပ်ကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်ခဲ့သည်။
သူ၏ SSအဆင့် စွမ်းရည်က မဟာနွေရာသီ တိုင်းပြည်တွင် ဆယ်စုနှစ်များစွာအတွင်း တစ်ကြိမ်သာ ပေါ်ထွက်တတ်သော ပါရမီမျိုး ဖြစ်သည်။ ထိုသို့သော တိုးတက်မှုနှုန်းနှင့်ဆိုလျှင် သူ၏ ရှေ့ဆက်မည့် ခရီးလမ်းကို မည်သူက တားဆီးနိုင်မည်နည်း။
"ပေကျင်းတက္ကသိုလ်ကတော့... ရှုံးတော့မှာပဲ..."
ပေကျင်းတက္ကသိုလ် ပွဲကြည့်စင်ဘက်တွင် ရှုဖျင်၏ အိုမင်းနေသော မျက်နှာက ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ ပါးနပ်သော အကြံအစည်များ၊ ကျင်းချန်းတက္ကသိုလ်နှင့် ပူးပေါင်းရန် သုံးစွဲခဲ့သော ငွေကြေးများအားလုံးမှာ အချည်းနှီး ဖြစ်ခဲ့ရသည်။ ဤနတ်ဆိုးဘုရင်ကို သူတို့ မနှိမ်နင်းနိုင်ခဲ့ပေ။
"ကျောင်းအုပ်ကြီးလင်း.... ကျုပ် ရှုံးကြေးကို ပေးပါ့မယ်"
"SSအဆင့်နဲ့ Sအဆင့် အရင်းအမြစ်တွေကို နောက်မှ ပို့ပေးလိုက်ပါ့မယ်... ဒါပေမဲ့ ကျုပ် မေးချင်တာ တစ်ခုရှိတယ်"
ရှုဖျင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏ ညာဘက် မလှမ်းမကမ်းတွင် ထိုင်နေသော လင်းရွှမ်အား လှည့်ကြည့်လိုက်သည်။
"ကျောင်းအုပ်ကြီးရှု... မေးစရာရှိတာကိုသာ ပြောပါ"
လင်းရွှမ်က လောင်းကြေးထပ်မံ နိုင်လိုက်သဖြင့် စိတ်ကြည်လင်နေပုံရသည်။ သူမ၏ အေးစက်နေကျ အသံထဲတွင် ပျော်ရွှင်မှု အငွေ့အသက်လေးများ ပါဝင်နေသည်။ သူမကဲ့သို့ အဋ္ဌမအဆင့်လတ် အထွတ်အထိပ် ဆရာကြီးတစ်ဦးအတွက်ပင် SSအဆင့် အရင်းအမြစ်တစ်ခု ရရှိရန်မှာ မလွယ်ကူလှပေ။ သို့သော် ဤပြိုင်ပွဲတွင် သူမက နှစ်ခုတောင် ရရှိခဲ့သည်။
"ကျောင်းအုပ်ကြီးလင်း... ကျုပ်နဲ့ လောင်းကြေး မထပ်ခင်ကတည်းက ရှုကျင်းမင်က စတုတ္ထအဆင့်ကို တက်တော့မယ်ဆိုတာ ခင်ဗျား ကြိုသိနေတာလား"
ရှုဖျင်၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အချို့ ယှက်သန်းနေသည်။ စွမ်းရည်ပိုင်ရှင်များမှာ အဆင့်တက်ခါနီးတွင် အတားအဆီး ရှိနေသည်ကို ကြိုတင် ခံစားနိုင်ကြသည် မဟုတ်ပါလား။ အကယ်၍ လင်းရွှမ်သာ ရှုကျင်းမင် အဆင့်တက်မည်ကို ကြိုသိနေခဲ့ပါက သူက တရားမျှတစွာ ရှုံးနိမ့်ခဲ့သည်ဟု ဆိုနိုင်သော်လည်း လင်းရွှမ်ပင် မသိခဲ့ပါက သူ၏ အဖိုးတန် အရင်းအမြစ်များ ဆုံးရှုံးရခြင်းမှာ ကံဆိုးမှုသက်သက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
"ရှုကျင်းမင်ရဲ့ အခြေအနေကို အသေးစိတ် မသိပါဘူး... သူ နိုင်လိမ့်မယ်လို့ ခံစားမိလို့ လောင်းကြေးထပ်ခဲ့တာပဲ" လင်းရွှမ်က ခေါင်းခါလျက် ပြန်ဖြေသည်။
ဒါက အမျိုးသမီးတစ်ဦး၏ ထူးခြားသော အာရုံခံစားမှုသာ ဖြစ်ပြီး ထိုအာရုံမှာ မှားယွင်းခြင်း မရှိခဲ့ပေ။
"ဒါက..."
ထိုအဖြေကို ကြားလိုက်ရသောအခါ ရှုဖျင်မှာ ဆွံ့အသွားရသည်။ အာရုံခံစားမှု သက်သက်လေးကြောင့်နှင့် SSအဆင့် အရင်းအမြစ်ကို လောင်းရဲသည်လား။ ယခုခေတ် လူငယ်များ၏ အတွေးအခေါ်ကို သူ နားမလည်နိုင်တော့ပေ။ ပိုဆိုးသည်မှာ သူမက နိုင်သွားခြင်းပင်။
"ကျုပ် တကယ်ပဲ အိုသွားပြီ ထင်တယ်... ဒီပညာသင်နှစ်ကုန်ရင်တော့ ကျုပ် နားမှ ဖြစ်တော့မယ်"
ရှုဖျင်က ခေါင်းကို ခါယမ်းလျက် ခါးသီးစွာ ရေရွတ်လိုက်သည်။ လေ့လာရေးခရီးစဉ်နှင့် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၊ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်မှုက ပေကျင်းတက္ကသိုလ် ကျောင်းသားများကြားတွင် သူ၏ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်စေတော့မည် ဖြစ်သည်။ ထိုစဉ် လင်းရွှမ်၏ ဘေးနားတွင် အပြာရောင် လျှပ်စီးတန်းများ လက်ခနဲ ဖြစ်သွားပြီး ဆုချင်းလီ၏ အရပ်ရှည်ရှည် သွယ်လျသော ကိုယ်ဟန်က ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။ သူမ၏ အသံမှာ သာယာနာပျော်ဖွယ် ရှိလှသည်။
"သတင်းအချက်အလက်ကိုတောင် မသိဘဲ လောင်းရဲတယ်ပေါ့... ဒီကလေးအပေါ် နင် တကယ်ပဲ ယုံကြည်ချက် ရှိတာပဲ"
ပုံရိပ်ယောင် ဖန်သားပြင်ပေါ်မှ ရှုကျင်းမင်ကို ကြည့်ရင်း ဆုချင်းလီ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။ ဤသို့သော ပါရမီရှင်မျိုး မိုးကြိုးသိုင်းသင်တန်းကျောင်းသို့ ရောက်လာမည့်အချိန်ကို သူမ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် သူမက တိုးတိုးလေး တိုက်တွန်းလိုက်သည်။
"လင်းရွှမ် ငါ အခု ကမ္ဘာလုံးဆိုင်ရာ ဌာနချုပ်ကို ပြန်တော့မယ်... သိုင်းသင်တန်းကျောင်းကို ပြန်လာဖို့ ကိစ္စကို သေချာစဉ်းစားပါဦး ပြီးတော့ ရှုကျင်းမင်ကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးပါ... မိုးကြိုးသိုင်းသင်တန်းကျောင်းက သူတို့အတွက် အကောင်းဆုံးနေရာ ဖြစ်လိမ့်မယ်လို့ ငါ အာမခံတယ်"
မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အကြီးအကဲ တစ်ယောက်အနေဖြင့် ဆုချင်းလီမှာ နေ့စဉ် အလုပ်များလှသူ ဖြစ်သည်။ ဤပြိုင်ပွဲတွင် ခုနစ်ရက်၊ ရှစ်ရက်ခန့် နေပေးနိုင်ခဲ့ခြင်းမှာပင် အတော်လေး အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
"သိပါပြီ"
လင်းရွှမ်က ခေါင်းငြိမ့်ပြလိုက်သည်။ သာမန် အဋ္ဌမအဆင့် ဆရာကြီးတစ်ဦးက နဝမအဆင့် သိုင်းသူတော်စင် တစ်ဦးအပေါ် ထားရှိရမည့် ရိုသေမှုမျိုး သူမတွင် မရှိသော်လည်း ဆုချင်းလီက စိတ်မဆိုးသည့်အပြင် ပြုံးပင်ပြလိုက်သေးသည်။
သူမနှင့် လင်းရွှမ်က ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်များ ဖြစ်ကြသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း ခပ်ခွာခွာ နေခဲ့ကြသော်လည်း သူတို့၏ သံယောဇဉ်မှာ လျော့ပါးသွားခြင်း မရှိပေ။ လင်းရွှမ်၏ ယခုကဲ့သို့သော အမူအရာက သူမ၏ စကားကို အလေးအနက် ထားသည်ဟု ဆုချင်းလီ နားလည်လိုက်သည်။
“ငါ ဒီရက်ပိုင်း သူမနဲ့ စကားပြောခဲ့ရတာတွေက အလကား မဖြစ်တော့ဘူးပဲ... ရှုကျင်းမင်လည်း အခုဆိုရင် လွတ်ဖို့ မလွယ်တော့ဘူး...”
ထိုသို့ တွေးတောရင်း လျှပ်စီးတန်းများကြားတွင် ဆုချင်းလီ၏ သွယ်လျသော ကိုယ်ဟန်က ပွဲကြည့်စင်မှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့လေတော့သည်။
***