"မင်းက ဒီလောက်တောင် အမြင်ကျယ်နေမှတော့... မင်းအတွက် ငါတို့ လျှောက်ထားပေးထားတဲ့ Credit ၃၀,၀၀၀ ကို ပြန်သိမ်းလိုက်ရင် ဘယ်လိုလဲ"
လင်းရွှမ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ခပ်ပြုံးပြုံး မေးလိုက်သည်။
"အဟမ်း... အဲဒါတော့ မလိုပါဘူး ကျောင်းအုပ်ကြီး" ရှုကျင်းမင်က ချောင်းတစ်ချက် ဟန်ဆောင်ဆိုးလိုက်ပြီး ခေါင်းကို အမြန် ခါယမ်းလိုက်သည်။ Credit ၃၀,၀၀၀ ဆိုသည်မှာ ကောင်းမွန်သော ပစ္စည်းများစွာ ဝယ်ယူရန် လုံလောက်သော ပမာဏ ဖြစ်သည်။
"ကဲပါ... နောက်နေတာ တော်ပြီ"
လင်းရွှမ်က ညင်သာစွာ ပြုံးလိုက်ပြီးနောက် သူမ၏ ဟင်းလင်းပြင် လက်စွပ်လေး အနည်းငယ် လင်းလက်သွားကာ ဖြူစင်သော လက်ဖဝါးပေါ်တွင် သစ်သားသေတ္တာလေး တစ်လုံး ပေါ်လာခဲ့သည်။
"ရှင်သန်ခြင်း ပြိုင်ပွဲတုန်းက ငါ ပေကျင်းတက္ကသိုလ်နဲ့ လောင်းကြေး ထပ်ခဲ့တယ်... မင်းအပေါ်မှာ Sအဆင့် အရင်းအမြစ် တစ်ခု လောင်းခဲ့တာ... အခု မင်းနိုင်သွားပြီဆိုတော့ မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... တစ်ခုက ဒီSအဆင့် အရင်းအမြစ်ကို တိုက်ရိုက် ယူမလား... ဒါမှမဟုတ် နောက်ထပ် ရွေးချယ်စရာ တစ်ခုက ဒီအရင်းအမြစ်ကို သုံးပြီး မင်းရဲ့ ဟင်းလင်းပြင် လက်စွပ်ကို ချဲ့ဖို့ လူတစ်ယောက် ရှာပေးရမလား... ဘာကို ရွေးမလဲ... အရင်းအမြစ်လား ဒါမှမဟုတ် လက်စွပ်ကို ချဲ့မလား"
“ပေကျင်းတက္ကသိုလ်က တကယ်ကြီး လောင်းကြေး ထပ်ရဲတယ်ပေါ့...”
ရှုကျင်းမင်က အနည်းငယ် အံ့အားသင့်သွားရသည်။ မထင်မှတ်ထားသော ဆုလာဘ်တစ်ခု ထပ်တိုးလာပြန်သည်။ စဉ်းစားကြည့်လျှင် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် သူ့ဆီလာတိုင်း ကောင်းသော အရာတစ်ခုခု အမြဲ ပါလာတတ်သည်။
ထိုသို့တွေးရင်း ရှုကျင်းမင်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဟင်းလင်းပြင် လက်စွပ်က ပမာဏ ဘယ်လောက်အထိ ချဲ့လို့ရမှာလဲ ခင်ဗျ"
"မင်းရဲ့ လက်စွပ်က မူလက ၃၀ ကုဗမီတာ ရှိတယ်... ဒါပေမဲ့ အများဆုံး ၁၀၀ ကုဗမီတာ အထိ ချဲ့လို့ရနိုင်တယ်"
ဟင်းလင်းပြင်လက်စွပ်တစ်ခု ဖန်တီးရန်မှာ အဆင့်မြင့် လက်နက်ကိရိယာ ကျွမ်းကျင်မှုသာမက ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင်တစ်ဦး၏ ပူးပေါင်းမှုလည်း လိုအပ်သည်။ လင်းရွှမ်ကိုယ်တိုင်က ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင် တစ်ဦး ဖြစ်သဖြင့် အခြားသူကို ရှာနေရန် မလိုပေ။ သို့သော် ဤလက်စွပ်၏ ကုန်ကြမ်းပစ္စည်း ကန့်သတ်ချက်ကြောင့် ၁၀၀ ကုဗမီတာမှာ အမြင့်ဆုံး အဆင့်ပင် ဖြစ်သည်။
“၁၀၀ ကုဗမီတာ...”
ရှုကျင်းမင် အသက်ရှူမှားသွားကာ ပြောလိုက်သည်။ "ဒါဆိုရင် ကျောင်းအုပ်ကြီးကိုပဲ ဒုက္ခပေးရအုန်းမယ်... ကျွန်တော့်ရဲ့ လက်စွပ်ကို ချဲ့ပေးပါဦး"
ဟင်းလင်းပြင် လက်စွပ်၏ ဆံ့ဝင်မှု ပမာဏ များလေလေ ပို၍ ရှားပါးလေလေပင် ဖြစ်သည်။ တန်ဖိုးအရ ကြည့်လျှင် ၁၀၀ ကုဗမီတာ ဆံ့သော လက်စွပ်တစ်ကွင်းက Sအဆင့် ကျင့်ကြံရေး အရင်းအမြစ် တစ်ခုထက် များစွာ ပို၍ တန်ဖိုးရှိလှပေသည်။
"ကောင်းပြီ... မင်းရဲ့ လက်စွပ်ကို ငါ့ကိုပေး ကျောင်းကို ပြန်ရောက်ရင် မင်းကို ပြန်ပေးမယ်" လင်းရွှမ်က ညင်သာစွာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှုကျင်းမင်က သူ ရရှိထားသည်မှာ မကြာသေးသော လက်စွပ်အသစ်လေးကို လင်းရွှမ်ထံသို့ ကမ်းပေးလိုက်လေသည်။ အချိန်များ ကုန်လွန်သွားကာ နာရီဝက်ခန့် ကြာပြီးနောက် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသော တက္ကသိုလ် ၁၀ ခုစလုံး၏ ဆုပေးပွဲ အခမ်းအနားများ ပြီးဆုံးသွားခဲ့သည်။
တက္ကသိုလ်တိုင်းအတွက် ဆုလာဘ်များ ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ထောင်နှင့်ချီသော တက္ကသိုလ်များအနက်မှ ရွေးချယ်ခံထားရသော တက္ကသိုလ် ၁၀ ခု ဖြစ်သဖြင့် ဒုတိယအဆင့် ပြိုင်ပွဲသို့ ရောက်ရှိလာသူတိုင်းမှာ ချီးကျူးထိုက်သူများပင် ဖြစ်သည်။
ယခုနှစ်တွင် ထူးခြားချက်မှာ စတုတ္ထအဆင့်လတ် စွမ်းရည်ပိုင်ရှင် တစ်ဦးသာ ရှိခြင်း ဖြစ်သည်။ ပိုင်ရှန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်က အဖွဲ့ဝင်အားလုံး တတိယအဆင့် အထွတ်အထိပ်များ ဖြစ်ကြသော်လည်း နောက်ဆုံးနေရာ မရဘဲ နံပါတ် ၉ နေရာကို ရရှိခဲ့သည်။ မဂျစ်စီးတီး တက္ကသိုလ် အပါအဝင် အခြားတက္ကသိုလ်များ၏ ခြေမှုန်းခြင်းကို ခံခဲ့ရသော်လည်း ပိုင်ရှန်း တက္ကသိုလ်သည် လွန်ခဲ့သောနှစ်က နံပါတ် ၄၅ နေရာသာ ရရှိခဲ့သူ ဖြစ်သည်။ ဤနံပါတ် ၉ နေရာကို ရရှိခြင်းကြောင့်ပင် နောက်နှစ်များတွင် ကျောင်းသားသစ်များ ပိုမို ဝင်ရောက်လာကြပေလိမ့်မည်။
ဒါသည် နိုင်ငံတော်က လိဂ်ပြိုင်ပွဲ ကျင်းပရခြင်း၏ မူလရည်ရွယ်ချက်လည်း ဖြစ်သည်။ ပြင်းထန်သော ပြိုင်ဆိုင်မှုများမှတစ်ဆင့် တက္ကသိုလ်များ၏ ကျောင်းသား လေ့ကျင့်ရေး အစီအစဉ်များကို ပိုမို အားကောင်းလာစေရန်ပင် ဖြစ်သည်။
"ဆုပေးပွဲ အခမ်းအနား ပြီးဆုံးသွားပြီဆိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲဟာ အဆုံးသတ်ကို ရောက်ရှိလာပါပြီ"
"ဒီလိဂ်ပြိုင်ပွဲမှာ တက္ကသိုလ် ၁၀ ခုက တကယ်ကို အံ့မခန်း တိုက်ပွဲတွေကို ပြသခဲ့ကြပါတယ်... ရှုကျင်းမင်၊ ဝမ်ချီ၊ ဟန်ရှန်း... ပြိုင်ပွဲဝင် အများအပြားကလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ကြတယ်... မင်းတို့အားလုံး နောင်အနာဂတ်မှာ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်"
"ယခု ၁၀၅ ကြိမ်မြောက် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကျွန်တော် ကြေညာလိုက်ပါတယ်"
အမျိုးသား ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဝူယွမ်က စင်မြင့်ပေါ်မှနေ၍ လိဂ်ပြိုင်ပွဲ ပြီးဆုံးကြောင်း အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ ခန့်ညားလှသော ပိတ်ပွဲတေးသီချင်းနှင့်အတူ အားကစားကွင်းအတွင်းရှိ ပုံရိပ်ယောင် ဖန်သားပြင်များပေါ်တွင် ပြိုင်ပွဲဝင်များ၏ စိတ်လှုပ်ရှားဖွယ် တိုက်ပွဲကွက်များကို ပြသနေတော့သည်။
"ပြီးသွားပြီ"
"ဝါး... အချိန်တွေ မြန်လိုက်တာ... ရက်ပေါင်း တစ်ဝက်ကျော်တောင် ကုန်သွားပြီပဲ"
ပရိသတ်များမှာ မဝသေးသော်လည်း နေရာများမှ ထကာ ပြန်ရန် ပြင်ကြတော့သည်။ ယခုနှစ်၏ ကောလိပ်လိဂ်မှာ ယခင်နှစ်များထက် များစွာ ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့သည်။ သူတို့ ပြန်ရောက်သွားကြသောအခါ ဤကာလအတွင်း တွေ့မြင်ခဲ့ရသည်များကို အချိန်အတော်ကြာအောင် ပြောမဆုံး ရှိနေကြမည်မှာ အမှန်ပင်။ ကွင်းအတွင်းရှိ အတောက်ပဆုံး ကြယ်ပွင့်ဖြစ်သော ရှုကျင်းမင်၏ စွမ်းဆောင်ရည်များမှာလည်း သူတို့၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေပေလိမ့်မည်။
"လိဂ်ပြိုင်ပွဲ ပြီးပြီဆိုတော့... တို့တွေ မနက်ဖြန် မနက် ၉ နာရီမှာ ချင်းရွှီမြို့ လေဆိပ်မှာ ဆုံကြမယ်... ကျောင်းကို အတူတူ ပြန်ကြတာပေါ့"
"ဒီရက်ပိုင်းအတွင်း အားလုံး ကြိုးစားခဲ့ကြပါတယ်... ဒီနေ့တော့ နားလိုက်ကြဦး"
မဂျစ်စီးတီး တက္ကသိုလ်၏ ပွဲကြည့်စင်တွင် လင်းရွှမ်က ပြန်ရမည့် အချိန်နှင့် နေရာကို ပြောပြီးနောက် ဟင်းလင်းပြင် တံခါးထဲသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။ မဂျစ်စီးတီးမှ ယောင်ဖန်နှင့် အခြားသူများလည်း စိတ်လက်ပေါ့ပါးစွာဖြင့် ကျန်ရှိသော နာရီအနည်းငယ်အတွင်း ဘယ်ကို သွားကြမလဲဟု ဆွေးနွေးနေကြသည်။
အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှုကျင်းမင်ကိုမူ သူတို့ မမေးကြပေ။ အဘယ်ကြောင့်ဆိုသော် ရှုကျင်းမင် သူတို့နှင့် အတူရှိနေမည် မဟုတ်ကြောင်း သူတို့ သိထားကြသောကြောင့် ဖြစ်သည်။ ထင်သည့်အတိုင်းပင် အဖွဲ့သားများ လူစုခွဲလိုက်သည်နှင့် ရှုကျင်းမင်က ဆုန့်ချိုးယွန်း ရှိနေသော ပွဲကြည့်စင်ဘက်သို့ လျှောက်သွားခဲ့သည်။ သူ ရောက်သွားသည်နှင့် လှပသော ပုံရိပ်လေးတစ်ခု ပေါ်လာကာ ကျန်းချူရွှမ်က သူ့ရင်ခွင်ထဲသို့ အတင်း တိုးဝင်လာခဲ့သည်။
"စီနီယာမလေး... လူတွေ အများကြီး ကြည့်နေကြတုန်းပဲလေ"
ရှုကျင်းမင်က အနည်းငယ် မတတ်သာသလို ခံစားရသော်လည်း သူမကို ညင်သာစွာ ပြန်လည် ပွေ့ဖက်ထားလိုက်သည်။ မဂျစ်စီးတီး ပွဲကြည့်စင်သို့ သူ ပြန်ရောက်ကတည်းက ကျန်းချူရွှမ် ရောက်နေသည်ကို သူ သတိပြုမိခဲ့ပါသည်။ သို့သော် ဤမိန်းကလေးက ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကျွန်မ ဂရုမစိုက်ဘူး..."
ကျန်းချူရွှမ်က သူမ၏ မျက်နှာလေးကို ရှုကျင်းမင်၏ ရင်ခွင်ထဲတွင် အပ်ထားရင်း သူ၏ နွေးထွေးမှုကို အပြည့်အဝ ခံစားနေသည်။ ချစ်သူသက်တမ်း တစ်လျှောက် ရက်ပေါင်း ၂၀ ကျော် ခွဲခွာနေခဲ့ရခြင်းမှာ သူမအတွက်တော့ နှိပ်စက်ခံရသလိုပင်။
"ဒါက......"
ပွဲကြည့်စင်ရှိ အဒေါ် ရှုချင်းဝမ်နှင့် အခြားသူများမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။ ဤကျန်းချူရွှမ်သည် လွန်ခဲ့သော ခုနစ်ရက်က ဆုန့်ချိုးယွန်း၏ ဘေးတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူမကို ဆုန့်ချိုးယွန်း၏ သူငယ်ချင်းဟုသာ ထင်ခဲ့ကြသော်လည်း အခုတော့ ဘာဖြစ်နေကြတာလဲ လူမြင်ကွင်းမှာတင် ချစ်သူကို လုယူနေကြသည်လား။
ဝမ်းကွဲအစ်ကို တန်ချီနှင့် အခြားသူများက သူငယ်ချင်း အရင်းခေါက်ခေါက်နှစ်ယောက် ချစ်သူလုပွဲ ဟူသော ဒရာမာ ဇာတ်လမ်းများကို စိတ်ကူးယဉ်နေကြစဉ်မှာပင် ဆုန့်ချိုးယွန်းပါ ရှေ့သို့ လှမ်းတက်လာကာ ရှုကျင်းမင်၏ အခြားတစ်ဖက် ရင်ခွင်ထဲသို့ တိုးဝင်သွားသည်ကို တွေ့လိုက်ရပြန်သည်။
"ဟင်"
ဝမ်းကွဲအစ်ကို တန်ချီ အပါအဝင် လူတိုင်းမှာ ထိုမြင်ကွင်းကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေကြရသည်။ “ဘုရားရေ ဒါမျိုးက တကယ်ကြီး ဖြစ်နိုင်လို့လား...”
"အဒေါ်တို့ ကြည့်နေကြတယ် ဟိုဘက် အရင်သွားရအောင်" ရှုကျင်းမင်က သူတို့၏ အပြုအမူကို သတိထားမိလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းချူရွှမ်၏ မျက်နှာလေး နီမြန်းသွားကာ ရှုကျင်းမင်၏ လက်ကို လွှတ်ပေးလိုက်သည်။
"အဒေါ်၊ အစ်ကို... ကျွန်တော် မိတ်ဆက်ပေးပါရစေ.... ဒါက ကျွန်တော့်ရဲ့ ချစ်သူ ကျန်းချူရွှမ်ပါ"
"ချူရွှမ်... ဒါက ကျွန်တော့်ရဲ့ အဒေါ်၊ ဝမ်းကွဲအစ်ကိုတို့..."
ရှုကျင်းမင်က ကျန်းချူရွှမ်နှင့် သူ၏ ပတ်သက်မှုကို မဖုံးကွယ်ဘဲ အသေးစိတ် ရှင်းပြလိုက်သည်။ အဒေါ်ဖြစ်သူ ရှုချင်းဝမ်က ဆုန့်ချိုးယွန်းကို တစ်ချက်ကြည့်၊ ကျန်းချူရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုနှစ်ယောက်စလုံး၏ မျက်နှာတွင် အံ့သြသည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ အခြေအနေကို သူမက ချက်ချင်း နားလည်သွားခဲ့သည်။ သူမက အံ့သြဝမ်းသာစွာဖြင့် ကျန်းချူရွှမ်၏ လက်ကလေးကို ဆွဲကာ စကားများ စတင်ပြောဆိုတော့သည်။ ထိုသို့ပြောစဉ် ဘေးတွင် ရပ်နေသော ဆုန့်ချိုးယွန်းကိုလည်း သူမက လစ်လျူမရှုခဲ့ပေ။
ထိုစဉ် ဘေးတွင် ရပ်နေသော တန်ချီနှင့် မုန့်တီတို့မှာလည်း အခြေအနေကို သဘောပေါက်သွားကြပြီး မျက်နှာများမှာ အံ့သြမှုဖြင့် ကျန်ရစ်ခဲ့သည်။ ကျိုးမင်ယန်ကမူ ရှုကျင်းမင်ကို အလွန်အမင်း အထင်ကြီး လေးစားသွားခဲ့သည်။
“အစွမ်းထက်လှတဲ့ ဆရာကြီးလို့ပဲ ခေါ်ရတော့မယ် တကယ်ကို သာမန်လူတွေ မလုပ်နိုင်တဲ့ အရာတွေကို သူက လုပ်ပြနိုင်တာပဲ...”
***