"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးက ဂျပန်မှာလား"
ရှုကျင်းမင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။ သူက ဒါကို တရုတ်နိုင်ငံထဲမှာပဲ ရှိမယ်လို့ ထင်ထားခဲ့ကာ အခုတော့ နိုင်ငံခြားမှာ ဖြစ်နေသည်။ အီဗာ၏ နောက်ထပ် စကားများကလည်း သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးက သီးသန့်ဟင်းလင်းပြင် တစ်ခုထဲမှာ တည်ရှိတာပါ... အဲဒီနေရာက အလွန်ကျယ်ဝန်းပြီး စုစုပေါင်း ဧရိယာ စတုရန်းကီလိုမီတာ ၃၀,၀၀၀ နီးပါး ရှိပါတယ်"
“သီးသန့်ဟင်းလင်းပြင် စတုတ္တန်းကီလိုမီတာ ၃၀,၀၀၀ ဒီလိုနေရာမျိုး တကယ်ရှိတာလား”
ရှုကျင်းမင်က ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးက မြေပြင်ပေါ်မှာ ရှိနေတာ မဟုတ်ဘူး"
"ဒါက ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင်တစ်ယောက်က ဖန်တီးထားတဲ့ နေရာလွတ်တစ်ခုထဲမှာ ရှိနေတာ.. မင်းအနေနဲ့ ဒါကို လျှို့ဝှက်နယ်မြေတစ်ခုလို့ပဲ မှတ်ယူထားလိုက်လို့ ရတယ်" ဟု လင်းရွှမ်က သူမ၏ အေးစက်သော လေသံဖြင့် ရှင်းပြသည်။
"စတုရန်းကီလိုမီတာ ၃၀,၀၀၀ အထိ ကျယ်တဲ့ ဟင်းလင်းပြင်ကို ဖန်တီးနိုင်တာလား"
ရှုကျင်းမင်က မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။ ဤကဲ့သို့သော စွမ်းရည်မျိုးကို သူက မကြားဖူးပေ။ အံ့သြနေမိသလိုပင် သူက စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။ "ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင်တစ်ယောက်က ဒါမျိုး တကယ်လုပ်နိုင်တာလား"
"လုပ်နိုင်တာပေါ့"
လင်းရွှမ်က မငြင်းဘဲ ညင်သာစွာ ပြောပြသည်။ "ငါတောင်မှ လက်ရှိမှာ ၂၀ စတုရန်းကီလိုမီတာလောက် ကျယ်ပြီး အမြင့် ၃ မီတာလောက်ရှိတဲ့ ဟင်းလင်းပြင်တစ်ခုကို ဖန်တီးနိုင်တယ်... စတုရန်းကီလိုမီတာ ၂၀,၀၀၀ လောက်ရှိတဲ့ နေရာလွတ်မျိုးကိုတော့ ဟင်းလင်းပြင် စွမ်းရည်ရှိတဲ့ နဝမအဆင့် အထွတ်အထိပ် စွမ်းရည်ပိုင်ရှင်တစ်ယောက်က ဖန်တီးနိုင်လိမ့်မယ်"
ခေတ္တမျှ ရပ်ပြီးနောက် လင်းရွှမ်က ဆက်ပြောသည်။ "ဒါပေမဲ့ ငါသိသလောက်တော့ လက်ရှိ ကမ္ဘာမြေပေါ်မှာ နဝမအဆင့် အထွတ်အထိပ် ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင် တစ်ယောက်မှ ရှိပုံမရဘူး"
ကမ္ဘာပေါ်ရှိ စွမ်းရည်အမျိုးအစားများက ကြယ်တာရာများကဲ့သို့ များပြားလှသော်လည်း အများစုမှာ ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော အမျိုးအစား၊ စွမ်းအင်ဓာတ် အမျိုးအစား၊ သဘာဝဓာတ် အမျိုးအစား (သို့မဟုတ်) စိတ်စွမ်းအားရှင် အမျိုးအစားများသာ ဖြစ်ကြသည်။ ဟင်းလင်းပြင် စွမ်းရည်ကဲ့သို့ အထူးစွမ်းရည်များမှာ အလွန်ပင် ရှားပါးလှသည်။
သူမ သိသလောက်ဆိုလျှင် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင်မှာ နဝမအဆင့်လတ်သာ ရှိသေးသည်။
"ကမ္ဘာပေါ်မှာတောင် မရှိတဲ့ နဝမအဆင့် အထွတ်အထိပ် ဟင်းလင်းပြင် စွမ်းရည်ပိုင်ရှင်တဲ့လား"
ရှုကျင်းမင် စိတ်လှုပ်ရှားသွားရပြီး ရှေးဟောင်းယဉ်ကျေးမှုများ၏ အထွတ်အထိပ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမြင်သစ်တစ်ခု ရရှိသွားခဲ့သည်။
"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးက ဒီသီးသန့်နေရာရဲ့ အဆုံးမှာ တည်ရှိတာပါ... အဲဒီကို ရောက်ဖို့ဆိုရင် သားရဲတွေ အပြည့်ရှိတဲ့ တောနက်ကြီးကို ဖြတ်ကျော်သွားရပါမယ်... အရင်က အပျက်အစီးထဲကို ဝင်ခဲ့ဖူးတဲ့ စွမ်းရည်ပိုင်ရှင်တွေရဲ့ ပြောပြချက်အရ အဲဒီထဲက သားရဲတွေက တတိယအဆင့်ကနေ ဆဋ္ဌမအဆင့်မြင့်အထိ ရှိကြတယ်" ဟု အီဗာက ဆက်လက် ရှင်းပြသည်။
တစ်ချိန်တည်းမှာပင် ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်က လေးထောင့်ပုံစံ မြေပုံတစ်ခုကို အကြမ်းဖျင်း ပြသပေးလိုက်သည်။ ယဉ်ကျေးမှု အပျက်အစီးမှာ ထိုမြေပုံ၏ မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။
"သားရဲတွေလား"
ရှုကျင်းမင်က ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ "အရေအတွက် သိပ်သည်းဆက ဘယ်လိုရှိလဲ"
"ရှင် ရှင်သန်ခြင်း ပြိုင်ပွဲတုန်းက ရခဲ့တဲ့ Sအဆင့် စံချိန်ထက်စာရင်တော့ နည်းနည်းလျော့ပေမဲ့ သာမန် နတ်ဆိုးဂူတွေထက်တော့ အများကြီး ပိုပြီး သိပ်သည်းဆ မြင့်ပါတယ်" ဟု အီဗာက ပြန်ဖြေသည်။
"ငါ သိပြီ..." ရှုကျင်းမင်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားသည်။
ယခု သူ့တွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ တစ်ခုက အမှတ် ၆ နတ်ဆိုးဂူသို့ သွားရန်၊ နောက်တစ်ခုက အမှတ် ၉ အပျက်အစီးသို့ သွားရန် ဖြစ်သည်။ ရှေ့က နေရာတွင် သတ္တမအဆင့်မြင့် သားရဲဘုရင်အထိ ရှိနိုင်ပြီး သားရဲသိပ်သည်းဆမှာ အနည်းငယ် နည်းသည်။ အဲဒီမှာဆိုရင် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ အကူအညီကို ရနိုင်သည့် အားသာချက် ရှိသည်။
နောက်က နေရာတွင်မူ ဆဋ္ဌမအဆင့်မြင့် သားရဲများသာ အမြင့်ဆုံး ရှိပြီး သားရဲသိပ်သည်းဆမှာ ပို၍ မြင့်မားသဖြင့် စွမ်းရည်အမှတ်များကို ပိုမို ထိရောက်စွာ ရိတ်သိမ်းနိုင်သည်။ သို့သော် အပျက်အစီးမှာ နိုင်ငံခြားတွင် ဖြစ်ပြီး လင်းရွှမ်အနေဖြင့် သူနှင့်အတူ လိုက်ပါနိုင်မည် မဟုတ်ပေ။
"ဆဋ္ဌမအဆင့်မြင့် သားရဲဆိုရင်တော့ ငါ တိုက်ပြီး မနိုင်နိုင်သေးပေမဲ့ ငါ့မှာ ရှိသမျှ အစွမ်းတွေကို ထုတ်သုံးရင် ထွက်ပြေးဖို့ကတော့ ပြဿနာမရှိလောက်ဘူး"
ရှုကျင်းမင်၏ လက်ထဲတွင် ဆဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့နှင့် အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့တို့ ရှိနေသည်။ ဆဋ္ဌမအဆင့်မြင့် သားရဲတစ်ကောင်လောက်ကိုတော့ သူ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် သူက လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။ "ကျောင်းအုပ်ကြီး... ကျွန်တော် အမှတ် ၉ အပျက်အစီးကိုပဲ သွားပါ့မယ်"
အပျက်အစီးထဲမှ ရနိုင်မည့် ရှေးဟောင်းရတနာများထက် ထိုနေရာရှိ များပြားလှသော သားရဲများမှာ သူ၏ တကယ့် ပစ်မှတ်ပင် ဖြစ်သည်။
"ဪ"
ရှုကျင်းမင်က ဒီလောက် မြန်မြန် ဆုံးဖြတ်လိုက်သဖြင့် လင်းရွှမ်က အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငြိမ့်ပြသည်။ "ကောင်းပါပြီ... အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးဆိုတာ ပါရမီမြင့်မားတဲ့သူတွေအတွက် အခွင့်အလမ်း ပိုများတဲ့ နေရာမျိုးပဲ... မင်းရဲ့ SSအဆင့် စွမ်းရည်နဲ့ဆိုရင် အဲဒီထဲကနေ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရနိုင်ပါလိမ့်မယ်"
"ဒီလိုမျိုး ပြောစကား ရှိလို့လား"
"အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီး အခြေစိုက်စခန်းထဲမှာ ပါရမီ စမ်းသပ်ပွဲတစ်ခု ရှိတယ်" ဟု လင်းရွှမ်က ပြုံးလျက် ရှင်းပြသည်။ "ငါလည်း အရင်က တစ်ခါ သွားခဲ့ဖူးတယ်... ငါ့ရဲ့ Sအဆင့် ဟင်းလင်းပြင် စွမ်းရည်နဲ့ အဲဒီမှာ တော်တော်လေး ကောင်းတဲ့ အရင်းအမြစ်အချို့ ရခဲ့တယ်"
"ငါ သိပြီ" ရှုကျင်းမင် ခေါင်းငြိမ့်လိုက်သော်လည်း သူက ဒါကို သိပ်ပြီး အလေးမထားပေ။ သူ၏ အမြင်တွင် သားရဲများကသာ အကြီးမားဆုံး အခွင့်အလမ်း ဖြစ်သည်။ “ဒါပေမဲ့ သွားမှတော့ ဒါကိုလည်း စမ်းသပ်ကြည့်ရမှာပေါ့...”
"ဒါပေမဲ့ ဒီခရီးစဉ်မှာ အကြီးဆုံး အန္တရာယ်က သားရဲတွေ မဟုတ်ဘူး လူတွေပဲ" လင်းရွှမ်က ခေတ္တရပ်ကာ သတိပေးလိုက်သည်။ "မင်းရဲ့ SSအဆင့် စွမ်းရည်က နိုင်ငံတော် လိဂ်ပြိုင်ပွဲမှာ လူသိရှင်ကြား ဖြစ်သွားပြီ... နိုင်ငံခြားက လူတွေ ဘယ်လောက်တောင် မင်းကို စောင့်ကြည့်နေမလဲဆိုတာ စဉ်းစားသာ ကြည့်တော့... ပြည်တွင်းမှာဆိုရင်တော့ ကိစ္စမရှိဘူး နိုင်ငံခြားက နဝမအဆင့် စွမ်းရည်ပိုင်ရှင်တွေ အလွယ်တကူ ဝင်မလာနိုင်ဘူး"
"ဒါပေမဲ့ နိုင်ငံခြားမှာကျတော့ အခြေအနေက ခြားနားသွားပြီ... အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးတွေ ဒါမှမဟုတ် နဝမအဆင့် သိုင်းသူတော်စင်တွေက မင်းကို လုပ်ကြံဖို့ တကူးတက ပစ်မှတ်ထားလာနိုင်တဲ့ အခွင့်အလမ်း အများကြီး ရှိတယ်... သားရဲတွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ထားပြီးတဲ့နောက် နိုင်ငံတွေကြားက ပဋိပက္ခတွေက ပိုပြီး ပြင်းထန်လာတာ ဒါကို ငါတို့ သတိထားရမယ်"
ထိုစကားကို ကြားသောအခါ ရှုကျင်းမင် မျက်မှောင်ကြုတ်သွားရသည်။ ဒါက တကယ်ကို အခက်တွေ့စေမယ့် ကိစ္စပင်။ အကယ်၍ ဒီပြဿနာကို မဖြေရှင်းနိုင်လျှင် အမှတ် ၆ နတ်ဆိုးဂူသို့ သွားခြင်းက ပိုပြီး ဘေးကင်းလိမ့်မည်။
"ရုပ်ဖျက်ဖို့ကတော့ လွယ်ပါတယ်.. အထူးစွမ်းရည်တွေရဲ့ အကူအညီနဲ့ ငါ မင်းကို တခြားလူတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲပေးနိုင်တယ်... ဒါပေမဲ့ မင်းရဲ့ SSအဆင့် ဒုထျန်း နတ်ဘုရား မိုးကြိုးက အရမ်း ထင်ရှားလွန်းတယ်... မင်းရဲ့ စွမ်းရည်ကို သုံးလိုက်တာနဲ့ ချက်ချင်း အသိခံလိုက်ရမှာပဲ"
လင်းရွှမ်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မေးလိုက်သည်။ "ဒါနဲ့... မင်း Bအဆင့် တိုက်ခိုက်ရေးနည်းSystem ဖြစ်တဲ့ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို သင်ထားလား... ဘယ်လောက်အထိ ကျွမ်းကျင်လဲ"
"သင်ထားပါတယ် အဆင့်မြင့် ကျွမ်းကျင်မှုအဆင့်ကို ရောက်နေပါပြီ"
"အဆင့်မြင့် ကျွမ်းကျင်မှုလား ဒါဆိုရင်တော့ နှမြောစရာပဲ" လင်းရွှမ်က ခေါင်းခါလိုက်သည်။
"ဆရာသခင်အဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ကမှ စွမ်းရည်တွေရဲ့ အငွေ့အသက်ကိုပါ ပြောင်းလဲပစ်နိုင်တာ... အဆင့်မြင့် ကျွမ်းကျင်မှုကတော့ အဲဒီအထိ မရောက်နိုင်သေးဘူး"
"ဒါဆိုရင်တော့ မင်း မသွားတာပဲ ကောင်းမယ် ထင်တယ်"
အခွင့်အလမ်းဆိုတာ ဆုံးရှုံးသွားရင် နောက်တစ်ကြိမ် ပြန်ရနိုင်သေးသည်။ သို့သော် ရှုကျင်းမင်သာ ဒီခရီးစဉ်မှာ တစ်ခုခု ဖြစ်သွားရင်တော့ ဒါက အကြီးအကျယ် နစ်နာသွားလိမ့်မည်။
“ဆရာသခင်အဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်တဲ့လား...”
ရှုကျင်းမင်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး Systemဖန်သားပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။
“စွမ်းရည်အမှတ် -၁၀၀၀”
“အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ် - အဆင့်မြင့် → ဆရာသခင်အဆင့်”
ချက်ချင်းဆိုသလိုပင် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အသုံးပြုပုံနှင့် ပတ်သက်သော ဗဟုသုတများစွာ ရှုကျင်းမင်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။ လင်းရွှမ် အခုလေးတင် ပြောသွားခဲ့သော စွမ်းရည်များ၏ အငွေ့အသက်ကို ပြောင်းလဲပစ်ခြင်း ဆိုသည်မှာလည်း ထိုအထဲတွင် ပါဝင်နေခဲ့သည်။
"ကျောင်းအုပ်ကြီးလင်း... ကျွန်တော် မှားသွားလို့ပါ... အမှန်တော့ ကျွန်တော့်ရဲ့ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်က ဆရာသခင်အဆင့်ကို ရောက်နေပါပြီ"
ရှုကျင်းမင်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အခုမှ သတိရဟန် ဆောင်လိုက်သည်။ ထို့နောက် သူ၏ SSအဆင့် ကောင်းကင်မိုးကြိုးကို အသက်သွင်းလိုက်သည်။ ရွှေရောင် လျှပ်စီးတန်းများ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝဲပျံနေသော်လည်း ထိုအလင်းမှာ ပုံမှန်ထက် များစွာ မှိန်နေသည်။ သူ၏ မူလရှိခဲ့သော မြင့်မြတ်ပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များလည်း ပျောက်ကွယ်နေခဲ့သည်။
အကယ်၍ မူလ ဒုထျန်း နတ်ဘုရား မိုးကြိုးက ကြည့်လိုက်ရုံနဲ့ သိနိုင်တဲ့ ဇိမ်ခံကား တစ်စီးဆိုလျှင် ယခု ဒုထျန်း နတ်ဘုရား မိုးကြိုးမှာ သာမန်ကားတစ်စီးနှင့်သာ တူနေတော့သည်။ သို့သော် အပြင်ပန်း အသွင်အပြင် ပြောင်းလဲသွားသော်လည်း သူ၏ စွမ်းအားမှာမူ ပြောင်းလဲခြင်း မရှိပေ။ ကားထဲတွင်တော့ ထိပ်တန်း အားကစားကား အင်ဂျင်ကိုပင် တပ်ဆင်ထားဆဲ ဖြစ်သည်။
"ဟင် ဒါက ဆရာသခင်အဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ပဲ" လင်းရွှမ်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ဆိုသည်မှာ လူသိနည်းသော တိုက်ခိုက်ရေးနည်းစနစ် တစ်ခုသာ ဖြစ်သည်။ ရှုကျင်းမင်က ဒါကို အဆင့်မြင့်အထိ ကျွမ်းကျင်ထားသည်ဆိုခြင်းကပင် သူမကို အံ့သြစေခဲ့သည်။ ဒါကို ဆရာသခင်အဆင့်အထိ ရောက်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
“ဒါတင်မကသေးဘဲ သူက သူ့ရဲ့ ကိုယ်ပိုင် တိုက်ခိုက်ရေးနည်းစနစ် ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာကိုတောင် မေ့နေရအောင် ရှုကျင်းမင်က နည်းနစ် ဘယ်နှမျိုးလောက်ကိုများ တတ်မြောက်ထားလို့လဲ...”
***