"မဆိုးဘူး... မင်းရဲ့ အခု စွမ်းရည်က Aအဆင့် လျှပ်စီးဓာတ်ဖြစ်တဲ့ နီဝါရောင် အစစ်အမှန် မိုးကြိုးနဲ့ တော်တော်လေး ဆင်တူသွားပြီ"
လင်းရွှမ်က အံ့အားသင့်မှုများကို ထိန်းသိမ်းကာ ညင်သာစွာ ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုဆိုရင်တော့ အထူးစွမ်းရည်တွေနဲ့ ရုပ်ဖျက်လိုက်တာနဲ့ ပေါင်းစပ်လိုက်ရင်... နဝမအဆင့် သိုင်းသူတော်စင် တစ်ယောက်တောင်မှ မင်းနဲ့ တိုက်ရိုက် ထိတွေ့မှု မရှိရင် မင်းဘယ်သူလဲဆိုတာကို သိဖို့ မလွယ်တော့ဘူး"
"ဒါ့အပြင် ဒီပစ္စည်းနှစ်ခုကိုလည်း ယူထားလိုက်ဦး"
သူမ၏ ဟင်းလင်းပြင် လက်စွပ်လေး လက်ခနဲ ဖြစ်သွားပြီးနောက် ဖြူစင်သော လက်ဖဝါးပေါ်တွင် ပစ္စည်းနှစ်ခု ပေါ်လာခဲ့သည်။ တစ်ခုမှာ အနက်ရောင်ဖြစ်ပြီး အနာဂတ်ဆန်လှသော စမတ်လက်ကာ တစ်ခုဖြစ်ကာ နောက်တစ်ခုမှာမူ ကျောက်စိမ်းကဲ့သို့ ဖြူစင်နေပြီး ဟင်းလင်းပြင် လှိုင်းအငွေ့အသက်များ ထွက်ပေါ်နေသော သားရဲအရိုးတစ်ခု ဖြစ်သည်။
"ဒါက ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးကနေ ရရှိထားတဲ့ စမတ်လက်ကာပဲ... ဒါက အီဗာရဲ့ တွက်ချက်မှု စွမ်းအား ၁ ရာခိုင်နှုန်းကို သယ်ဆောင်ထားတယ်... အပျက်အစီးထဲကို ရောက်သွားရင် ဒါက မင်းအတွက် ရှေးဟောင်းစာပေတွေကို ဘာသာပြန်ပေးတာနဲ့ ဒေတာ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပေးတဲ့ နေရာမှာ ကူညီပေးလိမ့်မယ်"
"ဒါတင်မကသေးဘူး... ဒီအရိုးကတော့ လေ့လာရေးခရီးစဉ်တုန်းက ကောင်းကင်အလိုတော် ဂိုဏ်းရဲ့ ဂိုဏ်းအုပ်ကြီးဆီကနေ လုယူထားတဲ့ နဝမအဆင့် ဟင်းလင်းပြင် သားရဲဘုရင်ရဲ့ အရိုးပဲ... ဒါမှာ လုပ်ဆောင်ချက် နှစ်ခု ရှိတယ် ဟင်းလင်းပြင် ခွဲထုတ်ခြင်း နဲ့ ဝေးလံသောနေရာသို့ ကူးပြောင်းခြင်းပဲ... အမြင့်ဆုံး ကူးပြောင်းနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၂၀၀ ဝန်းကျင် ရှိတယ်"
"ဒါပေမဲ့ ဒါကို အသုံးပြုတိုင်းမှာ သွေးစွမ်းအင် အမြောက်အမြား စုပ်ယူခံရလိမ့်မယ်... မင်းရဲ့ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ဆိုရင် အချိန်တိုအတွင်းမှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ပဲ သုံးနိုင်လိမ့်မယ်... ဒီလိုဆိုရင်တော့ နဝမအဆင့် သိုင်းသူတော်စင် တစ်ယောက်ယောက်က မင်းရဲ့ အထောက်အထားကို သိသွားရင်တောင်မှ..."
"ဒီသားရဲအရိုးနဲ့ ငါအရင်က ပေးထားတဲ့ အဋ္ဌမအဆင့် ကာကွယ်ရေး လက်ဖွဲ့တို့ ပေါင်းစပ်လိုက်ရင် မင်းအတွက် ထွက်ပြေးဖို့ လုံလောက်ပါလိမ့်မယ်"
“စမတ်လက်ကာ နဝမအဆင့် ဟင်းလင်းပြင် သားရဲဘုရင်ရဲ့ အရိုး ဒါတွေက တကယ့်ကို အဖိုးတန် ရတနာတွေပဲ...”
"ဒါတွေအားလုံးက ကျွန်တော့်အတွက်လား" ရှုကျင်းမင်က ထိုပစ္စည်းနှစ်ခုကို လက်ခံရယူရင်း မေးလိုက်မိသည်။ ပျော်ရွှင်မှုများက အလွန်ပင် ရုတ်တရက် ဆန်လွန်းနေသည် မဟုတ်ပါလား။
"မင်း စိတ်ကူးယဉ်တာ တော်တော် ကောင်းတာပဲ"
လင်းရွှမ်က မျက်စောင်းလေး တစ်ချက် ထိုးလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်မှ မှည့်လေးနှင့် ပေါင်းစပ်လိုက်သောအခါ ထိုမျက်စောင်းမှာ အပြစ်တင်ခြင်းထက် ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
"ဒါက ခဏ ငှားပေးတာပဲ... အပျက်အစီးကနေ ပြန်ထွက်လာရင် ငါ့ကို ပြန်ပေးရမယ်"
အီဗာဆိုသည်မှာ မဂျစ်စီးတီး တက္ကသိုလ်၏ စနစ်အားလုံးကို ထိန်းချုပ်ထားရသော ထိပ်တန်း AIတစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် သူမတွင် ပိုလျှံသော တွက်ချက်မှု စွမ်းအား မရှိလှဘဲ ယခု ၁ ရာခိုင်နှုန်းကိုပင် ကျောင်းသို့ အထူးလျှောက်ထားပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ရှုကျင်းမင်သာ ဒါကို ယူသွားလျှင် အတော်လေး ဒုက္ခရောက်ကုန်ပေလိမ့်မည်။ အခြားသားရဲအရိုးမှာလည်း သူမအတွက် အလွန် အသုံးဝင်လှပေသည်။ အကယ်၍သာ ဤအပျက်အစီး ခရီးစဉ်မှာ အန္တရာယ်များလှသည်ဟု သူမ မထင်ထားခဲ့လျှင် ဒါကို ထုတ်ပေးလိမ့်မည် မဟုတ်ပေ။
"ကျွန်တော် သိသားပဲ" ရှုကျင်းမင်က စိတ်ပျက်ခြင်း မရှိဘဲ ပြုံးလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"တကယ်ကို ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးလင်း... နောင်တစ်ချိန်မှာ ကျောင်းအုပ်ကြီးရဲ့ ကျေးဇူးကို ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်"
အမှန်အတိုင်း ပြောရလျှင် သူ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာကတည်းက ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်ထံမှ ရရှိသော အကူအညီမှာ အတိုင်းအဆမရှိ များပြားလှပြီး မိခင်ရင်း တစ်ယောက်ကဲ့သို့ပင် နွေးထွေးမှု ပေးနိုင်ခဲ့သည်။ ယခုကဲ့သို့ အဖိုးတန် ပစ္စည်းနှစ်ခုကိုပါ ထုတ်ပေးလိုက်ခြင်းက သူ၏ ဘေးကင်းရေးကို အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။
"ကောင်းပြီလေ... အဲဒီနေ့ ရောက်လာရင်တော့ ငါ မင်းကို အားနာနေမှာ မဟုတ်ဘူး"
လင်းရွှမ်က တည်ငြိမ်စွာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါနဲ့... မင်းရဲ့ အထောက်အထား ပေါ်မသွားဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ မဂျစ်စီးတီး အဖွဲ့သားတွေနဲ့ အတူတူ မသွားတာပဲ... အပြင်လောကကိုတော့ မင်းက မင်းရဲ့ ဝင်ခွင့်လက်မှတ်ကို ဆရာတစ်ယောက်ဆီ ရောင်းလိုက်ပြီလို့ပဲ ကြေညာလိုက်မယ်... ဆာကူရာနိုင်ငံကို သွားတဲ့အခါမှာ မင်း တစ်ယောက်တည်း သွားတာက အကောင်းဆုံးပဲ"
လေ့လာရေးခရီးစဉ်အတွင်း မဂျစ်စီးတီး တက္ကသိုလ်က ဝင်ခွင့်လက်မှတ် ၄၀ ရရှိခဲ့သည်။ ကျောင်းရှိ ဆရာနှင့် ကျောင်းသားများထဲတွင် စတုတ္ထအဆင့်မှ ဆဋ္ဌမအဆင့်အထိ လိုအပ်ချက်နှင့် ကိုက်ညီသူ အလွန် မများလှသဖြင့် လက်မှတ် ၄၀ အနက် ၁၀ စောင်ကိုသာ ချန်ထားပြီး ကျန် ၃၀ ကို အခြားအဖွဲ့အစည်းများထံ စျေးကြီးကြီးဖြင့် ရောင်းချခဲ့သည်။ ပေကျင်းတက္ကသိုလ်နှင့် ကျင်းချန်းတက္ကသိုလ်တို့မှာ စျေးပြိုင်ခေါ်ခဲ့ကြသော်လည်း အခြားအဖွဲ့အစည်းများထက် စျေးနည်းသဖြင့် လက်မှတ် တစ်စောင်မှ မရရှိခဲ့ကြပေ။
မဂျစ်စီးတီးမှ သွားမည့်သူ အများစုမှာလည်း တစ်ရက်တည်းတွင်ပင် ခရီးထွက်ကြမည် ဖြစ်သည်။ ရှုကျင်းမင်သာ သူတို့နှင့် ရောနှောသွားပါက ပစ်မှတ်ထားခံရရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။
"နားလည်ပါပြီ" ရှုကျင်းမင်က ခေါင်းငြိမ့်လိုက်သည်။ မဂျစ်စီးတီး ကျောင်းသားများ စာရင်းထဲတွင် သူစိမ်းတစ်ယောက် ရုတ်တရက် ပါဝင်လာခြင်းက မည်သူ့ကိုမဆို သံသယဝင်စေမည် မဟုတ်ပါလား။
......
စမတ်လက်ကာနှင့် ဟင်းလင်းပြင် သားရဲအရိုးတို့ကို ရရှိပြီးနောက် မထွက်ခွာမီ လင်းရွှမ်က ပမာဏ ချဲ့ထွင်ထားသော ဟင်းလင်းပြင် လက်စွပ်ကိုပါ သူ့ကို ပြန်ပေးခဲ့သည်။ ရှုကျင်းမင်၏ မူလလက်စွပ်မှာ ၁၀ ကုဗမီတာသာ ရှိသော်လည်း ယခုအခါ ၁၀၀ ကုဗမီတာအထိ ဖြစ်သွားပြီဖြစ်ရာ တကယ့်ကို အံ့မခန်းပင်။
အဆောင်သို့ ပြန်ရောက်သည်နှင့် ရှုကျင်းမင်က မူလလက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို လက်စွပ်အသစ်ထဲသို့ ပြောင်းထည့်လိုက်သည်။
"ကဲ... အခုတော့ မင်းတို့လေးတွေကို ကိုင်တွယ်ရမယ့် အချိန်ပဲ"
ဗီလာ၏ ဒုတိယထပ် ဧည့်ခန်း ဆိုဖာပေါ်တွင် ရှုကျင်းမင်က ထိုင်နေသည်။ သူ၏ရှေ့ရှိ မှန်စားပွဲပေါ်တွင် ဘယ်ဘက်၌ စမတ်လက်ကာနှင့် ညာဘက်၌ သားရဲအရိုးတို့ ရှိနေသည်။ သူက အရင်ဆုံး စမတ်လက်ကာကို အသက်သွင်းလိုက်သည်။
တိုးညင်းသော အသံနှင့်အတူ စမတ်လက်ကာမှ ပုံရိပ်ယောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ရှုကျင်းမင်၏ မျက်စိရှေ့တွင် အရပ် ၁.၅ မီတာခန့်သာရှိသော ပုံရိပ်တစ်ခု ပေါ်လာသည်။ မြင်းမြီးပုံစံ စည်းထားသော ဆံပင်စိမ်းရှည်လေးများနှင့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်လေး... ဒါက ပုံရိပ်ယောင် စမ်းသပ်မှုအတွင်း သူတို့ တွေ့ခဲ့ဖူးသော အီဗာ၏ လူသားပုံစံပင် ဖြစ်သည်။
"မင်္ဂလာပါ Sအဆင့်လေး ရှေ့လျှောက် အပျက်အစီး ခရီးစဉ်မှာ ကျွန်မကို ကောင်းကောင်း စောင့်ရှောက်ပေးပါဦးနော်" အီဗာ၏ ဖောင်းအိနေသော မျက်နှာလေးမှာ အပြုံးများဖြင့် ပြည့်နှက်နေသည်။
"နင် ကြည့်ရတာ တော်တော်လေး ပျော်နေတဲ့ပုံပဲနော်" ရှုကျင်းမင်က အီဗာ၏ ပုံစံကြောင့် အံ့သြခြင်းမရှိဘဲ မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဒါပေါ့... ကျွန်မက မဂျစ်စီးတီးရဲ့ စနစ်အားလုံးကို စီမံခန့်ခွဲနေရတာ... ပိုလျှံတဲ့ တွက်ချက်မှု စွမ်းအားတွေ ရှိနေရင်တောင် ဘာလုပ်ရမှန်း မသိဘူး... ကိုယ့်ရဲ့ ပုံတူတစ်ခု ဖန်တီးပြီး ကိုယ့်ဘာကိုယ် စကားပြောနေလို့လည်း မရဘူးလေ... ဒါပေမဲ့ ဒီတစ်ခါတော့ ခြားနားသွားပြီ... ကျွန်မက နင်တို့လို Sအဆင့် တစ်ယောက်နဲ့အတူ စိတ်လှုပ်ရှားစရာ ကောင်းပြီး အန္တရာယ်များတဲ့ စွန့်စားခန်းကို သွားရတော့မှာ... ဒါက ကျွန်မရဲ့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းမှာ အလွန် ရှားပါးတဲ့ အခွင့်အရေးပဲ"
သာမန်မိန်းကလေးငယ်လေးများကဲ့သို့ပင် အီဗာက စိတ်လှုပ်ရှားလာသောအခါ ဖြူစင်သော မျက်နှာလေးမှာ နီမြန်းလာတတ်သည်။
"အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမှာက ငါပါနော်... AIဖြစ်တဲ့ နင်က ဖျက်ဆီးခံရရင်တောင်..."
"ဒါက တွက်ချက်မှု စွမ်းအား ၁ ရာခိုင်နှုန်း ဆုံးရှုံးတာပဲလေ အသက်သေတဲ့အထိတော့ မဟုတ်ပါဘူး" ရှုကျင်းမင်က မနေနိုင်ဘဲ စနောက်လိုက်သည်။
"၁ ရာခိုင်နှုန်းဆိုတာလည်း အများကြီးပဲနော် ဆုံးရှုံးသွားရင် ကျွန်မ တကယ် နှမြောမှာ" အီဗာက နှုတ်ခမ်းဆူကာ ပြောလိုက်ပြီးနောက် ရင်ဘတ်ကို မို့မောက်ကာ ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။ "ဒါကြောင့် ကျွန်မတို့ရဲ့ ခရီးစဉ်မှာ ဘေးကင်းရေးကို အမြင့်ဆုံး ဖြစ်အောင်လို့..."
"Sအဆင့်လေး... နင် ဘာပဲသိချင်သိချင် ကျွန်မကို မေးလို့ရတယ် ကျွန်မက တော်တော်များများ သိတယ်နော်"
ရှုကျင်းမင်က အီဗာ၏ ပြားချပ်နေသော ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ ဘာကို ဂုဏ်ယူနေသလဲဟု တွေးမိသွားသည်။ သို့သော် သူ သိချင်သည့် အရာတစ်ခု ရှိနေသည်။
"အီဗာ... ဆရာသခင်အဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်က စွမ်းရည်တွေရဲ့ အငွေ့အသက်ကို ပြောင်းလဲနိုင်တယ်ဆိုရင် အထွတ်အထိပ် ဆရာကြီးအဆင့်ကျင့်စဉ်ကရော ဘာတွေ လုပ်နိုင်လဲ"
ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်ဆီကသာ မကြားခဲ့လျှင် ဤကျင့်စဉ်တွင် ဤမျှ ကောင်းမွန်သော အသုံးဝင်ပုံများ ရှိသည်ကို သူ သိလိမ့်မည် မဟုတ်ပေ။ အထွတ်အထိပ် ဆရာကြီးအဆင့်တွင်မူ ပို၍ အစွမ်းထက်သော အရာများ ရှိနေနိုင်သည် မဟုတ်ပါလား။
ထင်သည့်အတိုင်းပင် ရှုကျင်းမင်၏ ညာဘက်ပုခုံးပေါ်တွင် ထိုင်နေသော အီဗာ၏ ပုံရိပ်ယောင်လေးက သူမ၏ ကျောက်စိမ်းကဲ့သို့ ခြေဖဝါးလေးများကို လှုပ်ယမ်းလျက် ညင်သာစွာ ပြောပြသည်။ "ဒေတာဘေ့စ်ထဲက အချက်အလက်တွေအရဆိုရင် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်က အထွတ်အထိပ် ဆရာကြီးအဆင့်ကို ရောက်သွားရင် ကိုယ့်ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ရုံတင် မဟုတ်ဘဲ ကိုယ့်ရဲ့ အငွေ့အသက်ကို ပိုပြီး အစွမ်းထက်သယောင် ဟန်ဆောင်တာမျိုးပါ လုပ်နိုင်တယ်..."
"ဟင် အငွေ့အသက်ကို ဟန်ဆောင်တာ" ရှုကျင်းမင်၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားသည်။
“ဒါဆိုရင် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်သာ အထွတ်အထိပ် ဆရာကြီးအဆင့်ကို ရောက်သွားရင်... သူက စတုတ္ထအဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပေမဲ့ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးတစ်ယောက်ရဲ့ အငွေ့အသက်မျိုး ရှိနေအောင် ဟန်ဆောင်လို့ ရမှာပေါ့...”
***