ဧပြီလ ၇ ရက်၊ နံနက် ၇ နာရီ။
စောစောစီးစီး နိုးထလာသော ရှုကျင်းမင်က ကိုယ်လက်သန့်စင်ပြီး အာဟာရပြည့်ဝသော နံနက်စာကို သုံးဆောင်ကာ သူ၏ တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ပြီးနောက် ဗီလာ၏ ဒုတိယထပ်မှ ဆင်းလာခဲ့သည်။
"ကျင်းမင်... နတ်ဆိုးဂူကို သွားမလို့လား"
ဗီလာ၏ ပထမထပ်တွင် လျူဝန်တောင်းက နိုးနှင့်နေပြီဖြစ်ကာ မျက်နှာသစ်နေရင်းမှ လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်..." ရှုကျင်းမင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် ဘေးကင်းဘေးကင်းနဲ့ သွားပါ မင်ကော... သားရဲတွေအများကြီးကို သတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူးပဲ... ငါ သွားပြီ" ရှုကျင်းမင်က လက်ဝှေ့ယမ်းပြကာ ဗီလာတံခါးပြင်ပသို့ ထွက်ခွာလာခဲ့သည်။
"ကျင်းမင်ကတော့ ကျင်းမင်ပါပဲ... ငါကတော့ ကျောင်းမှာပဲနေပြီး စာဆက်သင်နေရတုန်းရှိသေးတယ် သူကတော့ နတ်ဆိုးဂူတွေဆီတောင် ခြေဆန့်နေပြီ"
ထွက်ခွာသွားသော ရှုကျင်းမင်၏ ကျောပြင်ကို ကြည့်ရင်း လျူဝန်တောင်း တစ်ယောက်တည်း ရေရွတ်ရင်း ကျန်ရစ်ခဲ့သည်။ ရှုကျင်းမင်က မဂျစ်စီးတီး တက္ကသိုလ်ကိုယ်စားပြုပြီး နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့စဉ်ကတည်းက သူ၏ အနာဂတ်လမ်းကြောင်းသည် သာမန်ကျောင်းသားသစ်များနှင့် လုံးဝ ကွဲပြားသွားမည်မှာ အသေအချာပင် ဖြစ်သည်။
ရှုကျင်းမင်က ဗီလာမှထွက်၍ အဆောင်ဝင်းအတွင်းမှ ထွက်လာသည်နှင့် လမ်းဘေးတွင် ချောမောလှပသော မိန်းကလေးနှစ်ဦးက စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။ ထိုသူနှစ်ဦးမှာ ဆုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့ပင် ဖြစ်သည်။ ရှုကျင်းမင်က အန္တရာယ်များသော တောနက်ဇုန်အတွင်းသို့ ဝင်ရောက်တော့မည်ကို သိကြသဖြင့် သူတို့နှစ်ဦးသည် ယမန်နေ့ညက အိပ်ဆောင်၌ မအိပ်ဘဲ ည ၁၁ နာရီကျော်အထိ အတူတူရှိနေပေးခဲ့ကြသည်။
"နတ်ဆိုးဂူထဲမှာ အန္တရာယ်တစ်ခုခုရှိရင် ကျောင်းအုပ်ကြီးလင်းကို ချက်ချင်းဖုန်းဆက်နော်" ဆုန့်ချိုးယွန်းက သူမ၏ သွယ်လျသော ခြေလှမ်းများဖြင့် အနားသို့ တိုးကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်။ "စောစောသွားပြီး စောစောပြန်လာခဲ့ပါ..."
ဘေးနားရှိ ကျန်းချူရွှမ်၏ လှပသော မျက်ဝန်းအစုံတွင်လည်း လမ်းခွဲရမည့်အရေးကို တွန့်ဆုတ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"စိတ်မပူကြနဲ့... ငါ အချိန်မီ ပြန်လာခဲ့မယ်"
ရှုကျင်းမင်က မိန်းကလေးနှစ်ဦး၏ ခေါင်းကို အသာအယာပုတ်ပေးကာ သူမတို့၏ နူးညံ့သော နှုတ်ခမ်းအစုံကို တစ်ချက်စီ နမ်းလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။ နူးညံ့သောအကြင်နာများကြားတွင် သာယာနေချင်သော်လည်း ခိုင်မာသော စိတ်ဓာတ်ရှိသည့် သူကဲ့သို့သောသူအတွက်မူ ထိုအရာက ရွေးချယ်စရာ မဟုတ်ပေ။ ယခုအချိန်က အေးအေးဆေးဆေး အပန်းဖြေနေရမည့် အချိန်မဟုတ်သည်ကို သူ ကောင်းကောင်း သိထားသည်။
"အစ်မချူရွှမ်... ကျွန်မတို့လည်း ပိုပြီး ကြိုးစားရမယ်ထင်တယ်"
"ဟုတ်တယ်... ဒီအတိုင်းဆိုရင် ကျင်းမင်က ကျွန်မတို့ကို ပိုပြီး ဝေးဝေးကို ထားခဲ့တော့မှာ..."
ရှုကျင်းမင်၏ ပုံရိပ် ပျောက်ကွယ်သွားမှသာ ဆုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့က လွမ်းဆွတ်နေသော မျက်လုံးများကို ရုပ်သိမ်းလိုက်ကြသည်။ ၎င်းတို့၏ မျက်ဝန်းထဲမှ နူးညံ့မှုများက ပျောက်ကွယ်သွားပြီး ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့လေသည်။ မဂျစ်စီးတီး တက္ကသိုလ်မှ မထွက်ခွာမီ ရှုကျင်းမင်က နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ရန် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ ရုံးခန်းသို့ တစ်ခေါက် ထပ်သွားခဲ့သည်။
"ဒါက ထောက်ပို့ကောလိပ်က ဆရာမစွန်းရွေ့ပဲ... သူက Bအဆင့်ရှိတဲ့ ရုပ်သွင်ပြောင်းလဲခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပေါ့" လင်းရွှမ်က ညင်သာစွာ မိတ်ဆက်ပေးလိုက်သည်။ "သူက မင်းရဲ့ ရုပ်သွင်ကို ပြောင်းလဲပေးလိမ့်မယ်"
လင်းရွှမ်၏ ဘေးနားတွင် အသက် ၅၀ ကျော်အရွယ်၊ ဆံပင်အနည်းငယ် ဖြူနေသော အမျိုးသမီးတစ်ဦး ရပ်နေသည်။
"ဒီလိုမျိုး စွမ်းရည်လည်း ရှိတာလား" ရှုကျင်းမင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"စွမ်းရည်တွေက ရေတွက်လို့မရအောင် များပြားလှပါတယ်... လူအများစုက တိုက်ခိုက်ရေးစွမ်းရည်တွေကိုပဲ အလေးထားကြတာကိုး... ငါတို့လို အထူးစွမ်းရည်မျိုးတွေက ရှားတော့ရှားပေမဲ့ ရှိတော့ရှိပါတယ်" ဆရာမစွန်းရွေ့က ပြုံးလျက် ရှင်းပြလိုက်သည်။
ရှုကျင်းမင်လည်း နားလည်သွားသည်။ အမှန်ပင် သားရဲများ၏ ဖိအားအောက်တွင် တိုက်ခိုက်ရေးစွမ်းရည် မရှိသော စွမ်းရည်မျိုးကို မည်သူက အရေးတယူ လုပ်ပါမည်နည်း။
"ရှုကျင်းမင်... မင်း ဘယ်လိုပုံစံမျိုး ပြောင်းချင်လဲ... ငါ ပြောင်းပေးလို့ရတယ်" စွန်းရွေ့က ကြင်နာစွာ မေးလိုက်သည်။
"ကျွန်တော်တို့က အမှတ်အသားကို ဖုံးကွယ်ထားမှာဆိုတော့ သာမန်လူတစ်ယောက်လို ဖြစ်နေတာက ပိုကောင်းပါလိမ့်မယ်" ရှုကျင်းမင်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... ဒါဆို မျက်စိလေး ခဏမှိတ်ထားလိုက်နော် ခဏလေးဆိုရင် ပြီးသွားလိမ့်မယ်"
ဆရာမစွန်းရွေ့ ပြောလိုက်သည်နှင့် ရှုကျင်းမင်က မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ထိုအခါ သူ၏ မျက်နှာတစ်ပြင်လုံးတွင် အေးမြသော ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်။ တစ်မိနစ် နှစ်မိနစ်ခန့် ကြာပြီးနောက် "ကဲ... ပြီးပြီ" ဟူသော အသံကို ကြားလိုက်ရသည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှုကျင်းမင်က သူ့ရှေ့ရှိ မှန်ထဲ၌ ပေါ်နေသော ပုံရိပ်ကို တွေ့လိုက်ရသည်။ ယခင်ပုံစံနှင့် နှိုင်းယှဉ်လျှင် ဤပုံစံက အလွန်ချောမောနေခြင်း သို့မဟုတ် အလွန်ရုပ်ဆိုးနေခြင်းမျိုး မဟုတ်ဘဲ သာမန် ဟုသာ ဆိုရမည်ဖြစ်သည်။ လူအုပ်ထဲတွင် ရှိနေလျှင်ပင် အလွယ်တကူ သတိမထားမိနိုင်သော ပုံစံမျိုးပင်။
"ရုပ်သွင်ပြောင်းလဲတဲ့ စွမ်းရည်က တကယ်ကို အံ့ဩစရာပဲ" ရှုကျင်းမင်က မျက်မှောင်ကြုတ်ခြင်း၊ ပါးစပ်ဟခြင်း၊ မျက်ခုံးပင့်ခြင်းစသော အမူအရာများကို စမ်းသပ်ကြည့်လိုက်ရာ လုံးဝ တောင့်တင်းခြင်းမရှိဘဲ သဘာဝကျလှပေသည်။
"ဒီပုံစံက ရက်ပေါင်း ၇၀ လောက်အထိ ခံလိမ့်မယ်... ဒါက ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးတွေထဲက ပြန်ထွက်လာတဲ့အထိ လုံလောက်ပါတယ်" လင်းရွှမ်က ပြုံးလျက် ပြောလိုက်သည်။ "အကယ်၍ အချိန်ကျော်သွားလို့ ပြန်မရဖြစ်နေရင်တော့ ဆရာမစွန်းကိုပဲ ငါ ခေါ်ခိုင်းပေးမယ်... ကဲ အီဗာ... သူ့အတွက် အမှတ်အသားတစ်ခု ဖန်တီးပေးလိုက်တော့"
"အီဗာ လက်ခံရရှိပါတယ်" စားပွဲပေါ်ရှိ စက်ကိရိယာတစ်ခုမှ စက်ရုပ်အသံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် အပြာနုရောင် ပုံရိပ်ယောင် အလင်းတန်းများက ရှုကျင်းမင်၏ ရုပ်သွင်သစ်ကို အသေးစိတ် စကင်ဖတ်လိုက်သည်။
စကင်ဖတ်ပြီး နှစ်စက္ကန့် သုံးစက္ကန့်အကြာတွင် စက်အတွင်းမှ ကျောင်းသားကတ်တစ်ခု ထွက်လာသည်။
"ဒါက မင်းရဲ့ ကတ်အသစ်ပဲ... အခုကစပြီး မင်းရဲ့နာမည်က စုချန်း ဖြစ်ပြီး Aအဆင့်ရှိတဲ့ အနီရောင်ရွှေရောင် မိုးကြိုးအစစ် စွမ်းရည်ပိုင်ရှင်တစ်ယောက်ပေါ့" လင်းရွှမ်က ကတ်နှင့်အတူ သင်္ဘောလက်မှတ်ကိုပါ ကမ်းပေးလိုက်သည်။
"စုချန်း တကယ်ကို မသက်ဆိုင်တဲ့ နာမည်ပဲ" ရှုကျင်းမင်က လင်းရွှမ်၏ လက်ထဲမှ ပူပူနွေးနွေး ထွက်လာသော ကတ်ကို လှမ်းယူလိုက်သည်။ အသေအချာ ကြည့်လိုက်သောအခါ ကတ်ပေါ်ရှိ ဓာတ်ပုံမှာ လုံးဝ အသစ်စက်စက် ပုံစံ ဖြစ်နေသည်။
"လိပ်စာနဲ့ အချက်အလက်တွေအားလုံးက အမှန်တွေပဲ... ဘယ်သူကပဲ စစ်ဆေးစစ်ဆေး သံသယဖြစ်စရာ ဘာမှတွေ့မှာမဟုတ်ဘူး... မင်းရဲ့ စွမ်းရည်အဆင့်ကိုလည်း စတုတ္ထအဆင့်နိမ့်လို့ပဲ ထည့်ပေးထားတယ်"
အီဗာက နိုင်ငံတော် သတင်းအချက်အလက် စနစ်ထဲသို့ ချိတ်ဆက်ထားပြီးဖြစ်ရာ မဂျစ်စီးတီး တက္ကသိုလ်နှင့် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ ကျောထောက်နောက်ခံဖြင့် အမှတ်အသားတစ်ခုကို အသစ်ဖန်တီးရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
"စွမ်းရည်အဆင့်..."
ရှုကျင်းမင်က ခဏမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။ "အဲဒါကို စတုတ္ထအဆင့်မြင့်လို့ ပြောင်းပေးလို့ ရမလား"
"ဘာလို့ ပြောင်းချင်ရတာလဲ" လင်းရွှမ်က မေးလိုက်စဉ်မှာပင် ရှုကျင်းမင်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားကာ စတုတ္ထအဆင့်မြင့် အရှိန်အဝါအဖြစ်သို့ ရောက်ရှိသွားသည်ကို သူမ သတိထားမိလိုက်သည်။
"ဟင်"
လင်းရွှမ်က ခဏမျှ ကြောင်အသွားပြီးနောက် ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားကာ အသံတိုးတိုးဖြင့် အံ့ဩတကြီး ရေရွတ်လိုက်သည်။
"အထွတ်အထိပ် ဆရာကြီးအဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်"
"ကျောင်းအုပ်ကြီးက တကယ်ကို တော်တာပဲ... ကျွန်တော် မပြောရသေးခင်မှာတင် သိနေပြီ" ရှုကျင်းမင်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ငါ တော်တာမဟုတ်ဘူး... မင်းက စတုတ္ထအဆင့်ကို ရောက်တာ မကြာသေးဘူးလေ ရက်ပိုင်းအတွင်းမှာ အဆင့်နှစ်ဆင့် တက်သွားဖို့က မဖြစ်နိုင်ဘူးမလား" လင်းရွှမ်က ခေါင်းခါယမ်းလျက် မေးလိုက်သည်။ "ဒါပေမဲ့ ဒီတစ်ခါတော့ မင်း မှားမှတ်မိတာလို့ ငါ့ကို မပြောနဲ့တော့နော်"
"ဒီတစ်ခါတော့ မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်က အခုလေးတင်ပဲ အထွတ်အထိပ် အဆင့်ကို ရောက်သွားလို့ပါ" ရှုကျင်းမင်က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။
"တကယ်လား" လင်းရွှမ်၏ မျက်နှာပေးမှာ ထူးဆန်းနေသည်။
တိုက်ခိုက်ရေးနည်းစနစ်များ၏ ခက်ခဲမှုမှာ ၎င်းတို့၏ အဆင့်ပေါ်တွင် မူတည်သည်။ သို့သော် Fအဆင့် ကျင့်စဉ်များတွင်ပင် ဆရာသခင်အဆင့်သို့ ရောက်ရန်မှာ မလွယ်ကူလှပေ။ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်မှာ Bအဆင့် ကျင့်စဉ်ဖြစ်ပြီး ပါရမီရှင် စွမ်းရည်ပိုင်ရှင်များပင်လျှင် ငါးနှစ် ခြောက်နှစ်ခန့် အချိန်ယူ ကျင့်ကြံရလေ့ ရှိသည်။ ရှုကျင်းမင်မှာမူ လေ့ကျင့်သည်မှာ မကြာသေးဘဲ အထွတ်အထိပ် ဆရာကြီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ကောင်းပြီလေ... အထွတ်အထိပ် ဆရာကြီးအဆင့်ဆိုလည်း ဟုတ်ပါပြီ အီဗာ... စုချန်းရဲ့ အချက်အလက်တွေကို စတုတ္ထအဆင့်မြင့်လို့ ပြောင်းလိုက်တော့" လင်းရွှမ်က လက်ဝှေ့ယမ်းကာ ထပ်မမေးတော့ပေ။
"အီဗာ လက်ခံရရှိပါတယ်... အချက်အလက်တွေကို အဆင့်မြှင့်တင်ပြီးပါပြီ"
စက်ရုပ်အသံ ထွက်ပေါ်လာပြီးနောက် လင်းရွှမ်က နောက်ဆုံး မှာကြားစရာများကို ပြောလိုက်သည်။ "ဆရာရှောင်နန်တို့အဖွဲ့က မနေ့ကတည်းက ထွက်သွားပြီ... မင်း အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးတွေဆီ သွားမယ်ဆိုတာကို သူတစ်ယောက်ပဲ သိတယ်... အထဲမှာ အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်လာရင် သူ့ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ"
လက်နက်ပညာ မဟာဌာနမှ ဆရာရှောင်နန်က ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သည်။ သူက ရှုကျင်းမင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သဖြင့် ပြဿနာရှိမည် မဟုတ်ပေ။ သူက အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးများအတွင်းသို့ အဖွဲ့ကို ဦးဆောင်သွားမည့် အထွတ်အထိပ် ဆရာကြီး လေးဦးအနက် တစ်ဦးလည်း ဖြစ်သည်။
"နားလည်ပါပြီ" ရှုကျင်းမင်က ခေါင်းညိတ်လိုက်သည်။
မဂျစ်စီးတီး တက္ကသိုလ်က ယခုတစ်ကြိမ်တွင် ဆဋ္ဌမအဆင့် နည်းပြ လေးဦးအထိ စေလွှတ်ထားခြင်းမှာ အင်အားအတော်လေး တောင့်တင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် သူတို့၏ အကူအညီကို ရယူနိုင်ရန် သူ ဆုံးဖြတ်ထားလိုက်သည်။ ***