ခြောက်သွေ့ဆိတ်သုဉ်းနေသော ဤကုန်းမြေကြီးကို မြင်တွေ့ရခြင်းမှာ ဟော့ကိုင်းဒိုးနှင့် မဝေးတော့ကြောင်း သက်သေပြနေခြင်းပင်။ သုံးနာရီခန့် ကြာပြီးနောက် မီးရောင်စုံများ လင်းထိန်နေသော ခေတ်မီဆိပ်ကမ်းတစ်ခုမှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့သည်။
"ရောက်တော့မယ်ဟေ့ လမ်းတစ်လျှောက်လုံး အဋ္ဌမအဆင့် သားရဲဘုရင်တစ်ကောင်များ ပေါ်လာမလားလို့ စိတ်ပူနေရတာ... အခုတော့ ကြောက်နေစရာ မလိုတော့ဘူး"
"ဟုတ်ပါရဲ့ဗျာ... ကံကောင်းလို့သာပေါ့"
ပင်လယ်ပြင်၌ ခရီးနှင်ရခြင်းမှာ ကံတရားအပေါ်၌သာ အများကြီး မူတည်နေသည်။ ဆိပ်ကမ်းနှင့် နီးကပ်လာသည်နှင့်အမျှ ကုန်းပတ်ပေါ်ရှိ စွမ်းရည်ပိုင်ရှင်များမှာလည်း စိတ်လက်ပေါ့ပါးစွာဖြင့် စကားလက်ဆုံ ကျနေကြတော့သည်။ သို့သော် လင်းဟွေနှင့် လော့ဟန်တို့မှာမူ စိတ်ပျက်နေဆဲပင်။ ၁၂ နာရီနီးပါး ကြာမြင့်ခဲ့သော ခရီးစဉ်အတွင်း ပျံလွှားဓားငါးများကဲ့သို့ သားရဲအုပ်စုများ သုံးလေးကြိမ်ထက်မက ပေါ်လာခဲ့သော်လည်း အကြိမ်တိုင်းတွင် ရှုကျင်းမင်ကသာ ဦးအောင် သုတ်သင်သွားခဲ့သဖြင့် ၎င်းတို့မှာ လက်ယောင်ပင် မလိုက်နိုင်ခဲ့ကြပေ။
နှိုင်းယှဉ်ကြည့်လျှင် လော့ဟန်က အခြေအနေ ပိုကောင်းသည်ဟု ဆိုရမည်။ သူက ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးသော စွမ်းရည်ပိုင်ရှင် ဖြစ်သဖြင့် တိုက်ခိုက်ရေး အကွာအဝေးမှာ မီးဓာတ်နှင့် လျှပ်စီးဓာတ်များကဲ့သို့ မဝေးလှပေ။ ရှုကျင်းမင်သာ မလှုပ်ရှားခဲ့လျှင်ပင် သူက များများစားစား သတ်နိုင်မည် မဟုတ်ပေ။ သို့သော် လင်းဟွေမှာမူ သူ့ထက် အဆင့်နိမ့်သော စွမ်းရည်ပိုင်ရှင်တစ်ဦး၏ အလုခံလိုက်ရသဖြင့် အလွန်ပင် နေရခက်နေသည်။
မိုးကြိုးသိုင်းသင်တန်းကျောင်း၏ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းမှ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူ၌လည်း သဘောထားကြီးမှုတော့ ရှိပါသေးသည်။
"ဒီညီအစ်ကိုက လျှပ်စီးဓာတ် စွမ်းရည်ကို သုံးတာ တကယ်တော်တာပဲ... မိတ်ဖွဲ့လို့ ရမလား ငါက မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းက လင်းဟွေပါ" လင်းဟွေက ရှုကျင်းမင်၏ ရှေ့သို့ ရောက်လာကာ ဖော်ရွေသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"စုချန်း..." ရှုကျင်းမင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"စုချန်း နာမည်က လှသားပဲ အန်ဟွီပြည်နယ်က စုမိသားစုကလား"
"မဟုတ်ပါဘူး... တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်ပါ" ရှုကျင်းမင်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
အန်ဟွီပြည်နယ်မှ စုမိသားစုဆိုသည်မှာ မဟာနွေရာသီ တိုင်းပြည်တွင် နဝမအဆင့် သိုင်းသူတော်စင် ထွက်ပေါ်ခဲ့သော ကျော်ကြားသည့် မိသားစုကြီး ဖြစ်သည်။ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ် ဖန်တီးပေးထားသော အမှတ်အသားမှာ ထိုမိသားစုနှင့် ပတ်သက်ရန် မဟုတ်ပေ။
"ဪ" လင်းဟွေက အနည်းငယ် အံ့ဩသွားသည်။
တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်ဆိုသည်မှာ မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်သော စွမ်းရည်ပိုင်ရှင်မျိုး ဖြစ်သည်။ မဟာနွေရာသီ တိုင်းပြည်တွင် ထိုကဲ့သို့သော စွမ်းရည်ပိုင်ရှင်မျိုးမှာ ရှားပါးလှသည်။ ထို့ပြင် ဤစွမ်းရည်ပိုင်ရှင်မှာ တိုက်ခိုက်ရေး အကွာအဝေးပိုင်း၌ အထူးပါရမီ ပါနေပုံရသည်။
"တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်အဖြစ် ရှင်သန်ရတာ တကယ်ခက်ခဲပါတယ်... ညီအစ်ကိုစု၊ ဆရာချင်းရဲ့ အကြံပေးချက်ကို စဉ်းစားကြည့်ပါဦး... တိုင်းပြည်ကို ပြန်ရောက်တဲ့အခါ ငါတို့ လေ့ကျင့်ရေးစခန်းရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေကြည့်ဖို့ပေါ့... အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ ရှိနေတာက အရာရာကို ပိုပြီး လွယ်ကူစေတယ်လေ" လင်းဟွေက စေတနာဖြင့် အကြံပြုလိုက်သည်။
"သတိပေးတာ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလို အစီအစဉ် မရှိသေးဘူး" ရှုကျင်းမင်က ပြန်ပြောလိုက်သည်။
လင်းဟွေက ခဏမျှ ကြောင်အသွားသည်။ ရှုကျင်းမင်က စကားကို ဆက်ပြောလိုစိတ် မရှိသည်ကို သူ ရိပ်မိလိုက်သည်။ ငါပဲ ပေါကြောင်ကြောင် လုပ်မိတာပါလား ဟု သူ ကိုယ့်ကိုယ်ကိုယ် ရယ်မောလိုက်ပြီးနောက် ထပ်ပြီး စကားမများတော့ပေ။
"ဒါဆိုရင်တော့ ညီအစ်ကို့ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး" သူက ပြုံးလျက် နှုတ်ဆက်ကာ သင်တန်းကျောင်းမှ လူစုရှိရာသို့ ပြန်လှည့်လာခဲ့သည်။
မလှမ်းမကမ်းတွင် ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြသော မိုးကြိုးသိုင်းသင်တန်းကျောင်းမှ ကျန်အဖွဲ့ဝင်များမှာမူ မကျေမနပ် ဖြစ်သွားကြသည်။
"ဒီကောင်ရဲ့ အမူအရာက ဘာလဲကွ... ငါတို့ သင်တန်းသားတွေကို မောက်မာတယ်လို့ လူတွေက ပြောကြတာ၊ သူက ငါတို့ထက်တောင် ပိုပြီး မောက်မာနေသေးတယ်"
"ဟုတ်ပါရဲ့ဗျာ... ဝင်ခွင့်စာမေးပွဲ ဖြေဖို့ ပြောတာကို သူကပဲ ငါတို့ကို ဒုက္ခပေးနေတဲ့ ပုံစံမျိုးနဲ့။ တိုက်ခိုက်ရေး အကွာအဝေးလေး နည်းနည်း ဝေးတာနဲ့တင် တကယ်လို့ ဝင်ခွင့်စာမေးပွဲသာ ဖြေရရင် သူ အောင်ချင်မှ အောင်မှာ"
ထိုလူများ၏ စကားက လွန်လာသည်ကို မြင်သောအခါ လင်းဟွေက မျက်မှောင်ကြုတ်ကာ တားမြစ်လိုက်သည်။ "တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်တွေက တစ်ယောက်တည်း နေတတ်တာ ပုံမှန်ပါပဲ... အများကြီး လျှောက်မပြောကြနဲ့"
"အစ်ကိုလင်းကတော့ တကယ်ကို စိတ်သဘောထား ကောင်းလွန်းတယ်..."
လင်းဟွေကိုယ်တိုင်က ဘာမှမပြောသဖြင့် မိုးကြိုးသိုင်းသင်တန်းကျောင်းမှ ကျန်လူများလည်း ထပ်မပြောကြတော့ပေ။
"အားလုံးရဲ့ အပြည့်အဝ ပံ့ပိုးကူညီမှုကြောင့် လန်ကျင်း သင်္ဘောကြီးက ဆိပ်ကမ်းကို ဘေးကင်းစွာ ဆိုက်ကပ်နိုင်ခဲ့ပါပြီ... ဒါကတော့ ဆာကူရာနိုင်ငံရဲ့ အမည်မဖော်လိုတဲ့ ဘဏ်ကတ်တစ်ခုပါ အထဲမှာ မဟာနွေရာသီသုံး ငွေကြေး ၃ သန်းနဲ့ ညီမျှတဲ့ ဆာကူရာငွေ သန်း ၆၀ ရှိပါတယ်... လျှို့ဝှက်နံပါတ်ကတော့ သုည ခြောက်လုံးပါပဲ... အားလုံးပဲ ဂျပန်မှာ ပျော်ရွှင်စရာ အချိန်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
လန်ကျင်း သင်္ဘောကြီးက ဟော့ကိုင်းဒိုး ဆိပ်ကမ်း၌ ဆိုက်ကပ်ပြီးနောက် ရှုကျင်းမင် အပါအဝင် ကုန်းပတ်ပေါ်ရှိ စွမ်းရည်ပိုင်ရှင်တိုင်း ဘဏ်ကတ်တစ်ခုစီ ရရှိကြသည်။ ထင်ရှားသည်မှာ သင်္ဘောခန်းထဲသို့ ကြိုတင် ပြေးဝင်သွားကြသော စွမ်းရည်ပိုင်ရှင်များမှာမူ ဘာမှ ရရှိကြမည် မဟုတ်ပေ။
"ဟော့ကိုင်းဒိုး နောက်ဆုံးတော့ ရောက်ပြီ" သူက ဘဏ်ကတ်ကို ဟင်းလင်းပြင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ရှုကျင်းမင်က ကုန်းပတ်ပေါ်တွင် ရပ်နေရင်း ရှေ့မှ မြို့ကြီးကို ကြည့်နေမိသည်။ ညကိုးနာရီ ရှိနေပြီဖြစ်ကာ ကောင်းကင်ယံမှာ မှောင်မည်းနေသော်လည်း မြို့ကြီးမှာမူ မီးရောင်များဖြင့် လင်းထိန်နေသည်။ ဆိပ်ကမ်းနားတွင်ဆိုလျှင် ပို၍ပင် စည်ကားလှသည်။ အဝေးမှကြည့်လျှင် ဆာကူရာနိုင်ငံ၏ ထူးခြားသော လက်ရာများရှိသည့် အဆောက်အအုံများနှင့် ဆိုင်များကို မြင်တွေ့နိုင်ပေသည်။
"အမှတ် ၉ ယဉ်ကျေးမှု နယ်မြေရဲ့ အဝင်ဝက ဟော့ကိုင်းဒိုးက အာဆာဟီကာဝါ မြို့မှာ ရှိတာ... ဆိပ်ကမ်းနဲ့တော့ နည်းနည်း ဝေးသေးတယ်။ အဲဒီကို ကားနဲ့ အမြန်သွားမှ ဖြစ်မယ်..." ရှုကျင်းမင်က ခဏမျှ ကြည့်ရှုပြီးနောက် သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။
ဆာကူရာနိုင်ငံ၏ ကုန်းမြေဧရိယာမှာ ယခင်ကထက် ထက်ဝက်ခန့် လျော့နည်းသွားပြီ ဖြစ်သော်လည်း ကျန်ရှိနေသော ထက်ဝက်ကိုမူ အလွန်ပင် ကောင်းမွန်စွာ စီမံခန့်ခွဲထားသည်။ အခြေခံ အဆောက်အအုံများမှာလည်း အလွန်ပင် ပြည့်စုံလှသည်။
ရှုကျင်းမင် သွားရမည့် အာဆာဟီကာဝါ မြို့မှာ ဆိပ်ကမ်းနှင့် နီးကပ်စွာ တည်ရှိပြီး ၂၄ နာရီပတ်လုံး ပြေးဆွဲနေသော အမြန်ရထားဖြင့် သွားနိုင်သည်။ ထို့ကြောင့် နှစ်နာရီခန့်အကြာတွင် သူက ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသော အာဆာဟီကာဝါ မြို့သို့ ရောက်ရှိသွားခဲ့သည်။ သူက ဒုတိယကျောင်းအုပ်ကြီးလင်းရွှမ် ကြိုတင်ဘိုကင်လုပ်ပေးထားသော ဟိုတယ်သို့ ဝင်ရောက် နားခိုလိုက်သည်။
အခန်းကို စစ်ဆေးပြီးနောက် ဘာမှ ပြဿနာမရှိသည်ကို အတည်ပြုပြီးမှ ရှုကျင်းမင် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နိုင်ငံခြားသို့ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို လေ့လာပြီး ဒေသခံ ယဉ်ကျေးမှုများကို ခံစားကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"မင်္ဂလာပါ သခင်... ကြွပါ သခင်"
မတော်တဆမှုများ မဖြစ်ပေါ်စေရန် ရှုကျင်းမင်က သူ၏ Sအဆင့် တိုက်ပွဲဝင်ဝတ်စုံကို မချွတ်ထားပေ။ ထို့ကြောင့် သူ ဟိုတယ်အခန်းမှ ထွက်လာသည်မှစ၍ ဟိုတယ်အပြင်ဘက်သို့ ရောက်သည်အထိ ဝန်ထမ်းများက ၉၀ ဒီဂရီအထိ ဦးညွှတ်နှုတ်ဆက်ကြသည်ကို တွေ့ရသည်။ ဟိုတယ်အပြင်ဘက်သို့ ရောက်ရှိကာ လမ်းမပေါ်တွင် လျှောက်လာစဉ်မှာပင် လမ်းသွားလမ်းလာများက သူ့အပေါ် ထားရှိသော ရိုသေလေးစားမှုကို အထင်အသား မြင်တွေ့နိုင်ပေသည်။
လမ်းတစ်ဖက်မှ လမ်းသွားလမ်းလာများသည် သူ့ကို မျက်လုံးချင်းပင် မဆိုင်ဝံ့ကြချေ။ ဆုံမိသည့်အခါတိုင်း ခေါင်းကို အသာအယာ ဦးညွှတ်ပြီးမှ ဆက်လျှောက်သွားကြသည်။ သူတို့မှာ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်မိစေမည်ကို ကြောက်လန့်နေသယောင် ရှိသည်။
"ဂျပန်မှာက လူတန်းစားခွဲခြားမှု စိတ်ဓာတ်က ငါ ထင်ထားတာထက်တောင် ပိုပြီး ပြင်းထန်နေပါလား" ရှုကျင်းမင်က တွေးနေမိသည်။
လွန်ခဲ့သော ရာစုနှစ်တစ်ခုက ဖြစ်ပွားခဲ့သော ဘေးဒုက္ခဆိုးကြီးက ဆာကူရာနိုင်ငံ၏ ကုန်းမြေပေါ်တွင် မေ့မရနိုင်သော နာကျင်မှုများကို ချန်ထားရစ်ခဲ့သည်။ သာမန်ပြည်သူများက စွမ်းရည်ပိုင်ရှင်များအပေါ်တွင် အမြင့်ဆုံးသော ရိုသေမှုကို ထားရှိကြသည်။ မဟာနွေရာသီ တိုင်းပြည်တွင် စွမ်းရည်ပိုင်ရှင်များကို မြင့်မြတ်သောသူများအဖြစ် သတ်မှတ်ထားသော်လည်း ဂျပန်တွင်မူ စွမ်းရည်ပိုင်ရှင်များကို နတ်ဘုရားမျိုးနွယ်များ၏ အားပျော့သော ပုံစံမျိုးဟုပင် ဆိုနိုင်သည်။ လူသတ်မှုတစ်ခု ကျူးလွန်မိလျှင်ပင် ဆင်ခြေပင် ပေးနေစရာ မလိုလောက်အောင် အခွင့်အရေးများ ရှိနေကြခြင်း ဖြစ်သည်။
"ဒီလို လူ့အဖွဲ့အစည်းက စွမ်းရည်ပိုင်ရှင်တွေအတွက်တော့ ကောင်းပေမဲ့ သာမန်လူတွေအတွက်တော့ တကယ်ကို ရက်စက်လွန်းပါတယ်" သူက တိတ်တဆိတ် သက်ပြင်းချရင်း လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ အထူးတလည် သွားမည့်နေရာ မရှိဘဲ ပတ်ဝန်းကျင်ကိုသာ ကြည့်ရှုနေခြင်း ဖြစ်သည်။
ရုတ်တရက် အဆောက်အအုံတစ်ခုက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။ ၎င်းမှာ အထပ် ၃၀ ကျော် မြင့်မားပြီး ဆလင်ဒါပုံသဏ္ဌာန်ရှိသော အဆောက်အအုံကြီး ဖြစ်သည်။ လက်နက်ကိုင် စစ်သားများနှင့် စွမ်းရည်ပိုင်ရှင် ကင်းလှည့်အဖွဲ့များက အဆောက်အအုံပတ်လည်တွင် ကင်းလှည့်နေကြသည်။ သို့သော် ရှုကျင်းမင် အထူး သတိထားမိလိုက်သည်မှာ အဆောက်အအုံ၏ အမြင့် သို့မဟုတ် လုံခြုံရေး မဟုတ်ပေ။ အဆောက်အအုံ၏ အပြင်ဘက် နံရံတစ်ခုလုံးတွင် ထွင်းထုထားသော ဧရာမ ပန်းချီကားချပ်ကြီးများ ဖြစ်ပြီး ၎င်းမှာ ဆာကူရာနိုင်ငံ၏ နတ်ဘုရားများကို ပုံဖော်ထားခြင်း ဖြစ်ပုံရသည်။ မီးရောင်အောက်တွင် ထိုပုံရိပ်များက အလွန်ပင် တောက်ပနေပြီး အိပ်မက်တစ်ခုနှယ်ပင်။
"ဒါက ဂျပန်မှာရှိတဲ့ ထျန်းယွီ သိုင်းသင်တန်းကျောင်းရဲ့ ပင်မအဆောက်အအုံပဲ... သူတို့က ဒီလိုဟန်မျိုးနဲ့ ဆောက်ရတာကို သဘောကျကြတယ်" အီဗာ၏ အသံက နားထဲသို့ တိုးဝင်လာသည်။ "ဆာကူရာနိုင်ငံမှာတော့ သိုင်းသင်တန်းကျောင်းတွေက ငါတို့ဆီက သိုင်းသင်တန်းကျောင်းတွေနဲ့ အတူတူပါပဲ"
"အွန်လိုင်းမှာ ငါ ဖတ်ဖူးပါတယ်" ရှုကျင်းမင်က ခေါင်းညိတ်လိုက်သည်။
မဟာနွေရာသီ တိုင်းပြည်တွင် မိုးကြိုးသိုင်းသင်တန်းကျောင်းနှင့် ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းတို့ တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေကြသော်လည်း ဆာကူရာနိုင်ငံ၌မူ ထျန်းယွီ သိုင်းသင်တန်းကျောင်း တစ်ခုတည်းသာ ရှိသည်။ ဆာကူရာနိုင်ငံ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ၏ ထက်ဝက်ခန့်မှာ ဤသင်တန်းကျောင်းမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ ဤသင်တန်းကျောင်းက အရာရာကို ထိန်းချုပ်ထားနိုင်သည်ဟု ဆိုလျှင်ပင် မမှားနိုင်ပေ။
"ဝုန်း... ဝုန်း..."
ရုတ်တရက် ပြင်းထန်သော အင်ဂျင်ဟိန်းသံကြီးနှင့်အတူ ဇိမ်ခံကား အုပ်စုတစ်စုက အဝေးမှ မောင်းနှင်လာခဲ့ပြီး ထျန်းယွီ သိုင်းသင်တန်းကျောင်း ရှေ့တွင် ရပ်တန့်လိုက်သည်။ ချက်ချင်းပင် အဆောက်အအုံပတ်လည်ရှိ စစ်သားများနှင့် စွမ်းရည်ပိုင်ရှင်များမှာ လမ်းဖယ်ပေးလိုက်ကြသည်။
ပထမဆုံး ပြိုင်ကားပေါ်မှ မိန်းကလေးငယ်တစ်ဦး ဆင်းလာခဲ့သည်။ သူမ၏ ဘေးပတ်လည်တွင် အနက်ရောင် ဝတ်စုံဝတ်ထားပြီး အားကောင်းသော အရှိန်အဝါရှိသော သက်တော်စောင့်များစွာ ဝိုင်းရံထားသည်။ ထိုမိန်းကလေးက အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော အင်္ကျီနှင့် အနက်ရောင် စကတ်တိုကို ဝတ်ဆင်ထားရာ သူမ၏ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်အချိုးအစားနှင့် သွယ်လျသော ခြေတံရှည်များမှာ အထင်အသား ပေါ်လွင်နေသည်။ သူမ၏ နက်မှောင်ချောမွေ့သော ဆံနွယ်ရှည်များမှာ ပုခုံးပေါ်မှတစ်ဆင့် ကျောဘက်သို့ စီးကျနေသည်။
သက်တော်စောင့်များ ဝိုင်းရံထားသဖြင့် သူမ၏ မျက်နှာကို အသေအချာ မမြင်ရသော်လည်း သူမ၏ ခန္ဓာကိုယ် အချိုးအစားကပင် အမျိုးသားများစွာ၏ အာရုံကို ဖမ်းစားနိုင်ရန် လုံလောက်လှပေသည်။ သူမ၏ ဝတ်စုံကို ကြည့်ရသည်မှာ ရှုကျင်းမင် အမြန်ရထားပေါ်တွင် မြင်တွေ့ခဲ့ရသော အထက်တန်းကျောင်းသူများ၏ ကျောင်းဝတ်စုံနှင့် ဆင်တူလှသည်။ သို့သော် ထိုကျောင်းသူလေးများနှင့်မတူဘဲ ဤမိန်းကလေးထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ထိတ်လန့်ဖွယ်ရာ အားကောင်းလှပေသည်။ အနည်းဆုံး ပဉ္စမအဆင့် သို့မဟုတ် ထိုထက်မက မြင့်မားပုံရသည်။
"ဒါတွေက ထျန်းယွီ သိုင်းသင်တန်းကျောင်းက ကျောင်းသားတွေလား... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ" ရှုကျင်းမင်က စိတ်ထဲမှ တိတ်တဆိတ် အံ့ဩသွားမိသည်။ ထိုမိန်းကလေးမှာ အသက် ၂၃၊ ၂၄ နှစ်ဝန်းကျင်သာ ရှိဦးမည်။ အကယ်၍ ထျန်းယွီ သိုင်းသင်တန်းကျောင်းမှ ကျောင်းသားတိုင်းသာ ဤမျှ အစွမ်းထက်နေလျှင် ဆာကူရာနိုင်ငံက အဘယ်ကြောင့် အခြားနိုင်ငံ၏ လက်အောက်ခံအဖြစ်သို့ ကျဆင်းသွားရသနည်း။
"သူက ထျန်းယွီ သိုင်းသင်တန်းကျောင်းက သာမန်ကျောင်းသား မဟုတ်ဘူး... သူ့နာမည်က ဆာကူရာဂီ ရင်း တဲ့"
"သူက လွန်ခဲ့တဲ့ ၇ နှစ်က ဆာကူရာနိုင်ငံမှာ ပေါ်ထွက်ခဲ့တဲ့ Sအဆင့် နိုးထသူတစ်ဦးပဲ... ရှင်နီဂါမီ နိုးထခြင်းလို့ ခေါ်တဲ့ အထူးSအဆင့် စိတ်ဝိညာဉ်စေခိုင်းခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသူပေါ့... သူက ပဉ္စမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်ပြီး လက်ရှိ ထျန်းယွီ သိုင်းသင်တန်းကျောင်းရဲ့ မျိုးဆက်သစ်တွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသူ ဖြစ်တယ်... သင်တန်းကျောင်းထဲမှာတော့ သူ့ကို နတ်ဘုရားမလို့တောင် တင်စားခေါ်ဝေါ်ကြတယ်" အီဗာ၏ ကြည်လင်သော အသံက နားထဲသို့ ပဲ့တင်ထပ်လာလေတော့သည်။
***