အာဆာဟီကာဝါမြို့က ဟော့ကိုင်းဒိုးတွင် စီးပွားရေး အထွန်းကားဆုံး မြို့တစ်မြို့ဖြစ်ပြီး အလွန်ပင် စည်ကားလှပေသည်။ ရှုကျင်းမင်က လမ်းမများအတိုင်း လျှောက်သွားရင်း ဆာကူရာနိုင်ငံ၏ ထူးခြားသော လူနေမှုပုံစံများကို မြင်တွေ့ခဲ့ရသည်။
ကီမိုနိုဝတ်ထားသော အမျိုးသား၊ အမျိုးသမီးများ အဝင်အထွက် ပြုလုပ်နေကြသည့် ရေပူစမ်းဆိုင်များ၊ ချမ်းသာသော အမျိုးသမီးများ ငွေကို ရေလိုသုံးဖြန်းနေကြသည့် ဟို့စ်ကလပ်များနှင့် ဆိုင်ရှေ့တွင် ချစ်စဖွယ် မိန်းကလေးငယ်လေးများစွာ တန်းစီရပ်နေကြသည့် အနီရောင်မီးဇုန်များအထိ ရှိနေသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ဂျပန်၏ ဖျော်ဖြေရေးလောက မည်မျှအထိ တိုးတက်နေကြောင်း ရှုကျင်းမင် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိသည်။
သို့သော် သူက ဆုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့ကဲ့သို့ အလှနတ်ဘုရားမများကို မြင်တွေ့နေကျဖြစ်သဖြင့် ထိုမြင်ကွင်းများကို စိတ်ဝင်စားခြင်း မရှိပေ။ သူက ခေတ္တမျှ လမ်းလျှောက်ပြီးနောက် အနီးရှိ စျေးဝယ်စင်တာတစ်ခုမှ ဂျပန်ဒေသထွက် ပစ္စည်းအချို့ကို ဝယ်ယူကာ ဟိုတယ်သို့ ပြန်၍ အနားယူလိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ရှုကျင်းမင်က ဟိုတယ်မှ ထွက်ခွာကာ ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးများရှိရာ အဝင်ဝသို့ ဦးတည်သွားခဲ့လေတော့သည်။ အပျက်အစီးများ၏ အဝင်ဝမှာ အာဆာဟီကာဝါမြို့၏ ဆင်ခြေဖုံးရပ်ကွက် အနီးတွင် တည်ရှိသည်။ ရှုကျင်းမင်က အလွန်မြန်သော အရှိန်ဖြင့် ထိုနေရာသို့ ရောက်ရှိလာသောအခါ လူအများအပြား ရောက်နှင့်နေပြီ ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မိုးကြိုးသိုင်းသင်တန်းကျောင်း၊ ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းနှင့် မဂျစ်စီးတီး တက္ကသိုလ်မှ လူများကို ရှုကျင်းမင် ရှာတွေ့လိုက်သည်။ မိုးကြိုးနှင့် ဝက်ဝံကြမ်း သင်တန်းကျောင်းမှ လူများကိုမူ လန်ကျင်း သင်္ဘောပေါ်တွင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့တွင်မူ သူ သိပ်မတွေ့ဖူးသော နည်းပြ ၄ ဦးအပြင် ကျန်ရှိသော ကျောင်းသားများ၏ အမှတ်အသားကိုမူ သူ သိထားသည်။
ခုုန်းရှီ၊ လျူမင်၊ ရှန်ဒုံလင်းနှင့် ဥက္ကာပျံ ကလပ်၏ ဥက္ကဋ္ဌ ဝူယွမ် တို့ပင် ဖြစ်ကြ၏။ ကျန်ရှိသော နှစ်ဦးမှာမူ သူ မသိသောသူများ ဖြစ်သော်လည်း ၎င်းတို့၏ အရှိန်အဝါမှာ စတုတ္ထအဆင့်နိမ့် ဝန်းကျင်တွင်သာ ရှိကြသည်။
ရှုကျင်းမင်က လက်ရှိတွင် ဥက္ကာပျံ ကလပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲအပြီးတွင် ကလပ်ဥက္ကဋ္ဌ ဝူယွမ်က သူ့အား နောက်ဆက်ခံမည့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် သူက ကျောင်းမှ စောစောထွက်ရန် စီစဉ်ထားပြီး ဖြစ်သဖြင့် ကလပ်ဥက္ကဋ္ဌ တာဝန်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
"နောက်ထပ် မဟာနွေရာသီ တိုင်းပြည်က လူတစ်ယောက် ရောက်လာပြန်ပြီပဲ... တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင် ထင်တယ်"
"စတုတ္ထအဆင့်မြင့် တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင် တစ်ယောက်က ဒီကို လာဝံ့တယ်ပေါ့လေ"
"ဟက်ဟက်... ကံကောင်းလို့ ဝင်ခွင့်လက်မှတ် ရထားတဲ့လူက ကံစမ်းဖို့ လာတာနေမှာပါ"
မဟာနွေရာသီ တိုင်းပြည်မှ လူများအပြင် အခြားနိုင်ငံများမှ စွမ်းရည်ပိုင်ရှင်များစွာလည်း ရောက်ရှိနေကြသည်။ သို့သော် အများစုမှာ အားကောင်းသော အဖွဲ့အစည်းများအဖြစ်သာ လာကြခြင်း ဖြစ်သည်။ ရှုကျင်းမင် တစ်ဦးတည်း ဖြစ်နေသည်ကို မြင်သောအခါ ထိုလူများက သူ့ကို တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး လျစ်လျူရှုလိုက်ကြသည်။
"ဟင် သူပဲ... သူလည်း အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးတွေဆီ ရောက်လာတာလား"
မိုးကြိုးသိုင်းသင်တန်းကျောင်းနှင့် ဝက်ဝံကြမ်း သိုင်းသင်တန်းကျောင်းမှ လူများသည်လည်း သင်္ဘောပေါ်တွင် အတူပါလာသော ရှုကျင်းမင်ကို မှတ်မိကြသည်။ အထူးသဖြင့် ထူးခြားသော အကွာအဝေးမှ တိုက်ခိုက်နိုင်သည့် ထိုလူငယ်ကို လူအများက မှတ်မိနေကြဆဲပင်။
သို့သော် အထက်တန်းလွှာ လေ့ကျင့်ရေးစခန်းမှ အချို့သောသူများကမူ အထင်အမြင်သေးစွာဖြင့် ဆိုကြသည်။ "ဒီလောက် အဆင့်နိမ့်နိမ့်နဲ့ ဒီကို လာတာလား... ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်လား"
ရှေးဟောင်းယဉ်ကျေးမှု အပျက်အစီးများ ဆိုသည်မှာ ပရဒိသုဘုံ မဟုတ်ပေ။ ထိုနေရာတွင် ရှိနေသော အန္တရာယ်များက သာမန်တောနက်များထက် များစွာ ပိုမို မြင့်မားလှသည်။ ၎င်းအပြင် အခြားသော စွမ်းရည်ပိုင်ရှင်များနှင့်လည်း တိုက်ခိုက်ကြရဦးမည် ဖြစ်သည်။ ဤလူများ လာရဲခြင်းမှာ ၎င်းတို့ကို ဦးဆောင်ပေးမည့် နည်းပြများ ရှိနေသောကြောင့် ဖြစ်သည်။ သာမန် တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင်များမှာမူ ဆဋ္ဌမအဆင့်နိမ့်သို့ မရောက်မချင်း ဤနေရာသို့ ခြေမချဝံ့ကြပေ။ ရှုကျင်းမင်မှာမူ စတုတ္ထအဆင့်မြင့်သာ ရှိသဖြင့် ၎င်းတို့၏ မျက်လုံးထဲတွင် အဆင်အခြင်မရှိသော လူငယ်တစ်ဦးအဖြစ်သာ မြင်နေကြခြင်း ဖြစ်သည်။
"ဒါက တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင် ဖြစ်ရခြင်းရဲ့ ဆိုးကျိုးပဲလေ... သူက အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးတွေအကြောင်း သတင်းအချက်အလက်တွေကို ကြားတောင် ကြားဖူးမှာ မဟုတ်ဘူး"
"သူကတော့ ဒါကို သာမန်ခရီးတစ်ခုလို့ ထင်နေပုံရတယ်... ဒါက အသက်အန္တရာယ်ရှိတဲ့ ခရီးစဉ်ဆိုတာ သူ မသိရှာဘူး"
ထိုလေ့ကျင့်ရေးစခန်းမှ ပါရမီရှင်များက အားကောင်းသော ကျောထောက်နောက်ခံ ရှိခြင်း၏ အကျိုးကျေးဇူးကို ချက်ချင်းပင် သိမြင်သွားကြတော့သည်။ ရှုကျင်းမင်က ထိုလူများ၏ ပြောစကားများကို ကြားနေရသော်လည်း သူ ဂရုမစိုက်ပေ။ သူက မြေကွက်လပ်တစ်ခုကို ရှာဖွေကာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ရှေးဟောင်းယဉ်ကျေးမှု လျှို့ဝှက်နယ်မြေ မပွင့်မီတွင် ဝင်ခွင့်လက်မှတ်က တုံ့ပြန်မှု ပြုလုပ်လိမ့်မည် ဖြစ်သည်။ ယခုအချိန်အထိ သူ၏ လက်မှတ်မှာ တုံ့ပြန်မှု မရှိသေးသဖြင့် အပျက်အစီးများ ပွင့်ရန် အချိန်အနည်းငယ် လိုသေးကြောင်း သူ သိလိုက်သည်။
ရှုကျင်းမင် ရောက်ရှိပြီး မကြာမီမှာပင် အဝေးမှ ဇိမ်ခံ SUV ကား ၁၀ စီးကျော်နှင့်အတူ စစ်သည်တင် ကားများစွာ မောင်းနှင်လာခဲ့သည်။ ထိုကားများ၏ ဘေးဘက်တွင် အနက်ရောင် နေမင်းအမှတ်အသားများ ပါရှိသဖြင့် အလွန်ပင် သိသာလှသည်။
"ထျန်းယွီ သိုင်းသင်တန်းကျောင်းက လူတွေ ရောက်လာပြီ"
"ကားတွေ အများကြီးပဲ... ဒီတစ်ခါတော့ သူတို့ သေချာ ပြင်ဆင်လာပုံရတယ်"
ထျန်းယွီ သိုင်းသင်တန်းကျောင်းက ဆာကူရာနိုင်ငံ၌ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည်ကို လူတိုင်းက သိထားကြသည်။ ထို့ကြောင့် ရှုကျင်းမင် အပါအဝင် လူတိုင်းက ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ပထမဆုံး SUV ကားပေါ်မှ အရပ်ရှည်ရှည်နှင့် ကျော့ရှင်းသော မိန်းကလေးတစ်ဦး ဆင်းလာခဲ့သည်။ သူမမှာ ရှုကျင်းမင် ယမန်နေ့ညက အဝေးမှ မြင်တွေ့ခဲ့ရသော Sအဆင့် ပါရမီရှင် ဆာကူရာဂီ ရင်းပင် ဖြစ်သည်။ ယမန်နေ့ညက ဝတ်ဆင်ခဲ့သော ကျောင်းဝတ်စုံနှင့်မတူဘဲ ယနေ့တွင် သူမက ဘယ်ဘက်ရင်ဘတ်၌ နေမင်းအမှတ်အသား ပါရှိသော အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အချိုးအစားမှာ တိုက်ပွဲဝင်ဝတ်စုံအောက်တွင် ပိုမို ထင်ရှားနေပြီး သူမ လမ်းလျှောက်လိုက်တိုင်း ခါးလေး လှုပ်ရှားသွားပုံမှာ အမျိုးသားများအတွက် ဆွဲဆောင်မှု တစ်မျိုး ဖြစ်နေသည်။ သို့သော် သူမ၏ လှပသော မျက်နှာလေးမှာမူ ရေခဲတုံးတစ်ခုကဲ့သို့ တည်ငြိမ်အေးစက်နေသည်။
"ဒါက ဂျပန်ရဲ့ Sအဆင့် ပါရမီရှင် မဟုတ်လား... သူလည်း လာတာပဲလား"
"ဆာကူရာဂီ ရင်း အသက် ၂၃ နှစ်ပဲ ရှိသေးတယ် ပဉ္စမအဆင့်ကို ရောက်နေပြီ... သူ့ရဲ့ ပါရမီက တကယ်ကို ကြောက်စရာပဲ"
လူအများက ဝိုင်းဝန်း ဆွေးနွေးနေစဉ်မှာပင် ဆာကူရာဂီ ရင်း ၏ နောက်ရှိ SUV ကားပေါ်မှ နောက်ထပ် လူနှစ်ဦး ဆင်းလာခဲ့သည်။ တစ်ဦးမှာ အရပ်ရှည်ရှည်နှင့် ငယ်ရွယ်သော လူဖြူအမျိုးသားတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးမှာ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုအလယ်အလတ်အရွယ် အမျိုးသားက ကားပေါ်မှ ဆင်းလာသည်နှင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ရာ ရှိနေသော စွမ်းရည်ပိုင်ရှင်အားလုံးမှာ ပြင်းထန်သော ဖိအားပေးမှုကို ချက်ချင်း ခံစားလိုက်ကြရသည်။
"သူက ထျန်းယွီ သိုင်းသင်တန်းကျောင်းက အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးပဲ"
"သူက ဒီမှာ ဘာလုပ်နေတာလဲ... ငါတို့ကို တိုက်ခိုက်တော့မလို့လား"
စွမ်းရည်ပိုင်ရှင် အုပ်စုမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ဦး၏ ထိတ်လန့်ဖွယ်ရာ စွမ်းအားရှေ့တွင် ၎င်းတို့အားလုံး ပေါင်းလိုက်လျှင်ပင် တစ်ဖက်လူ၏ လက်ညှိုးတစ်ချက်ကို တောင့်ခံနိုင်ကြမည် မဟုတ်ပေ။
ရှုကျင်းမင်သည်လည်း ထိတ်လန့်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဆဲပင်။ သို့သော် သူ၏ စိတ်ထဲမှနေ၍ အထွတ်အထိပ် ဆရာကြီးအဆင့် အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ် ကို အစွမ်းကုန် အသုံးပြုကာ သူ၏ အရှိန်အဝါကို မပြောင်းလဲစေရန် ထိန်းချုပ်ထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသားက လူအုပ်ကို အကြိမ်အနည်းငယ် ဝေ့ဝဲကြည့်ပြီးနောက် အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဘာမှ ထပ်မလုပ်တော့ပေ။
“သူတို့က အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ယောက်ကိုတောင် လွှတ်လိုက်တာလား... ဆာကူရာနိုင်ငံက ငါ့အသက်ကို တကယ်ပဲ လိုချင်နေတာပဲ...”
ရှုကျင်းမင်က အခြေအနေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သဖြင့် စိတ်ထဲမှ တိတ်တဆိတ် နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။ ကံကောင်းစွာဖြင့် သူက အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အထွတ်အထိပ် ဆရာကြီးအဆင့်အထိ မြှင့်တင်ထားခဲ့သဖြင့် သူ၏ အရှိန်အဝါကို စတုတ္ထအဆင့်မြင့်အဖြစ် အတုပြုလုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင်မူ စတုတ္ထအဆင့်နိမ့် အရှိန်အဝါဖြင့် လာခဲ့မည်ဆိုပါက ရုပ်သွင်ပြောင်းထားသော်လည်း အဓိက ပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
"ပစ်မှတ်ကို မတွေ့ဘူး... သွားကြမယ်" ထျန်းယွီ သိုင်းသင်တန်းကျောင်း၏ ညွှန်ကြားရေးမှူးချုပ် ဟိုရီအိက ဤရလဒ်အတွက် အလွန်အမင်း အံ့ဩခြင်း မရှိပေ။ SSအဆင့် နိုးထသူများမှာ အလွန်ရှားပါးလှသဖြင့် မဟာနွေရာသီတိုင်းပြည်က ၎င်းတို့ကို ဤသို့ လွှတ်လိမ့်မည် မဟုတ်ဟု သူက တွေးထားပြီး ဖြစ်သည်။ သူ၏ စစ်ဆေးမှုမှာ ကြိုတင် ကာကွယ်ရုံသက်သက်သာ ဖြစ်သည်။
ဟိုရီအိ၏ ဦးဆောင်မှုဖြင့် သူတို့နောက်ရှိ စစ်သည်တင် ကားများပေါ်မှ စွမ်းရည်ပိုင်ရှင် တစ်ရာကျော် ဆင်းလာကြသည်။ ထိုစွမ်းရည်ပိုင်ရှင်များ၏ အနိမ့်ဆုံးအဆင့်မှာ စတုတ္ထအဆင့်နိမ့် ဖြစ်ပြီး၊ ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် ၁၀ ဦးကျော်ပင် ပါဝင်နေသည်။ ၎င်းတို့အားလုံးမှာ လက်နက်အပြည့်အစုံနှင့် ထျန်းယွီ သိုင်းသင်တန်းကျောင်း၏ အမှတ်တံဆိပ်ပါသော တိုက်ပွဲဝင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုလူပေါင်း ရာချီမှာ စည်းကမ်းတကျ နေရာယူလိုက်ကြပြီး တစ်ဖွဲ့ချင်းစီကို ဆဋ္ဌမအဆင့်နိမ့် စွမ်းရည်ပိုင်ရှင် တစ်ဦးစီက ဦးဆောင်ထားသည်။ ဆာကူရာဂီ ရင်းနှင့် အမေရိကန်မှ မာ့ခ်တို့မှာ လူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေကြသည်။
ဟိုရီအိ ရှာဖွေမှုတွင် ရှုကျင်းမင်၏ သဲလွန်စကို မတွေ့ရသည်ကို မြင်သောအခါ ဆာကူရာဂီ ရင်းက စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ မဟာနွေရာသီ တိုင်းပြည်မှ SSအဆင့် ပါရမီရှင် မလာခဲ့တာက အကောင်းဆုံးပင်။ မဟုတ်လျှင်မူ သူ အသတ်ခံရပေလိမ့်မည်။ ထိုအခါ ဒေါသထွက်နေသော မဟာနွေရာသီ တိုင်းပြည်ကို ဟိုရီအိ ပြောသလောက် လွယ်လွယ်နှင့် တားဆီးနိုင်မည် မဟုတ်ပေ။ ဆာကူရာနိုင်ငံ၏ လွှတ်တော်မှာ ပြင်းထန်သော ထိုးနှက်ချက်ကို ခံရမည်ဖြစ်သလို ပျက်စီးသွားသည်အထိပင် ဖြစ်သွားနိုင်ပေသည်။
အချိန်များမှာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် ညနေ ၆ နာရီသို့ ရောက်ရှိလာခဲ့သည်။ အမှတ် ၉ ယဉ်ကျေးမှု အပျက်အစီးများအတွင်းသို့ ဝင်ရောက်ရန် ဝင်ခွင့်လက်မှတ်ရှိသော စွမ်းရည်ပိုင်ရှင် အများစုမှာလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော် မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့ကို ဦးဆောင်လာသော ဆရာလေးဦးအနက် တစ်ဦးဖြစ်သည့် ရှောင်နန်မှာမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ လင်းရွှမ်က သူ့အား ရှုကျင်းမင် လာလိမ့်မည်ဟု ပြောခဲ့သော်လည်း မည်သည့်အမှတ်အသားနှင့် လာမည်ကိုတော့ မပြောခဲ့ပေ။ ယခုအချိန်အထိ သူက ရှုကျင်းမင်၏ သဲလွန်စကို ရှာမတွေ့သေးပေ။ သူက ရှိနေသော တစ်ကိုယ်တော် စွမ်းရည်ပိုင်ရှင် ဒါဇင်ပေါင်းများစွာကို သေချာစွာ စောင့်ကြည့်ခဲ့သော်လည်း စတုတ္ထအဆင့်နိမ့် အရှိန်အဝါရှိသူ တစ်ဦးမှ မတွေ့ခဲ့ရပေ။ အနိမ့်ဆုံး အဆင့်မှာပင် စတုတ္ထအဆင့်လတ် ဖြစ်နေသည်။
"ဒုက္ခပဲ... ရှုကျင်းမင် တကယ်ပဲ လာတာမှ ဟုတ်ရဲ့လား... သူ ဒီမှာ မရှိသလိုပဲ ငါ ခံစားနေရတယ်" ရှောင်နန် တစ်ယောက်တည်း ဝေခွဲမရ ဖြစ်နေတော့သည်။
***