ဟွမ်ကျင့်ကျွင်း လုံးဝ မျှော်လင့်ချက်မဲ့သွားသည်။ သူ၏ အစ်ကိုပင် ရှုံးနိမ့်သွားပြီး လက်တစ်ဖက် ပြတ်သွားပြီဖြစ်ရာ ယခု သူ့ကို မည်သူမှ လာမကယ်နိုင်တော့ပေ။
သူ့အမြင်တွင် သွေးများ ပေကျံနေသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် မုဆိုးလူငယ်လေးက အရင်လူပင် ဖြစ်သော်လည်း သူ့မျက်စိထဲက ပုံရိပ်ကတော့ လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။
စောစောက သူက တစ်ဖက်လူကို ကောင်းကင်အလင်းထဲသွားပြီး ဆေးခူးရန် အတင်းအကျပ် ခိုင်းချင်ခဲ့သေးသည်။ တစ်ဖက်လူက ရိုးအလွန်းသဖြင့် ရယ်စရာကောင်းသည်ဟုပင် ထင်ခဲ့ကာ သေခါနီးအချိန် ရောက်နေတာတောင် သူ့အစ်ကိုကို မေးခွန်းတွေ မေးနေသေးသည်ဟု မြင်ခဲ့သည်။
ယခု ပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်က သူ့နှုတ်ခမ်းထောင့်မှာ မသိမသာ လှောင်ပြုံးတစ်ခု ရှိနေခဲ့ပြီး သူ့အစ်ကိုကလည်း ပြုံးရွှင်နေခဲ့သည်။ တစ်ဖက်လူကရော သူတို့ကို အဲဒီလိုပဲ ပြန်ကြည့်နေခဲ့တာ မဟုတ်ဘူးလား။
သုံးရောင်ခြယ်ပန်းက ရင့်ကျက်တော့မည် ဖြစ်သည်။ အလင်းမြူများ စီးဆင်းနေပြီး စိတ်နှလုံးကို ကြည်နူးစေသော ပန်းရနံ့က ပိုပိုပြီး ပြင်းထန်လာ၏။ ရှူရှိုက်လိုက်ရုံဖြင့်ပင် ခေါင်းကို ကြည်လင်သွားစေပြီး စိတ်ဓာတ်များ လန်းဆန်းသွားစေသည်။
ချင်မင်က အလွန် စွဲဆောင်ခံလိုက်ရပြီး ကျောက်တုံးပုံအောက်က ကျောက်စိမ်းသေတ္တာကို သွားတူးရန် လှည့်ထွက်သွားသည်။ အကောင်းဆုံး ဆေးခူးရမည့်အချိန်ကို လွတ်သွားမည်ကို စိုးရိမ်နေ၏။ ဒီလို ဝိညာဉ်ပန်းမျိုးက ပွင့်ပြီးတာနဲ့ ချက်ချင်း ညှိုးနွမ်းသွားမလားဆိုတာ မည်သူမှ မသိနိင်ပေ။
ဟွမ်ကျင့်တက်က ဘယ်ဘက်လက်ဖြင့် ပြတ်သွားသော လက်မောင်းနေရာကို ဖိထားပြီး ညာဘက်ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ချင်းချင်းနီနေသည်။ ချပ်ဝတ်တန်ဆာပင် စိုရွှဲနေပြီး ယိမ်းယိုင်ရင်း နောက်ဆုတ်သွားသောအခါ မြေပြင်ပေါ်တွင် သွေးခြေရာများ တစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။
သူက ချင်မင် လှည့်ထွက်သွားတာကို မြင်တော့ ချောင်းမြောင်းတိုက်ခိုက်ရန် မစဉ်းစားတော့ဘဲ သူ့ညီကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ အသက်ရှင်နိုင်မည်ဆိုလျှင် ကိုယ်အင်္ဂါ ချို့တဲ့နေလျှင်တောင် ကိစ္စမရှိပါလေ။
ချင်မင်က သုံးရောင်ခြယ်ပန်းကို ခူးရန် လောနေသော်လည်း အခြေခံအမှားမျိုးကိုတော့ လုပ်မည်မဟုတ်ချေ။ တတိယအကြိမ် ဘဝသစ်ရရှိထားသူ ဆရာကြီးကို သူ့မျက်စိရှေ့ကနေ ထွက်ပြေးခွင့် ပြုမည်မဟုတ်ပေ။
သူ ခေါင်းပင်မလှည့်ဘဲ ဘယ်ဘက်လက်က သံတူရိုးရှည်ကြီးကို ပစ်လွှတ်လိုက်သည်။ သူ့ခွန်အားက အရမ်းကြီးမားသဖြင့် အစွမ်းကုန် ပစ်လွှတ်လိုက်လျင် မြို့ရိုးကိုတောင် အပေါက်ဖြစ်သွားအောင် လုပ်နိုင်ပေသည်။
ဟွမ်ကျင့်တက် အော်ဟစ်လိုက်သည်။ သူ လှည့်ထွက်လိုက်သည့် အခိုက်အတန့်မှာပင် အရိုးကျိုးသွားသော အသံကို ကြားလိုက်ရ၏။
ပြင်းထန်သော နာကျင်မှုထဲတွင် သူ့ကျောရိုး အထုခံရပြီး ကျိုးသွားပြီဆိုတာကို သူ ခံစားလိုက်ရသည်။ ဆက်ပြီး မတ်တပ်မရပ်နိုင်တော့ဘဲ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
ချင်မင်က ကျောက်စိမ်းသေတ္တာကို ယူပြီးနောက် ရှေ့ကို အမြန်လျှောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် အဲဒီသုံးရောင်ခြယ်ပန်းက မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အပြည့်အဝ ပွင့်လန်းလာပြီး ပုံမှန်မဟုတ်ဘဲ တောက်ပလှပနေလို့ပင် ဖြစ်သည်။
ဒီထက် အရေးကြီးတဲ့ကိစ္စ မရှိတော့ချေ။ ချင်မင်က ရောင်စုံအလင်းမြူများ စီးဆင်းနေသော ကောင်းကင်အလင်းထဲကို ဝင်ရောက်သွားပြီး ပန်းရနံ့များ ပြင်းထန်နေသော ဝိညာဉ်အပင်နားကို တိုက်ရိုက် ရောက်သွားသည်။
အဲဒါက ကျောက်တုံးပုံကြားက မြေကွဲကြောင်းတစ်ခုဘေးမှာ ပေါက်နေတာဖြစ်ပြီး တစ်ပေလောက်သာ မြင့်သော်လည်း ပန်းပွင့်ကတော့ မသေးပါချေ။ ပွင့်ချပ်များ အများကြီး ပွင့်လာသောအခါ လက်သီးဆုပ်လောက် အရွယ်အစားရှိသည်။
မြေကွဲကြောင်းထဲကနေ ကောင်းကင်အလင်းများ ပန်းထွက်နေတာကြောင့် ချင်မင်ပင် ရင်ဘတ်အောင့်ပြီး နေရခက်သလို ခံစားရသည်။ ဝိညာဉ်ပန်းတစ်ခုလုံးက အလင်းမိုးစက်များနှင့်အတူ ကြည်လင်တောက်ပနေပြီး လုံးဝ ပွင့်လန်းသွားပြီ ဖြစ်သည်။
ကောင်းကင်အလင်းထဲတွင် ဒီပန်းပွင့်၏ အဓိကအရောင်က ငွေရောင်ဖြစ်ပြီး အနီရောင်တိမ်တိုက်များကဲ့သို့ အရေးအကြောင်းလေးများ ပါဝင်နေကာ အနားသတ်များကတော့ အပြာရောင်ဖြစ်ပြီး ကြည်လင်တောက်ပနေသည်။
သူ့၏ ပွင့်ချပ်များက မိုးမခရွက်နှင့် တူသော်လည်း ပိုပြီး ချွန်ထက်သည်။ အနားသတ်များမှာတောင် ထောင့်များ အစွန်းများ ရှိနေ၏။ ပွင့်ချပ်များက အများကြီးဖြစ်ပြီး တစ်လွှာပြီးတစ်လွှာ ထပ်နေကာ အတူတကွ ပေါင်းစပ်လိုက်သောအခါ သေးငယ်သော ဓားတောအုပ်လေးနှင့် တူနေသည်။ လှပသော်လည်း ထက်မြက်သော အငွေ့အသက်များ အပြည့်အဝ ရှိနေသည်။
ချင်မင်က ပြောလိုက်သည်။
"အပြည့်အဝ ရင့်ကျက်သွားပြီ"
သူက ဆင်းလိုက်ပြီး ကျောက်တုံးများကို ဘေးကိုဖယ်ကာ သုံးရောင်ခြယ်ပန်းတစ်ပင်လုံးကို လက်ဗလာဖြင့် တူးထုတ်လိုက်သည်။ အရွက်မှနေ၍ အမြစ်အထိ အားလုံးက သုံးရောင်ခြယ်ဖြစ်ပြီး ပြင်းထန်သော အသက်ဓာတ်များ ပါဝင်နေသည်။
ဒေါက်ခနဲ အသံနှင့်အတူ ချင်မင်က ကျောက်စိမ်းသေတ္တာကို ပိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ အလွန် တန်ဖိုးကြီးသော ဝိညာဉ်ပန်းကို အောင်မြင်စွာ ခူးယူရရှိသွားပြီ ဖြစ်သည်။
ချင်မင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒီနေ့က တကယ်ပဲ မင်္ဂလာနှစ်ထပ်ကွမ်းပဲ"
သူက အကျိုးအမြတ်များ အပြည့်အဝ ရရှိသွားသလို ခံစားရသည်။ ရွှေကြက်မတောင်ကုန်းက လူများကို သတ်ပြီး ဒေါသထွက်တာကို ဖြေရှင်းလိုက်ရုံတင်မကဘဲ အပြာရောင် ကျောက်စိမ်းသံနှင့် ဒီလို ဝိညာဉ်ပန်းမျိုးကိုပါ ဆက်တိုက် ရရှိခဲ့သည်။
ဘေးနားမှာ ဟွမ်ကျင့်ကျွင်းက ဒေါသထွက်လွန်းလို့ ဆက်တိုက် သွေးအန်နေသည်။ အဲဒါက သူတို့ပြောခဲ့တဲ့စကား မဟုတ်ဘူးလား။ အခုတော့ သူက ဆီကုန်ခါနီး မီးအိမ်လို ဖြစ်နေပြီဖြစ်ရာ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ချေ။
ချင်မင်က တကယ်ကို ရင်ထဲကနေ ကျေးဇူးတင်နေခြင်းဖြစ်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ရဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်တယ် ငါတောင်ထဲမှာ အလုပ်များနေတာ ရက်အတော်ကြာပြီ အခုရတဲ့ အကျိုးအမြတ်လောက် မများခဲ့ဘူး"
ဟွမ်ကျင့်တက်လည်း ဒေါသထွက်လွန်းလို့ မခံမရပ်နိုင်ဖြစ်နေပြီး ဒေါသမီးများက ရင်ဘတ်ကို ဖောက်ထွက်တော့မည့်အတိုင်းပင် ဖြစ်သည်။ မူလက သူက တောက်ပသော အနာဂတ်ကို မြင်နေရပြီဖြစ်ကာ ဝိညာဉ်ပန်းကို အားကိုးပြီး ကောင်းကင်အလင်း စွမ်းအင်ကို လေ့ကျင့်တော့မည်။ သို့သော် အခုတော့ ဘာမှမရှိတော့ပေ။
သူတို့ အသက်ထွက်တော့မလားဆိုတာကို ဂရုမစိုက်ဘဲ ချင်မင်က ဆက်လျှောက်သွားပြီး တစ်ယောက်ချင်းစီကို နောက်ဆုံး အဆုံးသတ်ပေးလိုက်သည်။ သန့်ရှင်းသပ်ရပ်စွာဖြင့် သူတို့ကို တမလွန်ကို ပို့ပေးလိုက်သည်။
သူတို့ ခန္ဓာကိုယ်များကို ရှာဖွေသောအခါ ဟွမ်ကျင့်တက်ဆီမှာ ဖယောင်းတိုင်ပါလာတာကို အံ့ဩစွာ တွေ့လိုက်ရသည်။ ခဏလောက် စဉ်းစားပြီးနောက် ဘယ်လိုသုံးရမလဲဆိုတာ သူသိသွား၏။ ဒါက ကျောက်စိမ်းသေတ္တာ၏ အဟန့်အတားများကို ပိတ်ဖို့အတွက် သုံးတာဖြစ်သည်။
သူက ချီးကျူးလိုက်သည်။
"စေ့စပ်သေချာလိုက်တာ"
ဒီလိုဆိုလျှင် အနံ့ခံကောင်းသော မျိုးဗီဇပြောင်း သားရဲများ ရှိလျှင်တောင် အနံ့ရမှာ မဟုတ်တော့ပါချေ။
နောက်ဆုံးတော့ ချင်မင်က ဟွမ်ညီအစ်ကိုနှစ်ယောက်ကို ဆွဲခေါ်လာပြီး ရွှေကြက်မတောင်ကုန်းက အဘိုးကြီးရယ် ရွှေကြက်မစီးနင်းသူ နှစ်ယောက်ရယ်နှင့် အတူတူ ထားလိုက်သည်။ အဲဒီဓားရှည်နှင့် ငွေလှံကိုတော့ သူ နှမြောတသစွာဖြင့် ချထားခဲ့ရသည်။
ဒီလက်နက်များက အရမ်းမျက်စိကျစရာ ကောင်းလွန်းလို့ အပြင်ယူသွားပြီး သုံးလို့မရပေ။
ဒီအချိန်မှာ မြေအောက်ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပြီဖြစ်သည်။ မျိုးဗီဇပြောင်း သားရဲအမျိုးမျိုး ဝင်ရောက်လာကြပြီဖြစ်သည်။ ချင်မင်က အသံကျယ်ကျယ်ထွက်နေသော နေရာကို ရောက်သွားသောအခါ ခဏချင်းမှာပင် ရက်စက်သော မျိုးဗီဇပြောင်း သားရဲအချို့ကို ဆွဲဆောင်သွားတော့သည်။
အဲဒီနောက် ရွှေကြက်မတောင်ကုန်းက အဘိုးကြီးနှင့် ဟွမ်ညီအစ်ကိုများက မျိုးဗီဇပြောင်း သားရဲများ၏ သွေးသားဝိညာဉ်ဆေးအဖြစ် ပြောင်းလဲသွားတော့သည်။
မြေပြင်ပေါ်တွင် ကြီးမားသော သားရဲငှက်များ ဝဲပျံနေသည်။ ငွေရောင်လင်းယုန်ကြီးက အတောင်ပံ ဖြန့်လိုက်လျှင် ဆယ်မီတာလောက် အရှည်ရှိပြီး ပျံသန်းနိုင်သော တခြားမျိုးဗီဇပြောင်း သားရဲများနှင့်အတူ မြေကွဲကြောင်းကြီး တစ်ခုလုံးကို စောင့်ကြည့်နေသည်။
မြေအောက်ကမ္ဘာထဲတွင် ချောင်လုံ၊ မုချင်း၊ ဝေ့ကျစ်ရိုတို့တောင် မျက်နှာပျက်သွားကြပြီး မိသားစုထဲက အသက်ကြီးသူများနှင့် အတူတူ စုဝေးနေကြသည်။
သူတို့က ပြောလိုက်ကြသည်။
"အပေါ်ယံမှာတင် မျိုးဗီဇလေးကြိမ် ဒါမှမဟုတ် ငါးကြိမ်တောင် ပြောင်းထားတဲ့ သတ္တဝါတွေကို မြင်နေရပြီ"
အသက်ကြီးသူတစ်ဦးက ပြောလိုက်သည်။
"မြေအောက်မှာပဲ နေကြတာပေါ့ အနည်းဆုံးတော့ ငါတို့က မြေကွဲကြောင်းကြီးရဲ့ အတွင်းပိုင်းမှာ ရှိနေတာ ထွက်ပေါက်မှာ မဟုတ်ဘူး နေရာက မဆိုးသေးဘူး မျိုးဗီဇပြောင်း သားရဲတွေက ဒီနေရာကို အကြာကြီး တိုက်ခိုက်နေမှာ မဟုတ်ဘူး သတင်းရောက်သွားရင် ချီရှမြို့တော်က လူတွေ လာကယ်မှာ သေချာတယ်"
မြေအောက်လိုဏ်ဂူထဲတွင် ချင်မင်တောင်မှ ရိုက်ခတ်မှုများကို ခံစားနေရသည်။ ဒီလိုရှုပ်ထွေးနေသော အခြေအနေမျိုးတွင် ရေနောက်ပြီးငါးဖမ်းခြင်းလုပ်ဖို့ မသင့်တော်တော့ပေ။ အရမ်း သွေးထွက်သံယို များလွန်းသည်။ တချို့ မျိုးဗီဇပြောင်း သားရဲများက အရမ်းရက်စက်ပြီး လူများကို ဆုတ်ဖြဲပြီးမှ စားသောက်ကြသည်။
သူ လမ်းရှာနေရင်းနှင့် မျိုးဗီဇပြောင်း သားရဲအကောင်ရေ အတော်များများကို သတ်ပစ်ခဲ့ရသည်။
သူက မြေကွဲကြောင်းကြီး၏ အတွင်းပိုင်းကို ပြေးသွားမည်မဟုတ်ပါချေ။ မှတ်ဉာဏ်အရ ရွာသားများ ပျောက်သွားသော နေရာဘက်ကို ဦးတည်သွားနေသည်။
ချင်မင် ခန့်မှန်းကြည့်တာက အတွေ့အကြုံရင့်ကျက်သော မုဆိုးကြီးတချို့က တောင်ကြားအပြင်ဘက်ကို သွားမည့်လမ်းကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့က တောင်ထဲမှာ အမြဲသွားလာနေကြပြီး အသက်ရှင်ဖို့ အတွေ့အကြုံနှင့် အသက်ကယ်နည်းလမ်းများ အများကြီး ရှိလို့ဖြစ်သည်။ သူတို့ မြေအောက်ထဲဝင်တာနဲ့ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်တာကိုကြည့်လျှင် သိသာလှသည်။
အဖြူရောင် ဝက်ဝံကြီးတစ်ကောင်က ရက်စက်သော အကြည့်များနှင့် ပါးစပ်တစ်ခုလုံး သွေးများ ပေကျံနေသည်။ ထက်မြက်သော လက်သည်းကြီးများပေါ်တွင် အလောင်းနှစ်လောင်း စူးဝင်နေပြီး ချင်မင်ကို မြင်တာနဲ့ တိုက်ရိုက် ပြေးဝင်လာသည်။
ချင်မင်က အန္တရာယ်ကို ခံစားလိုက်ရပြီး ပြောလိုက်သည်။
"ငါ ဒီဝက်ဝံကြီးကို မနိုင်ဘူး"
ဒီဧရာမသားရဲကြီးက သုံးကြိမ် မျိုးဗီဇပြောင်းထားသော သားရဲများထက် အများကြီး ပိုပြီး ရက်စက်သည်။
သူ အလျင်အမြန် ထွက်ပြေးလိုက်သည်။ သူငယ်ငယ်ကတည်းက ဒီလို အန္တရာယ်များသော ထွက်ပြေးမှုမျိုး ကြုံဖူး၏။ အသက်ဆယ့်လေးငါးနှစ်အရွယ်တွင် တောင်ထဲမှာ အသက်မွေးဝမ်းကျောင်း ပြုခဲ့ရတာဆိုတော့ တကယ်ကို သေလုမျောပါး အသက်ရှင်ခဲ့ရတာ ဖြစ်သည်။
ဒါပေမဲ့ အဲဒီတုန်းက သူရင်ဆိုင်ခဲ့ရတာက သာမန်သားရဲများဖြစ်ပြီး လုကျယ်၊ ရွှီယွဲ့ဖိန်တို့လို လူများက ဂရုစိုက်ပေးခဲ့သည်။ အခုတော့ အကြိမ်ကြိမ် မျိုးဗီဇပြောင်းထားသော ဧရာမသားရဲကြီးနှင့် တွေ့နေရခြင်း ဖြစ်သည်။
ချင်မင် ဒီလို သွေးထွက်သံယိုများသော ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးနှင့် မကြုံရတာ ကြာပြီဖြစ်သည်။ အဆက်မပြတ် ထွက်ပြေးဖို့ပဲရှိကာ မဟုတ်လျှင် ရပ်လိုက်တာနဲ့ သေရမည် ဖြစ်သည်။
ကံကောင်းတာက မြေအောက်လမ်းကြောင်းများက ပင့်ကူအိမ်လို ထူထပ်ရှုပ်ထွေးနေပြီး တချို့နေရာများက အရမ်းကျဉ်းသည်။
အဲဒီအဖြူရောင် ဝက်ဝံကြီးက ပိတ်မိသွားပြီး ဒေါသတကြီးဖြင့် ကျောက်နံရံကို ရိုက်ချလိုက်ရာ လမ်းကြောင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်တုံးများ လိမ့်ကျလာသည်။ သူ့လက်သည်းကြီးများပေါ်တွင် ချိတ်နေသော အလောင်းနှစ်လောင်းကတော့ သွေးသားများ စုတ်ပြတ်သတ်ကုန်ပြီ ဖြစ်သည်။
ချင်မင် သိလိုက်သည်မှာ ရွှေကြက်မတောင်ကုန်းနှင့် မျက်လုံးသုံးလုံးဂိုဏ်းက ဒီတစ်ကြိမ်မှာ သေချာပေါက် အထိနာမည် ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သော လူနည်းစုကတော့ ဟွမ်ကျင့်တက်တို့ မိသားစု နေရာယူထားသည့်ဘက်ကို ပြေးသွားကြပြီ ဖြစ်သည်။
မြေအောက်လိုဏ်ဂူထဲက လမ်းကြောင်းတော်တော်များများမှာ သွေးများ ပေကျံနေပြီး မျိုးဗီဇပြောင်း သားရဲများ၏ ဟိန်းဟောက်သံများ၊ လူများ၏ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ နှစ်ဖက်စလုံး တကယ်တွေ့ကြလျှင် တစ်ဖက်ကတော့ လဲကျသွားရမှာ သေချာသည်။
ချင်မင်က ကျဉ်းမြောင်းသော လမ်းကြောင်းတစ်လျှောက် ရှေ့ကို ဆက်သွားသည်။ အခြားနေရာတစ်ခုကနေ ထွက်လာသောအခါ မျက်လုံးသုံးလုံးဂိုဏ်းက အဘိုးကြီးတစ်ယောက် အသတ်ခံရတာကို အတိအကျ တွေ့လိုက်ရသည်။ သူ့ကို ရွှေရောင်နွားကြီးတစ်ကောင်က တုတ်ခိုင်ရှည်လျားသော ဦးချိုဖြင့် ရင်ဘတ်ကို ထိုးဖောက်သွားတာ ဖြစ်သည်။
ဒီတတိယအကြိမ် ဘဝသစ်ရရှိထားသော အဘိုးကြီးက တော်တော်လေး သနားစရာကောင်းသည်။ သူက လမ်းမှားတတ်ပြီး အရပ်မျက်နှာ အာရုံခံနိုင်စွမ်း အားနည်းတာကြောင့် ဟိုလှည့်ဒီလှည့်ဖြင့် ဒီနေရာကနေ မထွက်နိုင်သေးပေ။
မဟုတ်လျှင် သူ့၏အစွမ်းဖြင့်ဆို ဟွမ်မိသားစု၏ နေရာကို အစောကြီးကတည်းက ရောက်နေလောက်ပြီ ဖြစ်သည်။ သူက ဒီနေရာမှာတင် လည်ထွက်နေခြင်း ဖြစ်သည်။
ရွှေရောင်နွားကြီး၏ ကြီးမားသော ဦးချိုနှစ်ချောင်းပေါ်တွင် အလောင်းငါးလောင်းလောက် ချိတ်နေပြီ ဖြစ်သည်။ ဧရာမနွားခေါင်းကြီးကို အားကုန်ခါရမ်းလိုက်တော့ အလောင်းများအားလုံး လွင့်စင်သွားပြီး ဘုန်းဘုန်းဆိုသော အသံများနှင့်အတူ ကျောက်နံရံကို ဝင်တိုက်ကာ သွေးကွက်များ တစ်ကွက်ပြီးတစ်ကွက် ကျန်ရစ်ခဲ့သည်။
သူ့ခြေအောက်မှာလည်း အလောင်းတချို့ ရှိနေပြီး အဲဒီကြီးမားသော နွားခွာကြီးများအောက်တွင် အစောကြီးကတည်းက ကြေမွနေပြီ ဖြစ်သည်။
ရွှေရောင်နွားကြီး၏ ပိုးသားလို ချောမွေ့နေသော သားရေများက သွေးများဖြင့် လုံးဝ နီရဲနေပြီ ဖြစ်သည်။ ချင်မင်ကို မြင်တာနဲ့ နှာခေါင်းနှင့် ပါးစပ်ကနေ မီးတောက်များ ချက်ချင်း မှုတ်ထုတ်ပြီး ရူးသွပ်စွာ ပြေးဝင်လာသည်။
ချင်မင်က သူ့၏ ရက်စက်မှုကို မြင်တော့ မယှဉ်နိုင်ဘူးဆိုတာ သိလိုက်ပြီး လှည့်ကာ အဲဒီကျဉ်းမြောင်းသော လမ်းကြောင်းထဲကို ပြန်ဝင်သွားသည်။
အခုလို ကြောက်စရာကောင်းသော မျိုးဗီဇပြောင်း သားရဲကို ရင်ဆိုင်ရသောအခါ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ၊ ကျိန်ဆဲတာတွေက ဘာမှအသုံးမဝင်ပေ။ ဒီတိရစ္ဆာန် မြန်မြန်ထွက်သွားဖို့ပဲ ဆုတောင်းနေရသည်။
ဒီလိုမျိုး ကိုယ့်အသက်ကို ကိုယ်မပိုင်တဲ့ ခံစားချက်က အရမ်းဆိုးရွားလှသည်။ ချင်မင်က နောက်တစ်ကြိမ် ထပ်ပြီး သန်မာလာဖို့ ပြင်းပြစွာ ဆန္ဒရှိနေသည်။ ဒီလိုနေရာမျိုးတွင် ခန္ဓာကိုယ်သေးငယ်ပြီး အကြိမ်ကြိမ် မျိုးဗီဇပြောင်းထားသော သတ္တဝါများ ပေါ်လာလျှင် သူ သေချာပေါက် သေမည် ဖြစ်သည်။
ချင်မင်က အသံကျယ်ကြီး ကြားလိုက်ရသည်။
"ဂျိန်း"
ရွှေရောင်နွားကြီး၏ ဦးချိုက တောက်ပသော ဓားရှည်ထက်တောင် ပိုကြောက်စရာကောင်းသည်။ ကျောက်နံရံကို ဝင်တိုက်လိုက်ရာ တစ်စစီ ကွဲကြေသွားပြီး ကျောက်တုံးများ အများကြီး လိမ့်ကျလာကာ ဖုန်လုံးကြီးများ ထောင်းထောင်းထသွားသည်။
သူပါးစပ်ဟပြီး မှုတ်ထုတ်လိုက်သော မီးတောက်များက ကျောက်နံရံကိုတောင် ရဲရဲနီသွားစေပြီး အပူလှိုင်းများ တလဟော ထွက်ပေါ်လာသည်။
ချင်မင်က ရင်တုန်သွားပြီး လမ်းကြောင်း၏ အတွင်းပိုင်းကို နောက်ဆုတ်သွားကာ ပြောလိုက်သည်။
"ဒါကြောင့် တတိယအကြိမ် ဘဝသစ်ရထားတဲ့ အဘိုးကြီးတောင် သူ့ကိုမနိုင်ဘဲ လမ်းကြောင်းထဲမှာ သနားစရာကောင်းအောင် သေသွားတာကိုး"
ဆယ့်ငါးမိနစ်လောက် ကြာတော့မှ အဲဒီရွှေရောင်နွားကြီးက ထွက်သွားသည်။ သူက ခြေနှစ်ချောင်းသတ္တဝါကို တွေ့လျှင် မသတ်ရမနေနိုင်အောင် ဖြစ်နေသည်။
ချင်မင်က နောက်ထပ် ခဏလောက် ထပ်စောင့်နေလိုက်သည်။ အပြင်ဘက်မှာ အတော်လေး တိတ်ဆိတ်သွားတော့မှ စမ်းသပ်ပြီး ထွက်လာခဲ့သည်။ ဒီတစ်ခါမှာလည်း မျိုးဗီဇပြောင်း သားရဲတချို့နှင့် တွေ့ရသော်လည်း အဲဒီလောက် အန္တရာယ် မများတော့ပေ။
နောက်ဆုံးတော့ သူက လူတစ်ယောက် မနည်းဖြတ်သွားလို့ရသော အက်ကွဲကြောင်းတစ်ခုထဲကို ဝင်ရောက်သွားသည်။ အဲဒီကို ဖြတ်ကျော်ပြီးသောအခါ လမ်းက နည်းနည်းပိုကောင်းလာသည်။ ဒါက ရွာသားများ နောက်ဆုံး ဝင်ရောက်သွားသော ဒေသဖြစ်သည်။
ချင်မင်က တစ်လှမ်းချင်းစီ ခက်ခက်ခဲခဲ ရှေ့ဆက်သွားသည်။ ဒီနေရာက လုံးဝ မှောင်မည်းနေ၏။ ကံကောင်းတာက သူ့ဆီမှာ နေကျောက်တုံး ပါလာလို့ဖြစ်သည်။ ဒါတောင်မှ မညီမညာလမ်းများပေါ်တွင် နာရီဝက်ကျော်လောက် ရုန်းကန်ပြီးမှ မှောင်မည်းနေသော မြေအောက်အက်ကွဲကြောင်းထဲကနေ ထွက်လာနိုင်ပြီး မြေကွဲကြောင်းကြီးကို လွတ်မြောက်ကာ တောအုပ်တစ်ခုထဲကို ရောက်လာသည်။
ချင်မင်က အတွေ့အကြုံရင့်ကျက်သော မုဆိုးကြီးများကို မလေးစားဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူ့ကို ဒီလွတ်လမ်းကို ရှာခိုင်းလျှင် ဒီလောက်မြန်မြန် ရှာတွေ့ဖို့ သေချာပေါက် မဖြစ်နိုင်ပေ။
သူ အနည်းငယ် သက်ပြင်းချမိသည်။ မူလက သတ္တုကြောရှာရသော ရွာသားများက အန္တရာယ်အများဆုံး အခြေအနေတွင် ရှိနေတာဖြစ်သည်။ သို့သော် နောက်ဆုံးတော့ သူတို့က အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့ကြသည်။
သေချာလှသည်။ ဒါက သူတို့မြေအောက်ရောက်တာနဲ့ ကိုယ်တိုင် အသက်ကယ်ဖို့ စလုပ်ခဲ့တာနဲ့လည်း သက်ဆိုင်သည်။ အကယ်၍ ရွှေကြက်မတောင်ကုန်းနှင့် မျက်လုံးသုံးလုံးဂိုဏ်းလိုမျိုး မျိုးဗီဇပြောင်း သားရဲများ၏ လိုက်လံသတ်ဖြတ်မှုကြောင့် ဝင်လာရတာဆိုလျှင် လမ်းရှာဖို့ အချိန်မရှိပေ။
ချင်မင်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ ဘယ်လိုပဲပြောပြော နောက်ဆုံးတော့ သူလည်း အသက်ဘေးမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
တောင်ထဲတွင် အလွန်တိတ်ဆိတ်နေသည်။ သူ လမ်းလျှောက်လာစဉ် မည်သည့်သတ္တဝါကိုမှ မတွေ့ရသလောက်ပင် ဖြစ်သည်။
ချင်မင်က ခြေလှမ်းများကို နှေးလိုက်သည်။ အခုအချိန်တွင် တောင်ထဲက အန္တရာယ်များသော မျိုးဗီဇပြောင်း သားရဲအများစုက မြေကွဲကြောင်းကြီးဆီကို ရောက်ကုန်ကြပြီဖြစ်သည်။ သူ စဉ်းစားနေပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။
သူက တွေးလိုက်သည်။
"ငါမှတ်မိတာ မမှားဘူးဆိုရင် အဲဒီဝက်ဝံဖြူနဲ့ ရွှေရောင်နွားကြီးတို့ရဲ့ အသိုက်က ဒီကနေ ဆယ်မိုင်တောင် မဝေးဘူး သူတို့က တောင်အပြင်ဘက်ဒေသမှာ အစွမ်းအထက်ဆုံး သတ္တဝါတွေစာရင်းထဲမှာ ပါဝင်တယ်"
ချင်မင်က ပြတ်သားစွာ လုပ်ဆောင်တတ်သူဖြစ်ရာ လှည့်ကာ အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားတော့သည်။
သူ ဧရာမသားရဲကြီးနှစ်ကောင်နှင့် တွေ့ဆုံခဲ့စဉ်က သေလုမျောပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူက ဒဏ်ရာပင်မရခဲ့သော်လည်း လုပ်ငန်းစဉ်က တကယ်ကို အလွန် အန္တရာယ်များလှသည်။ အကယ်၍ အဲဒီကျဉ်းမြောင်းသော လမ်းကြောင်းကိုသာ မတွေ့ခဲ့လျှင် သူက ဝက်ဝံလက်သည်း၏ ဆုတ်ဖြဲခံရတာ ဒါမှမဟုတ် နွားဦးချိုပေါ်မှာ ချိတ်နေလောက်ပြီ ဖြစ်သည်။
ချင်မင်က ဆုံးဖြတ်လိုက်သည်။ ဧရာမသားရဲကြီးနှစ်ကောင် အိမ်မှာမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူတို့၏ အသိုက်များကို သွားရောက် မွှေနှောက်ရန်ဖြစ်သည်။
***