*
တစ်ချိန်တည်းမှာပင်…
ဧရာဝတီ အမည်ရှိ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ပေါ်တွင် ကျဲခယ် အုပ်စု ပထမ ရေတပ်စု၏ တပ်မှူး ဖန်ဟုန်ထိုက်သည် နံရံတွင် ချိတ်ဆွဲထားသော မြေပုံရှေ့တွင် ရပ်နေပြီး သူ၏ အကြည့်များက အေးစက်ကာ တည်ငြိမ်နေသည်။
အိန္ဒိယ ရေတပ်၏ ပင်မ အင်အားစုကို ချေမှုန်းမည့် ဤမစ်ရှင်ကို ဆောင်ရွက်ရန် သူသည် ရေတပ်မှူး အနေဖြင့် ကွပ်ကဲရန် ကိုယ်တိုင် သင်္ဘောပေါ် လိုက်ပါလာခဲ့ခြင်း ဖြစ်ရာ ဤမစ်ရှင်ကို သူ မည်မျှ အလေးထားကြောင်း ပြသနေသည်။
"တပ်မှူး... ရေဒီယို အချက်ပြမှု အတက်အကျတွေကို ကျွန်တော်တို့ ထောက်လှမ်းမိပါတယ်။ တစ်ဖက်လူက ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်ကို ပေးပို့လိုက်ပြီ ထင်ပါတယ်”
ဧရာဝတီ သင်္ဘော၏ ကပ္ပတိန် တိုဖမ့်သည် လျှောက်လာပြီး သူ တွေ့ရှိခဲ့သည်များကို သတင်းပို့လိုက်သည်။
"ကောင်းပြီ။ လမ်းကြောင်း ပြောင်းပြီး B-19 ဧရိယာဆီကို ဦးတည်မောင်းနှင်။ ငါးစာ ချပြီးပြီ။ အခု အိန္ဒိယ ရေတပ် ငါးစာ လာဟပ်မယ့် အချိန်ကို စောင့်ရုံပဲ”
ဖန်ဟုန်ထိုက်သည် ဘင်္ဂလားပင်လယ်အော် အနီးရှိ အခြေအနေ အမျိုးမျိုးနှင့် ရန်သူ၊ မိတ်ဆွေ တပ်ဖွဲ့များ ဖြန့်ကြက်ထားပုံကို မှတ်သားထားသော မြေပုံပေါ်သို့ သူ၏ တုတ်တံဖြင့် ညွှန်ပြလိုက်သည်။
B-19 ဧရိယာသည် ဘင်္ဂလားပင်လယ်အော်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ရေအနက်ဆုံး နေရာ ဖြစ်ကာ အိန္ဒိယ ကုန်းမကြီးနှင့် ဝေးကွာသည်။ အနီးဆုံး လေဆိပ်သည် ၁,၂၀၀ ကီလိုမီတာ ကျော် ကွာဝေးသဖြင့် မမျှော်လင့်သော နှောင့်ယှက်မှု ဖြစ်နိုင်ခြေကို အနည်းဆုံး လျှော့ချထားသည်။
"အိန္ဒိယ ရေတပ်က ကျွန်တော်တို့ကို ရှာနေတာ ဆယ်ရက်ကျော်ပြီ။ အခု ကျွန်တော်တို့ ကိုယ်ထင်ပြလိုက်ပြီ ဆိုတော့ အိန္ဒိယ လူမျိုးတွေရဲ့ ထောက်လှမ်းရေး အရ ဆိုရင် သူတို့ သေချာပေါက် ကျွန်တော်တို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို လိုက်ဖမ်းဖို့ အင်အားအလုံးအရင်း စုစည်းကြလောက်တယ်”
တိုဖမ့်က ပြုံးပြီး ပြောလိုက်သည်။ လိုက်ဖမ်းခံရခြင်း အကြောင်း ပြောနေသော်လည်း သူ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သူတို့ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်။
အိန္ဒိယ ရေတပ်သည် လောလောဆယ် ပြန့်ကျဲနေသည်။ အကယ်၍ သူတို့၏ မျိုစင်္ကြာ ခရူဇာသင်္ဘောကြီးများက တဇွတ်ထိုး တိုက်ခိုက်မှု စတင်လိုက်ပါက အိန္ဒိယ ရေတပ်ကို ကြောက်လန့်သွားစေပြီး လူစုကွဲကာ ထွက်ပြေးသွားစေနိုင်သည်။
ပြောင်းပြန် အားဖြင့် အကယ်၍ ဧရာဝတီ ခရူဇာသင်္ဘောကြီးက တမင်တကာ သဲလွန်စ ပေးလိုက်ပါက အိန္ဒိယ ရေတပ်သည် ၎င်းကို ဝိုင်းရံ ချေမှုန်းရန် သူတို့၏ ရေတပ် အင်အားစုများကို တက်ကြွစွာ စုစည်းလာပေလိမ့်မည်။
ဒုတိယ ကမ္ဘာစစ် အတွင်း ဗြိတိသျှ အင်ပါယာက ဂျာမန် စစ်သင်္ဘောကြီး ဘစ်စမတ်ကို လိုက်လံ ဖမ်းဆီး ဟန့်တားခဲ့သကဲ့သို့ပင်။ ယင်းစစ်သင်္ဘောကြီးကို ဖျက်ဆီးရန် ဗြိတိသျှ ရေတပ်သည် လေယာဉ်တင်သင်္ဘော ၂ စီး၊ တိုက်ပွဲဝင် ခရူဇာသင်္ဘော ၃ စီးနှင့် စစ်သင်္ဘောကြီး ၅ စီး အပါအဝင် စစ်သင်္ဘော ၄၂ စီးကို စုစည်းပြီး ဘစ်စမတ်ကို ဝိုင်းရံ ချေမှုန်းခဲ့သည်။
"ကျန်တဲ့ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ငါးစီးကို B-19 ဧရိယာမှာ စုရုံးဖို့ ၊ ရေနက်ထဲမှာ ပုန်းအောင်းနေဖို့နဲ့ သားကောင် ထောင်ချောက်ထဲ ဝင်လာတဲ့အခါ တစ်ပြိုင်နက်တည်း ဝါးမြိုပစ်ဖို့ အမိန့်ပေးလိုက်”
ဖန်ဟုန်ထိုက် သည် လေးနက်ပြီး ပြုံးရယ်ခြင်း မရှိပေ။ သူ့အစီအစဉ်သည် မရှုပ်ထွေးပေ ။ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး အကြောင်း ရန်သူ့ နားလည်မှု လွဲမှားခြင်းကို အခွင့်ကောင်းယူပြီး ဝိုင်းရံပိတ်ဆို့မှု ထဲသို့ မျှားခေါ်ရန် ဖြစ်သည်။
ဤနည်းဗျူဟာကို ဒုတိယ ကမ္ဘာစစ် အတွင်း ဝံပုလွေအုပ် နည်းဗျူဟာ ဟု ခေါ်ဆိုခဲ့သည်။ ရေငုပ်သင်္ဘော အများအပြားကို စုစည်းပြီး ပစ်မှတ်ကို တွေ့ရှိသောအခါ ရေငုပ်သင်္ဘောများသည် နေ့ဘက်တွင် အရပ်မျက်နှာ အသီးသီးမှ အားသာသော တိုက်ခိုက်ရေး နေရာများကို ယူကာ ရန်သူ့ လမ်းကြောင်း တစ်လျှောက် ရေအောက်တွင် ပုန်းအောင်း စောင့်ဆိုင်းနေကြသည်။
ညဘက်တွင် ရန်သူ ဖြတ်သန်းလာသောအခါ ရေပေါ်သို့ တက်လာပြီး ပစ်မှတ်ကို တော်ပီဒိုများဖြင့် ပစ်ခတ်ကာ သယ်ယူပို့ဆောင်ရေး သင်္ဘောအုပ်စု သို့မဟုတ် စစ်သင်္ဘော တစ်စီးတည်းကို ဝံပုလွေအုပ် တိုက်ခိုက်သကဲ့သို့ တိုက်ခိုက်ကြသည်။
ဤသည်က ဝံပုလွေအုပ် နည်းဗျူဟာပင်…။
သို့သော် ဤနည်းဗျူဟာကို တစ်စီးတည်း သွားသော စစ်သင်္ဘောများ သို့မဟုတ် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသော သယ်ယူပို့ဆောင်ရေး သင်္ဘောများကို တိုက်ခိုက်ရာတွင်သာ အသုံးပြုနိုင်သည်။
သို့ရာ၌ ပထမ ရေတပ်စု၏ ရည်မှန်းချက်မှာ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာ စစ်သင်္ဘောကြီးများကို အသုံးပြုပြီး အိန္ဒိယ ရေတပ်၏ ပင်မ အင်အားစုကို ဝါးမြိုပစ်ရန် ဖြစ်ရာ လုံးဝ ကွဲပြားခြားနားသည်။
မြေပုံမှ အကြည့်လွှဲလိုက်ပြီး ဖန်ဟုန်ထိုက် အမိန့်ပေးလိုက်သည်။ "သင်္ဘော တစ်စီးလုံး အခုကစပြီး ရေဒီယို တိတ်ဆိတ်မှု စတင်မယ်။ သင်္ဘော မီးလုံးတွေ အားလုံး ပိတ်ထား။ ပြီးတော့ B-19 ဧရိယာကို ချက်ချင်း သွားမယ်”
ဖန်ဟုန်ထိုက် အမိန့်ပေးလိုက်သောအခါ မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘောကြီးသည် ပင်လယ်ပြင်ပေါ်တွင် ပုံမှန် အရှိန်ဖြင့် ရွက်လွှင့်ပြီး အိန္ဒိယ ရေတပ်က အလွယ်တကူ မမီနိုင်သလို တစ်ဖက်လူကို နောက်ကောက်ချ မထားခဲ့နိုင်အောင် သင့်လျော်သော အရှိန်နှုန်းကို ထိန်းထားလိုက်သည်။
မနက် ၅:၄၂ နာရီ…
အိန္ဒိယ ရေတပ် ဌာနချုပ် အဆောက်အအုံသည် လင်းထိန်နေသည်။
ဆန်ပူ ယွမ်ယု ၀၂၈ ငါးဖမ်းလှေ၏ အဆင့်ဆင့် သတင်းပို့မှု ပြီးနောက် ကျဲခယ် အုပ်စု၏ အမည်မသိ စစ်သင်္ဘောကို တွေ့ရှိသည့် သတင်းသည် ဤနေရာသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။
စစ်ဘက်ဆိုင်ရာ သူလျှို ဂြိုဟ်တုများက ပင်လယ်ပြင်ပေါ်တွင် ထိုစစ်သင်္ဘောကို ခြေရာခံမိကြောင်း သတင်း အတည်ပြုလိုက်သောအခါ ရေတပ် ဌာနချုပ် တစ်ခုလုံး ဆူညံပွက်လော ရိုက်သွားပြီး စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။
ရေတပ် ဦးစီးချုပ် ဂျာယန့်သည် ကာကွယ်ရေး ဝန်ကြီး ဝစ်ပ်နှင့် ဝန်ကြီးချုပ် ဆင်းဂျ်တို့နှင့်အတူ အဆောက်အအုံထဲသို့ ဝင်လာပြီး နီရဲနေသော မျက်နှာဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ဝန်ကြီးချုပ်... ကျွန်တော်တို့ ရေတပ် ဝန်ထမ်းတွေ အားလုံးရဲ့ မမောမပန်း ကြိုးပမ်းမှုတွေကြောင့် အခု ကျဲခယ် အုပ်စုရဲ့ ကိုယ်ပျောက် စစ်သင်္ဘောကို တည်နေရာ ရှာတွေ့ပါပြီ။ ကျေးဇူးပြုပြီး ဒါကို ကြည့်ပါဦး”
ဂျာယန့်သည် ကြီးမားသော အီလက်ထရောနစ် ဖန်သားပြင်ကို ညွှန်ပြလိုက်သည်။ ယင်းတွင် ဂြိုဟ်တု ဓာတ်ပုံများ ပြသထားပြီး ပင်လယ်ပြင်ပေါ်တွင် ရွက်လွှင့်နေသော စစ်သင်္ဘော တစ်စီးကို ပြသထားသည်။
သာမန် စစ်သင်္ဘောများနှင့် မတူဘဲ ဤစစ်သင်္ဘောတွင် ချွန်ထက်သော အနားသတ်များနှင့် ထောင့်များ များများစားစား မရှိဘဲ ဗိုင်းလိပ်တံ ပုံစံ ရှိကာ ချွန်ထက်သော ဦးပိုင်းသည် လှိုင်းများကို ခွဲဖြတ်နေသည်။
“တစ်စီးထဲ ရှိတာလား”
ဆင်းဂျ်သည် ပုံကို စိုက်ကြည့်နေသည်။ ပင်လယ်ပြင်တွင် နှိုင်းယှဉ်စရာ အရာဝတ္ထု နည်းပါးသောကြောင့် ပုံထဲရှိ စစ်သင်္ဘောများသည် သိသိသာသာ ဖြစ်နေလေသည်။
"ဟုတ်ကဲ့။ တစ်စီးတည်းပါ။ ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက် အရ သင်္ဘော အလျားက ၂၄၀ နဲ့ ၂၆၀ မီတာကြား ရှိပြီး ရေရွေ့လျားမှု တန်ချိန်က တန်ချိန် ၄၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရှိပါတယ်။ အစွမ်းထက်တဲ့ ဒုံးကျည် သင်္ဘော တစ်စီးလည်း ဖြစ်သင့်ပါတယ်”
ဂျာယန့် သည် သူ့ရေတပ်က တစ်ညလုံး ခွဲခြမ်းစိတ်ဖြာထားသော ထောက်လှမ်းရေး သတင်းများကို ထုတ်ဖော် ပြောကြားလိုက်သည်။
"ဘာလဲ။ အဲဒီလောက် ကြီးတာလား”
ဆင်းဂျ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ပုံထဲတွင် ထူးခြားမှု မရှိဟု ထင်ရသော ဤအရာသည် တကယ်တမ်းတွင် ဤမျှ ကြီးမားသော စစ်သင်္ဘောကြီး တစ်စီး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်း၏ တန်ချိန်သည် သူတို့ အိန္ဒိယ နိုင်ငံ၏ လေယာဉ်တင်သင်္ဘောနှင့် ယှဉ်နိုင်သည့် အနေအထားတွင် ရှိသည်။
"ဒီလောက် ကြီးမားတဲ့ စစ်သင်္ဘောဆိုရင် ဖျက်သင်္ဘော မဟုတ်တော့ဘူး၊ ခရူဇာသင်္ဘော ဖြစ်သွားပြီ။ အံ့ဩစရာ မရှိပါဘူး။ အဲဒီညက ကပ္ပလီ ရေတပ်နဲ့ လေတပ် အခြေစိုက်စခန်းကို သူ တိုက်ခိုက်နိုင်ခဲ့တာ။ ဒီလောက်ကြီးတဲ့ ခရူဇာသင်္ဘောကြီး ဆိုရင် ဒုံးကျည် အမြောက်အမြား သိုလှောင်ထားနိုင်မှာပေါ့”
ဝစ်ပ်သည် အမှန်တရားကို မြင်လိုက်ရသကဲ့သို့ ဖြစ်ပြီး ဆင်းဂျ်အား စိတ်မရှည်စွာ ပြောလိုက်သည်။ "ဝန်ကြီးချုပ်... ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပါ။ ဒီစစ်သင်္ဘောကို ကျွန်တော်တို့ ဖမ်းဆီးရမယ်။ ကပ္ပလီ အခြေစိုက်စခန်းမှာ အသက်ပေးလှူသွားတဲ့ စစ်သည်တွေ အတွက် လက်စားချေရမယ်”
“အန္တရာယ် ရှိလား”
ဆင်းဂျ် ခေတ္တ စဉ်းစားလိုက်သည်။ သူသည် ရေတပ် စစ်ပွဲ အကြောင်း သိပ်နားမလည်ပေ။
ဝစ်ပ်သည် ဂျာယန့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး စကားပြောရန် အချက်ပြလိုက်သည်။
ဂျာယန့်သည် အလေးပြုလိုက်ပြီး ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။ "ဝန်ကြီးချုပ်... ကျေးဇူးပြုပြီး စိတ်ချပါ။ ကျွန်တော်တို့က ထောက်လှမ်းရေး အထောက်အပံ့ ပေးဖို့ အမေရိကန် ဆီကနေ ဂြိုဟ်တု အကူအညီ လျှောက်ထားပြီးပါပြီ။ ဂြိုဟ်တု ထောက်လှမ်းရေး အရ ကျဲခယ် အုပ်စု လက်အောက်မှာ ရှိတဲ့ တခြား စစ်သင်္ဘော အများစုဟာ ဆိပ်ကမ်းထဲမှာပဲ ရှိနေသေးပြီး ထွက်မလာကြသေးပါဘူး။ ဒီစစ်သင်္ဘောက လုံးဝ တစ်စီးတည်းပါ”
"ရန်သူမှာ သင်္ဘော တစ်စီးတည်း ရှိတာ။ ကြီးနေရင်တောင် အသုံးမဝင်ပါဘူး။ ကျွန်တော်တို့မှာ ပင်မ စစ်သင်္ဘော ဒါဇင်ပေါင်းများစွာ ရှိတယ်၊ သူတို့က ကျွန်တော်တို့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး”
ဒါကို ကြားလိုက်ရသောအခါ ဆင်းဂျ်၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရေတပ် ဌာနချုပ် စစ်ဦးစီးအရာရှိ တစ်ဦး စိုးရိမ်တကြီး ပြေးလာပြီး "တစ်ခုခု မှားနေပြီ။ ကျဲခယ် အုပ်စုရဲ့ ကိုယ်ပျောက် ခရူဇာသင်္ဘော ပစ်မှတ် ပျောက်သွားပါပြီ” ဟု ပြောလိုက်သည်။
"ဘာ"
ရှိနေသော လူသုံးဦးစလုံး အံ့အားသင့်သွားကြသည်။
ဂျာယန့် ဒေါသထွက်လွန်းသဖြင့် သူ့မုတ်ဆိတ်မွေးများ ထောင်တက်သွားသည်။ သူ ဟိန်းဟောက်လိုက်သည်။
"ဘာတွေ ဖြစ်ကုန်တာလဲကွာ။ ပစ်မှတ်ကို ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ ဂြိုဟ်တုက ခြေရာခံနေတာ မဟုတ်ဘူးလား”
"ဦးစီးချုပ်... ကျဲခယ် အုပ်စုရဲ့ ဂြိုဟ်တုက ကျွန်တော်တို့ ခြေရာခံနေတဲ့ သူလျှို ဂြိုဟ်တုနဲ့ ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ ခုနလေးတင် ဝင်တိုက်လိုက်လို့ပါ။ ဂြိုဟ်တု အသစ်က သတ်မှတ်ထားတဲ့ ပတ်လမ်းကြောင်းကို မရောက်သေးဘူး။ ပြီးတော့ ကျွန်တော်တို့ အဲဒီ စစ်သင်္ဘောကို ခြေရာ ပျောက်သွားတာပါပဲ”
စစ်ဦးစီးအရာရှိက အခြေအနေကို အမြန် ရှင်းပြလိုက်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက် အရ ကျဲခယ် အုပ်စုရဲ့ ကိုယ်ပျောက် ခရူဇာသင်္ဘော လမ်းကြောင်းက ကရာတူးမြောင်းဆီကို ပြန်ဦးတည်နေဖို့ အရမ်း များပါတယ်။ ကိုယ်ပျောက် ခရူဇာသင်္ဘောသာ ကရာတူးမြောင်းကို ဖြတ်ပြီး ထိုင်းပင်လယ်ကွေ့ထဲကို ပြန်ရောက်သွားရင် ကျွန်တော်တို့ သူ့ကို ဘာမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး”
***