မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ လေယာဉ်ပစ် ဒုံးကျည် အမြောက်အများကို အလကား ရသလို ဒလဟော ပန်းထုတ်နေပြီး စက္ကန့်တိုင်းမှာ ဒုံးကျည် အစင်းပေါင်းများစွာကို ပစ်လွှတ်နေခြင်း ဖြစ်သည်။
ကောင်းကင်ယံတွင် MiG-29K သင်္ဘောတင် တိုက်လေယာဉ်များသည် အလွန်အမင်း အဆင့်မြင့်လှသည် မဟုတ်သော်လည်း ကီလိုမီတာ ရာဂဏန်းအနည်းငယ်သာ ဝေးသဖြင့် MiG-29K တိုက်လေယာဉ်တစ်စီး အတွက် ဧရာဝတီ သင်္ဘောဆီသို့ ရောက်ရန် ဆယ်မိနစ်ပင် မကြာလိုက်ပေ။
MiG-29K တိုက်လေယာဉ် ၁၂ စီးကို ကွပ်ကဲနေသူမှာ လေတပ် ဗိုလ်မှူးကြီး ဖက်ပီတန် ဖြစ်သည်။
"ဘာဖြစ်နေတာလဲ... ငါတို့ ရန်သူ့သင်္ဘောကို ဘာလို့ အခုထိ မတွေ့သေးတာလဲ”
ဖက်ပီတန် မျက်မှောင်ကြုတ်လိုက်သည်။ MiG-29K တိုက်လေယာဉ်၏ ရေဒါသည် ရန်သူ့သင်္ဘော၏ တည်နေရာကို အခုထိ ထောက်လှမ်းမတွေ့သေးသဖြင့် သူ့အား စိုးရိမ်ပူပန်မှု တစ်ခုကို ဖြစ်ပေါ်စေသည်။
ရန်သူကို မတွေ့ရဘဲနှင့် တိုက်လေယာဉ်များ သယ်ဆောင်လာသော တိကျသည့် လမ်းညွှန်ဗုံးများနှင့် သင်္ဘောဖျက် ဒုံးကျည်များကို တိုက်ခိုက်ရာတွင် အသုံးပြု၍ မရနိုင်ပေ။
ချွင်...
ရုတ်တရက် လေကြောင်း အီလက်ထရောနစ် ရေဒါ မျက်နှာပြင်ပေါ်တွင် အလင်းစက်တစ်ခု တောက်ပလာသည်။ ဖက်ပီတန်၏ မျက်နှာသည် ဝမ်းသာမှုများဖြင့် လင်းလက်သွားပြီး တစ်ချက် ကြည့်လိုက်ရာ ရေဒါသည် ကိုယ်ပျောက် ခရူဇာသင်္ဘော၏ တည်နေရာကို အမှန်တကယ် ဖမ်းယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကီလိုမီတာ ၁၂၅ အကွာမှာ... ဒီခရူဇာသင်္ဘောရဲ့ ကိုယ်ပျောက်စွမ်းရည်က အရမ်း ကောင်းလွန်းတယ်။ ကိုယ်ပျောက် ခရူဇာသင်္ဘောဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”
ဖက်ပီတန်သည် မအံ့သြဘဲ မနေနိုင်သော်လည်း သူ ဆက်လက် တုံ့ဆိုင်းမနေတော့ပေ။ သူ၏ အခြား လေယာဉ်မှူးများကို သူ အော်ပြောလိုက်သည်။
"ရန်သူ့သင်္ဘောကို တွေ့ပြီ။ သင်္ဘောဖျက် ဒုံးကျည်တွေကို လှိုင်းသုံးလှိုင်းခွဲပြီး ပစ်လွှတ်ကြ”
ဖက်ပီတန် စကားပြောမဆုံးမီမှာပင် တိုက်လေယာဉ်၏ မျက်နှာပြင်ပေါ်တွင် ရုတ်တရက် ပြင်းထန်သော အနီရောင် သတိပေးသံများ မြည်ဟည်းလာသည်။
"သောက်ကျိုးနည်း... ဒုံးကျည်တစ်စင်းက ငါ့ကို ပစ်မှတ်လော့ခ်ချထားတယ်”
"ငါလည်း အတူတူပဲ။ ရန်သူ့သင်္ဘောက ပစ်လွှတ်လိုက်တဲ့ လေယာဉ်ပစ် ဒုံးကျည်ပဲ”
"မြန်မြန်ရှောင်။ အနီအောက်ရောင်ခြည် လှည့်စားမီးကျည်တွေ ပစ်လွှတ်လိုက်”
အခြား လေယာဉ်မှူးများထံမှ ထိတ်လန့်တကြား အော်ဟစ်သံများသည် ဆက်သွယ်ရေး လိုင်းမှ တစ်ဆင့် ထွက်ပေါ်လာသည်။ လာနေသော လေယာဉ်ပစ် ဒုံးကျည်များ၏ အချက်ပြမှုများ ပေါ်လာသဖြင့် သင်္ဘောတင် လေယာဉ် အဖွဲ့သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
ဘုန်း...
MiG-29K တိုက်လေယာဉ်တစ်စီးသည် လေယာဉ်ပစ် ဒုံးကျည်တစ်စင်း၏ ထိမှန်မှုကို ခံလိုက်ရပြီး ကောင်းကင်ယံတွင် တောက်ပသော မီးရှူးမီးပန်း တစ်ခု အဖြစ် ပွင့်အာသွားသည်။ တိုက်လေယာဉ် အစိတ်အပိုင်း မြောက်မြားစွာ လွင့်စင်ထွက်သွားပြီး လေယာဉ်မှူးသည် လေထီးခုန်ရန် အချိန်မရလိုက်ဘဲ တိုက်လေယာဉ်နှင့်အတူ တစ်စစီ ဖြစ်သွားလေသည်။
ပျက်စီးသွားသော လေယာဉ်နှင့် နှစ်ကီလိုမီတာ အကွာတွင် MiG-29K တိုက်လေယာဉ်တစ်စီးသည် အရေးပေါ် ရှောင်တိမ်းမှု ပြုလုပ်လိုက်သည်။ ၎င်းပစ်လွှတ်လိုက်သော အနီအောက်ရောင်ခြည် လှည့်စားမီးကျည်များသည် လေယာဉ်ပစ် ဒုံးကျည်တစ်စင်းကို လှည့်စားနိုင်ခဲ့ပြီး လေယာဉ်မှူး၏ အလွန် ကောင်းမွန်သော ထိန်းချုပ်မှုနှင့် ကံကောင်းမှုတို့ကြောင့် နောက်ထပ် လာနေသော လေယာဉ်ပစ် ဒုံးကျည်တစ်စင်းကိုပါ အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။
ရုပ်ရှင်တွေထဲကလိုတော့ ရှောင်နိုင်ခဲ့ခြင်းမျိုး မဟုတ်ပေ။ လေယာဉ်ပစ် ဒုံးကျည်တွေသည် လေထဲ၌ တိုက်လေယာဉ်၏ လမ်းကြောင်းအတိုင်း လိုက်ကာ ထိမှန်တတ်သည်။ အကယ်၍ တစ်ကြိမ် မထိမှန်လျှင် နောက်ပြန်လှည့်ပြီး ပြန်မလာတတ်ချေ။
လေယာဉ်ပစ် ဒုံးကျည် နှစ်စင်းကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း တိုက်လေယာဉ်၏ သတိပေး ရေဒါသည် ဆက်လက် လင်းလက်နေဆဲ ဖြစ်သည်။
လေယာဉ်မှူးသည် လေကြောင်း အီလက်ထရောနစ် မျက်နှာပြင်ကို ကြည့်လိုက်သည်။ ထိုအခါ သူ့လေယာဉ်ဆီ တည့်တည့် လာနေသော ပစ်မှတ် ဆယ်ခုကို တစ်ပြိုင်နက်တည်း ခြေရာခံနိုင်ပြီး ရေဒါ မျက်နှာပြင်ပေါ်တွင် သူ့ဆီသို့ ဦးတည်လာနေသော လေယာဉ်ပစ် ဒုံးကျည် သုံးစင်း ရှိသေးကြောင်း ပြသနေသည်။
၎င်းသည် လေယာဉ်မှူးကို ချက်ချင်း မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။ သင်္ဘောတင် လေယာဉ်ပစ် ဒုံးကျည်များသည် လေယာဉ်မှ လေယာဉ်ပစ် ဒုံးကျည်များထက် လေယာဉ်များ အပေါ် ခြိမ်းခြောက်နိုင်မှု စွမ်းရည် ပိုမိုမြင့်မားလေ့ရှိသည်။
အဘယ့်ကြောင့်ဆိုသော် သင်္ဘောတင် လေယာဉ်ပစ် ဒုံးကျည်တွေသည် တိုက်လေယာဉ်များ၌ ရှိသော လေယာဉ်ပစ် ဒုံးကျည်များထက် ပို၍ ကြီးမားသလို လမ်းညွှန်စနစ်များလည်း ပိုမို ကောင်းမွန်တတ်သောကြောင့်ပင်တည်း…။
လေယာဉ်ပစ် ဒုံးကျည် သုံးစင်းသည် လေယာဉ်မှူးကို သေဒဏ် ပေးလိုက်သလိုပင်…။
ဆယ်စက္ကန့်အကြာတွင် အရှောင်ကျွမ်းလှသော MiG-29K သည် အရေးပေါ် ရှောင်တိမ်းနေစဉ် အတွင်း လေယာဉ်ပစ် ဒုံးကျည် တစ်စင်းနှင့် ထိပ်တိုက် တိုးမိသွားသည်။
လေယာဉ်ပစ် ဒုံးကျည်သည် လေထဲ၌ ကြိုတင် ပေါက်ကွဲသွားပြီး ၎င်း၏ များပြားလှသော အပိုင်းအစများသည် မီတာတစ်ရာကျော်အထိ လွှမ်းခြုံသွားကာ တိုက်လေယာဉ်ကို ရှောင်တိမ်းရန် အခွင့်အရေး မပေးတော့ဘဲ ဇကာပေါက်ကဲ့သို့ အပေါက်တွေချည်း ဖြစ်သွားစေသည်။
တိုက်လေယာဉ်အတွင်းရှိ တိကျသော ကိရိယာများသည် ပျက်စီးသွားပြီး လေယာဉ်မှန်ကူအမိုးကို ဖောက်ထွက်လာသော အပိုင်းအစ တစ်ခုသည် လေယာဉ်မှူး၏ လည်ပင်းကို တိုက်ရိုက် ဖောက်ထွင်း ဝင်ရောက်သွားပြီး အဓိက သွေးကြောကြီးများကို ပြတ်တောက်သွားစေသည်။
ထိန်းချုပ်မရတော့သော လေယာဉ်သည် အမည်းရောင် မီးခိုးများ ထွက်ပေါ်ကာ ကောင်းကင်ယံမှ လည်ထွက်ကျလာပြီး ပင်လယ်ထဲသို့ အရှိန်ပြင်းစွာဖြင့် ပျက်ကျသွားကာ မီတာ နှစ်ဆယ်မှ သုံးဆယ်အထိ မြင့်သော ရေပန်းကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
အချို့သော အိန္ဒိယ လေယာဉ်မှူးများသည် လေယာဉ်ပစ် ဒုံးကျည်များကြောင့် ၎င်းတို့၏ လေယာဉ်များ ပစ်ချမခံရမီ အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့ကြသည်။
သို့သော်လည်း အောက်ဘက်တွင် ကျယ်ပြောလှသော သမုဒ္ဒရာကြီး ရှိနေသည်။ သူ၏ လေထီးပွင့်လာပြီး ပင်လယ်ထဲသို့ ကျသွားသောအခါ သူ့ကို စောင့်ကြိုနေသည်မှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော မျှော်လင့်ချက် ကင်းမဲ့မှုပင် ဖြစ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ပင်လယ်ပြင်ပေါ်ရှိ လှိုင်းလုံးများသည် နှစ်မီတာမှ သုံးမီတာအထိ မြင့်နေသောကြောင့် သူ၏ ကိုယ်ပိုင် ရေတပ်စုမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် မရောက်လာမီမှာပင် သူသည် လှိုင်းလုံးများ၏ မျိုချမှုကို ခံရကာ ရေအောက်ကြမ်းပြင်သို့ နစ်မြုပ်သွားမည် ဖြစ်သောကြောင့်ပင်။
အိန္ဒိယ လေယာဉ်မှူးများစွာသည် လေယာဉ်ပစ် ဒုံးကျည် တိုက်ခိုက်မှုအတွင်း လေယာဉ်၏ အလေးချိန်ကို လျှော့ချနိုင်သလို လေယာဉ်ပစ် ဒုံးကျည်များကို ပိုမိုကောင်းမွန်စွာ ရှောင်တိမ်းနိုင်ရန် အတွက် ကိုယ်ပျောက် ခရူဇာသင်္ဘောဆီသို့ သင်္ဘောဖျက် ဒုံးကျည်များကိုလည်း ပစ်လွှတ်ခဲ့ကြသည်။
ဧရာဝတီ ခရူဇာသင်္ဘောပေါ်တွင် လေယာဉ်များမှ ကမန်းကတန်း ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ဒုံးကျည်များကို ရင်ဆိုင်ရချိန်၌ သင်္ဘော၏ ဒုံးကျည်ပစ်လွှတ်သည့် အပေါက်များမှ မီးတောက်များ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာသည်။ သင်္ဘောမှ ပစ်လွှတ်လိုက်သော လေယာဉ်ပစ် ဒုံးကျည်များသည် လာနေသော သင်္ဘောဖျက် ဒုံးကျည်များကို ကြားဖြတ် တားဆီးကာ လမ်းတစ်ဝက်တွင်ပင် ပစ်ချလိုက်သည်။
MiG-29K တိုက်လေယာဉ် ၁၂ စီးထဲမှ ၈ စီးသည် ဧရာဝတီ သင်္ဘော၏ လေယာဉ်ပစ် ဒုံးကျည် တိုက်ခိုက်မှုလှိုင်းတွင် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
ကျန်ရှိသော MiG-29K တိုက်လေယာဉ် ၄ စီးအနက် ၃ စီးမှာလည်း ပျက်စီးသွားပြီး ၎င်းတို့၏ အမြီးပိုင်းမှ မီးခိုးများ အလိပ်လိုက် ထွက်ပေါ်နေကာ လျှပ်စစ်မီးပွင့်များ ထွက်ပေါ်နေသဖြင့် လေယာဉ်တင်သင်္ဘောဆီသို့ ပြန်သွားရန် မဖြစ်နိုင်တော့ကြောင်း ထင်ရှားလှလေသည်။
ဖက်ပီတန်၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေသည်။ နေ့ရောညပါ အတူတူ ဖြတ်သန်းခဲ့ရသော သူ၏ ရဲဘော်ရဲဘက်များ ပစ်ချခံရသည်ကို ကြည့်ရင်း သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"သောက်ကျိုးနည်း... မင်းလို ခွေးကောင်ကို ငါ သေချာပေါက် နစ်မြုပ်ပစ်မယ်"
ယခုအခါ သူသည် ဧရာဝတီ ခရူဇာသင်္ဘော၏ တည့်တည့်အထက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပင်လယ်ရေပြင်ပေါ်တွင် အလွန် သိသာထင်ရှားနေသော ခရူဇာသင်္ဘော၏ ဧရာမ ကိုယ်ထည်ကြီးကို သူ မြင်တွေ့နိုင်သည်။
ခရူဇာသင်္ဘောသည် သင်္ဘောဖျက် ဒုံးကျည်များ၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ အထိအခိုက် မရှိဘဲ ကျန်ရှိနေသည်ကို မြင်ရသောအခါ ကျန်နေသည့် တစ်စီးတည်းသော MiG-29K တိုက်လေယာဉ်သည် ချက်ချင်းပင် နောက်ကြောင်း ပြန်လှည့်ပြီး ထွက်ပြေးသွားလေသည်။
ဖက်ပီတန်သည်မူ အံကို တင်းတင်းကြိတ်လိုက်သည်။ သူသည် ခဲယမ်းခန်းထဲမှ KAB-500 တိကျသော လမ်းညွှန်ဗုံးကို ပစ်လွှတ်ချင်သော်လည်း အစောပိုင်းက လေယာဉ်ပစ် ဒုံးကျည် ပေါက်ကွဲမှု အတွင်း ကျည်ဆံစများသည် ခဲယမ်းခန်း၏ ပစ်လွှတ်ရေး ယန္တရားကို ပျက်စီးစေခဲ့သဖြင့် တိကျသော လမ်းညွှန်ဗုံးကို လုံးဝ ပစ်လွှတ်၍ မရနိုင်တော့ပေ။
ထို့အပြင် ဖက်ပီတန်သည် လျင်မြန်စွာ ကျဆင်းနေသော လောင်စာဆီတိုင်း ကိရိယာကို ကြည့်လိုက်သည်။ လောင်စာဆီတိုင်ကီကို ကျည်ဆံစများက ဖောက်ထွင်းပြီး ပေါက်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။
MiG-29K တိုက်လေယာဉ်သည် 'လေဆိပ်အစောင့်' ဟု အမည်ပြောင်ပေးခံရလောက်အောင် ခြေတိုခြင်းကြောင့် နာမည်ကြီးပြီး ၎င်း၏ ထိရောက်သော တိုက်ခိုက်ရေး ဧရိယာမှာ ကီလိုမီတာ ၅၀၀ သာ ရှိသည်။ ဤမျှ လောင်စာဆီ ယိုစိမ့်မှုနှုန်းဖြင့်ဆိုလျှင် သူသည် လေယာဉ်တင် သင်္ဘောဆီသို့ မရောက်မီမှာပင် ပင်လယ်ထဲသို့ ပျက်ကျသွားမည် ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ ဖက်ပီတန်သည် ထိန်းချုပ်တံကို ဆွဲချကာ ဧရာဝတီ ခရူဇာသင်္ဘောကို အငြိုးကြီးစွာ စိုက်ကြည့်ရင်း သူ၏ တိုက်လေယာဉ်၏ အင်ဂျင်ကို အမြင့်ဆုံးသို့ တင်လိုက်ပြီး ဧရာမ ကိုယ်ပျောက် ခရူဇာသင်္ဘောကြီးဆီသို့ ထိုးဆင်းသွားလေသည်။
သူသည် ရန်သူ့သင်္ဘောကို ကာမီကာဇေ (အသေခံ) တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လေယာဉ် ၁၂ စီးစလုံးသည် ရန်သူ၏ ဆေးသုတ်ထားသော နေရာကိုပင် ခြစ်ရာမထင်စေဘဲ ပစ်ချခံရခြင်းမျိုး မဖြစ်စေချင်သောကြောင့် ဖြစ်သည်။
ဤကဲ့သို့ အရှက်ရဖွယ် ရလဒ်မျိုးသည် သူ သေဆုံးပြီးနောက်တွင်ပင် သူ့ကို အရှက်ရစေမည် ဖြစ်လေသည်။
ဖက်ပီတန်၏ တိုက်လေယာဉ်သည် အစွမ်းကုန် အမြန်နှုန်းဖြင့် ပျံသန်းကာ ကောင်းကင်ယံမှ ထိုးဆင်းလာသည်။ ခရူဇာသင်္ဘောကြီး တစ်စီးအနေဖြင့် တိုက်လေယာဉ်တစ်စီး၏ အမြန်နှုန်းကို မည်သို့မျှ မယှဉ်နိုင်ပေ။
သို့သော်လည်း ဧရာဝတီ ခရူဇာသင်္ဘောသည် ရှောင်တိမ်းရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။ ဖက်ပီတန်၏ လေယာဉ်က နီးကပ်လာလျှင် ခရူဇာသင်္ဘောပေါ်ရှိ ၁၁-ပြောင်းပါ ၃၀ မီလီမီတာ အနီးကပ် တိုက်ခိုက်ရေး လက်နက်စနစ် ၈ ခုက စတင် ပစ်ခတ်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပူပြင်း လောင်ကျွမ်းနေသော မီးလျှံများ ပေါက်ကွဲထွက်လာပြီး ကျည်ဆန်အခွံများသည် ရေတံခွန်ကဲ့သို့ လိမ့်ဆင်းလာသည်။
"ဒါက ဘယ်လိုကြီးလဲ”
ဖက်ပီတန်သည် ရာချီသော ကျည်ဆန်များ သူ့ထံသို့ တိုးဝင်လာသည်ကို မြင်လိုက်ရပြီးနောက် သူ၏ နောက်ဆုံး အတွေးသည် သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
နောက်တစ်ခဏတွင် သူ၏ အမြင်အာရုံသည် မှောင်မိုက်သွားပြီး လောကကြီးကို နှုတ်ဆက်သွား၏။ သူ၏ လေယာဉ်နှင့်အတူ သူသည် ၃၀ မီလီမီတာ ကျည်ဆန် ရာပေါင်း များစွာ၏ အပိုင်းပိုင်း ဆုတ်ဖြဲမှုကို ခံလိုက်ရပြီး ကောင်းကင်ယံတွင် ဧရာမ မီးလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။
ဧရာဝတီ ခရူဇာသင်္ဘောမှ ဒုတိယလှိုင်း လေယာဉ်ပစ် ဒုံးကျည်များ ပစ်လွှတ်မှုနှင့်အတူ ကောင်းကင်ယံရှိ နောက်ဆုံး အိန္ဒိယ တိုက်လေယာဉ် သုံးစီးသည်လည်း ၎င်းတို့၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထွက်ပြေးသွားသော MiG-29K တိုက်လေယာဉ်ပင်လျှင် လေယာဉ်ပစ် ဒုံးကျည်၏ အကွာအဝေးမှ မလွတ်မြောက်နိုင်မီ လေထဲတွင်ပင် ပေါက်ကွဲသွားလေသည်။
ဤအချိန်တွင် MiG-29K တိုက်လေယာဉ် ၁၂ စီးထဲမှ တစ်စီးမျှ မကျန်ရစ်တော့ပေ။ အားလုံးသည် ဧရာဝတီ ခရူဇာသင်္ဘော၏ လက်ချက်ဖြင့် ပင်လယ်ထဲသို့ ပျက်ကျသွားကာ မီးလောင်ပြီး တစ်စစီ ဖြစ်သွားကြသည်။
မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးသည် ဒုံးကျည် အမြောက်အများကို သယ်ဆောင်နိုင်ပြီး လေယာဉ်ပစ် ဒုံးကျည်ချည်း သက်သက် အစင်း နှစ်ရာကျော် ပိုင်ဆိုင်ထားသဖြင့် ပစ်အား အလွန် ကောင်းပေသည်။ ထို့ကြောင့် MiG-29K တိုက်လေယာဉ် ၁၂စင်းလုံး ပျက်စီးသွားရသည်မှာ အဆန်းတော့ မဟုတ်ချေ။
***