ပြာလဲ့နေသော ကောင်းကင်ယံ၊ ပင်လယ်ရေပြင်နှင့် ခရူဇာစစ်သင်္ဘောကြားတွင် မီးတောက် တံတားကြီးတစ်ခု ပေါ်ပေါက်လာလေသည်။
ထိုကဲ့သို့သောအခြေအနေမျိုးသည် နေရာ ၅ ခုတွင် တစ်ပြိုင်နက်တည်း ဖြစ်ပွားနေသည်။ ၎င်းတို့ကို တိုက်ခိုက်လာသော သင်္ဘောဖျက် ဒုံးကျည် အရေအတွက်မှာ ထောင်ဂဏန်း ကျော်နေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရေအတွက်ပင် ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဗီကရန့် လေယာဉ်တင်သင်္ဘော တံတားဦးပိုင်း၏ ကွပ်ကဲမှု ခန်းမတွင် ကူးမားနှင့် ရေတပ်အရာရှိများအားလုံး ကြက်သေသေသွားကြပြီး အချို့မှာ သူတို့၏ ခြေထောက်များကိုပင် မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေကြသည်။
"ကိုယ်ပျောက် ခရူဇာသင်္ဘောတွေ... ရေငုပ်နိုင်တဲ့ ကိုယ်ပျောက် ခရူဇာသင်္ဘောတွေ... ဒုံးကျည်တွေက ဘယ်လိုလုပ် ဒီလောက်များနေရတာလဲ... ရေတပ်စု တစ်ခုလုံးကို လေကြောင်းရန် ကာကွယ်ရေး ပစ်အား ချက်ချင်း စီစဉ်ဖို့ အမိန့်ပေး။ ဒါက ငါတို့ အိန္ဒိယ ရေတပ်ကို ပစ်မှတ်ထားပြီး အရပ်လေးမျက်နှာကနေ ချုံခိုတိုက်ခိုက်နေတာပဲ”
ကူးမား၏ နှလုံးသားသည် အေးစက်သွားပြီး သူ၏ နှုတ်ခမ်းများ တုန်ရီနေကာ ဤစကားတစ်ခွန်းက သူ၏ ခွန်အားအားလုံးကို စုပ်ယူသွားသကဲ့သို့ ဖြစ်နေသည်။
ထိုအခါမှသာလျှင် သူတို့ အသည်းအသန် လိုက်ဖမ်းနေခဲ့သော ကိုယ်ပျောက် ခရူဇာသင်္ဘောသည် အတုအယောင်မျှသာ ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို သေချာစွာ ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ သွေးဆောင်ရန် ဖြစ်ကြောင်း သူ နားလည်သွားတော့သည်။ အဘယ်ကြောင့် ဆိုသော် ကျဲခယ်အဖွဲ့တွင် ဤကဲ့သို့သော ဒုံးကျည်တိုက် ခရူဇာသင်္ဘော ငါးစီး ရှိနေသေးသောကြောင့်ပင်။
သူသည် ယင်းအကြောင်းများကို မသိခဲ့ဘဲ စစ်ရေး အောင်မြင်မှုကို လိုချင်သော လောဘစိတ်ဖြင့် အခြားသူများ ချထားသော ထောင်ချောက်ထဲသို့ ခေါင်းစိုက်ဝင်မိခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူတွင် ခရူဇာသင်္ဘော ငါးစီးသာ ရှိသော်လည်း ဗီဒီယိုထဲတွင် ပြသနေသော ကြောက်မက်ဖွယ် ကောင်းသည့် ပစ်အားကို ကြည့်ရလျှင် ခရူဇာသင်္ဘော တစ်စီးတည်းကပင် သူတို့၏ ဖျက်သင်္ဘော ဆယ်စီး၏ ပစ်အားနှင့် ညီမျှနေသည်။ နှစ်ဖက်စလုံးသည် အင်အားချင်း လုံးဝ မတူညီကြပေ။
သင်္ဘောတင် တိုက်လေယာဉ် အုပ်စု အဘယ့်ကြောင့် သွားပြီး ပြန်မလာတော့သလဲ ဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်သွားပြီ ဖြစ်သည်။ ဤမျှ အားကောင်းလှသော ပစ်အားမျိုးကို ရင်ဆိုင်ရသောအခါ သင်္ဘောတင် လေယာဉ်များအနေဖြင့် မည်ကဲ့သို့ ပြန်လာနိုင်ပါမည်နည်း။
"တပ်မှူးကြီး... ရန်သူ့ဒုံးကျည်တွေက များလွန်းအားကြီးတယ်။ ကျွန်တော်တို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်က တောင့်ခံထားဖို့ ခက်ခဲနေပါပြီ”
"ဒုံးကျည်တွေ... အကုန်လုံး ဒုံးကျည်တွေချည်းပဲ”
"ဒါ ဘယ်လို သောက်ခရူဇာသင်္ဘောကြီးလဲ။ ငါတို့က ဘယ်လို မိစ္ဆာကောင်ကြီးကို ရန်သွားစမိတာလဲဟ"
ကွပ်ကဲမှုစင်တာအတွင်း၌ ရေတပ်မှူး ကူးမား ကြက်သေသေနေရုံသာမက အခြားသော အကြီးတန်း အရာရှိများ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက် ကင်းမဲ့မှုများ ပေါ်လွင်နေသည်။
ဤမျှ များပြားလှသော ဒုံးကျည် အရေအတွက်သည် သူတို့၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု၏ လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်၏ အမြင့်ဆုံး ခံနိုင်ရည် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဒုံးကျည်မိုးရွာသွန်းမှုကို မကာကွယ်နိုင်တော့ကြောင်းပင်…။
"ငါတို့ဆီမှာရှိတဲ့ ဒုံးကျည်တွေ၊ ဒုံးပျံစနစ်သုံး ရေနက်ဗုံးတွေ အကုန်လုံးကို ပစ်လွှတ်လိုက်စမ်း။ ရန်သူ့ဆီမှာ ဒုံးကျည်တွေ ဒီလောက်များနေမှတော့ သူတို့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးစနစ်မှာ အားနည်းချက်တွေ ရှိမှာပဲ”
ရေတပ်မှူး တစ်ယောက်အနေဖြင့် ကူးမားသည် ဤအချိန်၌ သူ၏ ပြတ်သားမှုကို ထုတ်ဖော် ပြသလိုက်သည်။
သူ၏ သင်္ဘောဖျက် ဒုံးကျည်များကလည်း ရန်သူ့သင်္ဘောကို ဖျက်ဆီးနိုင်လိမ့်မည်ဟု မျှော်လင့်လျက် သူသည် ခက်ထန် ကြမ်းတမ်းစွာ အမိန့်ပေးလိုက်သည်။
ဤသို့ဆိုလျှင် တစ်ဖက်လူသည် ဒုံးကျည်များကို ဆက်လက် ပစ်လွှတ်နိုင်တော့မည် မဟုတ်ဘဲ သူတို့၏ စစ်သင်္ဘော အနည်းငယ်သည် အသက်ရှင် ကျန်ရစ်နိုင်ကောင်းပါရဲ့။
အပြန်အလှန် ဖျက်ဆီးကြရာတွင် သူတို့ နစ်မြုပ်သွားလျှင်တောင် အလကားသက်သက် အသေခံရမည် မဟုတ်ပေ။ တစ်ဖက်လူသည်လည်း တန်ကြေးတစ်ခု ပေးဆပ်ရမည်သာ ဖြစ်သည်။
ကူးမား၏ တင်းကျပ်သော အမိန့်အောက်တွင် ကြောက်မက်ဖွယ် အခြေအနေကို နားလည်သွားသော လေယာဉ်တင်သင်္ဘောအုပ်စုရှိ ဖျက်သင်္ဘောများနှင့် ဖရီးဂိတ် သင်္ဘောများသည် ၎င်းတို့၏ ဒေါင်လိုက် ဒုံးကျည်ပစ်လွှတ်သည့် အပေါက်များကို ဖွင့်ကာ သင်္ဘောဖျက် ဒုံးကျည်အားလုံးကို ပစ်လွှတ်လိုက်ပြီး အသေခံ ထိုးစစ်ဆင်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း အိန္ဒိယ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွင် ဖျက်သင်္ဘောနှင့် ဖရီးဂိတ် စစ်သင်္ဘော ၂၅ စီးတောင် ရှိနေသော်ငြား ၎င်းတို့ ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ဒုံးကျည် အရေအတွက်မှာ သုံးရာကျော်လေးသာ ရှိသဖြင့် မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘော ငါးစီး၏ ပစ်အားနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
သို့သော် ပြန်လည် တိုက်ခိုက်ရဲခြင်းသည် အိန္ဒိယနိုင်ငံ ရေတပ် အတွက် ရှားရှားပါးပါး ဂုဏ်ယူစရာ အခိုက်အတန့်များထဲမှ တစ်ခု ဖြစ်ခဲ့သည်။
နှစ်ဖက်စလုံးသည် မိုင်တစ်ရာကျော် ကွာဝေးနေပြီး ခေတ်သစ် ရေတပ်စစ်ပွဲများတွင် ဤကဲ့သို့ အကွာအဝေးသည် အနီးကပ် ဟုပင် ဆိုနိုင်လောက်၏။
ပြာလဲ့သော ပင်လယ်ပြင်သည် လှိုင်းထန်နေပြီး စင်ရော်ငှက်များသည် ကောင်းကင်ပြာပြာတွင် ပျံသန်းနေကြကာ အဖြူရောင် ဒုံးကျည်များသည် လေထဲတွင် ကြက်ခြေခတ် ပျံသန်းရင်း တစ်ဖက်နှင့် တစ်ဖက်၏ သင်္ဘောများဆီသို့ အသီးသီး ဦးတည်သွားကြသည်။
"လေကြောင်းရန် ကာကွယ်ရေး လုပ်ကြ"
"အနီးကပ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ ပစ်လွှတ်လိုက်"
"အနီးကပ် တိုက်ခိုက်ရေး လက်နက်စနစ်တွေ... ချိန်ရွယ်ပြီး အသေအလဲ ပစ်စမ်း"
အိန္ဒိယ ရေတပ်က ဖွဲ့စည်းထားသော ဧရာမ ရေတပ်စုကြီးသည် လာနေသော ဒုံးကျည်များကို ရင်ဆိုင်ရန် အပြည့်အဝ တိုက်ခိုက်ရေး အသင့်အနေအထားသို့ ဝင်ေရောက်သွားသည်။
သူတို့သည် လာနေသော ဒုံးကျည်များကို တတ်နိုင်သမျှ များများ ကြားဖြတ်ဟန့်တားရန် မျှော်လင့်လျက် လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်တစ်ခုကို တည်ဆောက်ရန် အစွမ်းကုန် ကြိုးစားကြသည်။
ပါကနမ်သည် ပြုပြင်မွမ်းမံထားသော ကိုးလ်ကတ္တား-အမျိုးအစား ဖျက်သင်္ဘောဖြစ်ပြီး စုစုပေါင်း အလျား ၁၆၃ မီတာနှင့် ရေတန်ချိန် ၈,၀၀၀ ရှိသည်။ ၎င်းတွင် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်၊ မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များ၊ တော်ပီဒို ပြွန်များ၊ အလတ်စားနှင့် အနီးကပ်ပစ် အမြောက်များ၊ ရေငုပ်သင်္ဘောဖျက် ဒုံးပျံများနှင့် အဆင့်မြင့် အီလက်ထရောနစ် စစ်ဆင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု စနစ်များကို တပ်ဆင်ထားသဖြင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဖျက်သင်္ဘော ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် တန်ချိန် ၈,၀၀၀ ရှိသော ဤဖျက်သင်္ဘောကြီးပေါ်မှ ကီလိုမီတာ ၇၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသော ဘားရက်-၈ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များသည် ဆက်တိုက် ထိုးတက်သွားပြီး အနီးကပ် ကာကွယ်ရေး ပစ်အားအဖြစ် ဖွဲ့စည်းထားသော AK-630 ခြောက်ပြောင်းပါ ၃၀ မီလီမီတာ အော်တိုအမြောက် လေးလက်ကလည်း ရူးသွပ်စွာ ပစ်ခတ်နေသဖြင့် ပူလောင်နေသော ကျည်ခွံများသည် ကုန်းပတ်ပေါ်တွင် ပြန့်ကျဲနေသည်။
အရှေ့ဘက်တွင်တော့ ငါးပျံ သင်္ဘောဖျက် ဒုံးကျည်များနှင့် ဓားရှည်ငါး သင်္ဘောဖျက် ဒုံးကျည်များသည် အသံအောက်မြန်နှုန်း၊ အသံထက်မြန်နှုန်းများဖြင့် အသီးသီး ချဉ်းကပ်လာနေကြသည်။
ရှစ်တွဲပါ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ၄ ခုစလုံးကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ရာ အသံအောက်မြန်နှုန်းဖြင့် လာနေသော ငါးပျံ သင်္ဘောဖျက် ဒုံးကျည်များစွာကို လေယာဉ်ပစ် ဒုံးကျည်များက ပစ်ချနိုင်ခဲ့သဖြင့် ရလဒ်အချို့ ရရှိခဲ့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
သို့သော် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ကုန်ခန်းသွားပြီးနောက် အဆုံးအစမရှိ လာနေသော သင်္ဘောဖျက် ဒုံးကျည်များကို ရင်ဆိုင်ရချိန်တွင် ဖျက်သင်္ဘောသည် အရေးနိမ့်လာတော့သည်။
ပါကနမ်၏ သင်္ဘောဦးပိုင်းတွင် အော်တို ၇၆ မီလီမီတာ ရေတပ်အမြောက်က ဆက်တိုက် ပစ်ခတ်နေပြီး လေကြောင်းရန် ကာကွယ်ရေးအတွက် အချိန်မီ ပံ့ပိုးပေးနေသည်။
အီတလီလုပ် အမြောက်သည် ပြောင်းဝအချင်း သေးငယ်သော်လည်း ၎င်း၏ ပစ်ခတ်နှုန်းမှာ တစ်မိနစ်လျှင် ကျည် ၁၂၀ အထိ ပစ်ခတ်နိုင်သဖြင့် မြန်လွန်းသည် ဟု ဆိုရမည်။ ၎င်းသည် ရေပြင်ပေါ်ရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းနှင့် ကုန်းမြေကို ဗုံးကြဲခြင်းသာမက အနီးကပ် ဒုံးကျည် ကာကွယ်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်များကိုပါ ပေးစွမ်းနိုင်သည်။
ရေတပ်အမြောက်တွင် ရေဒါ၊ အလင်းနှင့် လျှပ်စစ် ပေါင်းစပ်စနစ်နှင့် ကွန်ပျူတာ အစရှိသည့် ကိရိယာ အမျိုးမျိုးကို ပေါင်းစပ်ထားသဖြင့် ပစ်မှတ်များကို အလိုအလျောက် ခြေရာခံနိုင်ပြီး ကွန်ပျူတာဖြင့် ထိန်းချုပ်ကာ အလိုအလျောက် လေကြောင်းရန် ကာကွယ်မှုကို ပြုလုပ်နိုင်သည်။
အခါအားလျော်စွာ လေထဲ၌ သင်္ဘောဖျက် ဒုံးကျည်များ ပေါက်ကွဲသွားတတ်သည်။ အချို့မှာ လေယာဉ်ပစ် ဒုံးကျည်များကြောင့် ပေါက်ကွဲသွားပြီး အချို့မှာ အနီးကပ် တိုက်ခိုက်ရေး လက်နက်စနစ်၏ ကျည်ဆန်မိုးများကြောင့် ပစ်ချခံရကာ ကျန်အချို့ကိုမူ ၇၆ မီလီမီတာ ရေတပ်အမြောက်က ပစ်ချလိုက်သည်။
သို့သော် ပါကနမ်၏ လေကြောင်းရန် ကာကွယ်ရေးသည် မည်မျှပင် အားကောင်းနေပါစေ၊ လာနေသော ဒုံးကျည်များ၏ အရေအတွက်နှင့် အမြန်နှုန်းကိုတော့ မယှဉ်နိုင်ပေ။ ၎င်း၏ အလွှာလိုက် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စနစ်သည် ထောင်ချီသော သင်္ဘောဖျက် ဒုံးကျည်များကို ရိုးရှင်းစွာပင် မတားဆီးနိုင်တော့ပေ။
ဓားရှည်ငါး အသံထက်မြန်သော သင်္ဘောဖျက် ဒုံးကျည်တစ်စင်းသည် ထူထပ်လှသော လေကြောင်းရန် ကာကွယ်ရေး ကွန်ရက်ကို ဖောက်ထွင်းဝင်ရောက်လာပြီး ၎င်း၏ နောက်ဆုံးအဆင့်တွင် အသံထက် အဆများစွာမြန်သော အရှိန်ဖြင့် ပေါက်ကွဲထွက်လာကာ ပါကနမ်၏ သင်္ဘောဦးပိုင်းဆီသို့ တည့်မတ်စွာ ထိုးဆင်းသွားပြီး ပစ်ခတ်နေသော ၇၆ မီလီမီတာ ရေတပ်အမြောက်ကို တည့်တည့်မတ်မတ် ဝင်ဆောင့်လေသည်။
ဘုန်း…
ဒုံးကျည်၏ သံချပ်ကာဖောက် ထိပ်ဖူးသည် စစ်သင်္ဘော၏ သံမဏိကိုယ်ထည်ကို စက္ကူလို ဆုတ်ဖြဲသွားပြီး ၇၆ မီလီမီတာ ရေတပ်အမြောက်၏ အမိုးခုံး သံချပ်ကာ လွင့်စင်သွားကာ အမြောက် တစ်ခုလုံးသည် အရှိန်ကြောင့် ရွဲ့စောင်းသွားပြီး သင်္ဘောဖျက် ဒုံးကျည်သည် အောက်ဘက်သို့ ဆက်လက် တိုးဝင်သွားသည်။
၇၆ မီလီမီတာ ရေတပ်အမြောက်သည် ၎င်း၏ အလိုအလျောက် ကျည်ဖြည့်စနစ်ကြောင့် မြန်ဆန်သော ပစ်ခတ်နှုန်းကို ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ခဲယမ်း ထောက်ပံ့ရေး အခန်းသည် အပြည့်အဝ ပွင့်ဟနေပြီး အကာအကွယ်မဲ့ ဖြစ်နေသည်။
ဓားရှည်ငါး သင်္ဘောဖျက် ဒုံးကျည်သည် ခဲယမ်းတိုက်ထဲအထိ တောက်လျှောက် ဝင်တိုက်သွားပြီး ၎င်း၏ ၉၀၀ ကီလိုဂရမ်ရှိသော ထိပ်ဖူးသည် အချိန်ခဏတာ နှောင့်နှေးပြီးနောက် ပေါက်ကွဲသွားသောအခါ ပြင်းထန်သော ပေါက်ကွဲမှုသည် ခဲယမ်းတိုက်ကိုပါ တစ်ပါတည်း ပေါက်ကွဲသွားစေသည်။
***