တိုက်ပွဲ စတင်ကာစမှာပင် စစ်သင်္ဘော ခုနစ်စီး၊ ရှစ်စီးခန့် နစ်မြုပ်သွားခဲ့ပြီ ဖြစ်ပြီး လာနေသော သင်္ဘောဖျက် ဒုံးကျည်များသည် အဆုံးသတ်မရှိတော့မည့်အလား ဆက်တိုက် လာနေဆဲ ဖြစ်သည်။
ကူးမားသည် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားလိုက်ရသော်လည်း အခြားတစ်ခုကို တွေးမိသွားကာ အီလက်ထရောနစ် မျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။
မကြာမီက သူတို့၏ လေယာဉ်တင်သင်္ဘောအုပ်စုမှ တန်ပြန် တိုက်ခိုက်ရန် ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ဒုံးကျည်များသည် ယခုအခါ ကိုယ်ပျောက် ခရူဇာသင်္ဘော ငါးစီးဆီသို့ ရောက်ရှိနေပြီ ဖြစ်ကာ ရေနစ်နေသူ ကောက်ရိုးမျှင် ဖမ်းဆွဲသကဲ့သို့ သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
"သမုဒ္ဒရာထဲကို အတူတူ နစ်မြုပ်သွားကြတာပေါ့ကွာ”
ကူးမား၏ မျက်နှာသည် ရှုံ့မဲ့နေသည်။ ယနေ့ ဤနေရာတွင် သူ၏ ရေတပ်စုတစ်ခုလုံး အမြစ်ပြတ် ချေမှုန်းခံရမည်ကို သူ သိသော်လည်း ကျဲခယ်အဖွဲ့၏ ခရူဇာသင်္ဘောများကိုပါ သူတို့နှင့်အတူ ဆွဲချသွားချင်သေးသည်။
သို့သော် ဒရုန်း၏ ကင်းထောက် မြင်ကွင်းမှ ထုတ်လွှင့်လာသော နောက်ဆက်တွဲ ပုံရိပ်များသည် ကူးမား၏ နောက်ဆုံး စိတ်ကူးယဉ် အိပ်မက် အစအနလေးကိုပါ ရိုက်ချိုးပစ်လိုက်သည်။
ပြာလဲ့သော ပင်လယ်ပြင်အထက်တွင် မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာ စစ်သင်္ဘောကြီးသည် သင်္ဘောဖျက် ဒုံးကျည်များ ပစ်လွှတ်ခြင်းကို ရပ်တန့်လိုက်ပြီး ယင်းအစား သိပ်သည်းလှသော လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို ပစ်လွှတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ရာပေါင်းများစွာသည် အထက်သို့ ထိုးတက်သွားပြီး အိန္ဒိယရေတပ်မှ ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ဒုံးကျည်များကို ကီလိုမီတာ တစ်ရာကျော် အကွာမှ နေ၍ ကြားဖြတ် ဟန့်တားလိုက်ကြသည်။
ကျဲခယ်အဖွဲ့၏ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များသည် အိန္ဒိယ ရေတပ်က ပစ်လွှတ်လိုက်သော သင်္ဘောဖျက် ဒုံးကျည်များကို တစ်စင်းပြီး တစ်စင်း ဖောက်ကွဲပစ်လိုက်သော်လည်း အချို့သော သင်္ဘောဖျက် ဒုံးကျည်များသည် ကြားဖြတ် ဟန့်တားမှုကို ဖောက်ထွက်ကာ မျိုစင်္ကြာ ခရူဇာသင်္ဘောကြီးဆီသို့ ချဉ်းကပ်လာကြသည်။
ထိုအချိန်၌ မျိုစင်္ကြာ ခရူဇာသင်္ဘောကြီး၏ အရှေ့ပိုင်းတွင် ကုန်းပတ်သည် နှစ်ခြမ်းကွဲသွားပြီး အမြောက်စင်တစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် ပြောင်းနှစ်မြွှာပါ ၂၀၃ မီလီမီတာ ရေတပ်အမြောက်ဖြစ်ပြီး ဒုံးကျည်များကို ကြားဖြတ် ဟန့်တားရန်အတွက် အထူးပြုလုပ်ထားသော လေယာဉ်ပစ် ကျည်များကို ပစ်ခတ်လိုက်ရာ လေထဲ၌ ကျည်ဆန်မိုး ကွန်ရက် တစ်ခု ဖြစ်ပေါ်သွားသည်။ ဤကဲ့သို့ ရေတပ်အမြောက်သည် သာမန်အမြောက်များထက် ပြောင်းဝ ပိုကြီးပြီး ပစ်ခတ်နှုန်း နှေးသော်လည်း လေကြောင်းရန် ကာကွယ်ရေး အာနိသင်မှာ အလွန်ကောင်းမွန်သည်။
ကီလိုဂရမ် တစ်ရာကျော် အလေးချိန်ရှိသော လေယာဉ်ပစ် ကျည်များသည် ဧရာမ စွမ်းအားရှိပြီး သင်္ဘောဖျက် ဒုံးကျည်များစွာကို ပစ်ချနိုင်ခဲ့သည်။ ဧရာမ ခရူဇာသင်္ဘောများသာ ဤကဲ့သို့သော ပြောင်းဝအ ကြီးမားသည့် ရေတပ်အမြောက်များကို သယ်ဆောင်နိုင်လေသည်။
သင်္ဘောဖျက် ဒုံးကျည် တချို့က ကျည်ဆန်မိုးများကို ကျော်ဖြတ်၍ ဆက်လက် ထိုးဖောက် ဝင်ရောက်လာသောအခါ ခရူဇာသင်္ဘော၏ အောက်ခြေရှိ ပင်လယ်ရေထဲမှ ရေဘဝဲလက်တံကဲ့သို့ အသက်ဝင်နေသော လက်တံ ရှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းတို့၏ အစွန်းပိုင်းများမှ အက်ဆစ်မြှား အစုအဝေးများနှင့် ပင့်ကူအိမ် ကွန်ရက်များကို ပန်းထုတ်လိုက်သည်။
ထိုအက်ဆစ်မြှားများသည် သိပ်သည်းလှပြီး မိုးရွာသကဲ့သို့ ဧရာမ အက်ဆစ်အလွှာကြီး တစ်ခုကို လေထဲ၌ ဖြစ်တည်သွားစေသည်။ ထိုအက်ဆစ်တို့သည်ကား အလွန်ပင် တိုက်စားနိုင်စွမ်း မြင့်မားပြီး သင်္ဘောဖျက် ဒုံးကျည်များနှင့် ထိတွေ့သည်နှင့် ၎င်းတို့သည် ဒုံးကျည်၏ ကိုယ်ထည်ကို စားသုံးသွားပြီး အတွင်းပိုင်းရှိ တိကျသော ကိရိယာများနှင့် ဂျိုင်ရိုစကုပ်များကို ပျက်စီးစေကာ ဒုံးကျည်များကို လေထဲတွင်ပင် ပျက်စီးသွားစေသည်။
ပင့်ကူအိမ် ကွန်ရက်များသည်လည်း လေနှင့် ထိတွေ့သည်နှင့် အလိုအလျောက် ပွင့်အာလာပြီး စတုရန်းမီတာ ထောင်ပေါင်းများစွာအထိ ကျယ်ပြန့်သွားကာ လာနေသော ဒုံးကျည်များကို ရစ်ပတ် လွှမ်းခြုံသွားသဖြင့် ၎င်းတို့၏ ဟန်ချက်ကို ပျက်ယွင်းစေပြီး ပင်လယ်ထဲသို့ ထိုးကျသွားစေသည်။
လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များသည် တာဝေး လေကြောင်းရန် ကာကွယ်ရေးအတွက် တာဝန်ယူပြီး ၂၀၃ မီလီမီတာ ပြောင်းနှစ်မြွှာပါ ရေတပ်အမြောက်က တာလတ်အတွက် တာဝန်ယူကာ အက်ဆစ်နှင့် ပင့်ကူအိမ်များက အနီးကပ် လေကြောင်းရန် ကာကွယ်ရေးအတွက် ဖြစ်သည်။ ဤကဲ့သို့ အဆင့်ဆင့် ပြင်ဆင်မှုများကြောင့် သင်္ဘောဖျက် ဒုံးကျည်များ လုံးဝနီးပါး ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။
နောက်ဆုံးတွင် လမ်းလွဲလာသော အထီးကျန် သင်္ဘောဖျက် ဒုံးကျည် ၁ စင်းသာ ပစ်ခတ်မှု ကွန်ရက်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့သော်လည်း အနှီ အိန္ဒိယ ဒုံးကျည်ကို ကြိုဆိုနေသည်မှာ ၁၁-ပြောင်းပါ ၃၀ မီလီမီတာ အနီးကပ် တိုက်ခိုက်ရေး လက်နက်စနစ် ၈ ခုပင် ဖြစ်သည်။
အနီးကပ် တိုက်ခိုက်ရေး လက်နက်စနစ် တစ်ခုသည် ချိန်ညှိလိုက်ပြီးနောက် ၎င်း၏ ပြောင်းဝ ၁၁ ခု လည်ပတ်သွားကာ ကြောက်မက်ဖွယ် ကျည်ဆန်မိုးက အိန္ဒိယ၏ အထီးကျန် သင်္ဘောဖျက် ဒုံးကျည်လေးကို ချက်ချင်း ဝါးမြိုသွားလေသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးသည် မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘောတိုင်းတွင် ဖြစ်ပေါ်နေလေသည်။
"ဒီလို စစ်သင်္ဘောမျိုး... ဒီလို စစ်သင်္ဘောမျိုး..."
ကူးမားသည် မြင်ကွင်းများကို ကြည့်ကာ ယိမ်းထိုးသွားပြီး သူ၏ မျက်နှာသည် လူသေ တစ်ယောက်ကဲ့သို့ ဖြူဖျော့သွားကာ သူ၏ ခွန်အားအားလုံး ကုန်ခန်းသွားသလို ဖြစ်သွားသောကြောင့် စကားတစ်ခွန်းကိုပင် ဆုံးအောင် မပြောနိုင်တော့ပေ။
ကျဲခယ်အဖွဲ့၏ ခရူဇာသင်္ဘောများသည် ပျက်စီးလွယ်ပြီး ဒုံးကျည်တစ်စင်းတည်းဖြင့် ၎င်းတို့ကို ချေမှုန်းနိုင်သည်ဟု သူ ထင်ခဲ့သည်။ သို့သော် ခရူဇာသင်္ဘောများသည် ဤမျှ များပြားလှသော ဒုံးကျည်များကို သယ်ဆောင်ထားရင်းနှင့်ပင် ဤမျှ ရှုပ်ထွေးပြီး တိကျသော ကာကွယ်ရေး စနစ်ကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။
မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ငါးစီးသည် အမျိုးအစားစုံလင်သော ဒုံးကျည်များနှင့် တော်ပီဒို စုစုပေါင်း သုံးထောင်ကျော်ကို သယ်ဆောင်ထားကြောင်း ကူးမား မသိခဲ့ပေ။
သင်္ဘောသား အရေအတွက်၊ လောင်စာဆီနှင့် စက်ယန္တရား အမြောက်အများကို လျှော့ချထားသောကြောင့် မျိုစင်္ကြာ အတန်းအစားသည် အမှန်တကယ် လက်နက်တိုက် စစ်သင်္ဘော စစ်စစ် ဖြစ်ပြီး ပစ်အား သာလွန်မှုကိုသာ အဓိက အာရုံစိုက်ထားကာ ဒုံးကျည်များနှင့် လက်နက်ခဲယမ်း အမြောက်အများကို သိုလှောင်နိုင်စွမ်း ရှိသည်။
အကယ်၍ ကူးမားသာ သူ၏ ဒုံးကျည်များ အားလုံးကို မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘော တစ်စီးတည်းဆီသို့သာ ဦးတည် ပစ်ခတ်ခဲ့ပါက ၎င်း၏ ပစ်ခတ်မှု ကွန်ရက်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ကောင်း ဖောက်ထွက်နိုင်ပေမည်။
သို့သော် လောကတွင် နောက်ပြန်ဆုတ်၍ မရနိုင်ပေ။ လေယာဉ်တင်သင်္ဘောအုပ်စု၏ သင်္ဘောဖျက် ဒုံးကျည်များ အားလုံး ကုန်ခန်းသွားပြီဖြစ်ရာ ဒုတိယအကြိမ် တိုက်ခိုက်နိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားပြီ ဖြစ်သည်။
"တပ်မှူးကြီး... တပ်မှူးကြီး ပျက်စီးဆုံးရှုံးမှု ထိန်းချုပ်ရေးအဖွဲ့က မီးကို မငြှိမ်းသတ်နိုင်တော့ဘူး။ ပြီးတော့ မီးက ခဲယမ်းတိုက်ဆီ ကူးစက်နေပြီ။ ကျွန်တော်တို့ သင်္ဘောထဲ ရေသွင်းဖို့ ရွေးချယ်လိုက်တယ်။ အခု အမှတ် ၁ ခဲယမ်းတိုက်က သုံးလို့မရတော့ဘူး..."
စိုးရိမ်တကြီး အော်ဟစ်သံများက ကူးမားကို သတိပြန်ဝင်လာစေသည်။ သူသည် ခေါင်းမော့လိုက်သော်လည်း မီးခိုးများကြောင့် မည်းနက်နေသော အရာရှိ၏ မျက်နှာကို မကြည့်ဘဲ အရှေ့ဘက်ရှိ ပင်လယ်ပြင်ကိုသာ ငေးမောကြည့်နေမိသည်။
ယခုအချိန်တွင် ပင်လယ်ထဲ၌ အိန္ဒိယနိုင်ငံ၏ အဓိက စစ်သင်္ဘောများသည် တစ်စီးပြီးတစ်စီး သမုဒ္ဒရာထဲသို့ နစ်မြုပ်နေကြသည် သို့မဟုတ် ပြင်းထန်စွာ မီးလောင်ကျွမ်းနေကြသည်။ မီးတောက်များသည် ပင်လယ်ပြင်ကိုပါ လောင်ကျွမ်းနေပုံရပြီး ရေထဲတွင် အသည်းအသန် ရုန်းကန်နေရသော ရေတပ်စစ်သား အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်တော့ပေ။
ခမ်းနားကြီးကျယ်စွာ ထွက်ခွာလာခဲ့သော စစ်သင်္ဘော ၃၀ ပါဝင်သည့် ဧရာမ ရေတပ်စုကြီးတွင် ယခုအခါ အကောင်းအတိုင်း ကျန်ရှိနေသော စစ်သင်္ဘော အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသွားပြီ ဖြစ်သည်။
ပင်လယ်ပြင် တစ်ခုလုံးတွင် လောင်ကျွမ်းနေသော မီးတောက်များ၊ နစ်မြုပ်နေသော သံမဏိ အပိုင်းအစများ ၊ လေချွန်သံပေးကာ ပျံသန်းနေသော အဖြူရောင် ဒုံးကျည်များ၊ လှိုင်းများနှင့် အတူ မျောပါနေသော အပိုင်းပိုင်း ပြတ်တောက်နေသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများသာ ပြည့်နှက်နေသည်။
"ငါတို့ရဲ့ ရေတပ်... ပြီးသွားပြီ... အကုန်လုံး ပြီးဆုံးသွားပြီ"
သူ့ဘာသာ ရေရွတ်ရင်း ကူးမားသည် မသိမသာပင် မျက်ရည်များ ကျဆင်းလာကာ ခါးသီးစွာ ငိုကြွေးလေတော့သည်။
နိုင်ငံတည်ထောင်ချိန်မှစ၍ ဆယ်စုနှစ်များစွာကြာ အိန္ဒိယနိုင်ငံက ခက်ခဲပင်ပန်းစွာ စုဆောင်း တည်ဆောက်ခဲ့ရသော ရေတပ်သည် နံနက်ခင်းလေး တစ်ခုအတွင်းမှာပင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ပင်လယ်ကြီးက မျက်ရည်တွေကို မယုံကြည်ဘူး။
သူရဲဘောကြောင်သူတွေကိုလည်း မျက်နှာသာမပေးဘူး။
သူ၏ မျက်ရည်များသည် အိန္ဒိယရေတပ် အတွက် နောက်ဆုံး သေမင်းတမန် ခေါင်းလောင်းသံကို ထိုးပေးလိုက်သကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် သူ၏ မြင်ကွင်းထဲတွင် သင်္ဘောဖျက် ဒုံးကျည် အမြောက်အများသည် ဗီကရန့် လေယာဉ်တင်သင်္ဘောဆီသို့ ဦးတည်လာနေသောကြောင့် ဖြစ်သည်။ စာရေးသူ၏ တောင်းပန်စာ
အားလုံးပဲ မတွေ့ရတာ ကြာလို့ မေ့သွားပြီလား။ ကျွန်တော် ကြားထဲမှာ စာမေးပွဲလေး တစ်ခု ဖြေနေရလို့ စာအုပ်သစ်တွေ မထွက်နိုင်တာပါ။ အခုတော့ ကျွန်တော် ပြန်လာပါပြီ။ အရင်လိုမျိုး ၁ရက်ခြား ၂အုပ်နှုန်းနဲ့ ပြန်ထွက်ပေးပါမယ်နော်။ ပြီးတော့ ကျွန်တော်က ပို့စ်တွေ ဘာတွေလည်း သိပ်မတင်တတ်တော့ တကယ်လို့ ကျွန်တော့်စာအုပ်ကို ဖတ်ရတာ ကြိုက်တယ် ၊ သဘောကျတယ် ဆိုရင် ဂရုတွေထဲမှာ နည်းနည်းလောက် ရီဗျူးလေးတွေ ရေးပေးပါနော်ဗျ။ ဒါကတော့ တောင်းဆိုတာပါ။ အက္ခရာရဲ့ တခြား ဆရာတွေရဲ့ ရောင်းအားတွေကို ကြားရရင် အားကျလို့ပါ။ ကျွန်တော့်စာအုပ်လေး လူပိုသိတော့ ကျွန်တော်လည်း အားတက်တာပေါ့ ခင်ဗျ။ ကူညီပေးကြပါဦးနော်။
***