~တာအိုဆရာမ ချင်းချွမ်က မထီမဲ့မြင် ပြုလိုက်သည့်ပုံစံဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“သူက သူ့ကိုယ်သူ အကောင်းမှတ်ပြီး အပျင်းထူလွန်းနေတာ... သူ့ဘဝမှန်သူ သိအောင် ကျွန်မ ကောင်းကောင်း ဆုံးမပေးရဦးမယ်... ဒါပေမဲ့ သူ တွက်ချက်တာ လွဲသွားပြီ... သူက ပါရမီရှိပြီး တံခါးပိတ် ကျင့်ကြံနေတယ် ဆိုပေမယ့် လက်ရှိအချိန်မှာ ကျွန်မကို ဘယ်ယှဉ်နိုင်ပါ့မလဲ...”
“သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာနဲ့ ကျွန်မ..သူ့ကို ကောင်းကောင်းကြီး ပညာပေးပြီး တစ်ခဏလေးတောင် အနားပေးမှာ မဟုတ်ဘူး...”
လမင်းဧကရီ နတ်သမီးက စကားလမ်းကြောင်း လွှဲလိုက်သည်။
“ရှုဟိုင် ဘက်က အခြေအနေ ဘယ်လိုရှိလဲ... သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းနဲ့ အဆက်အသွယ် ရပြီလား... သူတို့ဘက်က သဘောထား ဘယ်လိုရှိသလဲ...”
တာအိုဆရာမ ချင်းချွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“သူ ဖုန်းလော့ စံအိမ်တော်ကို သွားခဲ့ပေမယ့် သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းက လူတွေနဲ့ တွေ့ခွင့်မရခဲ့ဘူး... သူတို့က ရွှေအမြုတေ အဆင့် (၁) ရှိတဲ့ အကြီးအကဲ တစ်ယောက်ကိုပဲ လွှတ်ပြီး ဧည့်ခံခိုင်းတယ်...”
“သူတို့ ပြောစကားအရ ဆိုရင်တော့ နတ်မိမယ် ဖုန်းလင်ကို သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းဆီ အပ်နှံစေချင်တဲ့ ပုံပဲ...”
လမင်းဧကရီ နတ်သမီး၏ မျက်နှာထား တင်းမာခက်ထန်သွားပြီး သူမ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားလေသည်။
“ဟွန့်... ဖုန်းလင်ကို သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းဆီ အပ်လိုက်ရမယ် ဟုတ်လား... သူတို့က တယ်လည်း ဘဝင်မြင့်ပါလား... ငါတို့ တာ့ယွဲ့ နန်းတော်ကို အနိုင်ကျင့်လို့ လွယ်မယ်လို့ ထင်နေကြတာလား...”
တာအိုဆရာမ ချင်းချွမ်ကမူ တည်ငြိမ်အေးဆေးစွာဖြင့် သုံးသပ်ပြလိုက်သည်။
“လွန်ခဲ့တဲ့ တိုက်ပွဲတုန်းက နတ်မိမယ် ဖုန်းလင် ထုတ်သုံးလိုက်တဲ့ စွမ်းရည်တွေက ရှေးဟောင်း ကောင်းကင်ဖီးနစ် ဂိုဏ်းရဲ့ အမွေအနှစ် အစစ်အမှန်တွေ ဖြစ်နေတာကိုး... သူ ကောင်းကင်ဖီးနစ် ဂိုဏ်းဆီကနေ ရတနာ တစ်ခုခု ရထားမယ်လို့ ကျွန်မ သံသယရှိပါတယ်...”
“ပြီးတော့ အဲဒီနေ့က သူ ထုတ်သုံးလိုက်တဲ့ မှော်လက်နက်ကလည်း သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းရဲ့ မျက်စိကျစရာ ဖြစ်သွားတာပေါ့...”
“သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းက နတ်မိမယ် ဖုန်းလင်ကို လိုချင်တပ်မက်တာ မဆန်းပါဘူး...”
လမင်းဧကရီ နတ်သမီးက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်၏။
“ဒါဆိုရင်တော့ ဆွေးနွေးစရာ အကြောင်း မရှိတော့ဘူး... ငါတို့ တာ့ယွဲ့ နန်းတော် ဆိုတာ သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းလောက်နဲ့တော့ ခြိမ်းခြောက်ခံမယ့် အဖွဲ့အစည်း မဟုတ်ဘူး... သနားညှာတာဖို့အတွက် ငါတို့ဘက်က ခေါင်းငုံ့ခံမှာ မဟုတ်ဘူး...”
“သူတို့က တိုက်ချင်တယ် ဆိုရင်လည်း တိုက်ပေးရုံပေါ့...”
“ကျင့်ကြံခြင်း လောကဆိုတာ ရက်စက်ကြမ်းကြုတ်တယ်... တိုက်ပွဲတွေကို အမြဲတမ်း ရှောင်တိမ်းနေရုံနဲ့ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး...”
“အမှောင်တောအုပ်ကြီးထဲမှာ သိုးသူငယ်လေး တစ်ကောင်က ဘယ်တော့မှ အသက်ရှည်ရှည် မနေရဘူး...”
“တည်ငြိမ်နေတဲ့အချိန်မှာ တိတ်တဆိတ် ကြီးထွားပြီး၊ ဒေါသထွက်လာတဲ့အချိန်မှာ တောအုပ်တစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်တဲ့ ကျားရိုင်းတစ်ကောင်ကသာ အသက်ရှင်သန်ခွင့် ရှိတာ...”
“ငါ့အစွမ်းကို မထုတ်ပြတာက ငါ အားနည်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး...”
“ငါသာ ဒေါသထွက်လာရင် မင်းတို့အတွက် သေလမ်းပဲ...”
“တာ့ယွဲ့ နန်းတော်က စစ်ပွဲကို မလိုလားဘူး... ဒါပေမဲ့ စစ်ပွဲကိုလည်း မကြောက်ဘူး...”
*
တာ့ယွဲ့ မှောင်ခိုဈေးကွက်၊ ကောင်းကင်အပျက်အစီး ခန်းမဆောင်။
တာအိုဆရာ ရှုယွီသည် လက်ထဲရှိ ဇီကွမ်း နယ်မြေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ကြည့်ရှုရင်း မျက်နှာထား ပျက်ယွင်းသွားကာ ထိတ်လန့်တုန်လှုပ် သွားလေ၏။
‘တာအို ဆရာမ ယွီနဲ့ သူ့တပည့်မလေး စုချီတို့ ကယ်တင်ခံလိုက်ရပြီလား...’
‘ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ချီမြစ် ဂိုဏ်းခွဲ တိုက်ခိုက်ခံလိုက်ရတယ်... ရွှေအမြုတေ အဆင့် (၅) ရှိတဲ့ တာအိုဆရာ ရီကျန်၊ ရွှေအမြုတေ အဆင့် (၃) ရှိတဲ့ တတိယအဆင့် အခင်းအကျင်းဆရာ တာအိုဆရာ ချန်ယွီနဲ့ သူတို့ရဲ့ တပည့် ဆယ်ယောက်ကျော်လောက် သေဆုံးကုန်ကြပြီ...’
‘ချီမြစ် ဂိုဏ်းခွဲရဲ့ အသက်သွေးကြောဖြစ်တဲ့ ချီမြစ် အင်မော်တယ် မြို့တော် ဝိုင်းရံပိတ်ဆို့ ခံရတယ်... ဟင်းလင်းပြင် လျှို့ဝှက်စခန်း ဖောက်ထွင်း လုယက်ခံရပြီး စောင့်ကြပ်နေတဲ့ သားရဲထိန်းကျောင်းသူတွေ အသတ်ခံလိုက်ရတယ် ဟုတ်လား...’
‘လောလောဆယ် ချီမြစ် ဂိုဏ်းခွဲမှာ အရင်းအမြစ် ပြတ်လပ်တဲ့ လက္ခဏာတွေ ပြနေပြီ... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီးက တခြား ဂိုဏ်းခွဲ (၁၇) ခုကို ချီမြစ် ဂိုဏ်းခွဲဆီ အကူအညီပေးဖို့ အမိန့်ထုတ်လိုက်ပြီ...’
‘ဒါဆိုရင် ချီမြစ် ဂိုဏ်းခွဲရဲ့ ဘဏ္ဍာတိုက်တောင်မှ ပြောင်သလင်းခါသွားပြီလို့ ဆိုလိုတာလား...’
ကောင်းကင်အပျက်အစီးခန်းမဆောင်မှ စုဆောင်းရရှိသော သတင်းအချက်အလက်များက အလွန် အသေးစိတ်ကျလှသည်။
သဲလွန်စ အသေးအဖွဲလေးကနေတောင် သတင်းအချက်အလက် အများကြီးကို ကောက်ချက်ချနိုင်၏။
ထိုအကြောင်းပြချက်များအပြင် တာအိုဆရာ ရှုယွီကို ပို၍ ထိတ်လန့်သွားစေသည့် အချက်တစ်ချက် ရှိနေသေးသည်။
ကောင်းကင်အပျက်အစီးခန်းမဆောင်၏ သတင်းထောက်လှမ်းနိုင်စွမ်းနှင့်ပင် ချီမြစ် အင်မော်တယ် မြို့တော်ကို တိုက်ခိုက်ခဲ့သည့် လျှို့ဝှက်လူသား၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ရွှေအမြုတေ အဆင့် (၉) ရှိသော ဝါရင့် အရှင်သခင်ကြီး ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်ကြီး၏ မျက်စိအောက်မှနေ၍ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်သွားနိုင်ခဲ့သည် တဲ့လား။
မြွေကို တွင်းအပြင်သို့ မျှားခေါ်ပြီးနောက်၊ ချီမြစ် အင်မော်တယ် မြို့တော်ကိုပါ တန်ပြန် စီးနင်း တိုက်ခိုက်သွားခဲ့သည်။
ဒါက ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် လုပ်နိုင်တဲ့ ကိစ္စ ဟုတ်ရဲ့လား။
ခန်းမဆောင် အတွင်းရှိ ရှေးဟောင်း ပညာရှင်ကြီးများ ချန်ထားခဲ့သော သုံးသပ်ချက် သီအိုရီများကို ကြည့်ရှုရင်း တာအိုဆရာ ရှုယွီသည် ကောက်ချက် သုံးခုကို တွေ့ရှိလိုက်သည်။
‘(၁) ဒါက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ လက်ချက် ဖြစ်ရမယ်။
(၂) အဲဒီ လျှို့ဝှက်လူသားက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အတွင်းလူ ဖြစ်နိုင်တယ်။
(၃) အဲဒီ လျှို့ဝှက်လူသားမှာ ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးရဲ့ လက်တုံ့ပြန်မှုကို ရှောင်တိမ်းနိုင်ပြီး၊ ချီမြစ် အင်မော်တယ် မြို့တော်ရဲ့ ပင်မ အခင်းအကျင်းနဲ့ ဟင်းလင်းပြင် လျှို့ဝှက်စခန်းရဲ့ အတားအဆီးတွေကို လျစ်လျူရှု ဖြတ်ကျော်နိုင်တဲ့ အထူးနတ်ဘုရား စွမ်းရည် တစ်ခု ရှိနေတယ်’
သံသယရှိသူများ စာရင်း - တာ့ယွဲ့ နန်းတော် ဘိုးဘေး (ဖြစ်နိုင်ချေ နည်းပါး)၊ ကောင်းကင် သိုင်းကျမ်း မျှော်စင် (ဖြစ်နိုင်ချေ နည်းပါး)၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့... တာအိုဆရာ ရှုဟိုင် (ဖြစ်နိုင်ချေ အနည်းငယ် ရှိ၊ သူက တချိန်တုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ဌာနချုပ်ကနေ လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခု သယ်ဆောင်ပြီး ဒဏ်ရာမရဘဲ ထွက်ပြေး လွတ်မြောက်ဖူးသူ ဖြစ်သည်)၊ စုယွီ (ဖြစ်နိုင်ချေ နည်းပါး၊ အားနည်းလွန်းသည်၊ သို့သော် သူက ရှေးဟောင်း ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ပြုလုပ်နည်းကို ပိုင်ဆိုင်ထားသဖြင့် ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိကောင်း ရှိနိုင်သည်)။
တာအိုဆရာ ရှုယွီ ဖတ်ရှုရင်း မျက်လုံးများ ကျဉ်းမြောင်းသွားရ၏။
သူ့အကြည့်က နောက်ဆုံး သံသယရှိသူ နှစ်ဦးအပေါ်တွင် ရပ်တန့်နေပြီး နောက်ဆုံး၌ တာအိုဆရာ ရှုဟိုင်ကို စဉ်းစားခန်း ဝင်လိုက်သည်။
‘တာအိုဆရာ ရှုဟိုင်... ဖြစ်နိုင်ချေတော့ ရှိတယ်... ဒါပေမဲ့ သူက ဘာကိစ္စကြောင့် ချီမြစ် ဂိုဏ်းခွဲကို တိုက်ခိုက်ရမှာလဲ... သူနဲ့ တာအို ဆရာမ ယွီတို့ ဆရာတပည့်ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိဘူး... သူ လှုပ်ရှားရမယ့် အကြောင်းပြချက် မရှိသလို လတ်တလောမှာ သူက ဖုန်းလော့ စံအိမ်တော် ဘက်မှာ ရှိနေတာ...’
‘ဒါဆို တာအိုဆရာ စု...’
ရှုယွီသည် မျက်မှောင်ကြီးကြီး ကြုတ်လျက် နောက်ဆုံး သံသယရှိသူကို စိုက်ကြည့်လိုက်သည်။
ရှေးဟောင်း ကြေးမုံလမင်း အဆောင်လက်ဖွဲ့။
ရှေးဟောင်း စာအုပ်များ၏ မှတ်တမ်းအရ ရှေးခေတ်ကာလက ကြေးမုံလမင်း အဆောင်လက်ဖွဲ့ကို ဖန်တီးခဲ့သော အရှင်သခင်ကြီးသည် ဟင်းလင်းပြင် စွမ်းအား အနည်းငယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အလွန် လျှို့ဝှက်ဆန်းကြယ်ခဲ့သည် ဟု ဆို၏။
ထို့ကြောင့် စုယွီသာ ဟင်းလင်းပြင် စွမ်းအားကို သဘောပေါက် နားလည်ထားမည် ဆိုလျှင် သူ အံ့သြမိမည် မဟုတ်ပေ။
နောက်ထပ် အချက်တစ်ချက်ကတော့ စွမ်းအား ကွာခြားမှု ပြဿနာ။
ဖြစ်နိုင်တာက စုယွီ တစ်ယောက်တည်း လှုပ်ရှားခဲ့တာ မဟုတ်ဘဲ သူ့အနားမှာ နောက်ထပ် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ပါလာတာများလား။
ဒီလို တွေးကြည့်လိုက်မယ် ဆိုရင်တော့ အဓိပ္ပာယ် ရှိသွားပြီ။
ဒါပေမဲ့ ပြဿနာက တကယ်လို့များ နောက်ထပ် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ရှိနေတယ် ဆိုရင် အဲဒီလူက ဘယ်သူလဲ။ တိုတောင်းလှတဲ့ အချိန်ကာလလေး အတွင်းမှာ ချီမြစ် ဂိုဏ်းခွဲက တာအိုဆရာ ရီကျန်နဲ့ ဟင်းလင်းပြင် လျှို့ဝှက်စခန်းက သားရဲထိန်းကျောင်းသူကို သတ်ဖြတ်နိုင်ဖို့ ဆိုရင် အဲဒီလူရဲ့ စွမ်းအားက အနည်းဆုံး ရွှေအမြုတေ အဆင့် (၆)၊ ဒါမှမဟုတ် ရွှေအမြုတေ အဆင့် နှောင်းပိုင်း၊ အထွတ်အထိပ် အဆင့်လောက်တောင် ရှိနေနိုင်တယ်။
တာအိုဆရာ စုက အဲဒီလောက် စွမ်းအားကြီးတဲ့လူကို သိလို့လား။
တာအိုဆရာ ရှုယွီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေသော်လည်း တရားခံ အစစ်အမှန်က ဘယ်သူလဲ ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
သို့သော် ဤသံသယရှိသူများထဲတွင် စုယွီ တစ်ယောက်တည်း၌သာ လှုပ်ရှားရန် ရည်ရွယ်ချက် ရှိနေပြီး၊ စုယွီက ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်ခြေ ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။
ဒီလို လှုပ်ရှားရမယ့် အကြောင်းရင်း ရှိနေတာကြောင့် စုယွီကို ဖယ်ထုတ်လိုက်၍ မရပေ။
ထို့ကြောင့် တာအိုဆရာ ရှုယွီသည် သံသယရှိသူ စာရင်းကို အနည်းငယ် ပြုပြင်လိုက်ပြီး စုယွီကို နံပါတ်တစ် နေရာ၌ ထားလိုက်လေ၏။
သို့သော် သူ မသေချာသေးပေ။ ဒါက သံသယ သက်သက်သာ ရှိသေးသည်။
***