~ဘာပဲပြောပြော ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၏ ချီမြစ် ဂိုဏ်းခွဲမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စတွေက တကယ့်ကို ထူးဆန်းအံ့သြဖွယ် ကောင်းလွန်းလှသည်။
တာအိုဆရာ ရှုယွီ တစ်ယောက် အချိန်ကြာမြင့်စွာ စဉ်းစားခန်း ဝင်ပြီးနောက် စိတ်မကောင်းစွာဖြင့် တွေးလိုက်မိလေ၏။
'နှမြောစရာ ကောင်းလိုက်တာ... တာအိုဆရာ စု ဘယ်ရောက်နေမှန်း မသိရသလို၊ ကိုးသွယ် အလင်း တံဆိပ်ပြားကနေလည်း ဘာတုံ့ပြန်မှုမှ မရဘူး... မဟုတ်ရင် သူ့ဆီက တုံ့ပြန်မှုကို အကဲခတ်ကြည့်လို့ ရနိုင်သားနဲ့... ဒါမှမဟုတ် တခြား သဲလွန်စတွေများ ရနိုင်မလားလို့ပါ...'
'ခဏလောက် ထပ်စောင့်ကြည့်ရမှာပေါ့... တာအို ဆရာမ ယွီများ ပြန်ပေါ်လာမလားလို့... ပေါ်လာရင်တော့ သူ့ဆီ သွားလည်ပြီး စုံစမ်းရမယ်...'
ရှုယွီသည် သံသယစိတ်ကို ဘေးဖယ်လိုက်ပြီး အခြား စုဆောင်းရရှိထားသော သတင်းအချက်အလက်များကို ဆက်လက် လေ့လာလိုက်သည်။
‘ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ နဂါးမြေ ဂိုဏ်းခွဲမှာ ကျင့်ကြံသူ (၂၀၀၀) လောက် စုစည်းနေပြီ... စစ်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်နေကြတယ်... ကျင့်ကြံသူ (၁၀၀၀) လောက်ရှိတဲ့ လမင်းနီ ဂိုဏ်းခွဲကလည်း လူရွေးပွဲတွေ လုပ်နေပြီး ဝိညာဉ်ဆေးလုံးတွေ၊ ဝိညာဉ်အဆောင်တွေကို အသည်းအသန် သွန်းလုပ် ဖန်တီးနေကြတယ်...’
‘ချီမြစ် ဂိုဏ်းခွဲမှာတော့ ပြဿနာ တက်ထားလို့ အနည်းနဲ့အများတော့ ထိခိုက်မှု ရှိနိုင်တယ်... ဒါပေမဲ့ ချီမြစ် ဂိုဏ်းခွဲက လူအင်အား အများဆုံးပဲ... ကျင့်ကြံသူ (၃၀၀၀) အပြည့် ရှိတယ်...’
‘စုစုပေါင်းလိုက်ရင် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ဘက်မှာ တာ့ယွဲ့ နယ်မြေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားတဲ့ ကျင့်ကြံသူ အင်အားက (၃၀၀၀၀) ကျော်နေပြီ...’
အခြား အင်အားစုကြီး နှစ်ခုဘက်မှ သတင်းများကို သူ ဆက်ကြည့်လိုက်သည်။
ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ လက်အောက်တွင် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အမြောက်အမြား စုစည်းနေပြီး သူတို့၏ အရေအတွက်ကလည်း သောင်းဂဏန်း ရှိနေ၏။
သွေးရောင် ဖီးနစ် အင်မော်တယ် ဂိုဏ်းကတော့ ဖီးနစ်ကျ နယ်မြေ တစ်ခုလုံးမှ ကျင့်ကြံသူများကို စုစည်းနေဆဲ ဖြစ်သည်။ သို့သော် သူတို့၏ လုပ်ငန်းစဉ်က နှေးကွေးနေသဖြင့် အသင့်ဖြစ်ရန် (၁) နှစ်၊ (၂) နှစ်ခန့် ကြာမြင့်အုံးမည် ဖြစ်သည်။
‘ဒါဆိုရင်…’
တာအိုဆရာ ရှုယွီ တွက်ချက်လိုက်မိ၏။
'တာ့ယွဲ့ နယ်မြေ အနေနဲ့ ပြင်ဆင်ချိန် (၁) နှစ်၊ (၂) နှစ်လောက်တော့ ရသေးတယ်...'
ထိုအချိန်ရောက်လျှင် သူတို့သည် ကျင့်ကြံသူ တစ်သိန်းကျော်နှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကို ရင်ဆိုင်ရဖွယ် ရှိနေသည်။
ထိုအခြေအနေမျိုးတွင် မည်သို့ ခုခံကာကွယ်မည်၊ မည်သို့ တုံ့ပြန်မည် ဆိုသည်က အသက်သွေးကြောပမာ အရေးကြီးလာပေတော့မည်။
'တာ့ယွဲ့ နန်းတော်ကပဲ အားလုံးကို ဦးဆောင်မလားတော့ မသိဘူး... အနည်းဆုံးတော့ ငါတို့တွေ တကွဲတပြားစီ တိုက်ခိုက်လို့ မဖြစ်ဘူး...'
တာအိုဆရာ ရှုယွီ စဉ်းစားနေစဉ်မှာပင် ကောင်းကင်အပျက်အစီးခန်းမဆောင်ထံမှ အမိန့်တစ်ခု ရောက်ရှိလာခဲ့၏။ တာ့ယွဲ့ နန်းတော်သည် အင်အားစု အသီးသီးမှ ခေါင်းဆောင်များ အပါအဝင် ပုန်းအောင်းနေသော ကျင့်ကြံသူ မိသားစုများကိုပါ အရေးကြီးကိစ္စ ဆွေးနွေးရန် တာ့ယွဲ့ နန်းတော်သို့ လာရောက်ကြရန် ဆင့်ခေါ်လိုက်ခြင်းပင်။
တာ့ယွဲ့ နန်းတော်သည် ကောင်းကင်အပျက်အစီးခန်းမဆောင်၏ ဖောက်သည်ကြီး ဖြစ်လေရာ ဤအမိန့်သည် ငြင်းပယ်၍ မရသော အမိန့်ဖြစ်၏။ ထို့ကြောင့် တာအိုဆရာ ရှုယွီ တစ်ယောက် စတင် အလုပ်ရှုပ်လေတော့၏။
ထိုအချိန်၌ သူတို့ မသိလိုက်သည်မှာ တာ့ယွဲ့ မှောင်ခိုဈေးကွက်ရှိ ယွီမိသားစု၏ ဂူစံအိမ်ထဲတွင် ဖြစ်ပျက်နေသော အရာများကိုပင်။
ရုပ်သေးတစ်ရုပ် တိတ်တဆိတ် ပေါ်လာ၏။ ယွီမိသားစု၏ အမည်ကို အသုံးပြု၍ ဂူစံအိမ်တွင် စာတစ်စောင် ချန်ထားရစ်ခဲ့သည်။ ထို့နောက် ရေခဲ ရေကန်ထဲရှိ ရေခဲကြေးခွံ ငါးဘုရင်နှင့် ငါးအုပ်စုကို သိမ်းယူလိုက်ရုံသာမက၊ ဂူစံအိမ်ထဲရှိ ရေခဲရေကန်ကြီး တစ်ခုလုံးကိုပါ မြေလှန် တူးထုတ်ယူလိုက်လေ၏။
ရေခဲ ခြင်ဆီ ပုလဲကို အသုံးပြု၍ ပတ်ဝန်းကျင် အပူချိန် မပျက်ပြယ်အောင် ထိန်းသိမ်းလိုက်ပြီးနောက်၊ သူသည် ဂူစံအိမ်မှ လူမသိသူမသိ ထွက်ခွာသွားပြီး တာ့ယွဲ့ တောင်တန်းဆီသို့ ဦးတည် ပြေးလွှား သွားလေတော့သည်။
အချိန်များ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့၏။
ဆယ်ရက်ကြာပြီးနောက်၊ တာအိုရုပ်သေးသည် တာ့ယွဲ့ တောင်တန်းထဲသို့ ဝင်ရောက်လာပြီး မြေအောက် အက်ကွဲကြောင်း ကမ္ဘာဆီသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။
မြွေလိပ်အိုကြီး၊ ကျားနက်ကြီးနှင့် နွားနက်ကြီး ဆိုသော မိစ္ဆာဘုရင် သုံးကောင်မှာမူ အရိပ်အယောင်မျှပင် ရှာမတွေ့တော့ပေ။
တာအိုရုပ်သေးသည် ဤနေရာသို့ ပြန်ရောက်လာပြီးနောက် သူ့ရှေ့မှ ကမ္ဘာလောကကို တစ်ချက် ကြည့်လိုက်၏။ ခဏမျှ စဉ်းစားပြီးနောက် သူ လက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတော်ထဲမှ ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ထွက်ပေါ်လာသည်။
“မင်းရဲ့ မိုးကြိုး သွေးမျိုးဆက် ကြွက်တွေ ဘယ်လောက် ကျန်သေးလဲ...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ကြောင်အမ်းသွားပြီးနောက် သတိထားကာ ပြန်ဖြေလိုက်၏။
“သိပ်မကျန်တော့ပါဘူး... (၂၀၀၀) အောက် လောက်ပဲ ရှိပါတော့တယ်... ပြီးတော့ ကျွန်တော့်ရဲ့ မူလသွေးမျိုးဆက် ကြွက်တွေက မဆိုးပေမယ့်၊ သူတို့ကနေ တဆင့် ဆင်းသက်လာတဲ့ မျိုးဆက်တွေကျတော့ သွေးမျိုးဆက်ရော ပါရမီပါ တဖြည်းဖြည်း ညံ့ဖျင်းလာကြတယ်...”
“နောက်ဆုံးတော့ တချို့က သာမန် မြေကြွက် သွေးမျိုးဆက် ဘဝကို ပြန်ရောက်သွားကြတယ်... အဲဒီကောင်တွေကိုတော့ ကျွန်တော် မောင်းထုတ်လိုက်ပါပြီ...”
တာအိုရုပ်သေး စဉ်းစားလိုက်ပြီး ပြောလိုက်၏။
“ဒါဆိုရင် မင်းရဲ့ သွေးမျိုးဆက် ကျန်နေသေးတဲ့ ကောင်းကင်မိုးကြိုး ကြွက်တွေ အကုန်လုံးကို ခေါ်လိုက်... ငါ သူတို့အားလုံးကို လျှို့ဝှက်နယ်မြေထဲ ခေါ်သွားပြီး ကျင့်ကြံခိုင်းမယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ကိုယ်လုံးလေး တုန်ခါသွားသည်။ ဖော်ပြမတတ်နိုင်သော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ ရင်ထဲတွင် ပြည့်လျှံသွားပြီး တာအိုရုပ်သေးကို မယုံနိုင်စွာ မော့ကြည့်လိုက်မိ၏။
“သခင်ကြီး... သခင်ကြီးက ကျွန်တော့်ရဲ့ ကောင်းကင်မိုးကြိုး ကြွက် မျိုးနွယ်စုကို မြှင့်တင်ပေးမလို့လား...”
တာအိုရုပ်သေးက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး ကြွက်ဘုရင်၏ စိတ်လှုပ်ရှားမှုကို အရှိန်သတ်လိုက်သည်။
“ငါက သူတို့ကို ကျင့်ကြံဖို့ အခွင့်အရေး ပေးရုံ သက်သက်ပါ... သူတို့ရဲ့ သွေးမျိုးဆက်ကို ကြည့်ရတာ အောင်မြင်မှုက အကန့်အသတ် ရှိနေပုံပဲ...”
“ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ် ဆိုရင်တော့ ငါ့မှာ အဲဒီအစီအစဉ် ရှိပါတယ်... ဒါပေမဲ့ အဓိက အကြောင်းရင်းကိုတော့ မင်း ရိပ်မိမှာပါ... မကြာခင် တာ့ယွဲ့ နယ်မြေမှာ စစ်ပွဲ ဖြစ်လာနိုင်တယ်...”
“မင်းရဲ့ မျိုးဆက်တွေသာ ခွန်အား နည်းနည်းလောက် ပိုကြီးလာမယ် ဆိုရင် ငါ့အတွက် အသုံးဝင်လာနိုင်တယ်...”
ထိုစကားကို ကြားလိုက်ရသောအခါ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ အမွှေးများ ထောင်ထသွားပြီး အနည်းငယ် ကြောက်လန့်သွားလေ၏။
သူ အရင်လောက် စိတ်မလှုပ်ရှားတော့ပေ။
သို့သော် သေချာ စဉ်းစားကြည့်လိုက်တော့ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၌ ရွေးချယ်စရာ လမ်း မရှိပေ။
အနည်းဆုံးတော့ သူ့မျိုးဆက်တွေသာ ပိုသန်မာလာမည် ဆိုလျှင် သခင်ကြီးကို ပိုပြီး အကူအညီ ပေးနိုင်မှာ ဖြစ်သလို၊ သခင်ကြီးဆီက အကျိုးအမြတ်တွေလည်း ပိုရနိုင်သေးသည်။
‘သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေ တိုးတက်လာမယ်... သူ့ရဲ့ သွေးမျိုးဆက်တွေ ပိုသန့်စင်လာမယ်...
အဲဒီအချိန်ကျရင် မျိုးဆက် ပြတ်သွားမှာကို သူ ကြောက်နေစရာ လိုသေးလို့လား’
မျိုးဆက် ပြတ်မှာကိုတော့ သူ လုံးဝ မကြောက်ပေ။
“သခင်ကြီး... စိတ်ချပါ... သခင်ကြီး သူတို့ကို ခေါ်မသွားရင်တောင်မှ သခင်ကြီး ခိုင်းစေလာမယ့် ကိစ္စ မှန်သမျှကို သူတို့ အသက်ပေးပြီး ပြီးမြောက်အောင် လုပ်ဆောင်ကြမှာပါ...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က သူ့သစ္စာရှိမှုကို ကပျာကယာ ပြသလိုက်သည်။
“ကျန်နေတဲ့ သွေးမျိုးဆက် အကုန်လုံးကို အခုချက်ချင်း ဆင့်ခေါ်လိုက်ပါ့မယ်...”
“ကျွီ... ကျွီ... ကျွီ...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က စူးရှသော အသံဖြင့် အော်ဟစ်လိုက်၏။ နာရီဝက်ခန့် ကြာပြီးနောက် မြေအောက် အက်ကွဲကြောင်း ကမ္ဘာထဲတွင် နောက်ထပ် ကောင်းကင်မိုးကြိုး ကြွက်အုပ်စု တစ်စု ထွက်ပေါ်လာသည်။
အရေအတွက်က (၇၀၀) ကျော်ခန့် ရှိသည်။
အစိမ်းရောင် သစ်သား နန်းတော်ထဲတွင် ရှိနှင့်ပြီးသော ကောင်းကင်မိုးကြိုး ကြွက် (၁၀၀၀) နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း (၁၇၀၀) ကျော် သွားပြီ ဖြစ်၏။
သည်အထဲမှာ ဒုတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက် (၆၀) ကျော် ပါဝင်သည်။
ကျန်တာတွေ အကုန်လုံးက ပထမအဆင့်တွေ ဖြစ်ကြ၏။
ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် မြေကြွက် သွေးမျိုးဆက်တွေရဲ့ မျိုးပွားနှုန်းက ဘယ်လောက် မြန်ဆန်သလဲ ဆိုတာ သိသာလှသည်။ မျိုးနွယ်စုရဲ့ အတိုင်းအတာက သာမန် မဟုတ်ပေ။
ကောင်းကင်မိုးကြိုး ကြွက် အားလုံးကို အစိမ်းရောင် သစ်သား နန်းတော်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက်၊ တာအိုရုပ်သေးသည် လှည့်ထွက်လိုက်ပြီး လျှို့ဝှက်နယ်မြေ အတားအဆီး၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။
သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ဟင်းလင်းပြင် စွမ်းအားကို အသုံးပြု၍ နေရာလပ်ကို ထိန်းချုပ်လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာလေသည်။
သူ့ရှေ့ရှိ ဖိနှိပ်ထားသော ဟင်းလင်းပြင် စွမ်းအားကို ဖိအားပေး ခုခံရင်း၊ တာအိုရုပ်သေးသည် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အပျက်အစီးထဲသို့ ခြေလှမ်း ဝင်ရောက်လိုက်၏။
"အုန်း"
မျက်စိတစ်မှိတ် အတွင်းမှာပင် မြင်ကွင်းများ ပြောင်းလဲသွားသည်။
ဒီရေလှိုင်းလုံးကြီး ပမာ ထူထဲသိပ်သည်းလှသော ကမ္ဘာ့ဝိညာဉ်စွမ်းအင်များ သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။
ကောင်းကင်ထက်မှ ရွှေရောင် နေမင်း၏ အလင်းတန်းများက သူ့ကိုယ်ပေါ်သို့ ဖြာကျလာသည်။ ရှေ့ခပ်လှမ်းလှမ်းတွင် တိမ်တိုက်များ ရစ်သိုင်းနေသော လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ပင်မ တောင်တန်းကြီးကို ဝါးတားတား လှမ်းမြင်နေရပြီး၊ ရှေးဟောင်း ကြိုးကြာငှက်များ၏ ပျံသန်းကာ အော်မြည်နေသံများက ရင်းနှီးကျွမ်းဝင်စွာ ဆီးကြိုနေကြလေ၏။
***