~ထိုအချိန်ကျမှသာ တာအိုရုပ်သေးသည် စိတ်အနည်းငယ် လျှော့ချလိုက်နိုင်လေ၏။
“ဟူး...”
‘ငါ ဒီနေရာကို ပြန်ရောက်လာခဲ့ပြီပဲ...’
ယွီချန်ချင်းနှင့် စုချီတို့ကို ကယ်တင်နိုင်ခဲ့ခြင်းက သူ၏ တာဝန် တစ်ဝက် ပြီးမြောက်သွားခြင်းပင်။ ယခု သူ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသည်မှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ ဖမ်းဆီးသွားသော သာမန် ပြည်သူများကို ရှာဖွေ ကယ်တင်ရန်ပင်။
အကယ်၍ သူ ကယ်တင်နိုင်ခဲ့လျှင်တော့ အကောင်းဆုံးပင်။
ကယ်တင်လို့ မရတော့ဘူး ဆိုလျှင်တော့...
နောင်တစ်ချိန်ကျမှ သူတို့အတွက် လက်စားချေပေးရုံသာ ရှိတော့၏။
ချင်းယွဲ့ တောင်ထွတ်။
တာအိုရုပ်သေးသည် တောင်ပေါ်သို့ ခြေလျင်ခရီး စတင်လိုက်သည်။ တောင်ကုန်း တောင်တန်းများကို ဖြတ်ကျော်ပြီးနောက် ကျောက်လှေကားထစ်များ ရှိရာသို့ ရောက်ရှိလာပြီး အပေါ်သို့ ဆက်တက်ခဲ့၏။ တောင်ခါးပန်းသို့ ရောက်သောအခါ သူသည် အစိမ်းရောင် သစ်သား နန်းတော်ကို ထုတ်ယူလိုက်ပြီး ယွီချန်ချင်းနှင့် စုချီတို့ကို အရင်ဆုံး လွှတ်ပေးလိုက်သည်။
ထို့နောက် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကြီး ထွက်ပေါ်လာ၏။
တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ငါ တောင်ခြေမှာ အခင်းအကျင်းတစ်ခု ခင်းကျင်းထားတယ်... အဲဒီနေရာကို မင်းဆီ ငါ အသိပေးလိုက်မယ်... မင်းရဲ့ မျိုးဆက်တွေ အဲဒီနေရာကို မှားပြီး ဝင်မသွားစေနဲ့...”
“ပြီးတော့ ဒီပတ်ဝန်းကျင်မှာ အရင်းအမြစ်တွေ ရှာဖွေလို့ ရတယ်... အရမ်းကြီး ဝေးဝေးလံလံ လျှောက်မသွားနဲ့...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ သခင်ကြီး...”
ထို့နောက် ကြွက်ဘုရင်သည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကြီးကို ဦးဆောင်ကာ မြေကြီးထဲသို့ တူးဆွဝင်ရောက်သွားပြီး သူတို့အတွက် အကျိုးရှိမည့် အရင်းအမြစ်များကို စတင် ရှာဖွေကြလေတော့သည်။
ဤနေရာ၏ မြေအောက်တွင် အမှန်တကယ်ပင် အရင်းအမြစ်များစွာ ကိန်းအောင်းနေ၏။
သာမန် ကျောက်တုံး တစ်တုံးဖြစ်လျှင်တောင်မှ အဆင့် (၄) ဝိညာဉ်သွေးကြောပေါ်တွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်း ဖြစ်ရာ၊ ပထမအဆင့်နှင့် ဒုတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက်များအတွက် ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်နေလေသည်။
ထိုကျောက်တုံးများကို ဝါးမျိုလိုက်ခြင်းကပင် သူတို့၏ ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ဖြစ်စေ၏။
အဆင့် (၄) ဝိညာဉ်သွေးကြော ရှိသော နေရာတွင် ကျင့်ကြံခွင့် ရခြင်းသည် ကောင်းကင်မိုးကြိုး ကြွက်မျိုးနွယ်စု အတွက်တော့ ကုန်ဆုံး၍ မကုန်နိုင်သော ရတနာသိုက်ကြီးကို တွေ့ရှိလိုက်ရသည့်နှယ်။
ထိုအချိန်တွင် တစ်နေရာတည်း၌ ရပ်နေသော ယွီချန်ချင်းနှင့် စုချီတို့ နှစ်ဦးမှာမူ သူတို့၏ ပတ်ဝန်းကျင် အသစ်နှင့် အသားမကျသေးသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
လေထုထဲတွင် သိပ်သည်းလွန်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များကြောင့် အမျိုးသမီး နှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်နေရ၏။
ဒါ ဘယ်နေရာလဲ။
“သွားကြစို့... ခယ်အာနဲ့ တခြားသူတွေ အပေါ်မှာ ရှိတယ်...”
တာအိုရုပ်သေးက ပြောဆိုရင်း တောင်ပေါ်သို့ ဆက်တက်သွားသည်။
“ဒါက တာ့ယွဲ့ တောင်တန်းရဲ့ ဗဟိုချက်ပဲ... ရှေးဟောင်းကာလက ကောင်းကင်ဘုံ အင်အားစု တစ်ခုဖြစ်တဲ့ လော့ယွဲ့ မဟာမိတ်အဖွဲ့ ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေ တစ်ခုပေါ့...”
“ငါ.. ဒီမှာပဲ ကျင့်ကြံနေတာ... ဒီတစ်ခေါက် မင်းတို့ နှစ်ယောက်ကို ပြန်ခေါ်လာတာက ချန်ချင်း နဲ့ ချီလေး... မင်းတို့ ဒီမှာပဲ ဆက်ပြီး ကျင့်ကြံကြဖို့လေ...”
“မျိုးနွယ်စုဆီ ပြန်စရာ မလိုတော့ဘူး...”
တာအိုရုပ်သေး၏ နောက်မှ လိုက်ပါလာရင်း စုချီသည် ဆံပင်ဖြူဖြူနှင့် အဘိုးအို ပုံစံကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။
“ဦးလေးယွီ... ဘာလို့ ဒီလို ပုံစံပြောင်းထားတာလဲဟင်...”
တာအိုရုပ်သေးက ပြန်ဖြေလိုက်၏။
“ဒါက ရုပ်သေးလေ... ငါ့ရဲ့ ခန္ဓာကိုယ် အစစ် မဟုတ်ဘူး...”
“ဪ... ဒါကြောင့်ကိုး... ကျွန်မက အံ့သြနေတာ...”
စုချီ သဘောပေါက်သွားပြီး စပ်စုချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။
“ဦးလေးယွီ... ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက ဘာလို့ ဒီလောက်တောင် သိပ်သည်းနေရတာလဲ... ဒီနေရာမှာ ဘယ်လို ဝိညာဉ်သွေးကြောမျိုး ရှိနေလို့လဲဟင်...”
တာအိုရုပ်သေးက ဖြေလိုက်၏။
“အဆင့် (၄) ဝိညာဉ်သွေးကြော...”
“ရှင်...”
စုချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ယွီချန်ချင်းကမူ တာအိုရုပ်သေး၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့၏။ ခဏကြာသောအခါ သူမ၏ မျက်နှာပေါ်တွင် အေးချမ်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး၊ ပတ်ဝန်းကျင်၏ ငြိမ်းချမ်းမှုနှင့် တစ်သားတည်း ကျသွားလေသည်။
မကြာမီအချိန်တွင်...
ရေတံခွန်အနီးရှိ ချိုင့်ဝှမ်းတစ်ခုထဲမှ နေအိမ်တွင် ယွီချန်ချင်းနှင့် စုချီတို့သည် စုယွီ၏ ခန္ဓာကိုယ် အစစ်၊ ယွီခယ်အာ၊ အဒေါ် လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်း ညီအစ်မ နှစ်ဖော်တို့ကို တွေ့လိုက်၏။
ယွီချန်ချင်းနှင့် စုချီတို့အတွက် ကြိုဆိုပွဲ လုပ်ပေးပြီးနောက်၊ စုယွီက သူမတို့ နှစ်ဦးကို မိမိတို့ စိတ်ကြိုက် သစ်သားအိမ်များ ဆောက်လုပ် နေထိုင်စေသည်။
ထို့နောက် သူသည် နောက်ဖေးရှိ ကြာကန်ဆီသို့ ထွက်လာခဲ့လိုက်၏။
တာအိုရုပ်သေးက သူ့ကို အစိမ်းရောင် သစ်သား လက်စွပ် ပေးအပ်ပြီးနောက်၊ လျှို့ဝှက်အခန်းထဲသို့ ဝင်ရောက်ကာ ခေတ္တခဏ တံခါးပိတ် ကျင့်ကြံလိုက်သည်။ စုယွီက လက်စွပ်ထဲမှ ပစ္စည်းများကို ရှင်းလင်းချိန်တွင် ရုပ်သေးကို ခေတ္တ အနားပေးလိုက်ခြင်း ဖြစ်၏။
စုယွီသည် သူ့ရှေ့ရှိ ကြာကန်ကို စိုက်ကြည့်လိုက်သည်။ ရေကန်အောက်ခြေတွင် သူသည် ရေခဲ အခင်းအကျင်းများစွာ ခင်းကျင်းထားပြီး ယွီမိသားစု ဂူစံအိမ်ရှိ ရေခဲရေကန်နှင့် တူညီသော ပတ်ဝန်းကျင်မျိုး ဖြစ်အောင် ဖန်တီးထား၏။
ဒီနေရာက ရေခဲကြေးခွံ ငါးမျိုးနွယ်စု နေထိုင်ဖို့ သင့်တော်လောက်တယ် မဟုတ်လား။
သူ လက်ကို ဝှေ့ယမ်းလိုက်ပြီး အစိမ်းရောင် သစ်သား နန်းတော်ကို ထုတ်ယူကာ၊ နန်းတော်ထဲရှိ ရေခဲရေကန်နှင့် သူ့ရှေ့ရှိ ကြာကန်ကို ပေါင်းစပ်လိုက်သည်။ ရေခဲကြေးခွံ ငါးဘုရင်နှင့် ငါးမျိုးနွယ်စု အားလုံးကို အောက်ခြေ မမြင်နိုင်လောက်အောင် နက်ရှိုင်းသော ရေကန်ထဲသို့ ထည့်လိုက်လေ၏။
“ဗွမ်း…”
ရေခဲကြေးခွံ ငါးဘုရင်သည် ရေကန်ထဲသို့ ကျသွားသည်နှင့် တပြိုင်နက် အလွန်အမင်း ပျော်ရွှင်သွားပြီး ရေပေါ်သို့ ပြန်လည် ခုန်တက်လာကာ စုယွီကို ကြည့်လိုက်သည်။
သုံးကိုက်ခန့် ရှည်လျားသော ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ငါးဘုရင်သည် စုယွီ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ် ကူးခပ်နေပြီးနောက်၊ နောက်ဆုံးတွင် ရေကန်ထဲသို့ ပြန်ဝင်ကာ စုယွီကို မော်ကြည့်နေလေ၏။
ရေခဲကြေးခွံ ငါးမျိုးနွယ်စုသည် အတော်အတန် ကြီးမားသော အုပ်စုဖြစ်ပြီး အကောင်ရေ တစ်ထောင်ကျော် ရှိသည်။
သို့သော် ငါးဘုရင်မှလွဲ၍ ကျန်သော ရေခဲကြေးခွံ ငါးများမှာ ဉာဏ်ရည် မရှိကြသလို၊ စွမ်းအားလည်း နည်းပါးကြ၏။ သာမန် ဝိညာဉ်သတ္တဝါများသာ ဖြစ်ကြသည်။
အံ့သြစရာ ကောင်းသည်မှာ ယွီမိသားစု၏ ဂူစံအိမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ရေခဲကြေးခွံ ငါးဘုရင်သည် ဒုတိယအဆင့် အဆင့်မြင့် မိစ္ဆာသားရဲ နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
စုယွီက ပြုံးလိုက်ပြီး သူ့လက်စွပ်ထဲမှ တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် တစ်စက်ကို ထုတ်ယူလိုက်၏။ လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်အရည်သည် ငါးဘုရင်ဆီသို့ ပျံသန်းသွားပြီး၊ ငါးဘုရင်က တမုဟုတ်ချင်း မျိုချလိုက်လေသည်။
ဧရာမ သဘာဝ ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ငါးဘုရင်၏ မျက်လုံးများ တောက်ပသွား၏။ စုယွီ ရှိရာဘက်သို့ သုံးကြိမ်တိုင်တိုင် ဦးညွှတ် အရိုအသေ ပေးပြီးနောက်၊ ဝိညာဉ်အရည်ကို သန့်စင်ရန် ရေကန်အောက်ခြေသို့ ငုပ်လျှိုး သွားလေတော့သည်။
စုယွီကမူ ရေခဲကြေးခွံ ငါးမျိုးနွယ်စုကို ကြည့်ရင်း အတွေးနက်နေ၏။ သူ၏ စိတ်ထဲတွင် "ဝိညာဉ်သန့်စင်အိုး" ၏ လုပ်ဆောင်ချက်ကို တွက်ချက်နေခြင်းပင်။
ဝိညာဉ်သန့်စင်အိုး ရှိနေသမျှ သူသည် ဝိညာဉ်အရည် အမြောက်အမြားကို သန့်စင် ထုတ်လုပ်နိုင်၏။
သူ့ကိုယ်ပိုင် လိုအပ်ချက်အပြင် ဝိညာဉ်သန့်စင်အိုးက ပိုလျှံသော ပမာဏကို စုဆောင်းထားနိုင်သည်။
အရည်အသွေး အမြင့်ဆုံး ဖြစ်သည့် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည်ကိုတောင် ဒီလောက်များများ ထုတ်လုပ်နိုင်သည် ဆိုလျှင်၊ အဆင့်နိမ့် ဝိညာဉ်အရည်တွေကိုသာ ထုတ်မည် ဆိုလျှင် ပမာဏက ကြောက်ခမန်းလိလိ များပြားနေမည်ပင်။
သို့ဆိုလျှင် ဝိညာဉ်သန့်စင်အိုး၏ အကူအညီနှင့်.. သူ တစ်ခုခု လုပ်၍ ရမနေဘူးလား။
ဥပမာအားဖြင့်... ကောင်းကင်မိုးကြိုး ကြွက်မျိုးနွယ်စုကို ပျိုးထောင်ပေးတာမျိုး၊ ပြီးတော့ သူ့ရှေ့က ရေခဲကြေးခွံ ငါးမျိုးနွယ်စုကို မွေးမြူတာမျိုးပေါ့။
‘ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က မကြာခင် တာ့ယွဲ့ စံအိမ်တော်ကို တိုက်ခိုက်တော့မယ်... ကြည့်ရတာ သူတို့က ဖုန်းလော့ စံအိမ်တော် နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က မိစ္ဆာအင်အားစုတွေနဲ့ပါ ပူးပေါင်းထားပုံ ရတယ်...’
စုယွီ သူ့ဘာသာ တွေးလိုက်သည်။
‘သူတို့သာ ပူးပေါင်းလိုက်ရင် ကျင့်ကြံသူ အရေအတွက်က ရေတွက်လို့ မရနိုင်အောင် များပြားသွားလိမ့်မယ်…’
***