~“ဒီလိုသာဆိုရင်... ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကိုသာ ငါ့ဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် အများကြီး အထောက်အကူ ဖြစ်လာနိုင်တယ်... သတင်းထောက်လှမ်းတာပဲ ဖြစ်ဖြစ်၊ ရန်သူနဲ့ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် သူတို့က အသုံးဝင်လာမှာ သေချာတယ်...”
စုယွီ စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်မိ၏။
လက်ရှိ ရေခဲကြေးခွံ ငါးမျိုးနွယ်စုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့...
စုယွီက သူတို့ကို အပျင်းပြေ မွေးထားသော အိမ်မွေးတိရစ္ဆာန် သက်သက်အဖြစ်သာ သဘောထားပြီး ကြီးကြီးမားမား မျှော်လင့်ချက် မထားရှိပေ။
သို့သော် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို မွေးမြူပျိုးထောင်ရန် စဉ်းစားနေရင်း၊ ရေခဲကြေးခွံ ငါးမျိုးနွယ်စုကိုလည်း တပါတည်း မြှင့်တင်ပေးရန် စိတ်ကူးမိလိုက်သည်။
‘,သူတို့လည်း ငါးဘုရင်လိုမျိုး အဆင့်တက်လာပြီး ဝိညာဉ်သားရဲတွေ ဖြစ်လာနိုင်မလား။
တကယ်လို့.. သူတို့သာ ဝိညာဉ်သားရဲတွေ ဖြစ်လာခဲ့မယ် ဆိုရင် သူတို့ရဲ့ ဖုံးကွယ်နေတဲ့ ပါရမီနဲ့ စွမ်းရည်တွေကို လျှော့တွက်လို့ မရနိုင်ဘူး’,
ထိုသို့ အကြံထုတ်ပြီးနောက် စုယွီသည် ဝိညာဉ်သန့်စင်အိုးကို ဆင့်ခေါ်လိုက်၏။ တစ်ချိန်တည်းမှာပင် အစိမ်းရောင် သစ်သားလက်စွပ်ထဲမှ သူ မတော်တဆ ရရှိထားသော အပိုင်းအစလေး တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအပိုင်းအစလေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဝိညာဉ်သန့်စင်အိုးသည် သိသိသာသာ တုန်ခါသွားလေ၏။
မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဝိညာဉ်သန့်စင်အိုး၏ မျက်နှာပြင်ပေါ်မှ ဖြာထွက်လာသည်။
နောက်တစ်ခဏ၌...
"အုန်း"
ဝိညာဉ်သန့်စင်အိုးဆီမှ ဆွဲငင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအပိုင်းအစလေးကို ချက်ချင်း စုပ်ယူလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအပိုင်းအစလေးသည် အိုး၏ မျက်နှာပြင်ထဲသို့ အရည်ပျော်ဝင်သွားသကဲ့သို့ ပေါင်းစပ်သွားလေသည်။
ထိုအပိုင်းအစကို မျိုချပြီးနောက် ဝိညာဉ်သန့်စင်အိုးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာပြီး ပိုမို ခမ်းနားထည်ဝါလာ၏။
အစိမ်းရောင် ဗွီဇာပုံစံ အလင်းတန်းများက ဝိညာဉ်သန့်စင်အိုး၏ မျက်နှာပြင်ပေါ်တွင် အားလှိုင်းများသဖွယ် ဖြတ်သန်း စီးဆင်းသွားကြသည်။
နှမြောစရာ ကောင်းသည်မှာ ထိုအလင်းတန်းများသည် ကြာရှည်မခံဘဲ ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားခြင်းပင်။
ဝိညာဉ်သန့်စင်အိုး၏ အရှိန်အဝါက သိသိသာသာ တိုးတက်လာသော်လည်း၊ "ထိပ်တန်း မှော်လက်နက်" အဆင့်တွင်သာ ရှိနေသေးသည်။
စုယွီ၏ အာရုံခံစားမှုအရ လက်ရှိ ဝိညာဉ်သန့်စင်အိုး၏ အဆင့်အတန်းသည် ထိပ်တန်း မှော်လက်နက် နှင့် မှော်ရတနာ အစပျိုး အဆင့်ကြားတွင် ရှိနေသည်။ ယခင်က ပျက်စီးနေသော သွေးရောင် နတ်ဘုရား လှံရှည်၏ အဆင့်အတန်းနှင့် သိပ်မကွာခြားလှပေ။
စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ အချိန်အတော်ကြာ အသုံးပြုပြီးနောက် သူသည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် တစ်စက်ကို ထပ်မံ သန့်စင် ထုတ်လုပ်လိုက်သည်။
ယခင်က ထုတ်လုပ်ခဲ့သော တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည်များနှင့် ယှဉ်လျှင် ယခု ရရှိသော ဝိညာဉ်အရည်၏ အရည်အသွေးက သေချာပေါက် သာလွန်နေ၏။
စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သည်။
“ဟူး...”
“မဆိုးပါဘူး... စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်ကိုတော့ လောလောဆယ် ငါ မသုံးနိုင်သေးဘူး...”
စုယွီ သက်ပြင်းတစ်ချက် ချလိုက်ရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
အရေးကြီးဆုံး အချက်ကတော့ ထိုအပိုင်းအစကို ပေါင်းစပ်လိုက်ပြီးနောက် ဝိညာဉ်သန့်စင်အိုး၏ သန့်စင်နှုန်း မြန်ဆန်လာခြင်းပင်။ ဒါက အကျိုးမရှိဟု ပြော၍ မရပေ။
ဝိညာဉ်သန့်စင်အိုး၏ ပြောင်းလဲမှုများကို ကျင့်သားရသွားပြီးနောက်၊ စုယွီသည် ပထမအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အမြောက်အမြားကို စတင် သန့်စင် ထုတ်လုပ်လိုက်၏။ ဤ ဝိညာဉ်အရည်များဖြင့် ကြာကန်ကို ဖြည့်ဆည်းပေးရန် သူ ရည်ရွယ်ထားသည်။
ကောင်းကင်မိုးကြိုး ကြွက်အုပ်စု အတွက်မူ ပထမအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်အရည်များကို ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံရန် စီစဉ်ထား၏။
ကောင်းကင်မိုးကြိုး ကြွက်အုပ်စုသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေထဲမှ အရင်းအမြစ်များကို စားသုံးရင်း၊ ဝိညာဉ်အရည်များ၏ အထောက်အပံ့ဖြင့် သူတို့၏ သွေးမျိုးဆက်ကို သန့်စင်နိုင်ကြပေလိမ့်မည်။
“ဒီနည်းနဲ့ဆိုရင်... (၁) နှစ်၊ (၂) နှစ် အတွင်းမှာ ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ စွမ်းအားတွေ တစ်ဟုန်ထိုး တိုးတက်လာနိုင်တယ်...”
စုယွီ စဉ်းစားခန်းဝင်ရင်း တီးတိုး ရေရွတ်လိုက်၏။ ကောင်းကင်မိုးကြိုး ကြွက်အုပ်စု၏ အနာဂတ် တိုးတက်မှုကို သူ မျှော်လင့်နေမိပါသည်။
ရက်အနည်းငယ် ကြာပြီးနောက်၊
စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ဆင့်ခေါ်လိုက်ပြီး ဝိညာဉ်အရည် အမြောက်အမြား ပေးအပ်လိုက်သည်။ ထို့နောက် ကြွက်အုပ်စု တစ်ခုလုံးကို ခွဲဝေပေးရန် တာဝန် ပေးအပ်လိုက်၏။
ထိုကိစ္စ ပြီးမြောက်သွားသောအခါ စုယွီသည် နောက်ဖေးရှိ ဆေးဖက်ဝင် ဥယျာဉ်ငယ်လေး ဆောက်လုပ်ထားရာ နေရာသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
ကံဆိုးသည်မှာ ဥယျာဉ်ထဲ၌ ဝိညာဉ်အပင်နှင့် ဆေးဖက်ဝင် အပင် အနည်းငယ်သာ ရှိသေးပြီး ဥယျာဉ်ကလည်း သေးငယ်လွန်းနေသည်။
သူသည် နေ့ဝက်ခန့် အချိန်ပေးကာ ဥယျာဉ်ကို ပြန်လည် မွမ်းမံပြီး ချဲ့ထွင်လိုက်၏။ ထိုသို့ ပြုလုပ်နေစဉ် အတွင်းမှာပင် အခင်းအကျင်းများစွာကိုပါ တစ်ပါတည်း ခင်းကျင်းလိုက်သည်။
ထို့နောက် အစိမ်းရောင် သစ်သား နန်းတော်ထဲမှ တဆင့်၊ ချီမြစ် ဂိုဏ်းခွဲ၏ လျှို့ဝှက်စခန်းမှ သူ အမြစ်ပါမကျန် တူးရွှေ့လာခဲ့သော ဝိညာဉ်အပင်များ အားလုံးကို ထုတ်ယူလိုက်ပြီး၊ တစ်ပင်ချင်းစီ သူ့ဥယျာဉ်ထဲ၌ စိုက်ပျိုးလိုက်လေသည်။
ထိုအပင်များထဲတွင် "ရွှေဓာတ် သစ်သီးပင်" လည်း ပါဝင်၏။
အပွင့် မပွင့်သေး၊ အသီး မသီးသေးသော်လည်း စုယွီက ထိုအပင်ကို အဖိုးတန် ရတနာ တစ်ပါးကဲ့သို့ ဆက်ဆံသည်။
အပင်ကို ပြောင်းရွှေ့ စိုက်ပျိုးပြီးနောက် သစ်သားဓာတ် စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ပေးရုံသာမက သိုင်းနည်းစနစ်မန္တန်များ ရွတ်ဖတ်၍ပါ စောင့်ရှောက်ပေး၏။ ထို့အပြင် ရွှေဓာတ် သစ်သီးပင် စိုက်ပျိုးထားသော မြေနေရာတွင် တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အနည်းငယ်ကိုပါ တစ်စက်ချင်း လောင်းချပေးလိုက်သည်။ တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်၏ ပြင်းအားက ရွှေဓာတ် သစ်သီးပင် စုပ်ယူရန်အတွက် အနေတော်ပင် ဖြစ်၏။
ဆေးဖက်ဝင် ဥယျာဉ်ကို ပြုပြင်မွမ်းမံပြီးနောက်၊ စုယွီသည် ဥယျာဉ် တံခါးဝတွင် ရပ်လိုက်သည်။ ဥယျာဉ် အတွင်း၌ ပြည့်နှက်နေသော ဝိညာဉ်အပင်များနှင့် အရည်အသွေးမြင့် ဆေးဖက်ဝင် ပစ္စည်းများကို ကြည့်ရှုရင်း ကျေနပ်ပီတိ ဖြစ်သွားလေ၏။
ဆေးဖက်ဝင် ဥယျာဉ်၏ အံ့မခန်း ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်းတို့အားလုံး အံ့သြမှင်သက် သွားကြလေသည်။
အထူးသဖြင့် ရွှေဓာတ် သစ်သီးပင်ကို မြင်လိုက်ရသော ယွီချန်ချင်းနှင့် စုချီတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
“ရွှေဓာတ် သစ်သီးပင်...”
“ဦးလေးယွီ... ဦးလေးက... ဦးလေးက ချီမြစ် လျှို့ဝှက်စခန်းထဲက ပစ္စည်းတွေ အကုန်လုံးကို သိမ်းကျုံးယူလာတာလား...”
စုချီက မယုံကြည်နိုင်စွာဖြင့် အာမေဋိတ် သံကြီးဖြင့် အော်ဟစ် မေးမြန်းလိုက်သည်။ သူမ၏ အသက်ရှူသံများပင် မြန်ဆန်လာသည်။
ဒီ ရွှေဓာတ် သစ်သီးပင်သာ ရှိနေရင်...
သူမ ရွှေအမြုတေ အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ် မဟုတ်လား။
ယခင်ကဆိုလျှင် စုချီသည် ရွှေအမြုတေ အဆင့်ဆိုသည့် ဝေးကွာလှသော ပန်းတိုင်ကို တစ်ခါမှ စိတ်ကူးမယဉ်ရဲခဲ့ပေ။ သူမ၏ ပါရမီကို သူမ ကိုယ်တိုင် သိသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ရှိလာတာကပင် သူမအတွက် ကံကောင်းလွန်းနေပြီ ဖြစ်၏။
သူမ ဘာသာသူ ကြိုးစားပြီး ရွှေအမြုတေ အဆင့်ကို တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ရွှေအမြုတေ အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေး ဆိုသည်မှာ သာမန် အခြေခံတည်ဆောက်ခြင်း ဆေးလုံးမျိုး မဟုတ်ပေ။
တာ့ယွဲ့ နန်းတော်ကို မဆိုထားနှင့်၊ ယွင်ကျန်းဂိုဏ်း လိုမျိုး အဖွဲ့အစည်းကြီးတောင်မှ ရွှေဓာတ် ဆေးလုံး တစ်လုံး ရရှိဖို့ ဆိုတာ အလွန် ခက်ခဲလှသည်။
သို့ရာတွင်၊ အခုတော့ အသက်ရှင်နေသော ရွှေဓာတ် သစ်သီးပင်ကြီး တစ်ပင်လုံးက သူမ မျက်စိရှေ့တည့်တည့်မှာ ရောက်နေပြီ ဖြစ်၏။
ယွီချန်ချင်း၊ စုချီ၊ လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်းတို့ အနေဖြင့် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ မကြာခင် ထွက်ခွာနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် စုယွီ အနေဖြင့် သူမတို့က ရွှေဓာတ် သစ်သီးပင် ရှိနေကြောင်း သိသွားလျှင်လည်း စိတ်ပူစရာ မရှိပေ။
စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး ရယ်လိုက်သည်။
“အဲဒီ လျှို့ဝှက်စခန်းထဲမှာ ဆေးဖက်ဝင် ဥယျာဉ်လေး တစ်ခု ရှိနေတာနဲ့... အဲဒါကို ငါ ယူလာလိုက်တာပါ...”
ယွီခယ်အာ၊ ယွီချန်ချင်း၊ စုချီ၊ လန်ရှီးနှင့် လန်ကုန်းတို့အားလုံး စုယွီကို ကြည့်နေသော အကြည့်များထဲတွင် အံ့သြလေးစားမှုများ ပြည့်နှက်နေ၏။
ပါးစပ်က ပြောတော့ လွယ်လွယ်လေး။
‘ဒါပေမဲ့...
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ချီမြစ် ဂိုဏ်းခွဲပိုင် လျှို့ဝှက်စခန်းထဲကို ဖောက်ဝင်ပြီး၊ အင်အားကြီး အဖွဲ့အစည်း တစ်ခုရဲ့ ရတနာတွေကို တူးရွှေ့ယူငင်လာတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စတဲ့လား’
သို့သော် သူမတို့ အရှေ့က အမျိုးသားကတော့ ထိုအလုပ်ကို တကယ် လုပ်ဆောင်နိုင်ခဲ့လေပြီ။
***