~သို့သော် ထိုစိန်ခေါ်သူသည် အားနည်းသောသူ မဟုတ်ပေ။ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်မှ သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် ကြိုးစားတိုင်း၊ ဖမ်းဆီးနိုင်ဖို့ ဝေးစွ၊ သူ့လက်ချက်ဖြင့် မိစ္ဆာ အများအပြား သေဆုံးခဲ့ရပြီး၊ နောက်ဆုံးတွင် ထိုသူက ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားလေ့ ရှိသည်။
ထိုအကြောင်းကြောင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်သည် လက်ရှိအချိန်၌ တာ့ယွဲ့ နယ်မြေကို စစ်ပြုရန် မိစ္ဆာများကို စုစည်းဖို့ရာ အာရုံမစိုက်နိုင်တော့ဘဲ အင်အားနည်းပါးနေသည်။
သူတို့ ပိုင်နက်ထဲ ရောက်လာပြီး ပြဿနာရှာနေသော အဲဒီကောင်ကို အရင်ရှင်းဖို့ လိုနေသည် မဟုတ်လား။
တာအိုရုပ်သေး အတွက်တော့ ဒါဟာ တကယ့် သတင်းကောင်းပါပဲ။
ဝိညာဉ်ကြွေ တောင်တန်းတွင် စုမိသားစုဝင် တစ်ယောက်မှ မတွေ့ရှိခဲ့သော တာအိုရုပ်သေးသည်၊ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းတွင် ဖြစ်ပျက်နေသော ရှုပ်ထွေးပွေလီသည့် အခြေအနေကို သိရှိပြီးနောက် တိတ်တဆိတ် ထွက်ခွာလာခဲ့၏။ ဤနေရာမှ မိစ္ဆာများ အချင်းချင်း တိုက်ခိုက်နေကြသော ပြည်တွင်းစစ်ပွဲကြီး ကာလရှည်ကြာ ဆက်လက် ဖြစ်ပွားနေပါစေဟု သူ ဆုတောင်းလိုက်မိသည်။
*
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ။
နောက်ထပ် (၁) နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ဤ (၁) နှစ်တာ ကာလအတွင်း ပြင်ပလောကတွင် အရာရာ ငြိမ်းချမ်းနေခဲ့၏။ တာအိုရုပ်သေး ပြန်မရောက်လာသေးပေ။ သူသည် စုမိသားစု၏ ဆေးလုံးမျှော်စင် ဂူစံအိမ်နှင့် (၁၀) မိုင်ခန့် အကွာအဝေး၊ မြေအောက် ပေပေါင်း ရာချီ နက်ရှိုင်းသော နေရာတွင် ဂူတစ်လုံး တူးဖော်ပြီး နေထိုင်နေသည်။ ထိုဂူဝတွင် ကာကွယ်ရေး အခင်းအကျင်း အများအပြား ခင်းကျင်းထားပြီး၊ အတွင်း၌ တံခါးပိတ် ကျင့်ကြံကာ ဝိညာဉ်သတ္တုရိုင်းများ၏ အဆီအနှစ်ကို တိတ်တဆိတ် စုပ်ယူပြီး သူ့ကိုယ်ခန္ဓာကို ပြန်လည် ပြုပြင်နေ၏။
လွန်ခဲ့သော နှစ်များစွာအတွင်း အကြီးအကျယ် ထုတ်သုံးခဲ့ရသဖြင့် သူပိုင်ဆိုင်ထားသော တတိယအဆင့် ဝိညာဉ်သတ္တုရိုင်း အများစု ကုန်ခန်းသွားသော်လည်း၊ ထိုသို့ ကုန်ကျရခြင်းမှာ အကျိုးမရှိသည်တော့ မဟုတ်ပေ။
ရုပ်သေးဝိညာဉ်၏ စွမ်းအားသည် တိတ်တဆိတ် တိုးတက်လာခဲ့ပြီး၊ ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တာအိုရုပ်သေး၏ "အနီရောင် ရုပ်သေး" ကိုယ်ခန္ဓာသည်လည်း အနည်းငယ် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။
ပြုပြင်ပြီးသော အစိတ်အပိုင်း၏ စွမ်းရည်မှာ သာမန် တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေးတစ်ရုပ်၏ စွမ်းအားထက် မနိမ့်ကျပေ။
ဤသည်မှာ ရုပ်သေးဝိညာဉ်၏ ထူးခြားသော စွမ်းပကားပင်။
ရုပ်သေးကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက်၊ ရုပ်သေးကို "အင်မော်တယ် ကိုယ်ခန္ဓာ" အဖြစ်သို့ ပြောင်းလဲပေးလိုက်နိုင်သည်။ ပျက်စီးသွားလျှင်တောင်မှ ဝိညာဉ်သတ္တုရိုင်းများကို ဝါးမျိုခြင်းဖြင့် ပြန်လည် ကောင်းမွန်လာအောင် ပြုပြင်နိုင်၏။
အပြင်ဘက် ရောက်နေသော တာအိုရုပ်သေးသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ဖုန်းလော့ စံအိမ်တော်တို့၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေဆဲ ဖြစ်သည်။
ဤတွင်... ချင်းယွဲ့ တောင်ထွတ်၌...
စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် သူ့နောက်လိုက် ကြွက်အုပ်စုကို တဖန်ပြန်လည် ဆင့်ခေါ်လိုက်သည်။ ချင်းယွဲ့ တောင်ထွတ်၏ တောင်ခြေရှိ ထူထပ်သော တောအုပ်ကြီးထဲတွင် စုယွီ၏ ခေါ်ယူမှုကြောင့် မြေကြီးထဲမှ ကြွက်အုပ်စုကြီး တိုးထွက်လာကြ၏။
လွန်ခဲ့သော (၁) နှစ်က စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ခေါ်ဆောင်လာစဉ်က အကောင်ရေ (၁၇၀၀) ကျော်သာ ရှိခဲ့သည်။
ယခုအခါတွင်မူ ကြွက်အုပ်စုသည် အကောင်ရေ (၂၀၀၀) ကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်၏။ ထိုအထဲတွင် ခရမ်းရောင် အမွှေးပွပွလေးများနှင့် ချစ်စရာ ကောင်းသော ကောင်းကင်မိုးကြိုး ကြွက်ပေါက်စလေး အများအပြား ပါဝင်လာသည်။
ဒါက ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အနေနှင့် သာမန် မြေကြွက် သွေးမျိုးဆက် ဘဝကို ပြန်ရောက်သွားသည့် အကောင်တွေကို ဖယ်ရှားပစ်လိုက်ပြီးမှ ကျန်ရှိနေသော အရေအတွက် ဖြစ်၏။
မဟုတ်ရင် (၁) နှစ်အတွင်း ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ လူဦးရေ (အဲ... ကြွက်ဦးရေ) က နှစ်ဆလောက် တိုးပွားသွားမှာ သေချာသည်။
ယခုအခါ၊ ခန္ဓာကိုယ် အရွယ်အစား သိသိသာသာ ကြီးထွားလာသော ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် စုယွီ၏ ရှေ့မှောက်သို့ ရိုသေလေးစားစွာ ရောက်ရှိလာပြီး၊ အလွန် လိမ္မာယဉ်ကျေးသော ပုံစံဖြင့် မျက်နှာချိုသွေးကာ ပြောလိုက်၏။
“သခင်ကြီး...”
စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ကြည့်ရှုလိုက်ပြီး သူတို့၏ စွမ်းအင် အပြောင်းအလဲများကို အာရုံခံလိုက်ရာ ကျေနပ်စွာ ခေါင်းညိတ်မိသည်။
(၁) နှစ် ဆိုတဲ့ အချိန်ကာလလေးပဲ ရှိပါသေးသည်။
သို့ရာတွင်၊ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းလွန်းလှသော ဒီလို ကောင်းကင်ဘုံ နိဗ္ဗာန်ဘုံမှာ နေထိုင်ခွင့် ရနေတာရယ်၊ ရက်အနည်းငယ် ကြာတိုင်း ဝိညာဉ်အရည်တွေနှင့် ပုံမှန် ပြုစုပျိုးထောင် ပေးနေတာရယ်ကြောင့် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ စွမ်းအားတွေက သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့ပြီ ဖြစ်၏။
ယခင်က ကောင်းကင်မိုးကြိုး ကြွက်အုပ်စုထဲတွင် ဒုတိယအဆင့် မိစ္ဆာသားရဲ အကောင် (၆၀) ကျော်သာ ရှိခဲ့ပြီး၊ ကျန်တာတွေ အားလုံးက ပထမအဆင့် သက်သက်သာ ဖြစ်သည်။
ယခုတော့ ဒုတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက် အရေအတွက်က အကောင်ရေ (၁၂၀) ကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော တစ်နှစ်ကနှင့် ယှဉ်လျှင် နှစ်ဆလောက် တိုးတက်လာခဲ့တာ ဖြစ်သည်။
ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကောင်းကင်မိုးကြိုး ကြွက် အရေအတွက်ကလည်း (၄) ကောင်အထိ တိုးလာ၏။
အလားတူပင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ စွမ်းအင်ကလည်း အနည်းငယ် ပြောင်းလဲလာသည်။ ရွှေအမြုတေ အဆင့် (၅) သို့ မရောက်သေးသော်လည်း ရွှေအမြုတေ အဆင့် (၄) အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ယောက်နှင့် မတိမ်းမယိမ်း ရှိနေပြီ ဖြစ်၏။
ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။
ယခုလို စွမ်းအား တိုးတက်မှု နှုန်းထားက ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အပြင်လောကမှာ ရှိစဉ်ကထက် နှစ်ဆလောက် ပိုမြန်ဆန်နေသည်။
ဒီအတိုင်းသာ ဆက်သွားမည် ဆိုလျှင် ကောင်းကင်မိုးကြိုး ကြွက်အုပ်စု၏ အနာဂတ်က မှန်းဆ၍ မရနိုင်အောင် ဖြစ်လာလိမ့်မည်။
“မဆိုးဘူး... ရော့... ဒါ ယူလိုက်...”
စုယွီသည် ချန်ခွင်းအိတ် တစ်လုံးကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“အဲဒီထဲမှာ ပထမအဆင့် နဲ့ ဒုတိယအဆင့် ဝိညာဉ်အရည်တွေ အပြင်၊ တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ပါတယ်... မင်းရဲ့ ကြွက်အုပ်စုကို တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ အတွက် ဆုချလိုက်တာပဲ...”
လွန်ခဲ့သော တစ်နှစ်အတွင်း ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အလွန် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သည်။ သူ၏ "အချစ်တော် မိဖုရားကြီးများ" နှင့် အကြိမ်ကြိမ် အောင်မြင်စွာ မိတ်လိုက်နိုင်ခဲ့ပြီး၊ ကြွက်မ (၁၀) ကောင်ကျော်ကို ကိုယ်ဝန်ဆောင်စေကာ ကြွက်ပေါက်စ (၁၀) မျိုးဆက်ကျော် မွေးထုတ်ပေးနိုင်ခဲ့၏။
ကြွက်ပေါက်စ အရေအတွက်၏ (၁၀) ပုံ (၁) ပုံလောက်ကသာ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မိုးကြိုး သွေးမျိုးဆက်ကို အမွေဆက်ခံနိုင်ခဲ့ပေမယ့်၊ ကြွက်ဘုရင်၏ ပထမမျိုးဆက် သားသမီးတွေကတော့ မွေးရာပါ စွမ်းရည် အကောင်းဆုံး ဖြစ်ကြသည်။
သူ၏ ကြိုးစားအားထုတ်မှုတွေကို စုယွီ မြင်တွေ့ခဲ့ရ၏။
ထိုတတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ဆိုတာ သူ၏ ကုန်ခန်းသွားသော ခွန်အားတွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် ဆုလာဘ်ဟု သတ်မှတ်နိုင်ပါသည်။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မျက်လုံးများ တောက်ပသွား၏။
သူသည် ချန်ခွင်းအိတ်ကို စိတ်လှုပ်ရှားစွာ လက်ခံရယူလိုက်ပြီး စုယွီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
“သခင်ကြီးရဲ့ ကျေးဇူးတော်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ...”
ထိုအချိန်မှာပင် အဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။
“ကျွီ...”
ထိုအော်သံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အပါအဝင် ကြွက်အားလုံး အလိုအလျောက် တွန့်ဆုတ်သွားကြသည်။ သူတို့၏ သွေးမျိုးဆက်ထဲတွင် အမြစ်တွယ်နေသော ကြောက်ရွံ့မှုတစ်ခုကို ထိုအသံက နှိုးဆွလိုက်သည့်နှယ်။
သို့သော် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် အခြား ကြွက်များက ကြောက်လန့်တကြား ထွက်ပြေးခြင်း မပြုဘဲ၊ ကံတရားကို လက်ခံလိုက်သည့် ပုံစံဖြင့် ငြိမ်သက်နေကြ၏။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သစ်ပင်ထိပ်ဖျားတွင် ရပ်နားနေသော (၉) ပေခန့် မြင့်မားသည့် မြင့်မြတ်ပြီး လှပသော ဝိညာဉ်ငှက် တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ အမွှေးအတောင်များသည် အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး သူတို့ကို စိုက်ကြည့်နေလေ၏။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင် လှည့်ကြည့်လာသည်ကို မြင်သောအခါ "ထိုက်ရွှီ" က နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်သည်။
မြန်မြန်လုပ်စမ်း...
“ဝုန်း...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က အချက်ပြလိုက်ရာ သူ့ဘေးနားရှိ ဒုတိယအဆင့် အထွတ်အထိပ် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင်သည် မိုးကြိုးစွမ်းအားကို ထိန်းချုပ်လိုက်၏။ နောက်တစ်ခဏတွင် ခရမ်းရောင် လျှပ်စီးတန်း တစ်ခုသည် ကြည်လင်သော ကောင်းကင်ယံအောက်မှနေ၍ ဝိညာဉ်ငှက် ထိုက်ရွှီ ထံသို့ ပစ်ခတ်သွားလေသည်။
“ဂျိန်း...”
အဆုံးမဲ့ လျှပ်စီးအလင်းတန်းများ ထိုက်ရွှီ၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ ထိုဝိညာဉ်ငှက်သည် နာကျင်ခြင်း မရှိသည့်အပြင် အလွန် ဇိမ်တွေ့သွားသည့် ပုံစံဖြင့် အော်ဟစ်လိုက်လေသည်။
“ကျီ... ကျီ... ကျီ…”
***