~အဝေးမှနေ၍...
လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်များသည် ဧရာမ ဝဲကတော့ကြီး တစ်ခုအသွင် စုစည်းကာ လှုပ်ရှားလာသကဲ့သို့ ဖြစ်ပေါ်နေသည်။ ဝဲကတော့၏ ဗဟိုချက်ဖြစ်သော ခြံဝင်းအတွင်းတွင်မူ ဝိညာဉ်စွမ်းအင်များသည် အရည်အဖြစ်သို့ပင် ပြောင်းလဲစ ပြုနေပြီ ဖြစ်၏။
ယွီခယ်အာနှင့် အခြားသူများသည် ဤကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်း မှင်သက်နေကြသည်။
အချိန်ကာလ တစ်ခုလုံး ရပ်တန့်သွားသည့်နှယ်။
စုယွီသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ နိုးထလာသောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရွှေရောင် အလင်းတန်း နှစ်ခု သူ၏ မျက်ဝန်းထဲမှ တိုးထွက်လာသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ ရှေးဟောင်းကာလ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ ဖြစ်သော၊ အိပ်မက်ဆန်သည့် နတ်ဘုံနတ်နန်း မြင်ကွင်းပင် ဖြစ်နေသေး၏။
လက်မမကြီး (၂) ချောင်းစာခန့် ရှိသော ကြေးပြားလေးသည် သူ့ရှေ့ လေထုထဲတွင် တွဲလွဲခိုနေဆဲ ဖြစ်ပြီး၊ ကမ္ဘာလောက တစ်ခုလုံးကို လင်းထိန်သွားစေသော ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်လျက် ရှိသည်။
ထိုအချိန်တွင် စုယွီသည် လက်ကို ဆန့်ထုတ်လိုက်ရာ ကြေးပြားလေးသည် နေရာရွေ့လျားသွားပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၏ လက်ဝါးပေါ်သို့ ကျရောက်လာ၏။
တစ်ချိန်တည်းမှာပင်...
အိပ်မက်ဆန်သော နတ်ဘုံနတ်နန်း၏ အသက်သွေးကြောကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံး ပြိုလဲပျက်စီးသွားရာ စုယွီပင် အနည်းငယ် လန့်ဖျပ်သွားရ၏။
လျှို့ဝှက်အခန်း အတွင်း၌...
စုယွီ သတိဝင်လာချိန်တွင် သူ့ရှေ့ရှိ ဝိညာဉ်အပင်ပေါ်မှ အဖြူရောင် ပန်းပွင့်လေး လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။ ပန်းဖူးလေးများသည် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်ပါး ပျောက်ကွယ်သွားကြ၏။
ဝိညာဉ်အပင်သည်လည်း အရွက်များမှ စတင်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင် လက်မ အရွယ်အစားရှိသော အဖြူရောင် အစေ့လေး တစ်ခု ကောင်းကင်ယံမှ ကျဆင်းလာရာ စုယွီက လက်ဖြန့်၍ ဖမ်းယူလိုက်၏။
အစေ့လေးကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်၊ စုယွီသည် မှင်သက်နေရာမှ တဖြည်းဖြည်း သတိဝင်လာသည်။ ရွှေအမြုတေ အဆင့် (၂) ထက် များစွာ သာလွန်သော မန္တန်စွမ်းအား အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်း ပျံ့နှံ့နေသည်။ သူ မသိလိုက်ဘဲနှင့် သူ၏ ကျင့်ကြံခြင်းသည် ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
စုယွီသည် သူ့ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်ရာ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။
သူ၏ ဝိညာဉ်သည် နောက်ထပ် တစ်ကြိမ် အသွင်ပြောင်းလဲသွားပုံ ရ၏။
အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သူ ခံစားလိုက်ရသည်။ ယခင်က သူ၏ ဝိညာဉ်စွမ်းအားသည် ရွှေအမြုတေ အလယ်အလတ် အဆင့် (ရွှေအမြုတေ အဆင့် ၅ ဝန်းကျင်) နှင့်သာ ညီမျှ၏။
သို့သော် ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားသည် အနည်းဆုံး ရွှေအမြုတေ အဆင့် (၆) နှင့် ညီမျှနေပြီ ဖြစ်ပါသည်။
ရွှေအမြုတေ အဆင့် နှောင်းပိုင်းသို့ ရောက်ရန်ပင် သိပ်မလိုတော့ပေ။
ဒီအဆင့် ရောက်နေမှတော့ ဝိညာဉ်စွမ်းအား အနည်းငယ် တိုးတက်ဖို့ ဆိုတာတောင် မလွယ်ကူလှပေ။ အဆင့်တစ်ဆင့်လုံးစာ တက်သွားဖို့ ဆိုတာကတော့ ပြောစရာပင် မလိုတော့ပါ။ ရွှေအမြုတေ အဆင့် (၄) ကို ခုမှ ချိုးဖြတ် ဝင်ရောက်ကာစ ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်စွမ်းအားနှင့်၊ ရွှေအမြုတေ အဆင့် (၄) မှာ အသားကျနေပြီ ဖြစ်သော ဝါရင့် ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်စွမ်းအားတောင်မှ ကွာခြားချက် ကြီးမားလှ၏။
သို့သော်၊ ယခုတော့ သူ၏ ဝိညာဉ်စွမ်းအားက ရွှေအမြုတေ အဆင့် (၅) ကို ကျော်လွန်ပြီး၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း နယ်ပယ်ကိုပါ ဦးတည်နေပြီ ဖြစ်သည်။
သူ၏ ဒန်တျန် အတွင်း၌...
မူလက ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရန် လိုအပ်နေသေးသော မန္တန်စွမ်းအားများသည် ယခုအခါ အရည်အသွေးရော ပမာဏပါ ပြည့်ဝနေပြီ ဖြစ်၏။
စုယွီသည် ဤအခြေအနေနှင့် သိပ်မရင်းနှီးသေးသဖြင့် ခဏမျှ ကြောင်နေပြီးမှ ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။
[ ကျင့်ကြံခြင်း - ရွှေအမြုတေ အဆင့် (၃) ]
[ ကျင့်စဉ် - ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၄၃.၄၆%) ]
သူ၏ မန္တန်စွမ်းအားသည် ရွှေအမြုတေ အဆင့် (၃) ၏ ထက်ဝက်ခန့်အထိ ပြည့်နေပြီ ဖြစ်၏။
ဓာတ်ကြီး ငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုကလည်း (၄၃) ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းရော ဝိညာဉ်စွမ်းအားပါ အများကြီး တိုးတက်လာခဲ့တာပဲ...” စုယွီ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
ထို့ပြင်..၊ စုယွီသည် ဒန်တျန် အတွင်းရှိ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို ကြည့်လိုက်သည်။ ရွှေရောင် ကြေးပြားလေး တစ်ခုသည် ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်၏ အပေါ်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ကြေးပြားလေးက သိပ်မကြီးမားသော်လည်း ၎င်းသယ်ဆောင်ထားသော အရှိန်အဝါသည် ဝိညာဉ်အမြစ်အပေါ် လွှမ်းခြုံထားသည်။
သူ၏ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်၌ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သူ ခံစားလိုက်ရ၏။
မူလက အလယ်အလတ်အဆင့်သာ ရှိသော ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် ကြေးပြားလေး၏ လွှမ်းမိုးမှုအောက်တွင် အသွင်ပြောင်းလဲနေသည်။
၎င်းသည် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် အဖြစ်သို့ ဦးတည် ပြောင်းလဲနေခြင်းပင်။
ထိုပြောင်းလဲမှုကို သတိထားမိလိုက်သောအခါ စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ထိုရွှေရောင် ကြေးပြားလေးကို အာရုံစိုက်လိုက်၏။ သူ အလွန်အမင်း တုန်လှုပ်သွားသည်။
“ဒီ ကြေးပြားလေးက တကယ်တော့ ဘာပစ္စည်းများလဲ...”
ဝိညာဉ်စွမ်းအား၊ ကျင့်ကြံခြင်း အဆင့်နှင့် ဝိညာဉ်အမြစ်တို့ ပြောင်းလဲသွားသည်ကို ထားလိုက်ပါဦး။ ထူးဆန်းသော စာလုံးတစ်လုံးသည် သူ၏ စိတ်အာရုံ နက်ရှိုင်းရာ၌ တည်ရှိနေဆဲ ဖြစ်၏။
စုယွီ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေသည့်နှယ်။
“ယင်...”
ထူးခြားသော အခြေအနေ တစ်ခုအတွင်း ဉာဏ်အလင်း ပွင့်သွားသည့် ခဏတာ အချိန်လေး၌၊ စုယွီသည် အလင်းရောင် တစ်စက်မျှ မရှိ၊ ထွက်ပေါက် မရှိသော အဆုံးမဲ့ အမှောင်ထု သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားခဲ့ရသည်။
ထိုစာလုံး၏ အဓိပ္ပာယ်ကို သူ အနည်းငယ် နားလည်သဘောပေါက်သွားသည့် အချိန်ကျမှသာ... “ယင်...”
ထိုအချိန်ကျမှသာ သူသည် ထိုထူးခြားသော အခြေအနေထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး သတိပြန်ဝင်လာခြင်းပင်။
ဒါက အင်မော်တယ် ကျင့်စဉ် ထဲက စာလုံးတစ်လုံးပဲ။
ထိုစာလုံးကို သယ်ဆောင်လာသော ပစ္စည်းမှာ စုယွီ၏ ဒန်တျန် အတွင်းရှိ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် အပေါ်တွင် ရောက်ရှိနေပြီး၊ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနေသော ကြေးပြားလေးပင် ဖြစ်၏။
ထိုစာလုံး၏ အဓိပ္ပာယ်ကို အနည်းငယ် နားလည်လိုက်ရုံဖြင့်၊ စုယွီသည် "ယင်" ဆိုသည့် သဘောတရားနှင့် ပတ်သက်ပြီး အသစ်တစ်ဖန် နားလည် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။ ဟင်းလင်းပြင် သဘောတရား ကဲ့သို့ပင်။
သူ အခြေခံ သဘောတရား အနည်းငယ်ကို နားလည်လိုက်သည်။
ဤစာလုံးသည် အနှစ်သာရအားဖြင့် အင်မော်တယ် တာအိုလမ်းစဉ် တစ်ခုပင်။
အင်မော်တယ် ဖြစ်လာမည့် လမ်းစဉ်။
စိတ်ထဲမှ စာလုံးနှင့် ဒန်တျန်ထဲမှ ကြေးပြားလေးကို ကြည့်ရင်း၊ စုယွီသည် အိပ်မက်ဆန်သော နတ်ဘုံနတ်နန်းထဲတွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောင်းသတိရလိုက်သည်။ ဝေဝါးသော ထင်မြင်ချက် တစ်ခု စုယွီ ရင်ထဲတွင် ဖြစ်ပေါ်လာရ၏။
‘ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့ ပျက်သုဉ်းသွားရတဲ့ အကြောင်းရင်းက ဘာများလဲ...’
စုယွီ မျက်မှောင်ကြုတ်ကာ အကြံထုတ်လိုက်သည်။ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးပဲ ဖြစ်ဖြစ်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးပဲ ဖြစ်ဖြစ်၊ နှစ်ခုစလုံးမှာ အတိတ်က တိုက်ပွဲတွေရဲ့ ခြေရာလက်ရာတွေ ကျန်ရှိနေ၏။
တကယ်ပဲ ဖြောင့်မတ်သော ဂိုဏ်းများနှင့် မိစ္ဆာလမ်းစဉ် ဂိုဏ်းများကြားက ပဋိပက္ခကြောင့်ပဲလား။
ဒါမှမဟုတ် ရှေးဟောင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ပြိုလဲသွားရတာက မိစ္ဆာလမ်းစဉ်ကြောင့်ပဲလား။
စုယွီ ခေါင်းငုံ့လိုက်ပြီး လက်ထဲမှ အစေ့လေးဆီသို့ အကြည့် ရွှေ့လိုက်သည်။
သူ့မျက်လုံးများထဲတွင် မသေချာမှုများ ဖြစ်ပေါ်နေရ၏။
စိတ်ထဲမှ စာလုံးနှင့် ဒန်တျန်ထဲမှ ကြေးပြားလေး ပေါ်လာပုံက နည်းနည်းတော့ ထူးဆန်းပြီး စုယွီ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဒီအစေ့လေး ကြီးထွားလာပုံကလည်း အံ့သြစရာ ကောင်းလွန်းသည်။
‘ဒီအစေ့လေးကပဲ သူ့ကို အိပ်မက်ဆန်တဲ့ နတ်ဘုံနတ်နန်းဆီ ခေါ်ဆောင်သွားပြီး၊ အင်မော်တယ် စာလုံးနဲ့ ကြေးပြားလေးကို ရရှိစေခဲ့တာများလား။
အချိန်အတော်ကြာပြီးနောက်...
စုယွီသည် အစေ့လေးကို ဝိညာဉ်သန့်စင်အိုး ထဲသို့ ပြန်ထည့်လိုက်ပြီး၊ တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည်များဖြင့် ပြန်လည် စိမ်ထားလိုက်သည်။ ဝိညာဉ်သန့်စင်အိုးကို သိမ်းဆည်းပြီးနောက်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ အပျက်အစီးကြီးကို ကြည့်ကာ သူ့ဘာသာ တွက်ချက်လိုက်မိ၏။
“လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးထဲက တကယ့် ကံကောင်းမှု ဆိုတာ ဒီ အင်မော်တယ် စာလုံး နဲ့ ရွှေရောင် ကြေးပြားလေးကို ပြောတာများလား…”
***