~’ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့မှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ စစ်ပွဲကြီးဟာ ဒီရွှေရောင် ကြေးပြားလေးနဲ့ အင်မော်တယ် ကျင့်စဉ် ကြောင့်များ ဖြစ်ခဲ့လေသလား’
ထိုသို့ပင်၊ စုယွီ
ထင်ကြေးပေးလိုက်မိသည်။
ဒါက ရှေးဟောင်းခေတ် အစွမ်းထက် ကျင့်ကြံသူကြီးတွေ အားလုံး လိုချင်တပ်မက်ခဲ့ကြသော အခွင့်အလမ်းကြီး တစ်ခုပင်။
ဒီအတွေး ဝင်လာတာနှင့် တပြိုင်နက် စုယွီ စိတ်ထဲမှာ ဂဏှာမငြိမ် ဖြစ်လာတော့သည်။
ဒီကံကောင်းမှုကြီးက တကယ်ကို မထင်မှတ်ထားသည့် အရာဖြစ်ပြီး၊ သူလို ရွှေအမြုတေ အဆင့် ကျင့်ကြံသူ သေးသေးလေး အတွက်တော့ ဝန်ပိလွန်းလှ၏။
ကျိုးပဲ့နေသည့် ကြေးပြားလေး တစ်ခုနှင့် အင်မော်တယ် ကျင့်စဉ် တစ်လုံးထဲ ဆိုပေမယ့်ပေါ့။
သို့ရာတွင်၊ ဒီအခွင့်အရေးက သူ့အတွက် အင်မော်တယ် လမ်းစဉ်၏ တစ်စိတ်တစ်ဒေသကို အမှန်တကယ် နားလည် သဘောပေါက်နိုင်မည့် လမ်းစကို ဖွင့်ပေးနိုင်လိမ့်မည်။
မဟုတ်လျှင် ဒီအခွင့်အရေး တစ်ခုတည်းနှင့်တင် ပြင်ပလောကက ကျင့်ကြံသူ မှန်သမျှကို ရူးသွပ်သွားစေဖို့ လုံလောက်နေပြီပင်။
‘မိုးနတ်မင်း.. ကျေးဇူးပါပဲ... ဒါက ရှေးဟောင်း ကျင့်ကြံသူတွေတောင် ရှာမတွေ့ခဲ့တဲ့ အခွင့်အရေးမျိုးပဲ... အချိန်ကာလရဲ့ မြစ်ရေစီးကြောင်းထဲမှာ ဒီလို အခွင့်အရေးမျိုး ပျောက်ကွယ်သွားခဲ့တာ ဖြစ်လောက်တယ်... ငါ ဒီနေရာမှာ ရှေးဟောင်း သိုင်းစာအုပ်တွေ၊ ချန်ခွင်းအိတ်တွေ အများကြီး ရှာတွေ့ခဲ့တယ်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ အမွေအနှစ်ကိုတောင် တွေ့ခဲ့သေးတာ... ဒါပေမဲ့ ဘယ်အရာမှာမှ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မပါခဲ့ဘူး...’
စုယွီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။
‘ဒီအရာနဲ့ ပတ်သက်တဲ့ မှတ်တမ်းကို ငါတောင် ရှာမတွေ့ခဲ့ဘူး ဆိုမှတော့၊ လက်ရှိအချိန်မှာ တခြားဘယ်သူကမှ သိနိုင်မှာ မဟုတ်ဘူး...’
စိတ်အေးသွားတော့မှ...
စုယွီ၏ မျက်လုံးတွေ ပိုမို တောက်ပလာရ၏။ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို အသုံးပြုကာ ဗလာသက်သက် အခြေအနေ ထဲသို့ ဝင်ရောက်သွားသည်။ စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံးကို အာရုံစိုက် ကြည့်ရှုလိုက်၏။
သို့သော် ဝင်သက်တစ်ချက်စာ အချိန်မပြည့်ခင်မှာပင် သူ့အကြည့်ကို လွှဲဖယ်လိုက်ရသည်။ သူ့စိတ်အာရုံ အလွန်အမင်း ကုန်ခန်းသွားသောကြောင့်ပင်။
ဒီ အင်မော်တယ် ကျင့်စဉ်လုံးကို ဉာဏ်အလင်းပွင့်သော အနေအထားနှင့် ကြည့်ရှုခံစားဖို့ ဆိုတာ ဝိညာဉ်စွမ်းအား အများကြီး လိုအပ်သည်ပင်။
သူ၏ လက်ရှိ ဝိညာဉ်စွမ်းအားနှင့် ဆိုလျှင် အသက်တစ်ရှိုက်စာလောက်တောင် ကြာကြာ မခံနိုင်ပေ။
“ဒီကျင့်စဉ်က ငါ့အတွက် အရမ်း မြင့်လွန်းနေသေးတယ်... ငါ မခံနိုင်သေးဘူး...”
ခေတ္တ အနားယူပြီးနောက် စုယွီသည် အင်မော်တယ် ကျင့်စဉ်လုံးကို လေ့လာမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရ၏။ သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။
‘ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာ မဆန်းပါဘူးလေ။
မဟာမိတ်အဖွဲ့ တင်မကဘူး... လော့ယွဲ့ ရေကန် ကျင့်ကြံခြင်း လောက တစ်ခုလုံးကိုတောင် တုန်လှုပ်စေခဲ့လောက်တယ်။
ဒီအရာက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်’
စုယွီ မျက်လုံးမှိတ်ပြီး ခေတ္တ အနားယူလိုက်သည်။ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်၏ အကူအညီဖြင့် စိတ်အာရုံ ပြန်လည် ပြည့်ဝလာအောင် စောင့်ဆိုင်းလိုက်သည်။ ထိုအချိန်တွင် ဆက်လက် စဉ်းစားခန်း ဝင်နေမိပြီး တီးတိုး ရေရွတ်လိုက်သည်။
“အင်မော်တယ် ကျင့်စဉ်ထဲက စာလုံးတစ်လုံးတည်းနဲ့တင် ဒီလောက် ကြောက်စရာ ကောင်းနေပြီ...”
“ပြီးပြည့်စုံတဲ့ အင်မော်တယ် ကျင့်စဉ် တစ်စောင်လုံးသာ ဆိုရင်ကော...”
စုယွီ ခဏ တွန့်ဆုတ်သွားပြီး ဆက်မတွေးရဲတော့ပေ။
ပြီးပြည့်စုံသော အင်မော်တယ် ကျင့်စဉ် ဆိုလျှင်တော့၊ သူက ချောင်းကြည့်ဖို့ အရည်အချင်းတောင် မမီလောက်ပေ။
စာလုံးတစ်လုံးတည်းကို တစ်ချက်ကြည့်လိုက်ရုံနှင့်တင် သူ့စိတ်အာရုံတွေ ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့သည်လေ။
ကျင့်စဉ် တစ်စောင်လုံးသာ ဆိုလျှင်တော့ သူ့ကို ချက်ချင်း ဝါးမျို ခြောက်သွေ့သွားစေမှာ မဟုတ်ဘူးလား။
‘"ယင်" ... ဒီစာလုံးက အင်မော်တယ် ကျင့်စဉ်ထဲက စာလုံးတစ်လုံးပဲ... ဘယ်လို အင်မော်တယ် ကျင့်စဉ်မျိုး ဖြစ်မလဲ...’
စုယွီ၏ အတွေးတွေ အနည်းငယ် ရှုပ်ထွေးလာရ၏။
စိတ်အာရုံ ပြန်လည် ပြည့်ဝလာသောအခါ စုယွီ စိတ်ကို ငြိမ်အောင် ထားလိုက်သည်။
စိတ်ထဲက အင်မော်တယ် ကျင့်စဉ်လုံးကို လေ့လာ၍ မရသေးတော့၊ သူ့အကြည့်က ဒန်တျန်ထဲက ကြေးပြားလေးဆီ ရောက်သွားရ၏။
သူ ခန့်မှန်းရသလောက် ဒီအရာက အင်မော်တယ် ကျင့်စဉ်ကို မှတ်တမ်းတင်ထားသည့် ပစ္စည်းရဲ့ အပိုင်းအစ တစ်ခု ဖြစ်လောက်သည်။
အပိုင်းအစ သက်သက်သာ ရှိသေးပေမယ့် သာမန် ပစ္စည်းတော့ မဟုတ်ပေ။
“ငါ ဒါကို ထိန်းချုပ်လို့ ရမလား...”
စုယွီက စမ်းသပ်ရန် သူ့စိတ်အာရုံကို လွှတ်လိုက်၏။ သို့သော် ကြေးပြားလေး အနားသို့ ကပ်လိုက်သည်နှင့် တပြိုင်နက်၊ သူ့ဝိညာဉ်ကို တုန်ခါသွားစေလောက်သည့် အရှိန်အဝါ တစ်ခု ကြေးပြားလေးဆီမှ ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါက အလွန် သိမ်မွေ့လှသော်လည်း၊ သူ့စိတ်အာရုံ တိုးကပ်လာမည့် အရေးကို တားဆီးထား၏။
ကြေးပြားလေးကို ထိန်းချုပ်မည့် အစီအစဉ်ကိုပါ စွန့်လွှတ်လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ကြေးပြားလေးဆီမှ အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် တဖြည်းဖြည်း ပြောင်းလဲလာနေသည်ကို ကြည့်ရင်း၊ စုယွီ စိတ်ထဲမှ တွက်ချက်လိုက်၏။
“ငါ့ ဝိညာဉ်အမြစ် အရည်အသွေး ပြောင်းလဲသွားဖို့ (၆) လလောက်တော့ ကြာလိမ့်မယ်...”
ဒီအခွင့်အရေးက တကယ်ကို မှန်းဆလို့ မရနိုင်လောက်အောင်ပါပဲ။
သူ့ ဝိညာဉ်အမြစ်က ထိပ်တန်းအဆင့် ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် အဖြစ် ပြောင်းလဲသွားနိုင်မည့် အလားအလာကို တွေးမိရင်း၊ စုယွီ ဖော်ပြမတတ်နိုင်အောင် စိတ်လှုပ်ရှားသွားသည်။
မူလတုန်းက သူ့ ဝိညာဉ်အမြစ်က အနိမ့်ဆုံး အဆင့် ပဲ ရှိခဲ့သည်လေ။
အနိမ့်ဆုံး အဆင့်မှ ထိပ်တန်း အဆင့်ကို ပြောင်းလဲသွားခြင်း ဆိုတာ ကျီးကန်းကနေ ဖီးနစ်ငှက် ဖြစ်သွားတာနှင့် အတူတူပါပင်။
သာမန် အဆင့်လောက်သာ ရှိသည့် တာ့ယွဲ့ နယ်မြေ ကျင့်ကြံခြင်း လောကမှာတော့ သူဟာ ထူးခြားသည့် ပါရမီရှင်၊ တက်သစ်စ ကြယ်ပွင့် တစ်ယောက် ဖြစ်နေပြီပင်။
ကျင့်ကြံခြင်း အဆင့် တိုးတက်လာတာနှင့်အမျှ စုယွီရဲ့ သက်တမ်းကလည်း ပြောင်းလဲလာခဲ့၏။
[ သက်တမ်း - (၁၄၁) / (၁၀၁၀) နှစ် ]
“ငါ့သက်တမ်းက တစ်ထောင် ကျော်သွားပြီပဲ... (၁၀၁၀) နှစ် တောင် ရှိသွားပြီ...”
စုယွီ မှင်သက်သွားသည်။
ရွှေအမြုတေ အဆင့် (၉) ရောက်နေသော သာမန် ကျင့်ကြံသူ တစ်ယောက်တောင် နှစ် (၅၀၀) လောက်ပဲ နေရ၏။ သက်တမ်း ရှည်အောင် လုပ်လျှင်တောင် နောက်ထပ် နှစ်ရာဂဏန်းလောက်ပဲ ပိုနေရမည်။
ဒဏ္ဍာရီတွေအရတော့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးက နှစ်တစ်ထောင်လောက် အသက်ရှည်သည် ဆိုပင်။
သို့သော်၊ ယခုတော့ သူ့သက်တမ်းက သာမန် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးထက်တောင် ကျော်လွန်နေလေပြီ။
သူ့လက်ရှိ အသက်ကို နုတ်လိုက်လျှင်တောင်မှ သူ နောက်ထပ် နှစ် (၈၀၀) ကျော် အသက်ရှင်၍ ရသေး၏။
“ဒါဆိုရင်တော့ ငါ စွန့်စားခန်းတွေ ထွက်နေစရာ မလိုတော့ဘူး...”
စုယွီ တိတ်တဆိတ် တွေးလိုက်၏။
“ငါသာ ကြိုးကြိုးစားစား ကျင့်ကြံနေရင် ရွှေအမြုတေ အဆင့် (၉) ထိ ရောက်ဖို့က မခဲယဉ်းတော့ဘူး... လောလောဆယ် စဉ်းစားစရာ နှစ်ခုပဲ ရှိတော့တယ်... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်
ရဲ့ နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာဖို့ပဲ... ငါ့လက်ထဲမှာ (၃) ပတ်လည်၊ (၂၇) ကွင်းစာပဲ ရှိသေးတယ်... ဒါက ရွှေအမြုတေ အဆင့် (၉) အထိ ကျင့်ကြံလို့ ရပြီး၊ ရွှေအမြုတေ အဆင့် (၉) ရောက်ရင် ဓာတ်ကြီး ငါးပါး ကျင့်စဉ်နဲ့ ပေါင်းစပ်လို့ ရတယ်...”
“နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာမတွေ့ရင်တော့ နည်းနည်း ပြဿနာ ရှိတယ်... တွေ့ရင်တော့ အကောင်းဆုံးပေါ့... မရှိရင်လည်း... တခြား သစ်သား ဝိညာဉ်အမြစ် မူလဝိညာဉ် ကျင့်စဉ် တစ်ခုခုကို ပြောင်းကျင့်ရမှာပဲ...”
“ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းက အဓိကပဲ...”
“ပြီးတော့ လက်ရှိ ငါ့ရွှေအမြုတေ အရည်အသွေးက အဆင့် (၄) ပဲ ရှိသေးတာ...”
သူ့ ဒန်တျန် အတွင်းရှိ ရွှေအမြုတေကို ခဏတာ အာရုံစိုက် ကြည့်ရှုပြီးနောက် သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်၏။
‘အချိန်တွေ အများကြီး ရှိပါသေးတယ်။
လောလောဆယ် လောကြီးနေစရာ မလိုသေးဘူး’
သူ့ကိုယ်ခန္ဓာ ပြောင်းလဲမှုများကို ထိန်းချုပ်ပြီးနောက် စုယွီသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး၊ ယွီခယ်အာ တို့နှင့်အတူ သူ့ကျင့်ကြံခြင်း အဆင့် အောင်မြင်မှုကို အောင်ပွဲခံလိုက်၏။
ယွီခယ်အာ တို့ကတော့ စုယွီ ကျင့်ကြံခြင်း အဆင့် တက်သွားသည်ဟုသာ သိထားကြပြီး၊ ကံတရားကို အံတုနိုင်လောက်သေယ အခွင့်အရေးကြီး ရရှိခဲ့မှန်း မသိကြပေ။
*
နောက်တစ်နေ့တွင်...
ယွီခယ်အာ တို့နှင့် ပျော်ပါးပြီးနောက် စုယွီသည် လျှို့ဝှက်ခန်း အတွင်းသို့ ပြန်ဝင်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်လေ၏။ သူ၏ ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို အရင်ကျင့်ကြံပြီး၊ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်သည်။ ဘာမှ မပြောင်းလဲပေ။
တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်ကို မျိုချပြီးနောက်၊ စုယွီသည် ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။
“ဝုန်း...”
စုယွီ ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို စတင်လိုက်သည်နှင့် တပြိုင်နက်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ရွှေရောင် ကြေးပြားလေးသည် တုန်ခါသွားသည်။ ဓာတ်ကြီး ငါးပါး ကျင့်စဉ်မှ စုစည်းလိုက်သော မန္တန်စွမ်းအားများ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ထံသို့ စီးဝင်သွားသောအခါ၊ ရွှေရောင် ကြေးပြားလေးသည် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ပေးလိုက်၏။
တစ်ခဏအတွင်းမှာပင် စုယွီ၏ ရွှေအမြုတေ အတွင်း၌ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး၊ တစ်မျိုးတစ်ဖုံ သန့်စင်သွားသကဲ့သို့ ဖြစ်သွားသည်။
ထိုထူးခြားမှုကို သတိထားမိလိုက်သောအခါ စုယွီ အနည်းငယ် အံ့သြသွားပြီး ချက်ချင်း ဝမ်းသာသွားရ၏။
“ဒီကြေးပြားလေးက... ငါ့ ရွှေအမြုတေကို သန့်စင်ပေးနိုင်တာလား...”
လောလောဆယ် ပြောင်းလဲမှုက မသိသာသော်လည်း ကျင့်ကြံခြင်း ဆိုတာ တစ်ရက်တည်းနှင့် ပြီးသည့် ကိစ္စ မဟုတ်ပေ။
နေ့စဉ် စုဆောင်းရရှိမယ့် ရလဒ်တွေက သေချာပေါက် ကြီးမားလာလိမ့်မည်။
ဒါက စုယွီအတွက် ရွှေအမြုတေ အရည်အသွေး အဆင့် (၅)သို့ တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်ကို ပေးစွမ်းလိုက်ခြင်းပင်။
ကျွမ်းကျင်မှု မျက်နှာပြင်ကို ပြန်ကြည့်လိုက်သောအခါ၊ နောက်ထပ် တစ်ရက် ကျင့်ကြံပြီးနောက် သူ၏ ဓာတ်ကြီး ငါးပါး ကျင့်စဉ် ကျွမ်းကျင်မှုသည် (၀.၀၁) ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရ၏။
ဝိညာဉ်အရည် သုံးစွဲထားတာတောင်မှ တိုးတက်မှုနှုန်းက ရွှေအမြုတေ အဆင့် (၁) တုန်းကနှင့် သိပ်မကွာခြားလှပေ။
ဆိုလိုတာက ရွှေအမြုတေ အဆင့် (၃)မှ အဆင့် (၄) ကို ရောက်ဖို့ (၁၆) နှစ်လောက် ကြာလိမ့်မည်။
သို့သော် လက်ရှိ ဓာတ်ကြီး ငါးပါး ကျင့်စဉ် ကျွမ်းကျင်မှုက (၄၃) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သဖြင့်၊ ရွှေအမြုတေ အဆင့် (၄) သို့ ရောက်ရှိရန် နောက်ထပ် (၈) နှစ်၊ (၉) နှစ်လောက်သာ ကြာပေလိမ့်မည်။
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက်၊ စုယွီသည် စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံးကို စိတ်အာရုံဖြင့် ထပ်မံ စူးစမ်းကြည့်လိုက်၏။
သူ့စိတ်အာရုံ ကုန်ခန်းလုနီးပါး ဖြစ်သွားသောအခါ၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို တိတ်တဆိတ် အသုံးပြုပြီး ပြန်လည် ဖြည့်တင်းလိုက်သည်။
အချိန်အတန်ကြာ ကုန်လွန်ပြီးနောက်...
ဤ အင်မော်တယ် ကျင့်စဉ်လုံးမှ တဆင့် သူ၏ ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။
စိတ်အာရုံ ကုန်ခန်းခြင်းနှင့် ပြန်လည် ပြည့်ဝလာခြင်း ကြားကာလတွင်၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်၏ ကျွမ်းကျင်မှုသည် ပိုမို လျင်မြန်စွာ တိုးတက်လာပြီး၊ သူ၏ ဝိညာဉ်ကို ပိုမို ကြီးမား ကျယ်ပြန့်လာစေသလို ပိုမို သန့်စင်လာစေသည်။
ထို့ပြင် အင်မော်တယ် ကျင့်စဉ်လုံးမှ တွေးခေါ်၍ မရနိုင်သော အရှိန်အဝါ သို့မဟုတ် ဝိညာဉ်ဖိအား တစ်ခု ရစ်ိုင်းနေသည်။ ထို ဝိညာဉ်ဖိအားက စုယွီကို ဉာဏ်အလင်း ပွင့်စေသည်။
သိထားရမည်မှာ ကျင့်ကြံသူ တစ်ဦးသည် ရွှေအမြုတေ အဆင့် ရောက်မှသာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စတင် နားလည် သဘောပေါက်လာခြင်းပင်။
ဝိညာဉ်ဖိအား ဆိုတာ ၎င်းနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်နေလေ၏။
အင်မော်တယ် ကျင့်စဉ်၏ ဝိညာဉ်ဖိအားကို နားလည် သဘောပေါက်ခြင်းဖြင့်၊ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပိုမို သိမ်မွေ့စွာ ထိန်းချုပ်လာနိုင်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို မြှင့်တင်နိုင်ပေလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြန်သည်။ စုယွီသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက် နှစ်မြှုပ်နေခဲ့၏။
အပြင်လောကတွင်...
ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှ တာအိုရုပ်သေး ပြန်ရောက်လာပြီး (၁) နှစ် အကြာတွင်၊ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။
“ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှာ ဗရုတ်သုတ်ခ လုပ်ခဲ့တဲ့ 'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' ဆိုတဲ့ကောင်ကို ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က ဇီကွမ်း နယ်မြေ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပိုင်နက်ထဲထိ လိုက်လံ တိုက်ခိုက်နေသတဲ့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ လက်အောက်ခံ အင်မော်တယ် မြို့ငယ်လေး တစ်မြို့လုံး အဲဒီ မိစ္ဆာကျင့်ကြံသူရဲ့ သွေးယဇ်ပူဇော်ခြင်း ခံလိုက်ရတယ်တဲ့လား...”
‘အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော်လိုက်တာ…’
ထိုသတင်းကို ကြားလိုက်ရသောအခါ စုယွီ ကြက်သီးထသွားရသည်။
:'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့ ဒီလူက ဒီလောက်တောင် ရူးသွပ်ပြီး ရက်စက်ရတာလား။
သတ္တိလည်း အတော်ကောင်းတဲ့ ကောင်ပဲ။
ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က လိုက်သတ်နေတာတောင်မှ ဇီကွမ်း နယ်မြေက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ကို သွားပြီး ရန်စရဲသေးတယ်..
သူက ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် သခင်ကြီး ဆိုတဲ့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါးစလုံး သူ့နောက် လိုက်လာအောင် ကြံစည်နေတာများလား’
ဆက်လက် စဉ်းစားရင်း စုယွီ၏ မျက်နှာထားသည် ထူးဆန်းလာ၏။
‘တကယ်လို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သာ ဒီကောင်ကြောင့် ဗရုတ်သုတ်ခ ဖြစ်သွားမယ်ဆိုရင်၊ တာ့ယွဲ့ နယ်မြေကို စစ်တိုက်ဖို့ အင်အား စိုက်ထုတ်နိုင်ပါဦးမလား။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သာ မလှုပ်ရှားရင်၊ တခြားကောင်တွေလည်း ထင်ရာစိုင်းရဲမှာ မဟုတ်ဘူး။
သူတို့ လှုပ်ရှားရဲမှသာ...
အဲဒီအချိန်ကျရင် သူတို့က တာ့ယွဲ့ နယ်မြေကို တိုက်ခိုက်မှာလား၊ ဒါမှမဟုတ် တာ့ယွဲ့ နယ်မြေကပဲ ပြန်ပြီး သူတို့ကို ရှင်းလင်းပစ်ရမလား ဆိုတာ စောင့်ကြည့်ရမှာပေါ့’
ကိုးဝိညာဉ် မိစ္ဆာ နန်းတော်နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှစ်ခုစလုံးကို တစ်ပြိုင်နက် ရန်စရဲပြီး၊ အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော်ရဲသည့် 'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' ဆိုသည့် မိစ္ဆာကျင့်ကြံသူကို စုယွီ အနည်းငယ် သတိထားနေသော်လည်း၊ ဒီလူက တကယ့် မိစ္ဆာကြီး ဆိုတာတော့ သေချာ၏။
သို့သော် လက်ရှိ အခြေအနေအရ ဆိုလျှင်တော့ စိတ်သက်သာစရာ ရသွားသည်။
:ဘယ်သူမှ မလှုပ်ရှားတာ အကောင်းဆုံးပဲ။
ဒါမှလည်း သူ အေးအေးဆေးဆေး ကျင့်ကြံပြီး စွမ်းအား မြှင့်တင်ဖို့ အချိန်ရမှာပေါ့’
***