အခြား လူငယ်ကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီးတို့မှာလည်း အံ့သြသည့် အမူအရာများ ဖြစ်ပေါ်သွားကြသည်။
သူတို့သည် ယခုအချိန်တွင် လူလွတ်သွားပြီ ဖြစ်သော စားပွဲဝိုင်းဘက်သို့ စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သော်လည်း ထိုနေရာ၌ မည်သူမျှ မရှိတော့ပေ။
“ငါ မှတ်မိတယ်... ခုနက အဲဒီမှာ ဆံပင်ဖြူဖြူနဲ့ အဘိုးအိုတစ်ယောက် ထိုင်နေတာ မဟုတ်လား...”
မိန်းကလေးက ရုပ်သေး၏ ပုံသဏ္ဍာန်ကို ပြန်လည် အမှတ်ရလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒုတိယအဆင့် ဝိညာဉ်အရည် နဲ့ ဒုတိယအဆင့် အဆောင်လက်ဖွဲ့တွေကို ဒီလောက် ပေါ့ပေါ့ပါးပါး ပေးသွားနိုင်တယ် ဆိုမှတော့... အဲဒီလူက အနည်းဆုံး အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ ဖြစ်ရမယ်... ပြီးတော့ သူက ငါတို့နဲ့ ပတ်သက်ဆက်နွယ်မှု တစ်ခုခု ရှိနေလောက်တယ်... ယွင်ကျန်းဂိုဏ်းကလား... ဒါမှမဟုတ် စုမိသားစုကလား... ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာပဲ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ပညာရပ် ရှိတာကိုး... သူ့နာမည်တောင် မသိလိုက်ရတာ နှမြောစရာပဲကွာ...”
ကျန်သော လူငယ်ကျင့်ကြံသူ နှစ်ဦးမှာလည်း စိတ်လှုပ်ရှားနေကြသည်။
ခရီးတစ်ထောက် နားနေရင်း စားသောက်ဆိုင်မှာ ဒီလို ကံကောင်းမှုမျိုး ကြုံရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
ချီစုစည်းခြင်း အဆင့် (၆) ၊ (၇) လောက်သာ ရှိသေးသော သူတို့အတွက်၊ ဒုတိယအဆင့် ဝိညာဉ်အရည် ဆိုသည်မှာ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားကို အကြီးအကျယ် တိုးတက်စေနိုင်မည့် ရတနာများ ဖြစ်၏။
ဝိညာဉ်အရည်၏ အကူအညီဖြင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်များပင် ချိုးဖြတ် အောင်မြင်သွားနိုင်သည်။
“အခွင့်အရေး ပေးသနားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...”
ပစ္စည်းများ ပေးသွားသူ ထွက်ခွာသွားပြီ ဖြစ်သော်လည်း၊ လူငယ် သုံးဦးသည် လူမရှိသော စားပွဲဝိုင်းဘက်သို့ လှည့်ကာ ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။ ထို့နောက် သူတို့လည်း ကပျာကယာ ထွက်ခွာသွားကြလေသည်။
ဤသည်မှာ တာအိုရုပ်သေး အတွက် လက်ဆောင်အသေးအမွှားလေး တစ်ခု ပေးလိုက်ခြင်းမျှသာ ဖြစ်၏။ သူ၏ လက်ရှိ အဆင့်အတန်းဖြင့် ဆိုလျှင် သူ ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော ပစ္စည်းများသည် သာမန် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အဖိုးတန် ရတနာများ ဖြစ်နေတတ်သည်။ သူတို့အတွက် ကံကောင်းခြင်း တစ်ခုကို အလွယ်တကူ ဖန်တီးပေးလိုက်ခြင်းပင်။
အခြားတစ်ဖက်တွင်...
သတင်းအချက်အလက် ရရှိပြီးနောက် တာအိုရုပ်သေးသည် သူ၏ လျှို့ဝှက် ဂူစံအိမ်သို့ ပြန်လာပြီး၊ ကိုယ်ခန္ဓာကို ပြုပြင်ရန် ဝိညာဉ်သတ္တုရိုင်းများကို ဆက်လက် စုပ်ယူလေ၏။
‘တာအိုဆရာ ရွှမ်မင် ဆိုတဲ့ကောင် မာန်တက်ပြီး တာ့ယွဲ့ နယ်မြေဘက် ရောက်မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ... မဟုတ်ရင်...’
တာအိုရုပ်သေး တွက်ချက်လိုက်မိ၏။ အကယ်၍ ထိုကဲ့သို့သော မိစ္ဆာကောင် ရောက်လာခဲ့လျှင် အမှန်တကယ်ပင် ကပ်ဘေးဆိုးကြီး ဖြစ်လာပေလိမ့်မည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ။
ချင်းယွဲ့ တောင်ထွတ်အောက်၊ တစ်ဝက်တစ်ပျက် ပြိုကျနေသော အင်မော်တယ် ခန်းမဆောင်ကြီး၏ အောက်ဘက်ရှိ ဂူစံအိမ် အတွင်း၌...
စုယွီသည် ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို တစ်နာရီကျော်ကြာ လေ့ကျင့်ပြီးနောက်၊ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသဖြင့် ကျင့်စဉ် လည်ပတ်နေမှုကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်၏။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။
“ဟူး...”
သူ၏ အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်သို့ ရွှေ့လိုက်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
“ဓာတ်ကြီး ငါးပါး ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက (၀.၀၂) ရာခိုင်နှုန်း ကျော်ကျော်လေး တက်လာပါလား...”
ထိုအရာကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ဖြတ်သန်းသွားသည်။
လွန်ခဲ့သော (၁) နှစ်ကနှင့် ယှဉ်လျှင် သူ၏ ကျင့်ကြံနှုန်းသည် (၅၀) ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ခြင်းပင်။
ဤတိုးတက်မှု နှုန်းထားသည် အမှန်တကယ် အံ့သြဖွယ် ကောင်းလှ၏။
ယခင်က ရွှေအမြုတေ အဆင့် (၃) မှ အဆင့် (၄) သို့ တက်လှမ်းရန် (၁၆) နှစ် ကြာမြင့်ခဲ့သည်။ သို့သော် ယခုအခါ (၁၃) နှစ်ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။
(၁) နှစ်အတွင်း ဓာတ်ကြီး ငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှု (၇) ရာခိုင်နှုန်းကျော် စုဆောင်းနိုင်မည် ဖြစ်၏။
[ အမည် - စုယွီ ]
[ ကျင့်ကြံခြင်း အဆင့် - ရွှေအမြုတေ အဆင့် (၃) ]
[ သက်တမ်း - (၁၄၂) / (၁၀၁၀) နှစ် ]
[ ကျင့်စဉ်များ - ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၅၁.၈၄%) ၊ မိကျောင်းမိစ္ဆာ ၁၀၈ ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် - ၂၂ ၊ ကျွမ်းကျင်မှု ၁၀.၁၁%) ၊ သွေးဝေလငါး လမင်းမြို နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၂၀%) ၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၆၇.၁၉%) ]
[ သိုင်းနည်းစနစ်များ - သစ်နွယ်ရှင် (ပြီးပြည့်စုံခြင်း) ၊ ဝိညာဉ်ပျိုးထောင်ခြင်း (ပြီးပြည့်စုံခြင်း) ... ရေခဲနှင့် မီး ဝိညာဉ်ဆင့်ခေါ်ခြင်း (ပြီးပြည့်စုံခြင်း) ၊ နဂါးပျံ ဖီးနစ် ကကြိုး (ပြီးပြည့်စုံခြင်း) ၊ ရေခဲနှင့် မီး ငရဲဘုံ (ပြီးပြည့်စုံခြင်း) ၊ ယင်ယန် ထွက်ပြေးခြင်း (ပြီးပြည့်စုံခြင်း) ]
“ဓာတ်ကြီး ငါးပါး ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက (၅၁) ရာခိုင်နှုန်း ရောက်နေပြီ... လက်ရှိ တိုးတက်မှုနှုန်းနဲ့ ဆိုရင် ရွှေအမြုတေ အဆင့် (၄) ကို ရောက်ဖို့ (၆) နှစ် ကျော်ကျော်လောက်ပဲ လိုတော့မယ်...”
စုယွီ တွက်ချက်ကြည့်ပြီးနောက် ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ပြန်ကြည့်လိုက်သောအခါ အဆင့် (၂၂) သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ မန္တန်စွမ်းအား ကျင့်ကြံမှု အဆင့်အရ ဆိုလျှင် ရွှေအမြုတေ အဆင့် (၄) နှင့် ညီမျှနေပြီ ဖြစ်သည်။
ယခုဆိုလျှင် စုယွီ၏ ကိုယ်ခန္ဓာ ခံနိုင်ရည် စွမ်းအားသည် သာမန် ထိပ်တန်း ကာကွယ်ရေး မှော်လက်နက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေလေပြီ။
တတိယအဆင့် အလယ်အလတ်တန်းစား နယ်ပယ်ထဲသို့ ဝင်ရောက်ကာစ မိစ္ဆာသားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်တောင်မှ၊ သူသည် ကိုယ်ခန္ဓာ အစစ်ဖြင့် တိုက်ရိုက် ရင်ဆိုင်ရဲသည့် အခြေအနေပါပင်။
နောက်ထပ် သူ၏ ဝိညာဉ်စွမ်းအား၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်သည် တတိယအဆင့်၌ ကျွမ်းကျင်မှု (၆၇) ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား၏ ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်းနှင့် ညီမျှသော အဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။
“မကြာခင် ရောက်တော့မှာပါ...”
စုယွီ ကိုယ့်ကိုယ်ကို အားပေးလိုက်၏။
ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်မှ အာရုံကို ရုပ်သိမ်းလိုက်ပြီးနောက်၊ စုယွီသည် သူ၏ ဒန်တျန် အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။
ဒန်တျန် အတွင်းရှိ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို ကြည့်လိုက်ရာ၊ လွန်ခဲ့သော (၁) နှစ်ကနှင့် ယှဉ်လျှင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၏။ ယခင်က သူ၏ အလယ်အလတ်အဆင့် ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို အဆင့်နိမ့် ဝိညာဉ်အမြစ်နှင့် နှိုင်းယှဉ်လျှင် သာမန် ကျောက်စိမ်းတုံးဟု သတ်မှတ်နိုင်ခဲ့သော်လည်း...
ယခုအခါ သူ၏ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် ကြည်လင်တောက်ပနေသော ထိပ်တန်း အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ ကဲ့သို့ပင် ဖြစ်နေလေပြီ။
စုယွီသည် သူ၏ ဝိညာဉ်အမြစ် ပြောင်းလဲသွားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။ မူလက သူ၏ ဝိညာဉ်အမြစ်အပေါ် တုံ့ပြန်မှု နည်းပါးသော သဘာဝ ဝိညာဉ်စွမ်းအင်များသည်၊ ယခုအခါ သူ့ပတ်ဝန်းကျင်တွင် တက်ကြွစွာ စုဝေးလာကြပြီး ပိုမို ရင်းနှီးကျွမ်းဝင်လာကြသည်။
ဝိညာဉ်အမြစ်၏ လွှမ်းမိုးမှုအောက်တွင် ထို သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်လာကြပြီး၊ သူ့ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနေကြ၏။
ထို့အပြင်...
ကမ္ဘာလောက၏ သဘာဝ စွမ်းအားများကို အာရုံခံနိုင်စွမ်းကလည်း ပိုမို သက်တောင့်သက်သာ ဖြစ်လာသည်။
သူ၏ ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် မနေ့ညက လုံးဝ အသွင်ပြောင်းလဲသွားခဲ့ပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်မှ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် အဖြစ်သို့ ကူးပြောင်းသွားခဲ့ခြင်းပင်။
ယခုအခါ စုယွီသည် ထိပ်တန်း ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ပါရမီရှင် တစ်ယောက် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများကို နားလည် သဘောပေါက်လာပြီ ဖြစ်၏။
ကမ္ဘာလောကကြီးက ဂရုမစိုက်သော သားဆိုးလေး ဘဝမှ၊ အချစ်တော် သားလေး ဘဝသို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားစဉ်က၊ ကမ္ဘာလောက၏ စွမ်းအားများကို အာရုံခံရာတွင် ပါးလွှာသော အမြှေးပါး တစ်ခု ခံနေသကဲ့သို့ ဖြစ်နေခဲ့၏။
သို့သော် ယခုအခါ ကမ္ဘာလောက၏ စွမ်းအင်များကို အာရုံခံရာတွင် ပိုမို ကြည်လင်ပြတ်သားလာပြီး သက်ဝင်လှုပ်ရှားလာသည်။
အရေးကြီးဆုံး အချက်ကတော့ သူ၏ ကျင့်ကြံနှုန်း သိသိသာသာ မြန်ဆန်လာခြင်းပင်။
“ငါ့မှာသာ အစကတည်းက ထိပ်တန်း ဝိညာဉ်အမြစ် ရှိခဲ့မယ်ဆိုရင်၊ အခုလောက်ဆို ငါ့ကျင့်ကြံခြင်းက ရွှေအမြုတေ အဆင့် (၉) ကို ရောက်နေလောက်ပြီ... မူလဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ အသင့်ဖြစ်နေလောက်ပြီ...”
စုယွီ စိတ်ထဲတွင် နှမြောတသစွာ ညည်းတွားလိုက်မိ၏။
သူ့ ဝိညာဉ်အမြစ်က အနိမ့်ဆုံး အဆင့်မှ ထိပ်တန်း အဆင့် အထိ ပြောင်းလဲလာလိမ့်မည်ဟု ဘယ်သူ ထင်ထားမညါလဲ။
ကမ္ဘာမြေ ဝိညာဉ်အမြစ်တို့၊ ကောင်းကင် ဝိညာဉ်အမြစ်တို့ ပိုင်ဆိုင်ထားသည့် ပါရမီရှင်တွေ၊ ဘီလူးကောင်တွေနှင့် ယှဉ်၍ မရသေးပေမယ့်၊ စုယွီ အတွက်ကတော့ ထိပ်တန်းအဆင့် ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် ပိုင်ဆိုင်ခွင့် ရတာနှင့်တင် ကျေနပ်လွန်းနေပါပြီ။
ဒန်တျန် အတွင်းရှိ ရွှေရောင် ကြေးပြား အပိုင်းအစလေးကို ကြည့်ရင်း၊ စုယွီ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။
ဒီပစ္စည်းကို... ငါ မူလဝိညာဉ် အဆင့် ရောက်ရင် ထိတွေ့လို့ ရနိုင်မလား။
***