ယခုအခါ အိန္ဒိယ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု တစ်ခုလုံးသည် ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ အစောင့်အရှောက် ဖရီးဂိတ်သင်္ဘောများနှင့် ဖျက်သင်္ဘောများသည် နစ်မြုပ်သွားခဲ့ပြီ သို့မဟုတ် နစ်မြုပ်နေဆဲ ဖြစ်ရာ ဗဟိုချက်ရှိ ဗီကရန့် လေယာဉ်တင်သင်္ဘောကို ဆက်လက် မကာကွယ်နိုင်တော့ပေ။
အားကောင်းသော သင်္ဘောဖျက် ဒုံးကျည်များရှေ့တွင် လေယာဉ်တင်သင်္ဘော၏ မူလကတည်းက အားနည်းလှသော ကာကွယ်ရေး စွမ်းရည်များသည် ယခုအချိန်၌ အထင်းသား ပေါ်လွင်နေတော့သည်။
ဗီကရန့် လေယာဉ်တင်သင်္ဘောကြီး၏ အော်တို ၇၆ မီလီမီတာ ရေတပ်အမြောက် ၄ လက်နှင့် AK-630 ၃၀ မီလီမီတာ အော်တို အမြောက် ၃ လက်တို့က မည်မျှပင် အစွမ်းကုန် ကြိုးစား ပစ်ခတ်နေပါစေ… ဗီကရန့်၏ ဧရာမ ကိုယ်ထည်ကြီးသည် ချွန်ထက်သော ဓားများကဲ့သို့ ထိုးစိုက် ဝင်လာသည့် သင်္ဘောဖျက် ဒုံးကျည်များကို ကာကွယ်ရန် စွမ်းဆောင်နိုင်စွမ်း မရှိတော့သကဲ့သို့ ဖြစ်နေသည်။
ဝှစ်…
ဖြူလွှလွှ ဓားရှည်ငါး သင်္ဘောဖျက် ဒုံးကျည်တစ်စင်းသည် လေထဲ၌ လှပသော စက်ဝန်းသဏ္ဍာန် လမ်းကြောင်းတစ်ခုကို ရေးဆွဲကာ ဗီကရန့် လေယာဉ်တင်သင်္ဘော၏ သိပ်သည်းလှသော ကြားဖြတ် ပစ်ခတ်မှုများကို ရှောင်ကွင်းသွားလေသည်။
ဘုန်း…
ထို့နောက် ဓားရှည်ငါး သင်္ဘောဖျက် ဒုံးကျည်သည် လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်မှနေ၍ အောက်ဘက်သို့ ဖောက်ထွင်း ဝင်ရောက်သွားပြီး သင်္ဘောသားများ၏ အိပ်ဆောင်များကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ဒုတ်ကနဲ အသံနှင့်အတူ လေယာဉ်တင်သင်္ဘော၏ အမြီးပိုင်းတွင် စိုက်ဝင်သွားလေသည်။
ဒုံးကျည်ထိပ်ဖူးသည် အနီရောင် လင်းလက်သွားပြီး စက္ကန့်အနည်းငယ်မျှ ကြန့်ကြာပြီးနောက် ဘုန်းခနဲ ဟိန်းဟောက် ပေါက်ကွဲသွားလေတော့သည်။
၉၀၀ ကီလိုဂရမ်ရှိသော ဓားရှည်ငါး သင်္ဘောဖျက် ဒုံးကျည်၏ ထိပ်ဖူးသည် ကြောက်မက်ဖွယ် ကောင်းသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေသည်။ ပေါက်ကွဲမှုသည် လေယာဉ်တင်သင်္ဘော၏ အောက်ခြေကို တိုက်ရိုက် ပွင့်ထွက်သွားစေပြီး ဧရာမ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာကာ ထိုနေရာမှတစ်ဆင့် ပင်လယ်ရေများသည် သင်္ဘောအတွင်းသို့ ဒလဟော ဝင်ရောက်လာကြသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤပေါက်ကွဲမှုသည် လေယာဉ်တင်သင်္ဘော၏ ပန်ကာကိုပါ ပျက်စီးသွားစေခြင်းပင် ဖြစ်သည်။
လေယာဉ်တင်သင်္ဘော၏ အမြန်နှုန်းသည် ချက်ချင်း ထိုးကျသွားပြီး ရေမိုင် နှစ်ဆယ်ကျော် အမြန်နှုန်းမှ နေ၍ ခရုတစ်ကောင် တွားသွားသကဲ့သို့ ရေမိုင် ငါးမိုင်၊ ခြောက်မိုင်ခန့် အထိ လျော့ကျသွားလေသည်။
ရွေ့လျားနိုင်စွမ်းကို ဆုံးရှုံးသွားသောအခါ ဗီကရန့်၏ နောက်ဆုံး လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် ရောင်ခြည်လေးသည်လည်း လုံးဝ ငြိမ်းသတ်ခံလိုက်ရလေပြီ။
နံနက် ၈ နာရီ ၀၃ မိနစ်တွင် ငါးပျံ သင်္ဘောဖျက် ဒုံးကျည်တစ်စင်းသည် လေယာဉ်တင်သင်္ဘော၏ လေယာဉ်ရုံအတွင်း၌ ပေါက်ကွဲသွားသည်။ ၎င်း၏ ပေါက်ကွဲမှု လှိုင်းဂယက်သည် ထိုနေရာတွင် သိမ်းဆည်းထားသော အပို လေယာဉ် အစိတ်အပိုင်းများကို ဖျက်ဆီးပစ်လိုက်ပြီး လေယာဉ်ရုံ အတွင်း ကျန်ရှိနေသော လေယာဉ်သုံး လောင်စာဆီများကို မီးကူးစက်သွားစေကာ လေယာဉ်ရုံ တစ်ခုလုံးတွင် ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များ ပြန့်နှံ့သွားစေသည်။
အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသော ပျက်စီးဆုံးရှုံးမှု ထိန်းချုပ်ရေး ဝန်ထမ်းများသည် ဆက်တိုက် တောက်လောင်နေသော မီးတောက်များကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် နောက်လှည့် ထွက်ပြေးကြလေတော့သည်။
နောက်ထပ် သုံးမိနစ်အတွင်းမှာပင် ဗီကရန့် လေယာဉ်တင်သင်္ဘောသည် သင်္ဘောဖျက် ဒုံးကျည် ငါးစင်း ဆက်တိုက် ထိမှန်သွားခဲ့သည်။
တန်ချိန် ၄၃,၀၀၀ ရှိသော အလတ်စား လေယာဉ်တင်သင်္ဘောကြီးသည် ပေါက်ကွဲမှုများကြောင့် ဆိုးရွားစွာ ပျက်စီးသွားပြီး နေရာတိုင်းတွင် မီးတောက်များနှင့် မီးခိုးထူများ ဖုံးလွှမ်းနေသည်။
သို့သော်လည်း လေယာဉ်တင်သင်္ဘော၏ အရန် အတားအဆီးများ ရှိနေသေးသလို ရေလုံခန်း များစွာလည်း ရှိနေသေးသည်။ အလျား ၂၆၀ မီတာ၊ အနံ ၆၀ မီတာနှင့် ၁၄ ထပ်တိုက် အမြင့် ရှိသော ဗီကရန့်သည် သင်္ဘောဖျက် ဒုံးကျည် ငါးစင်းကြောင့်တော့ ချက်ချင်း နစ်မြုပ်မသွားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဧရာမ ပေါက်ကွဲမှုကြီးများသည် ဗီကရန့် လေယာဉ်တင်သင်္ဘောပေါ်ရှိ ကာကွယ်ရေး လက်နက်များကို အများစု ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ယခု လက်ရှိတွင် ဗီကရန့်သည် အဝတ်အစားမဲ့နေသော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး ကျဲခယ်အဖွဲ့က သူတို့ လုပ်ချင်ရာ လုပ်ခွင့်ပြုထားရသကဲ့သို့ ဖြစ်နေတော့သည်။
"တပ်မှူးကြီး... ဆုတ်ခွာရအောင်... မြန်မြန် ဆုတ်ခွာရအောင် ဒီရေတပ်စစ်ပွဲမှာ ကျွန်တော်တို့ ရှုံးသွားပါပြီ။ နောက်လာမယ့် တိုက်ပွဲတွေအတွက် ခင်ဗျား အသက်ရှင်နေမှ ဖြစ်မယ်”
တံတားဦးပိုင်း ကွပ်ကဲမှုစင်တာအတွင်း၌ ရေတပ်အရာရှိ အချို့သည် မျက်ရည်များ စီးကျနေသော ကူးမားကို အတင်းအဓမ္မ ဆွဲခေါ်ကာ အပြင်သို့ ဒရွတ်တိုက် ဆွဲထုတ်သွားကြသည်။
အရာရှိများအားလုံးသည် အိန္ဒိယနိုင်ငံမှ ဇာတ်မြင့် လူတန်းစားများ ဖြစ်ကြသည်။ သူတို့တွင် သင်္ဘောနှင့်အတူ နစ်မြုပ်ခံမည့် စိတ်ပိုင်းဖြတ်မှု သို့မဟုတ် သတ္တိမျိုး လုံးဝ မရှိကြပေ။
"မင်း... မင်းတို့ ခွေးကောင်တွေ... မင်းတို့ ငါ့ကို ဖျက်ဆီးလိုက်တာပဲ... ဖျက်ဆီးလိုက်တာပဲ။ ငါ့တစ်သက်လုံး တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေတော့ ကုန်ပါပြီကွာ"
ကူးမားသည် ဆဲဆိုလိုက်ပြီး ဟန်ပြအနေဖြင့် အကြိမ်အနည်းငယ် ရုန်းကန်လိုက်ကာ သူ၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အမူအရာကို ထုတ်ဖော် ပြသရင်း တံတားဦးပိုင်း ကွပ်ကဲမှုစင်တာမှနေ၍ ဒရွတ်တိုက် ဆွဲထုတ်ခံလိုက်သည်။
အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ လေယာဉ်တင်သင်္ဘော၏ သနားစရာကောင်းလှသော အခြေအနေကို သူ မြင်လိုက်ရသည်။ နေရာတိုင်းတွင် အပိုင်းပိုင်း ပြတ်တောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြန့်ကျဲနေပြီး ကုန်းပတ်ပေါ်တွင် သွေးများ စွန်းထင်းနေသည်။
ဘုန်း
နောက်ထပ် သင်္ဘောဖျက် ဒုံးကျည်တစ်စင်းသည် ကုန်းပတ်ပေါ်တွင် ပေါက်ကွဲသွားပြီး အသက်ကယ်လှေများဆီသို့ လုယက် ပြေးလွှားနေကြသော ရေတပ်စစ်သားများစွာသည် ပေါက်ကွဲမှု၏ မီးတောက်များအတွင်း ဝါးမြိုခံလိုက်ရသည်။
ပေါက်ကွဲမှု လှိုင်းဂယက်သည် အသားစများ ဖြစ်သွားသော ရေတပ်စစ်သားများကို ပင်လယ်ထဲ လွင့်စင်သွားစေပြီး ကုန်းပတ်ပေါ်တွင် အကျယ် မီတာနှစ်ဆယ်ခန့်ရှိသော အပေါက်ကြီးတစ်ခုကို ချန်ရစ်ခဲ့ကာ ကုန်းပတ်၏ သံမဏိများသည် ကတော့ပန်းတစ်ပွင့်ကဲ့သို့ အပြင်ဘက်သို့ ကွေးလန်ထွက်နေသည်။
ပြတ်ထွက်နေသော လက်တစ်ဖက်သည် ပေါက်ကွဲမှု လှိုင်းဂယက်ကြောင့် လွင့်စဉ်လာပြီး ကူးမား၏ ခြေရင်းတွင် ကျလာသည်။ မည်းတူးနေသော ပြတ်ထွက်နေသည့် လက်နှင့်အတူ သွေးနံ့အပြင်းစား သယ်ဆောင်လာသော လေအေးက သူ၏ နှာခေါင်းဝတွင် ဝဲပျံနေသဖြင့် ကူးမားကို မထိန်းချုပ်နိုင်အောင် တုန်ရီသွားစေပြီး တစ်ကိုယ်လုံး ချမ်းစိမ့်သွားလေသည်။
"ဆုတ်ခွာမယ်... မြန်မြန် ဆုတ်ခွာကြစို့”
သေရမည်ကို ကြောက်စိတ်ကြောင့် ကူးမားသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အရာရှိများ၏ တွဲကူထားမှုမှ ရုန်းထွက်ကာ အသက်ကယ်လှေ၏ ကြိုးများကို ဖြုတ်ရန် အရှေ့သို့ ပြေးသွားလေတော့သည်။
အရာရှိများသည် ကြက်သေသေသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သူ၏ နောက်သို့ အမြန် လိုက်သွားကြသည်။
"တပ်မှူးကြီး... ကျွန်တော့်ကို စောင့်ပါဦး”
"ငါ လှေပေါ် မရောက်သေးဘူးကွ"
"ဟေ့ကောင်တွေ... မင်းတို့လို အောက်တန်းစားတွေ တက်ရမယ့်လှေ မဟုတ်ဘူး... ထွက်သွားကြ။ မင်းတို့ဘာသာ လွတ်အောင်ပြေးဖို့ နည်းလမ်းရှာကြ”
"မြန်မြန်လှော်... မြန်မြန်လှော်... လေယာဉ်တင်သင်္ဘောနားမှာ အန္တရာယ်များတယ်။ ဒီနေရာကနေ အရင်ဆုံး ဝေးဝေးသွားကြစို့”
အကြီးတန်း ရေတပ်အရာရှိ တစ်စုသည် အသက်ကယ်လှေပေါ်သို့ လုယက် တက်သွားကြပြီး နေရာယူကာ နစ်မြုပ်တော့မည့် ဗီကရန့် လေယာဉ်တင်သင်္ဘောထံမှနေ၍ အသည်းအသန် လှော်ခတ် ထွက်ပြေးကြရင်း လှေပေါ်တက်ချင်နေသော အခြား ရေတပ်စစ်သားများကို အော်ဟစ် မောင်းထုတ်နေကြသည်။
"လှေပေါ်မှာ နေရာတွေ အများကြီး ရှိသေးတာကို ဘာလို့ ငါတို့ကို ပေးမတက်တာလဲ”
"ငါတို့ အကုန်လုံး သေတော့မယ့်ဟာကို မင်းတို့က အခုထိ မောက်မာနေတုန်းပဲ... ငါတို့ကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူးပဲ”
"သူတို့ကို ဂရုမစိုက်နဲ့... လှေပေါ်တက်။ ငါ အသေမခံနိုင်ဘူး”
အရာရှိများ၏ တစ်ကိုယ်ကောင်း ဆန်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ အိန္ဒိယ ရေတပ်စစ်သားများ၏ မျက်လုံးများတွင် ဒေါသများ လင်းလက်သွားသည်။ သေမင်းနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အဆင့်အတန်း ကွာခြားချက်များကို ဂရုမစိုက်တော့ဘဲ အသက်ကယ်လှေများပေါ်သို့ အတင်းအဓမ္မ ပြေးတက်ကြလေသည်။
"မင်းတို့ သတ္တိကောင်းလှချည်လား"
အကြီးတန်း အရာရှိတစ်ဦးသည် သူ၏ ပစ္စတိုကို ဆွဲထုတ်ကာ လူအုပ်ထဲသို့ 'ဒိုင်း... ဒိုင်း' ဟု ပစ်ခတ်လိုက်သည်။
အော်ဟစ်သံများနှင့်အတူ စစ်သား အနည်းငယ် လဲကျသွားသည်။
သို့သော် ဤလုပ်ရပ်သည် ရေတပ်စစ်သားများကို ကြောက်လန့်မသွားစေဘဲ သူတို့၏ ဒေါသကို ပိုမို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
"သူတို့ကို ချကွာ"
အိန္ဒိယ ရေတပ်စစ်သား အများအပြားသည် အော်ဟစ်လိုက်ကြပြီး အရာရှိက သူ၏ ကျည်ကတ်ကို ပြန်လည်ဖြည့်တင်းနေစဉ်အတွင်း သူတို့သည် အသက်ကယ်လှေပေါ်သို့ ဒေါသတကြီး ပြေးတက်သွားကြကာ ခုနက ပစ်ခတ်ခဲ့သော အကြီးတန်း အရာရှိကို လက်သီးများ၊ ခြေထောက်များဖြင့် ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ကြပြီးနောက် ရေနစ်သေဆုံးစေရန် ပင်လယ်ထဲသို့ ပစ်ချလိုက်ကြသည်။
အခြား အကြီးတန်း အရာရှိများလည်း မသက်သာပေ။ သူတို့သည်လည်း ရေတပ်စစ်သားများ၏ သဲအိတ်များသဖွယ် သဘောထားခံရကာ ရက်စက်စွာ ထိုးကြိတ်ခံရလေသည်။
အကြီးတန်း အရာရှိများကို ထိုးကြိတ်ရုံသာမက အသက်ကယ်လှေများတွင် နေရာ အကန့်အသတ် ရှိနေသောကြောင့် ရေတပ်စစ်သားများသည်လည်း မကြာမီမှာပင် အချင်းချင်း သတ်ဖြတ်ကြလေတော့သည်။ အသက်ကယ်လှေပေါ်ရှိ နေရာလေးများအတွက် လုယက်ရင်း အချင်းချင်း ထိုးကြိတ်ကြကာ သေနတ်များပင် အသုံးပြုလာကြသဖြင့် မြင်ကွင်းသည်ကား မကြည့်ရက်စရာပင်…။
***