တပ်မှူး ဖန်ဟုန်ထိုက်သည် သင်္ဘော၏ လက်ရန်းကို မှီလိုက်သည်။ ချွန်ထက်သော သင်္ဘောဦးပိုင်းက လှိုင်းများကို ခွဲထွက်နေသည်။ သူက ဆက်ပြောသည်။
"ခင်ဗျား ပြောတဲ့ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကိုလည်း ကျုပ်က ယှဉ်ပြီး တိုက်ခိုက်ချင်နေတာ ကြာပြီ။ ခင်ဗျားတို့ အိန္ဒိယ ရေတပ်က အားနည်းလွန်းတယ်။ ကမ္ဘာမြေရဲ့ နံပါတ်တစ် ရေတပ်လို့ ကြွေးကြော်ထားတဲ့ သူတို့ အမေရိကန်ရဲ့ တကယ့် အင်အားအစစ်အမှန်ကို ကျုပ်က စမ်းသပ်ကြည့်ချင်တာ”
"မောက်မာလိုက်တာ"
ကူးမားသည် တပ်မှူး ဖန်ဟုန်ထိုက်၏ တက်ကြွနေသော အမူအရာကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။
ယခုအခါ အမေရိကန်ပြည်ထောင်စုက ကျဲခယ်အဖွဲ့ကို သင်ခန်းစာပေးပြီး သူတို့၏ ကိုယ်ပျောက် ခရူဇာသင်္ဘောများကို ဖျက်ဆီးပစ်နိုင်ရန်သာ သူ မျှော်လင့်နိုင်တော့သည်။
ထိုသို့မဟုတ်ပါက အနာဂတ်တွင် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှရှိ နိုင်ငံအားလုံးသည် ကျဲခယ်အဖွဲ့၏ ဒေါသကို ရင်ဆိုင်ရမည် ဖြစ်ပြီး သူတို့၏ သင်္ဘောအုပ်စုကြောင့် အမြဲတစေ ခြိမ်းခြောက်ခံရနိုင်ပေသည်။
"သူ့ကို ခေါ်သွားလိုက်။ သူ့ကို ကြမ်းကြမ်းတမ်းတမ်းတော့ မဆက်ဆံနဲ့။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ ဖမ်းမိထားတဲ့ ရာထူးအမြင့်ဆုံး အိန္ဒိယ အရာရှိပဲ... အိန္ဒိယနိုင်ငံက သူ့အတွက် ရွေးကြေးငွေ ပေးချင်၊ မပေးချင် စောင့်ကြည့်ရသေးတာပေါ့”
တပ်မှူး ဖန်ဟုန်ထိုက်သည် လက်ယမ်းလိုက်သည်။ စစ်ရှုံးတပ်မှူး ကူးမားနှင့် ဆက်လက် စကားပြောရန် စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီ ဖြစ်သည်။
သူသည် ပြာလဲ့သော ကောင်းကင်နှင့် သမုဒ္ဒရာ ပေါင်းဆုံနေပြီး စစ်သင်္ဘော အပိုင်းအစများနှင့် အလောင်းများ ပေါလောပေါ်နေသည့် ပင်လယ်ပြင်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည်။ စိတ်ဓာတ်ကျနေသော အိန္ဒိယ စစ်သားများသည် စိတ်လှုပ်ရှား တက်ကြွနေသော ကျဲခယ်အဖွဲ့ ရေတပ်စစ်သားများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
"တပ်မှူး... တိုက်ပွဲ ရလဒ်တွေကို စာရင်းပြုစုပြီးပါပြီ”
ဤအချိန်တွင် ဒု-တပ်မှူးသည် တပ်မှူး ဖန်ဟုန်ထိုက် စစ်ဆေးနိုင်ရန် အချက်အလက် စာရွက် တစ်ခုကို ကိုင်ဆောင်ကာ အပြေးအလွှား ရောက်လာသည်။
တပ်မှူး ဖန်ဟုန်ထိုက်သည် စာရွက်စာတမ်းကို ဖတ်ရန် ခေါင်းငုံ့လိုက်ပြီးနောက် ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဆားငန်ဓာတ် ပါသော ပင်လယ်လေပြေသည် သူ၏ မျက်နှာကို ဖြတ်သန်း တိုက်ခတ်သွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ ခန့်ညားထည်ဝါလှသော မျိုစင်္ကြာ အတန်းအစား ခရူဇာသင်္ဘောကြီး ခြောက်စီးကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲဝယ် ဂုဏ်ယူမှုလှိုင်းလုံးကြီး တစ်ခု ပေါ်ပေါက်လာပြီး သူ၏ ဒု-တပ်မှူးကို ကျယ်လောင်စွာ ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး စုကျဲဆီကို ငါ့အတွက် သတင်းလွှာတစ်ခု ရေးလိုက်... ငါ့ရဲ့ ပထမ ရေတပ်စုဟာ မတ်လ ၁၂ ရက်၊ နံနက် ၇ နာရီ ၂၄ မိနစ်မှာ ဘင်္ဂလားပင်လယ်အော် အတွင်းက အိန္ဒိယ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို အောင်မြင်စွာ ချုံခို တိုက်ခိုက်နိုင်ခဲ့ပါတယ်”
"ဒီတိုက်ပွဲမှာ ငါတို့ဟာ အိန္ဒိယ ရေတပ်ရဲ့ ဗီကရန့် လေယာဉ်တင်သင်္ဘော၊ ကိုးလ်ကတ္တား-အမျိုးအစား ဖျက်သင်္ဘော၊ ရာ့ဂျ်ပွတ်-အမျိုးအစား ဖျက်သင်္ဘော၊ ချန်နိုင်း-အမျိုးအစား ဖျက်သင်္ဘော၊ ရှီဗလစ်-အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောနဲ့ အရီဟန့်-အမျိုးအစား နျူကလီးယား ရေငုပ်သင်္ဘော အပါအဝင် စုစုပေါင်း ရန်သူ့သင်္ဘော ၃၀ စီးကို နစ်မြုပ်ပစ်နိုင်ခဲ့ပြီး ရန်သူ့ ရေတပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပါတယ်”
"ဒီတိုက်ပွဲအပြီးမှာ အိန္ဒိယ ရေတပ်ရဲ့ ပင်မ အင်အားစုကြီး လုံးဝ ဆုံးရှုံးသွားပါပြီ။ ငါတို့အဖွဲ့ရဲ့ ရေတပ်ဟာ ဒီအချိန်ကစပြီး ဘင်္ဂလားပင်လယ်အော်ကို ကုန်းတွင်းပင်လယ်အဖြစ် ပြောင်းလဲနိုင်ပြီး အရှေ့တောင်အာရှကို ဟန့်တားကာ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးပြီး ဒီဒေသရဲ့ ရေကြောင်း စိုးမိုးသူသစ် ဖြစ်လာပါပြီ”
ဒု-တပ်မှူးသည် တပ်မှူး ဖန်ဟုန်ထိုက် ပြောသမျှ စကားလုံးတိုင်းကို ရေးမှတ်လိုက်ပြီးနောက် အောင်ပွဲ သတင်းလွှာကို ရေဒီယိုမှတစ်ဆင့် ကျဲခယ်အဖွဲ့ထံသို့ ပေးပို့ရန် စိတ်လှုပ်ရှားစွာ ပြေးထွက်သွားလေတော့သည်။
………….
အိန္ဒိယနိုင်ငံ။
ရေတပ် ဌာနချုပ် အဆောက်အအုံ၏ အစည်းအဝေးခန်းမအတွင်း၌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဂျာယန့်သည် ၎င်း၏ လက်ထဲရှိ စာရွက်စာတမ်းကို ငေးမောကြည့်နေသည်။ သူ၏ မျက်နှာသည် သွေးရောင်မရှိတော့လောက်အောင် ဖြူဖျော့နေပြီး တစ်ကိုယ်လုံးလည်း ထိန်းချုပ်၍ တုန်ရီနေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ လက်ထဲရှိ စာရွက်စာတမ်းက ကိုယ်စားပြုနေသော အဓိပ္ပာယ်သည် အလွန်အမင်း ကြီးမားလေးလံလွန်းသောကြောင့် ဖြစ်သည်။
တစ်ချိန်က အိန္ဒိယနိုင်ငံ၏ ရေတပ်အင်အားကို ကိုယ်စားပြုခဲ့သော ထိုစာရွက်စာတမ်းပေါ်ရှိ ပင်မ စစ်သင်္ဘောများသည် ယခုအခါ တစ်စီးပြီး တစ်စီး နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ဆယ်စုနှစ်များစွာကြာ အိန္ဒိယနိုင်ငံက ခက်ခဲပင်ပန်းစွာ တည်ဆောက်ခဲ့ရသော ရေတပ်အင်အား အားလုံးသည် ဘင်္ဂလားပင်လယ်အော်တွင် မြှုပ်နှံခံလိုက်ရလေပြီ။
ဗိုလ်ချုပ်ကြီး ဂျာယန့်၏ မျက်နှာချင်းဆိုင်တွင် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဆင်းဂျ်လည်း ရှိနေသည်။
ကိုယ်ပျောက် ခရူဇာသင်္ဘော၏ အရိပ်အယောင်ကို ရှာတွေ့ပြီးနောက် ဗီကရန့် လေယာဉ်တင် သင်္ဘောက ၎င်းကို လေကြောင်းမှ မတိုက်ခိုက်မီ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုက သတင်းပေးပို့ခဲ့သဖြင့် ဆင်းဂျ်သည် ရေတပ်စစ်ပွဲ၏ တိုးတက်မှုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရန် ဤနေရာသို့ စောစီးစွာ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆင်းဂျ် မျှော်လင့်တကြီး စောင့်စားနေခဲ့သော အရာမှာ အိပ်မက်ဆိုး တစ်ခုကဲ့သို့ ဆိုးရွားလှသော သတင်းဆိုးတစ်ခုသာ ဖြစ်ခဲ့သည်။
"လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု တစ်ခုလုံး အမြစ်ပြတ်သွားပြီ... အဓိက စစ်သင်္ဘောတွေ အကုန်လုံး နစ်မြုပ်သွားပြီ... နစ်မြုပ်သွားပြီတဲ့လား..."
ဆင်းဂျ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သတင်းကို မယုံနိုင်သည့်အလား မသိစိတ်အရ မတ်တပ်ရပ်လိုက်သော်လည်း သူ၏ ခြေထောက်များသည် ခေါက်ဆွဲဖတ်များကဲ့သို့ ပျော့ခွေနေသည်ကို ခံစားလိုက်ရပြီး ကုလားထိုင်ပေါ်သို့ အားအင်မဲ့စွာ ဖြည်းညင်းစွာ ပြန်လည် ကျဆင်းသွားလေသည်။
"ဝန်ကြီးချုပ်... စိတ်ကို ထိန်းပါဦး။ ခင်ဗျားရဲ့ ကျန်းမာရေးက အရေးကြီးပါတယ်”
သူ၏ဘေးတွင်ရှိသော ပြည်ထဲရေး ဝန်ကြီး ရာဂျစ်သည် သူ့ကို တွဲကူရန် အမြန် ပြေးလာသည်။
"ရေတပ်... ရေတပ်က ဘယ်လိုများ တိုက်ခိုက်ခဲ့တာလဲကွာ..."
ဆင်းဂျ်သည် ရာဂျစ်ကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး ဗိုလ်ချုပ်ကြီး ဂျာယန့်နှင့် ရာဂျစ်တို့၏ မျက်နှာများပေါ်သို့ တံတွေးများ စင်ထွက်သွားသည်အထိ အော်ဟစ်လိုက်သည်။
"ဝန်ကြီးချုပ်... ကျဲခယ်အဖွဲ့ရဲ့ ကိုယ်ပျောက် ခရူဇာသင်္ဘောက တစ်စီးတည်း မဟုတ်ဘူး... ခြောက်စီး တိတိ ရှိနေတာပါ။ သူတို့ဆီမှာ အားကောင်းတဲ့ ဒုံးကျည် ပစ်အားတွေ တပ်ဆင်ထားပြီး တကယ့် လက်နက်တိုက် စစ်သင်္ဘောစစ်စစ်တွေ ဖြစ်တဲ့အပြင် ရေငုပ်သင်္ဘောတွေလို ရေငုပ်နိုင်စွမ်းလည်း ရှိကြတယ်။ ဒါက ကျွန်တော်တို့ အိန္ဒိယ ရေတပ်ကို ပစ်မှတ်ထားပြီး သေချာ စီစဉ်ထားတဲ့ ထောင်ချောက်တစ်ခုပါပဲ”
ဗိုလ်ချုပ်ကြီး ဂျာယန့်၏ အသံသည် ခြောက်ကပ်နေသည်။ သူသည် အိန္ဒိယ ရေတပ် လုံးဝ အမြစ်ပြတ်သွားခြင်းအတွက် ဝမ်းနည်းရုံသာမက သူ၏ အနာဂတ် ရာထူးအတွက်ပါ စိုးရိမ်ပူပန်နေသည်။
"ဘာလို့ ပုံမှန်မဟုတ်တာကို မထောက်လှမ်းနိုင်ခဲ့တာလဲ။ ဘာလို့ ထောင်ချောက်ထဲကို ဒီလောက် အလွယ်တကူ ကျသွားရတာလဲ။ နိုင်ငံသား သန်း ၁,၅၀၀ ဆီက ရတဲ့ အခွန်ငွေတွေနဲ့ ရေတပ်က ဒီလို တိုက်ခိုက်ရသလား”
ဆင်းဂျ်သည် သူ၏ ဒေါသကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ ၎င်းတို့သည် ပင်မ စစ်သင်္ဘော အစီး ၃၀ ဖြစ်ပြီး စုစုပေါင်း ရေတန်ချိန် ၂၃၀,၀၀၀ ကျော်လွန်နေကာ အိန္ဒိယနိုင်ငံ၏ ရေတပ် တစ်တပ်လုံး ဟု ဆိုလျှင်ပင် မှားမည် မထင်ချေ။
ယခုအခါ ရေတပ်၏ ပင်မ အင်အားစု အားလုံး နစ်မြုပ်သွားပြီဖြစ်ကြောင်းနှင့် သူ၏ ရေတပ် တစ်တပ်လုံးနီးပါး ပျက်စီးသွားပြီဖြစ်ကြောင်း ရုတ်တရက် အသိပေးခံရသောအခါ သူ မည်သို့ လက်ခံနိုင်မည်နည်း။
သာမန်လူများသည် ဒေါ်လာ သိန်းရာဂဏန်း ဆုံးရှုံးရုံဖြင့် အိပ်မပျော်နိုင်ဖြစ်ရသည်။ တစ်စီးလျှင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ကြေးရှိသော ရေတပ် စစ်သင်္ဘောများနှင့် ထိုစစ်သင်္ဘောများပေါ်ရှိ အထက်တန်းစား ရေတပ်စစ်သားများကို ဆုံးရှုံးလိုက်ရသော အိန္ဒိယ ရေတပ် ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ဤကဲ့သို့ ဧရာမ ရေတပ်စုကြီး မရှိတော့သည့်နောက် အိန္ဒိယနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို စိုးမိုးထားသော ရေတပ်အင်အားကြီး နိုင်ငံအဖြစ်မှနေ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အိန္ဒိယသမုဒ္ဒရာ အတွင်း အရေးမပါသော ကစားသမားတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အိမ်နီးချင်း နိုင်ငံငယ်များ၏ ရေတပ်များကပင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်တော့မည် ဖြစ်သည်။
"ဝန်ကြီးချုပ်... ကျဲခယ်အဖွဲ့က ဒီလောက်အထိ ဖုံးကွယ်ထားလိမ့်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ရိုး အမှန်ပါ။ အဲဒီ လက်နက်တိုက် စစ်သင်္ဘော အမျိုးအစားက ဒုံးကျည် ရာပေါင်းများစွာကို ပစ်လွှတ်နိုင်ပြီး အားကောင်းတဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ရေငုပ်နိုင်စွမ်းတွေလည်း ရှိတယ်။ ကျွန်တော်တို့ကို ကျဲခယ်အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာပါ... ဒါက နည်းဗျူဟာ အမှားအယွင်းမျိုး မဟုတ်ခဲ့ပါဘူး”
ဗိုလ်ချုပ်ကြီး ဂျာယန့်သည် အလွန် အပြစ်ကင်းဟန်ဆောင်ကာ သူ့ကိုယ်သူ တတ်နိုင်သမျှ ကင်းလွတ်အောင် ကြိုးစားနေသည်။
ကျဲခယ်အဖွဲ့၏ ကိုယ်ပျောက် ခရူဇာသင်္ဘောများသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည် မည်သူက ထင်ထားမည်နည်း…။
စစ်မြေပြင်မှ ထောက်လှမ်းရေး သတင်းများအရ ကျဲခယ်အဖွဲ့၏ ခရူဇာသင်္ဘော အမျိုးအစားက ဒုံးကျည် ရာပေါင်းများစွာကို သယ်ဆောင်နိုင်ပြီး အားကောင်းသော ရေငုပ်နိုင်စွမ်းနှင့် ကိုယ်ပျောက်စွမ်းရည်များ ရှိကြောင်းနှင့် ၎င်း၏ ကိုယ်ပိုင် လေကြောင်းရန် ကာကွယ်ရေး ပစ်အားသည်လည်း အားကောင်းကြောင်း သိထားပေသည်။
အကယ်၍ ထိုကိုယ်ပျောက် ခရူဇာသင်္ဘောများ၏ အချက်အလက်များကို စောစီးစွာ သူ သိခဲ့ပါက ရေတပ်၏ ပင်မ အင်အားစုကို သေလမ်းသို့ စေလွှတ်မည့် ဆုံးဖြတ်ချက်ကို သူ သေချာပေါက် ချမှတ်ခဲ့မည် မဟုတ်ပေ။
***