"သောက်ကျိုးနည်း... ဒါဆို ငါ့အမှားလို့ ပြောချင်တာလား”
ဆင်းဂျ်သည် ဒေါသတကြီးဖြင့် ဗိုလ်ချုပ်ကြီး ဂျာယန့်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ဖြောင်း…
ကျယ်လောင်သော ရိုက်သံတစ်ချက် ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီး ဂျာယန့်၏ မျက်နှာပေါ်တွင် အလွန် သိသာထင်ရှားသော နီရဲသည့် လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။
ရာဂျစ်သည် သူ့အပေါ်သို့ ဒေါသများ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် မသိမသာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
ပါးရိုက်ခံလိုက်ရသော ဗိုလ်ချုပ်ကြီး ဂျာယန့်သည် ခေါင်းငုံ့ကာ သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။ "ဝန်ကြီးချုပ်... ဒါက တကယ်ကို ကျွန်တော့်ရဲ့ ကွပ်ကဲမှု အမှား မဟုတ်ပါဘူး။ ဒါက တကယ်ပဲ..."
"တော်တော့ မင်းကို ကာကွယ်ရေးဝန်ကြီးနဲ့ ရေတပ် စစ်ဦးစီးချုပ် ရာထူးတွေကနေ ထုတ်ပယ်လိုက်ပြီလို့ ငါ အခု ကြေညာတယ်။ မင်းက ငါတို့ အိန္ဒိယနိုင်ငံ ဆယ်စုနှစ်များစွာ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ အင်အားကြီး ရေတပ်ကို သင်္ဂြိုဟ်ပစ်ခဲ့တာပဲ။ မင်းဟာ အိန္ဒိယ ပြည်သူတစ်ရပ်လုံး အတွက် အပြစ်ကောင်ပဲ။ အခု သူ့ကို ချက်ချင်း ဆွဲထုတ်သွားကြစမ်း”
ဆင်းဂျ်သည် အံကို ကြိတ်ကာ ပြောလိုက်သည်။ အိန္ဒိယ ရေတပ် လုံးဝ အမြစ်ပြတ်သွားပြီဖြစ်ရာ ဓားစာခံတစ်ဦးကို ရှာဖွေရမည် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဂျာယန့်သည် တာဝန်ယူရန် ငြင်းဆန်ရုံသာမက သူ့ကိုယ်သူ အပြစ်ကင်းကြောင်း သက်သေပြရန်လည်း ကြိုးစားနေသည်။ သူက ဝန်ကြီးချုပ်ကို သူ့ကိုယ်စား တစ်နိုင်ငံလုံးက အပြစ်တင်တာ ခံစေချင်နေတာလား။
ကျဲခယ်အဖွဲ့၏ ကိုယ်ပျောက် ခရူဇာသင်္ဘောများကို လိုက်လံ တိုက်ခိုက်ရန် ရေတပ်၏ ပင်မ အင်အားစုကို စေလွှတ်ရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့သူမှာ သူ ဖြစ်သော်လည်း သူသည် ဝန်ကြီးချုပ် ဖြစ်သည်။
သူ ဘာအမှား လုပ်ခဲ့လို့လဲ။ သူ့လက်အောက်က အရည်အချင်း မရှိတဲ့ ငတုံးတွေရဲ့ လှည့်စားမှုကို ခံခဲ့ရရုံပါပဲ။
မကြာမီ စစ်ရဲများ ဝင်ရောက်လာပြီး ဗိုလ်ချုပ်ကြီး ဂျာယန့်၏ မတရားပါဘူး ဟု အော်ဟစ်နေသံများ ကြားမှ သူ့ကို အစည်းအဝေးခန်းမထဲမှ ဆွဲထုတ်သွားကြလေသည်။
"ဝန်ကြီးချုပ်... နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ အခု စဉ်းစားသင့်ပါပြီ။ ကျဲခယ်အဖွဲ့နဲ့ စစ်ပွဲကိစ္စအတွက်ကတော့ ဆက်တိုက်မလား၊ မတိုက်ဘူးလား... စစ်တိုက်မလား၊ ငြိမ်းချမ်းရေး ယူမလားဆိုတာ ခင်ဗျား ဆုံးဖြတ်ဖို့ လိုပါတယ်”
ရာဂျစ်သည် မျက်နှာရဲရဲ၊ လည်ပင်းတုတ်တုတ် ဖြစ်နေသော ဆင်းဂျ်ကို တစ်ချက်ကြည့်ကာ သတိထားပြီး သတိပေးလိုက်သည်။
ဆင်းဂျ်သည် ကုလားထိုင်ပေါ်တွင် ပျော့ခွေနေပြီး ယင်းစကားကို ကြားသောအခါ သူ၏ နားထင်ကြောများ တဒိတ်ဒိတ် ခုန်လာသည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ကျဲခယ်အဖွဲ့က ငါတို့ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို တိုက်ရိုက် ပယ်ချခဲ့တဲ့အပြင် အဲဒီ လျူယင်းယင်းက ငါတို့ကို သရော်ပြီး ကပ္ပလီကျွန်းစုကို ပေးဖို့တောင် တောင်းဆိုခဲ့သေးတာ”
"အခု ငါတို့ရဲ့ ရေတပ်လည်း ချည့်နဲ့သွားပြီဆိုတော့ သူတို့က ဘယ်လောက်တောင် အဆမတန် တောင်းဆိုလာမလဲ ဘယ်သိမလဲ”
"ငါတို့ရဲ့ အရှေ့ပိုင်းပြည်နယ် ခြောက်ခုကိုတော့ သေချာပေါက် ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး... ပြီးတော့ ပင်လယ်ရေကြောင်း အကျိုးအမြတ်တွေလည်း ပိုပြီး ဆုံးရှုံးရလိမ့်ဦးမယ်။ သူတို့က ငါတို့ဆီကနေ စစ်လျော်ကြေးတောင် တောင်းလာနိုင်တယ်”
ဆင်းဂျ်သည် စကားပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး စားပွဲကို ဒုန်းကနဲ ထုလိုက်သည်။ "အကုန်လုံး ဗိုလ်ချုပ်ကြီး ဂျာယန့်ရဲ့ အမှားတွေချည်းပဲ... အဲဒီ အသုံးမကျတဲ့ကောင်… သူကြောင့်သာ မဟုတ်ရင် ငါတို့က ဘာလို့ ဒီလောက် အကျပ်ရိုက်နေရမှာလဲ”
ကျဲခယ်အဖွဲ့၏ ပုံမှန် လောဘကြီးသော အကျင့်စရိုက်ကို ထောက်ရှု၍ သူတို့သည် နှိမ့်ချစွာ တောင်းဆိုမည့်အခါ ကျဲခယ်အဖွဲ့က မည်မျှ မောက်မာမည်ကို ဆင်းဂျ် မြင်ယောင်နိုင်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် သူတို့၏ ခြိမ်းခြောက် ငွေညှစ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်သည်။
"ကျွန်တော်တို့ဆီမှာ နျူကလီးယား လက်နက်တွေ ရှိတယ်လေ။ ကျဲခယ်အဖွဲ့က သေချာပေါက် အလွန်အကျွံ လုပ်ရဲမှာ မဟုတ်ပါဘူး..."
ရာဂျစ်သည် ရဲတင်းသော အကြံတစ်ခုကို တင်ပြလိုက်သည်။ သူတို့၏ အိန္ဒိယနိုင်ငံသည် နိုင်ငံငယ်လေးများထဲမှ တစ်ခုမဟုတ်ပေ။ သူတို့တွင် နျူကလီးယား လက်နက်များနှင့် ကီလိုမီတာ လေးထောင်အထိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်များ ရှိသည်။
ဆင်းဂျ်က ခေါင်းခါလိုက်သည်။ နျူကလီးယား လက်နက်များကို အသုံးပြုရန် မဖြစ်နိုင်ပေ။ နျူကလီးယား လက်နက်များ၏ အကြီးမားဆုံး အသုံးဝင်မှုမှာ ၎င်းတို့၏ ဟန့်တားနိုင်စွမ်းသာ ဖြစ်သည်။
အကယ်၍ သူတို့၏ နျူကလီးယား လက်နက် တစ်ရာကျော်ကို ကျဲခယ်အဖွဲ့အား တိုက်ခိုက်ရန် အမှန်တကယ် အသုံးပြုခဲ့ပါက နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုသည် သူတို့၏ ရေတပ် လုံးဝ အမြစ်ပြတ်သွားခြင်းထက် ပိုမို ကြီးမားလာမည်ဖြစ်ပြီး ပတ်ဝန်းကျင် နိုင်ငံများသည်လည်း စစ်ပွဲထဲသို့ ဆွဲသွင်းခံရနိုင်ခြေ ရှိသည်။
ထို့အပြင် ကျဲခယ်အဖွဲ့၏ တိုက်ခိုက်ရေး စွမ်းအားသည် လွန်စွာ ကောင်းမွန်သည်။ သူတို့၏ မြေအောက် စီမံကိန်းများကို နျူကလီးယား ဗုံးများစွာဖြင့် ဖျက်ဆီး၍မရနိုင်သလို သူတို့တွင် မျိုးဗီဇ စစ်သည်များလည်း ရှိသည်။
နျူကလီးယား ဗုံးများကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံးသည် တစ်ဖက်ဖက် မပျက်စီးမချင်း အသေအကြေ တိုက်ခိုက်ရပေတော့မည်။
ကျဲခယ်အဖွဲ့၏ အားကောင်းသော ကြည်းတပ်သည် သူတို့၏ အချက်အချာဒေသကို တိုက်ရိုက် ကျူးကျော် ဝင်ရောက်လာပြီး ပြည်သူများကို သတ်ဖြတ်လိမ့်မည်။
ရေတပ်က ကမ်းရိုးတန်း မြို့ကြီးများကို အမြောက်များနှင့် ဗုံးကြဲတိုက်ခိုက်လိမ့်မည်ဖြစ်ပြီး ထို မျိုးဗီဇ စစ်သည်များသည်လည်း အိန္ဒိယနိုင်ငံ၏ မြေပေါ်တွင် လုပ်ကြံ သတ်ဖြတ်မှုများကို လုပ်ဆောင်လာကြလိမ့်မည်။
ကျဲခယ်အဖွဲ့ သေမည်၊ မသေမည်ကို သူ မသိသော်လည်း သူ အပါအဝင် အိန္ဒိယ၏ အဆင့်မြင့် အရာရှိကြီးများသည်တော့ သေချာပေါက် အသေဆိုးနှင့် သေရမည် ဖြစ်သည်။
လက်ရှိ၌ ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံနှင့် ကျဲခယ်အဖွဲ့တို့၏ စစ်ပွဲသည် ပွင့်လင်း မြင်သာစွာ တိုက်ခိုက်ကြသော စစ်ရေး ထိပ်တိုက် တွေ့ဆုံမှု တစ်ခုသာ ဖြစ်သေးသည်။
ရေတပ်၏ ပင်မ အင်အားစု လုံးဝ အမြစ်ပြတ်သွားသော်လည်း တစ်ဖက်လူသည် သူတို့ကို ဖျက်ဆီးရန် အဆိပ်ငွေ့ဗုံးများကဲ့သို့သော ယုတ်မာသည့် နည်းလမ်းများကို အသုံးမပြုခဲ့ဘဲ စစ်မြေပြင်တွင် သူတို့ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေတွင် နျူကလီးယား ဗုံးများကို အသုံးပြုခြင်းသည် ပြည်သူ့သဘောထား အရရော လက်တွေ့အခြေအနေ အရပါ အလွန် လက်တွေ့မကျလှပေ။
"ဒါဆိုရင် ကျဲခယ်အဖွဲ့နဲ့ စစ်ပွဲကို ဆက်တိုက်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ရဲ့ ရေတပ်က လုံးဝ အမြစ်ပြတ်သွားပြီဆိုတော့ ဒီတိုက်ပွဲကို ဘယ်လို ဆက်တိုက်ကြမလဲ”
ပြည်ထဲရေး ဝန်ကြီး ရာဂျစ်၏ မျက်နှာသည် အခက်အခဲများဖြင့် ပြည့်နှက်နေသည်။ ရေတပ်သည် သူတို့၏ အကြီးမားဆုံး အားထားရာဖြစ်ပြီး ယခု ရေတပ် မရှိတော့သဖြင့် ကျဲခယ်အဖွဲ့ကို တိုက်ခိုက်ရန် ကြည်းတပ်ကို အားကိုးရတော့မည်လား။
ရိုးရိုးသားသား ပြောရလျှင် ဝန်ကြီးတစ်ယောက်အနေဖြင့် သူတို့ကြည်းတပ်၏ အရည်အသွေးကို သူ ကောင်းကောင်း သိသည်။ သူတို့ကို အမှိုက်ဟု ခေါ်လျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။ သူတို့သည် ထောက်ပံ့ပို့ဆောင်ရေးကိုပင် မစီမံနိုင်ကြသဖြင့် ကျဲခယ်အဖွဲ့၏ အထက်တန်းစား တပ်ဖွဲ့များကို သူတို့ မည်သို့များ တိုက်ခိုက်နိုင်မည်နည်း။
အရှေ့ပိုင်းပြည်နယ် ခြောက်ခုရှိ တိုက်ပွဲ မှတ်တမ်းကိုသာ ကြည့်လိုက်ပါ။ ကြည်းတပ်၏ တပ်ဖွဲ့ဝင် တစ်သိန်းကျော်သည် သူတို့၏ လူ ငါးထောင်၏ တံမြက်လှည်းသလို ရှင်းလင်းမှုကို ခံလိုက်ရပြီး လူတစ်သိန်းကျော် လက်နက်ချခဲ့သည်။
တပ်ဖွဲ့ဝင် နှစ်သိန်း၊ သုံးသိန်းခန့်သည် ဆီလီဂူရီ စင်္ကြံတွင် ပိတ်မိနေပြီး ရှေ့ဆက် မတိုးနိုင်ဘဲ ထိုနေရာတွင် အချိန်ဖြုန်းကာ ဟန်ပြအနေဖြင့် နေ့စဉ် သေနတ် အချက်အနည်းငယ် ပစ်ခတ်ရုံသာ လုပ်ဆောင်နေကြသည်။ အထက်လူကြီးများ၏ ထိုးစစ်ဆင်ရန် အမိန့်များကို လျစ်လျူရှုထားပြီး တိုက်ပွဲကြီးများကို ဖော်ဆောင်နိုင်စွမ်း မရှိချေ။
ဝန်ကြီးတစ်ယောက်အနေဖြင့် ဤအရာအားလုံးကို သူ ကောင်းစွာ သိရှိသော်လည်း ဤသည်မှာ အိန္ဒိယနိုင်ငံ၏ လက်ရှိ အခြေအနေပင် ဖြစ်သည်။ သူသည် ကြည်းတပ်ကို အပြစ်တင်ရန် မစွမ်းသာသဖြင့် မျက်ကွယ်ပြုထားရန်သာ တတ်နိုင်သည်။
"ငါတို့ အမေရိကန်ကိုပဲ အားကိုးရတော့မယ်။ သူတို့ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခု လာနေတယ် မဟုတ်လား။ ငါတို့ ကပ္ပလီကျွန်းစုကို အမေရိကန်ဆီ ငှားရမ်းဖို့ ရွေးချယ်နိုင်တယ်”
ဆင်းဂျ်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး အကြံတစ်ခုကို တင်ပြလိုက်သည်။
"ဝန်ကြီးချုပ်က တော်လိုက်တာ"
ရာဂျစ်၏ မျက်လုံးများ လင်းလက်သွားသည်။ ယခုအခါ သူတို့၏ အိန္ဒိယ ရေတပ် ပင်မ အင်အားစုကြီး လုံးဝ ပျက်စီးသွားပြီဖြစ်ရာ တန်ဖိုးရှိလှသော ကပ္ပလီကျွန်းစုကို သူတို့ သေချာပေါက် ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ကျဲခယ်အဖွဲ့၏ လက်အောက်သို့ လက်လွှတ်ပေးလိုက်ရတော့မည် ဖြစ်သည်။
သို့သော် ၎င်းကို အမေရိကန် စစ်တပ်ထံ ကြိုတင် ငှားရမ်းလိုက်ပါက အမေရိကန်သည် သေချာပေါက် စစ်ပွဲထဲသို့ ရောက်လာပေမည်။
အမေရိကန်သည် ပထဝီဝင် နိုင်ငံရေး နည်းဗျူဟာကို သုံးရသည်အား အလွန် နှစ်သက်သည်။ ယခုတစ်ကြိမ် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို တပ်ဖြန့်ရခြင်းမှာ ကရာတူးမြောင်းကြောင့် မလက္ကာ ရေလက်ကြား၏ မဟာဗျူဟာမြောက် တည်နေရာ ခြိမ်းခြောက်ခံရသောကြောင့် ဖြစ်သည်။
ကပ္ပလီကျွန်းစုသည် ကရာတူးမြောင်းကို စောင့်ကြပ်နေသော သံတံခါးကြီး ဖြစ်သည်။ အကယ်၍ အမေရိကန်က ဤနေရာတွင် တပ်စွဲထားပါက သူတို့သည် ကရာတူးမြောင်းကို ပိတ်ဆို့ရန် မည်သည့်အချိန်တွင်မဆို တပ်ဖွဲ့များ စေလွှတ်နိုင်ပြီး အနောက်ဘက် ကမ်းရိုးတန်းရှိ ကျဲခယ်အဖွဲ့၏ ပိုင်နက်ကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ကျဲခယ်အဖွဲ့၏ လည်ပင်းကို ဓားဖြင့် ထောက်ထားသည်နှင့် တူသည်။
ထိုအချိန်ရောက်လျှင် ကျဲခယ်အဖွဲ့က သည်းမခံနိုင်ပါက သူတို့သည် သေချာပေါက် အမေရိကန်နှင့် ပဋိပက္ခ စတင်မည် ဖြစ်သည်။
***