အမေရိကန်... အိမ်ဖြူတော်
ဂျူဒီယွန်သည် သမ္မတ ရုံးခန်းထဲသို့ အလျင်စလို ဝင်လာသည်။
အခန်းထဲသို့ ဝင်လာသောအခါ သမ္မတ ဂျက်စမင် ဟော်လန်သည် ရေတပ်အတွင်းဝန် ဖက်ဒရီကို ဂူဗားနှင့်အတူ စကားပြောနေသည်ကို တွေ့ရသည်။
"သမ္မတကြီး... ဒါက ခရူဇာ လက်နက်တိုက် စစ်သင်္ဘောနဲ့ ပတ်သက်ပြီး ကျွန်မတို့ CIA က စုဆောင်းထားတဲ့ ထောက်လှမ်းရေး သတင်းပါ”
ဂျူဒီယွန်သည် မျက်နှာထား တင်းမာစွာဖြင့် ထောက်လှမ်းရေး စာရွက်စာတမ်း တစ်စောင်ကို ကမ်းပေးလိုက်သည်။
ဂျက်စမင်သည် တစ်ချက် ကြည့်လိုက်ပြီးနောက် သတင်းအချက်အလက် စာကြောင်း အနည်းငယ်သာ ပါဝင်သလို အားလုံးမှာ အထောက်အထား ခိုင်လုံသော အချက်အလက်များ မပါရှိဘဲ ခန့်မှန်းချက်များသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာလို့ အချက်အလက်က ဒီလောက် နည်းနေရတာလဲ”
ဂျက်စမင်သည် သူ၏ နားထင်ကို ပွတ်လိုက်သည်။ ဘင်္ဂလားပင်လယ်အော် တိုက်ပွဲ၏ ရလဒ်နှင့် မျိုစင်္ကြာ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောများ ပေါ်ထွက်လာခြင်းက သူ့ကို စိတ်ရှုပ်ထွေးစေခဲ့လေသည်။
"ကျဲခယ်အဖွဲ့ရဲ့ တန်ပြန် ထောက်လှမ်းရေးက အရမ်း တင်းကျပ်လွန်းလို့ ကျွန်မတို့ CIA အနေနဲ့ သူတို့ရဲ့ လျို့ဝှက်ဌာနတွေ အထိ ထိုးဖောက်ဖို့ ခက်ခဲပါတယ်။ ပြီးတော့ ကျဲခယ်အဖွဲ့ရဲ့ အရေးကြီးတဲ့ အင်ဂျင်နီယာ စက်ရုံအများစုက မြေအောက်မှာ ရှိနေတဲ့အတွက် မျိုစင်္ကြာ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောတွေ တည်ဆောက်တာကို ဂြိုဟ်တုတွေကနေ မထောက်လှမ်းနိုင်ပါဘူး”
ဂျူဒီယွန်က အကူအညီမဲ့သည့် ဟန်ဖြင့် ရှင်းပြလိုက်သည်။
ယနေ့ခေတ်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် စစ်သင်္ဘော တည်ဆောက်ခြင်းကို သင်္ဘောကျင်းများ၌ ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် ယခင်က အမေရိကန်နိုင်ငံသည် သူတို့၏ ဂြိုဟ်တုများကို အသုံးပြု၍ ရန်သူ့နိုင်ငံများ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အလွယ်တကူ ထောက်လှမ်း၍ ရပေသည်။
သို့သော် ကျဲခယ်အဖွဲ့သည် ၎င်းတို့၏ စစ်သင်္ဘောများကို မြေအောက်တွင် တည်ဆောက်ခဲ့သလို ခရူဇာ လက်နက်တိုက် စစ်သင်္ဘောများက ရေငုပ်သင်္ဘောများနှင့် ဆင်တူသော ရေငုပ်နိုင်စွမ်းလည်း ရှိသည်။
ထို့ကြောင့် ဘင်္ဂလားပင်လယ်အော် တိုက်ပွဲတွင် ရန်သူက ခရူဇာစစ်သင်္ဘောများကို ထုတ်ဖော်မပြမီ အထိ CIA သည် ခရူဇာ လက်နက်တိုက် စစ်သင်္ဘောနှင့် ပတ်သက်၍ မည်သည့် ထောက်လှမ်းရေး သတင်းကိုမျှ မရခဲ့ပေ။ တိုက်ပွဲဖြစ်မှသာ ကျဲခယ်အဖွဲ့တွင် ဤမျှ အားကောင်းလှသော လက်နက်များ ရှိနေကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့ခြင်း ဖြစ်သည်။
"ရေတပ်ကရော ဘယ်လိုမြင်လဲ”
ဂျက်စမင်သည် သူ၏ဘေးရှိ ရေတပ်အတွင်းဝန် ဖက်ဒရီကိုထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
"သမ္မတကြီး... ခရူဇာ လက်နက်တိုက် စစ်သင်္ဘောတွေရဲ့ ပစ်အားက အရမ်း ကောင်းတယ်လို့ ကျွန်တော်တို့ ရေတပ်က ယုံကြည်ပါသည်။ လက်နက်တိုက် စစ်သင်္ဘော တစ်စီးစီမှာ အမျိုးအစား စုံလင်တဲ့ ဒုံးကျည် ၅၀၀ ကျော် ပါပြီး ကျဲခယ်အဖွဲ့မှာ ခရူဇာ လက်နက်တိုက် စစ်သင်္ဘော ခြောက်စီး ရှိတယ် ဆိုရင် သူတို့မှာ အမျိုးအစားစုံလင်တဲ့ ဒုံးကျည် ၃,၀၀၀ ကျော် ရှိတယ်လို့ ယူဆနိုင်ပါတယ်။ အဲ့ဒီလို ကြောက်စရာကောင်းတဲ့ ပမာဏက ကျွန်တော်တို့ရဲ့ လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွေ အတွက်တောင် အန္တရာယ် ရှိပါတယ်”
“ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကို ကိုင်တွယ်ဖြေရှင်းဖို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ နောက်ထပ် လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွေ လိုအပ်ပါသေးတယ်။ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ သူတို့ကို ကြိုတင် ထောက်လှမ်းပြီး သင်္ဘောတင် တိုက်လေယာဉ်တွေကို သုံးပြီး နှစ်မြုပ်ပစ်ဖို့ပါပဲ။ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွေကတော့ အရမ်း လိုအပ်မှပဲ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောရဲ့ တိုက်ခိုက်ရေး ဧရိယာထဲကို ချဉ်းကပ်သင့်ပါတယ်”
"ကျွန်တော်တို့မှာ လေယာဉ် အရေအတွက် အများအပြား ရှိနေသရွေ့ သူတို့ရဲ့ လက်နက်တိုက် ခရူဇာသင်္ဘောတွေရဲ့ လေကြောင်းရန် ကာကွယ်ရေးတွေကို ထိုးဖောက်နိုင်မှာပါ။ ဒါပေမဲ့ လက်နက်တိုက် ခရူဇာသင်္ဘောတွေကို ကိုင်တွယ်ရာမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာက သူတို့ကို ဘယ်လို ရှာဖွေရမလဲဆိုတာပါပဲ။ သူတို့ရဲ့ ရေအောက် ကိုယ်ပျောက် စွမ်းရည်တွေက တကယ့်ကို ခေါင်းကိုက်စရာပါပဲ”
ဖက်ဒရီကိုသည် သူ၏ အမြင်ကို ထုတ်ပြောကာ ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို ဘင်္ဂလားပင်လယ်အော်ဆီ မစေလွှတ်သင့်ဘူး။ သင့်လျော်တဲ့ တိုက်ပွဲဝင် အသင့်ပြင်ဆင်မှု အစီအစဉ် မရှိခင် စွန့်စားမှု မလုပ်နိုင်ဘူး”
ဂျက်စမင်က ခေါင်းညိတ်လိုက်သည်။ လေယာဉ်တင်သင်္ဘောသည် အမေရိကန်၏ အမျိုးသား ရတနာ တစ်ခု ဖြစ်သည်။
အကယ်၍ ၎င်းတို့သည် ဘင်္ဂလားပင်လယ်အော်သို့ အရမ်းကာရော ဝင်ရောက်သွားပြီး ကျဲခယ်အဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားကာ လေယာဉ်တင်သင်္ဘော ပျက်စီးသွားသည် သို့မဟုတ် နစ်မြုပ်သွားသည် ဆိုပါက တစ်နိုင်ငံလုံးတွင် ဧရာမ ဆူပူအုံကြွမှုကြီးတစ်ခု သေချာပေါက် ဖြစ်ပေါ်လာမည် ဖြစ်သည်။ သူသည်လည်း ရာထူးမှ ဆင်းပေးရပေလိမ့်မည်။
ထို့ကြောင့် ဘင်္ဂလားပင်လယ်အော် တိုက်ပွဲ၏ ရလဒ် ထွက်ပေါ်လာပြီးနောက် သူ၏ လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို ပြန်လှည့်ရန် သူ ချက်ချင်း အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
"ကောင်းပါပြီ... ပြီးတော့ သမ္မတကြီး... ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ စစ်ဘက်-စက်မှု လုပ်ငန်းကြီးတွေကို ခရူဇာ လက်နက်တိုက် စစ်သင်္ဘောတွေ သုတေသန လုပ်ခွင့် ပြုပေးပါ”
“ရေကြောင်းတိုက်ပွဲ တော်လှန်ရေး တစ်ခုကို ကိုယ်စားပြုနေသော ဒီလို စစ်သင်္ဘော အမျိုးအစားသစ်တွေကို ကျွန်တော်တို့လည်း ပိုင်ဆိုင်သင့်ပါတယ်”
“သုတေသန လုပ်ငန်းတွေ ပြီးစီးသွားပါရင် ကျွန်တော်တို့ ရေတပ်က သင်္ဘောသစ်တွေကို ဝယ်ယူပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု တစ်ခုစီအတွက် အစောင့်အရှောက်အဖြစ် တပ်ဆင်ပေးဖို့ ကျွန်တော် စဉ်းစားထားပါတယ်။ အဲ့ဒီလို လုပ်လိုက်ရင် ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွေကို သေချာပေါက် ပိုအားကောင်းစေပါလိမ့်မယ်”
ဖက်ဒရီကိုသည် တောင်းဆိုမှု တစ်ခု ပြုလုပ်လိုက်သည်။ သူက လက်နက်တိုက် စစ်သင်္ဘော အမျိုးအစားသစ် ပြိုင်ပွဲတွင် ပါဝင်ရန် စဉ်းစားထားပေသည်။
ဤသည်မှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြား၏ ဘုံအယူအဆ တစ်ခုလည်း ဖြစ်သည်။ ကျဲခယ်အဖွဲ့၏ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောများ၏ စွမ်းဆောင်ရည်သည် အလွန်အမင်း အားကောင်းလှသဖြင့် ကမ္ဘာပေါ်ရှိ ရေတပ်အင်အားကြီး နိုင်ငံတိုင်းသည် ထိုကဲ့သို့ အားကောင်းသော စစ်သင်္ဘောများကို တပ်ဆင်လိုကြမည်မှာ အသေအချာပင်။
"ဒါကို သုတေသန လုပ်ပြီး တီထွင်ဖို့က ဖြစ်နိုင်လို့လား”
အတိတ်က ထိုစစ်ဘက်-စက်မှု လုပ်ငန်းကြီးများ၏ ဇီဝစက်ရုပ် သုတေသနများ ပြုလုပ်ရင်း ကျရှုံးခဲ့ပုံကို ဂျက်စမင် ပြန်တွေးမိသည်။ ယခုအခါ အမေရိကန်၌ သူတို့၏ စက်ရုပ်ဟု ခေါ်ဆိုသော အရာများသည် ဓာတ်ခွဲခန်းထဲတွင် အရူးများကဲ့သို့ ထိုင်နေဆဲဖြစ်ပြီး လက်တွေ့ တိုက်ပွဲများတွင် မည်သည့်အချိန်မှ အသုံးပြုနိုင်မည်ကို မသိရသေးပေ။
ထို့ကြောင့် သူသည် ခရူဇာ လက်နက်တိုက် စစ်သင်္ဘော သုတေသနနှင့် တီထွင်မှု ဆိုသည်မှာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို လိမ်လည်ထုတ်ယူရန် နောက်ထပ် ကြိုးပမ်းမှု တစ်ခုသာ ဖြစ်သည်ဟု သံသယ ဖြစ်နေမိပေသည်။
"ကျွန်တော်တို့ ဖြေရှင်းနိုင်သည်ဖြစ်စေ၊ မဖြေရှင်းနိုင်သည်ဖြစ်စေ... အနည်းဆုံးတော့ ကျဲခယ်အဖွဲ့က ရေကြောင်းတိုက်ပွဲတွေ အပေါ် ပိုပြီး အာရုံစိုက်လာတယ် ဆိုတာ သိသာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မဖြစ်မနေ ရေတပ်အင်အားကို မြှင့်ဖို့ လိုပါတယ်”
ဖက်ဒရီကိုသည် ပခုံးတွန့်လိုက်သည်။ ကျဲခယ်အဖွဲ့၏ ခရူဇာ စစ်သင်္ဘောများကို လိုက်လံ တုပနိုင်ရန်မှာ မလွယ်ကူကြောင်း သူ ကိုယ်တိုင်လည်း ခံစားရသဖြင့် မည်သည့် ကတိကဝတ်ကိုမျှ မပေးခဲ့ပေ။
ကျဲခယ် အဖွဲ့၏ စစ်သင်္ဘောများကို အမီလိုက်ရန် အတွက် သူတို့၏ ခရူဇာ စစ်သင်္ဘော တစ်စီးသည် ရေငုပ်နိုင်စွမ်း၊ လေကြောင်းရန် ကာကွယ်နိုင်စွမ်းနှင့် ဒုံးကျည် အမြောက်အများကို သယ်ဆောင်နိုင်စွမ်းတို့ ရှိရန် လိုအပ်သည်။ ထိုကဲ့သို့ ဘက်စုံသုံး စစ်သင်္ဘော တစ်စီးကို တည်ဆောက်ရန်မှာ မလွယ်ကူဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုတေသန လုပ်ငန်းများကို လှိုင်လှိုင် လုပ်ပေးမှသာ အကောင်အထည် ပေါ်လာနိုင်ပေသည်။
ထို့ကြောင့်လည်း ဖက်ဒရီကိုသည် ဂျက်စမင်ကို တွန်းအားပေးနေခြင်း ဖြစ်၏။
"နောက်မှ ကျွန်တော် အဆိုပြုလွှာ တစ်ခု ရေးဆွဲပေးပါ့မယ်”
စစ်ဘက်-စက်မှု လုပ်ငန်း အများအပြား၏ အကျိုးစီးပွားကို ကိုယ်စားပြုသော ဒီမိုကရက်များက သူ့ကို အာဏာရလာအောင် တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဂျက်စမင် ကောင်းစွာ နားလည်ထားသည်။ ယခုအချိန်တွင် သူသည် ထိုလုပ်ငန်းများကို နှစ်သိမ့်ပေးရန် အတွက် အကျိုးခံစားခွင့် အချို့ကို ပေးအပ်ရန် လိုအပ်သည်။
ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကို သူတို့ တီထွင်နိုင်မည်လား ဆိုသည်နှင့် ပတ်သက်၍မူ ဂျက်စမင်တွင် မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေ။
အကယ်၍ အမှန်တကယ် တီထွင်၊ ထုတ်လုပ်ပြီး တပ်ဖြန့်နိုင်ခဲ့လျှင်တောင် ၎င်းသည် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် သမ္မတ မဟုတ်တော့သည်မှာ သေချာသဖြင့် ဤကိစ္စသည် သူ့အတွက် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိချေ။
"အိန္ဒိယက အခု ထိတ်လန့်နေပြီး အကူအညီကို အသည်းအသန် ရှာဖွေနေပါတယ်။ သူတို့က ကျွန်မတို့ကို စစ်တပ် အခြေစိုက်စခန်း တည်ဆောက်နိုင်ဖို့ ကပ္ပလီကျွန်းစုကို ငှားရမ်းပေးမယ် ဆိုပြီး ဖိတ်ခေါ်ထားပါတယ်”
ဂျက်စမင်နှင့် ဖက်ဒရီကိုတို့၏ စကားဝိုင်း ပြီးဆုံးသွားသည်ကို မြင်ပြီးနောက် ဂျူဒီယွန်သည် နောက်ထပ် ကိစ္စတစ်ခုကို တင်ပြလိုက်သည်။
ကပ္ပလီကျွန်းစုသည် ကရာတူးမြောင်း၏ ဝင်ပေါက် ဖြစ်သည်။ ထိုနေရာကို သိမ်းပိုက်ခြင်းက ကျဲခယ်အဖွဲ့ကို မသက်မသာ ဖြစ်စေမည်ဖြစ်သော်လည်း ယခုအချိန်သည် အချိန်အခါ မကောင်းပေ။
"သူတို့မှာ အစီအစဉ်ကောင်း ရှိသားပဲ။ တကယ်လို့ ငါတို့က ကပ္ပလီကျွန်းစုကို သွားရင် စစ်ပွဲထဲ ပါဝင်လာအောင် အတင်းအကျပ် ဖိအားပေးခံရပြီး စစ်နွံထဲ နစ်သွားလိမ့်မယ်”
ဂျက်စမင်သည် နှုတ်ခမ်းတွန့်လိုက်သည်။ အိန္ဒိယ၏ ရည်ရွယ်ချက်မှာ အလွန် သိသာ ထင်ရှားလွန်းနေသည်။
ခရူဇာ လက်နက်တိုက် စစ်သင်္ဘောများ မပေါ်ထွက်လာမီကဆိုလျှင် သူတို့သည် ကပ္ပလီကျွန်းစုတွင် တပ်စွဲရန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့မည်မှာ သေချာသည်။
သို့သော် ယခုအခါ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည်ပင် ခရူဇာ လက်နက်တိုက် စစ်သင်္ဘော ခြောက်စီးရှေ့တွင် လုံခြုံမှု မရှိတော့သဖြင့် သူတို့သည် အန္တရာယ်ထဲသို့ တိုးဝင်သွားမည် မဟုတ်ချေ။
***