အမေရိကန်သည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ နှစ်ပေါင်းများစွာ စက်မှုလုပ်ငန်းများ လျော့ကျလာမှုနှင့် ဘဏ္ဍာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်အတွင်းကကဲ့သို့ စစ်သင်္ဘော တည်ဆောက်ရေး ပြိုင်ပွဲတွင် မပါဝင်နိုင်တော့ပေ။
အကယ်၍ လေယာဉ်တင်သင်္ဘော နစ်မြုပ်သွားပါက အမေရိကန်သည် ကာလတိုအတွင်း အစားထိုး ဖြည့်တင်းနိုင်မည် မဟုတ်သဖြင့် သူတို့သည် ကျဲခယ်အဖွဲ့နှင့် အသေအကြေ တိုက်ခိုက်ရန် လောလောဆယ် စိတ်ကူး မရှိသေးပေ။
နောက်ဆုံးတွင် မလက္ကာ ရေလက်ကြားရှိ အကျိုးစီးပွားများသည် အမေရိကန်၏ လေယာဉ်တင် သင်္ဘော နစ်မြုပ်မည့် အန္တရာယ်ကို မျက်ကွယ်ပြုပြီး စွန့်လွှတ်ရန် လုံလောက်မှု မရှိပေ။
"ဒါဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ ကျွန်မတို့ရဲ့ ရေကြောင်း ဩဇာလွှမ်းမိုးမှုကို ယာယီ စွန့်လွှတ်ပြီး ကျွန်းစုတစ်သောင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့က မဟာမိတ်တွေကို နှစ်သိမ့်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားရတော့မှာပေါ့”
ဂျူဒီယွန် သက်ပြင်းချလိုက်သည်။ သူတို့၏ CIA သည် အမေရိကန်၏ စစ်ရေးအင်အားကို အထောက်အပံ့ပြုလျက် အရှေ့တောင်အာရှရှိ ကျွန်းစုတစ်သောင်း မဟာဗျူဟာ မဟာမိတ်အဖွဲ့ဝင် နိုင်ငံများကြားတွင် လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ အမေရိကန်သည် အိန္ဒိယနှင့် ကျဲခယ်အဖွဲ့ကြား စစ်ရေးအရ ပါဝင်စွက်ဖက်ရန်နှင့် ကျွန်းစုတစ်သောင်း မဟာမိတ်နိုင်ငံများကို ထောက်ခံအားပေးရန် ရည်ရွယ်ချက် မရှိတော့သဖြင့် အတိတ်က CIA လုပ်ဆောင်ခဲ့သမျှ လုပ်ငန်းများ အားလုံး အချည်းနှီး ဖြစ်သွားလေပြီ။
"ငါတို့ လုပ်နိုင်တာ ဘာမှ မရှိပါဘူး”
ဂျက်စမင်လည်း သက်ပြင်းချလိုက်သည်။ အမေရိကန်သည် အင်အားကြီးမားသော်လည်း ကမ္ဘာတစ်ဝန်းတွင် ရန်သူ အများအပြား ဖန်တီးထားခဲ့မိ၏။ ထို့ကြောင့် သူတို့အနေဖြင့် အရာရာကို ချင့်ချိန်ဖို့ လိုပေသည်။
ကျဲခယ်အဖွဲ့တွင် လက်စားချေနိုင်စွမ်း ရှိပြီး အမေရိကန်သည် ကုန်သွယ်ရေးကို လက်နက်ကိုင် ပဋိပက္ခများ အတွင်း ရောထွေးသွားစေရန် ဆန္ဒမရှိပေ။
အကယ်၍ ကျဲခယ်အဖွဲ့သာ နိုင်ငံငယ်များထဲမှ တစ်ခု ဖြစ်ခဲ့မည်ဆိုလျှင် အမေရိကန်သည် စတင် အရေးယူနေပြီ ဖြစ်ကာ ဤသို့ တွန့်ဆုတ်နေရန် လိုအပ်မည် မဟုတ်ပေ။
သူတို့ သုံးဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရုံးခန်းအတွင်းရှိ လေထုသည် လေးလံလာသည်။ ကျဲခယ်အဖွဲ့သည် အမေရိကန်အတွက် ဆူးတစ်ချောင်း ဖြစ်လာနေပြီ ဖြစ်သည်။
…………….
အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုက ရုတ်တရက် လမ်းကြောင်း ပြောင်းသွားသောကြောင့် မူလက စီစဉ်ထားသော ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့၏ စစ်ရေးလေ့ကျင့်မှုမှာလည်း ဖျက်သိမ်းလိုက်ရသည်။
တစ်ကမ္ဘာလုံးက အမေရိကန်ကို ဟာသ တစ်ခု ၊ ပြဇာတ်တစ်ခုအဖြစ် ဝိုင်းကြည့်နေကြသည်။
မူလက ကရာတူးမြောင်း ဖွင့်လှစ်လိုက်ခြင်းသည် မလက္ကာ ရေလက်ကြားကို ထိန်းချုပ်ထားသည့် အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေခဲ့သည်။ ထို့ကြောင့် အမေရိကန်သည် ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံများကို ကျောထောက်နောက်ခံပေးရန် ပြင်ဆင်ပြီး ကြီးကျယ် ခမ်းနားသော လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို ခေါ်လာခဲ့သည်။
သို့သော်လည်း ကျဲခယ် အဖွဲ့နှင့် အိန္ဒိယတို့ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပြီးနောက် လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည် အရှိန်လျှော့ကာ စောင့်ကြည့်လာကြသည်။
ဘင်္ဂလားပင်လယ်အော် ရေတပ်တိုက်ပွဲ ပြီးဆုံးပြီး မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာ စစ်သင်္ဘောကြီး ဖြစ်သော လက်နက်တိုက် စစ်သင်္ဘော ပွဲဦးထွက်လာချိန်တွင်တော့ အမေရိကန်က အခြေအနေ မဟန်မှန်း သိကာ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို ချက်ချင်း ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။ ဆော်ဒီအာရေဗျသို့ အလည်အပတ်သွားမည်ဟု အကြောင်းပြကာ ထိုနေရာ ရောက်သည်နှင့် တစ်ပတ်တိတိ မလှုပ်မယှက် နေတော့သည်။
ဘင်္ဂလားပင်လယ်အော်၌ ရေတပ်စစ်ရေးလေ့ကျင့်မှုကို လုံးဝ မေ့ပစ်လိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ ဦးစားပေးလိုက်ကြသည်။
အမေရိကန်က နောက်ဆုတ်သွားပြီး ဘင်္ဂလားပင်လယ်အော်ရှိ ကျဲခယ် အဖွဲ့၏ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကို အလွယ်တကူ ရန်မစရဲတော့ကြောင်း မျက်စိရှင်သူတိုင်း မြင်နိုင်သည်။
အမေရိကန် ဆုတ်ခွာသွားသဖြင့် အိန္ဒိယ၏ အစီအစဉ်များ လုံးဝပျက်စီးသွားပြီး စင်ကာပူနှင့် အခြား ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံများအား ကစဉ့်ကလျား ဖြစ်သွားစေသည်။
အကြောင်းမှာ ယခင်က အမေရိကန်ကို အားကိုးပြီး ကျဲခယ် အဖွဲ့၏ ဗိုလ်ကျလွှမ်းမိုးမှုများကို တန်ပြန်ရန် အတွက် ၎င်းတို့က ပြင်းထန်သော ကြေညာချက်များ အစုံအလင် ထုတ်ပြန်ခဲ့ကြသောကြောင့်ပင်။
ယခုတော့ သူတို့၏ တစ်ခုတည်းသော ကျောထောက်နောက်ခံက အမြန် ထွက်ပြေးသွားသဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြောင်တောင်တောင် ကြည့်နေရုံသာ ရှိတော့သည်။
မူလက စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အသင့်ဖြစ်နေသော ကျွန်းစုတစ်သောင်း မဟာမိတ်နိုင်ငံများ၏ ရေတပ်များသည် လှုပ်ရှားရမလား၊ မလှုပ်ရှားရဘူးလား မသိတော့ပေ။ သူတို့ကိုယ်ပိုင် ရေတပ်စုလေးနှင့် စစ်ရေးလေ့ကျင့်မှု လုပ်လို့တော့ မရနိုင်ပေ။ ထိုသို့လုပ်လျှင်လည်း ကျဲခယ် အဖွဲ့ကို ခြောက်လှန့်နိုင်မည် မဟုတ်ချေ။
အိန္ဒိယ ရေတပ်က အသေအလဲ အရိုက်ခံလိုက်ရတာ မဟုတ်ဘူးလား။ အိန္ဒိယ အဓိက စစ်သင်္ဘောတွေရဲ့ အပျက်အစီးတွေက ဘင်္ဂလားပင်လယ်အော်ရဲ့ ရေနက်ပိုင်းကြမ်းပြင်မှာ ရှိနေတုန်းပဲလေ။
သို့သော်လည်း မျက်နှာပျက်ရမည်ကို စိုးရိမ်၍လားမသိ။ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန်က စကားဖြင့် စတင် တုံ့ပြန်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော်ရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ရေကြောင်းအကျိုးစီးပွားကို ထိပါးစေသော ကျဲခယ် အဖွဲ့ ရေတပ်အနေဖြင့် ထိန်းချုပ်မှုရှိရန်နှင့် ယုတ္တိမတန်သော လုပ်ရပ်များကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ သို့မဟုတ်ပါက လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်လာလျှင် အပြစ်မတင်ရန် သတိပေးခဲ့သည်။
ဘင်္ဂလားပင်လယ်အော် စစ်ရေးလေ့ကျင့်မှုတွင် အဘယ်ကြောင့် မပါဝင်ခဲ့သနည်းဟူသော မေးခွန်း အတွက်မူ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုတွင် ရုတ်တရက် ချို့ယွင်းချက် တချို့ ဖြစ်ပေါ်လာ၍ ပြုပြင်ရန် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းနှင့် ပြုပြင်မှုများ ပြီးစီးပါက ဘင်္ဂလားပင်လယ်အော်သို့ သေချာပေါက် ပြန်လာမည်ဖြစ်ကြောင်း ထုတ်ပြန် ဖြေရှင်းခဲ့သည်။
ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာအဝေးမှနေ၍ ကျဲခယ် အဖွဲ့ကို ခြိမ်းခြောက်နေခြင်းက ပြင်ပမှ စောင့်ကြည့်နေသူများကို ရယ်မောစေခဲ့ပြီး ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံများ အတွက်မူ ပို၍၌င် စိတ်ညစ်စရာ ဖြစ်လာတော့သည်။
သို့သော် ကျဲခယ် အဖွဲ့မှ မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘော ခြောက်စင်းက အိမ်အပြန်ခရီး စတင်ကာ ဘန်ကောက်ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာချိန်တွင်...
အမေရိကန် ရေတပ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တစ်ပတ်အတွင်းမှာပင် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို ပင်လယ်နီမှနေ၍ အိန္ဒိယသမုဒ္ဒရာသို့ ပြန်လည် ရွက်လွှင့်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံသည် ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး 'လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည် အမေရိကန် ရေတပ်၏ အကြီးမားဆုံး ရှေ့တန်း တပ်ဖွဲ့ဖြစ်ပြီး မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းကာ လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကို ကာကွယ်မည်' ဟု ကြေညာချက်များ၌ ဖော်ပြခဲ့သည်။
အိန္ဒိယကတော့ အံ့သြမှင်တက်သွားပြီး အမေရိကန်၏ မျက်နှာပြောင်တိုက်မှု အတွက် ပြောစရာ စကားပင် မရှိတော့ပေ။
ယခင်က လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခု အရှေ့တောင်အာရှသို့ ရွက်လွှင့်လာစဉ်က ဘင်္ဂလားပင်လယ်အော်နှင့် ခြေတစ်လှမ်းသာ ကွာဝေးသော်လည်း ဘင်္ဂလားပင်လယ်အော် ရေတပ်တိုက်ပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ထိုလေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုက ပင်လယ်နီသို့ သုတ်ခြေတင်ကာ ပုန်းအောင်းနေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။
ယခု ဘင်္ဂလားပင်လယ်အော် ယာယီ ငြိမ်သက်သွားသောအခါမှ အမေရိကန် ရေတပ်က သူတို့ အိန္ဒိယသမုဒ္ဒရာသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အခြားသူများ မသိမည်စိုးသည့်အလား ကျယ်လောင်စွာ အော်ဟစ်နေပြန်သည်။
ဤကဲ့သို့ ရယ်စရာကောင်းသော လှုပ်ရှားမှုသည် ကျဲခယ် အဖွဲ့ကို ဟန့်တားနိုင်ခြင်း ရှိ ၊ မရှိ မသိရသော်လည်း မည်သို့ပင်ဖြစ်စေ အမေရိကန်၏ မဟာမိတ်များမှာမူ ၎င်း၏ ထူးဆန်းသော လုပ်ရပ်များကြောင့် ကစဉ့်ကလျား ဖြစ်သွားခဲ့ရသည်။
အမေရိကန်က ထပ်မံ ရှေ့မတိုးတော့ပေ။ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည် အိန္ဒိယသမုဒ္ဒရာတွင်သာ လှည့်လည်သွားလာနေပြီး ကျဲခယ် အဖွဲ့က ၎င်းကို လျစ်လျူရှုထားပါက အိန္ဒိယ၏ ကမ်းရိုးတန်းမြို့များ လုံခြုံရေးကို ထိန်းသိမ်းသည် ဟူသော အကြောင်းပြချက်ဖြင့် ပင်လယ်ပြင်တွင် လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်သည်။
ကျဲခယ် အဖွဲ့က အရေးယူ ဆောင်ရွက်လာပြီး အိန္ဒိယက အမေရိကန်ထံမှ အရေးပေါ် အကူအညီ တောင်းခံလာချိန်တွင်မူ အမေရိကန်က 'ငါနဲ့ မဆိုင်ဘူး' ဟူသော သဘောထားကို ချက်ချင်း ကျင့်သုံးကာ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုကို အာရေဗျပင်လယ်သို့ ပြန်လည်ရုပ်သိမ်းသွားပြီး အိန္ဒိယကို အရူးလုပ်ဦးမည်သာ။
သေချာသည်မှာ ပြည်တွင်းရှိ ပရိသတ်များနှင့် မဟာမိတ်များကို ဖြေရှင်းချက်ပေးရန်အတွက် အမေရိကန်က ကြားဝင်စေ့စပ်ပေးသူ အဖြစ် တက်ကြွစွာ ဟန်ဆောင်ခဲ့သည်။ ကျဲခယ် အဖွဲ့နှင့် အိန္ဒိယကြား စစ်ပွဲကို စေ့စပ်ပေးသည် ဟူသော အကြောင်းပြချက်ဖြင့် ကျဲခယ် အဖွဲ့ထံ လူများကို တက်ကြွစွာ စေလွှတ်ကာ ကျဲခယ် အဖွဲ့နှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့သည်။ နှစ်ဖက်စလုံး ထိုင်ပြီး သေချာ ဆွေးနွေးကြရန် တောင်းဆိုကာ ကျဲခယ် အဖွဲ့နှင့် ၎င်းတို့ကြားရှိ နက်ရှိုင်းသော ပဋိပက္ခများကို လုံးဝ မေ့သွားသကဲ့သို့ ပြုမူခဲ့သည်။
သူတို့၏ ကျောထောက်နောက်ခံဟု ယူဆရသော အမေရိကန်က အားကိုးမရမှန်း သိလာသောအခါ ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံများစွာသည် အမေရိကန်၏ ယိမ်းယိုင်မှုများကြောင့် စိတ်ပျက် အားလျော့လာကြသည်။
မူလက စီစဉ်ထားသော ဘင်္ဂလားပင်လယ်အော် ရေကြောင်းစစ်ရေးလေ့ကျင့်မှု အချိန် ရောက်သောအခါ မည်သည့်နိုင်ငံကမျှ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် စစ်သင်္ဘောများ မစေလွှတ်တော့ပေ။ ထို့အပြင် ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံအများအပြားက သဘောထားများ ပြောင်းလဲလာပြီး ကျဲခယ် အဖွဲ့နှင့် ထိတွေ့ ဆက်ဆံရန် ကြိုးစားလာကြသည်။
ထိုအထဲတွင် ကျဲခယ် အဖွဲ့နှင့် ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေသော မလေးရှားက ယခင်လေသံကို ပြောင်းလဲကာ မီဒီယာများကို ကျယ်လောင်စွာ ကြေညာခဲ့သည်။
"ကျဲခယ် အဖွဲ့က ဘင်္ဂလားပင်လယ်အော်နဲ့ အနီးတစ်ဝိုက် ရေပြင်ကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ မဏ္ဍိုင် တစ်ခု ဖြစ်ပြီး နိုင်ငံတကာမှာ အရေးပါတဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒီဒေသမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ လုံခြုံရေးကို ထိန်းသိမ်းပေးတဲ့ ကျဲခယ် အဖွဲ့ကို ကျွန်တော်တို့ ထောက်ခံအားပေးပါတယ်"
ဘင်္ဂလားပင်လယ်အော် ရေတပ်တိုက်ပွဲ မပြီးဆုံးမီက သူတို့၏ ကျဲခယ် အဖွဲ့အပေါ် ဝါဒဖြန့်မှုများတွင် ကျဲခယ်အဖွဲ့အား ပင်လယ်ဓားပြများ အဖြစ် တံဆိပ်ကပ်ခဲ့ကြသည်ကို သတိပြုသင့်သည်။
ကျဲခယ် အဖွဲ့က အိန္ဒိယကို စစ်ကြေညာပြီး ကပ္ပလီကျွန်းစုများကို ဖျက်ဆီးရန် ညအချိန် ဝင်ရောက် တိုက်ခိုက်စဉ်က သူတို့က ကျဲခယ် အဖွဲ့ကို စစ်မက်လိုလားသော မိစ္ဆာဟု ခေါ်ဝေါ်ခဲ့ကြသည်။
ကျဲခယ် အဖွဲ့က အရှေ့ပိုင်းဒေသ ပြည်နယ်ခြောက်ခုကို သိမ်းပိုက်ပြီး အာသံ လွတ်လပ်ရေးကို ထောက်ခံသောအခါ သူတို့က လေသံပြောင်းကာ ကျဲခယ် အဖွဲ့သည် ဒေသတွင်း မတည်ငြိမ်မှု အကြောင်းအရင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် ရေတပ်တိုက်ပွဲ ပြီးဆုံးပြီး အိန္ဒိယ၏ ပင်မ ရေတပ်တပ်ဖွဲ့ လုံးဝ ပြုတ်ပြုတ် ပြုန်းသွားသောအခါ ၎င်းတို့၏ ကျဲခယ် အဖွဲ့အပေါ် ဝါဒဖြန့်မှုသည် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးသော အင်အားစုနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများတွင် အရေးပါသော အဖွဲ့ဝင် အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျဲခယ် အဖွဲ့၏ အင်အားက ထပ်မံတိုးတက်လာပြီး ခရူဇာ လက်နက်တိုက် စစ်သင်္ဘော တိုက်ခိုက်ရေး အုပ်စု ခုနစ်ခု၊ ရှစ်ခုလောက် ထုတ်လုပ်နိုင်ခဲ့လျှင် သူတို့မျက်လုံးထဲတွင် ကျဲခယ် အဖွဲ့၏ ပုံရိပ်သည် ကမ္ဘာမြေ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အခြေခံအုတ်မြစ် အဖြစ် ပြောင်းလဲသွားမည်ကိုပင် ကြိုတင် ခန့်မှန်းနိုင်သည်။
***