ကျဲခယ် အဖွဲ့ရှေ့တွင် မလေးရှား ဒူးထောက်လိုက်သည့် အမြန်နှုန်းက စိတ်ကူး မယဉ်နိုင်အောင်ပင် မြန်လွန်းလှသည်။ အမေရိကန်က ပစ်ထားခဲ့ပြီးနောက် ကျဲခယ် အဖွဲ့နှင့် ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေသော မလေးရှားနိုင်ငံသည် ကျဲခယ် အဖွဲ့က သူတို့ဘက် သေနတ်ပြောင်းလှည့်လာမည်ကို အကြောက်ဆုံး ဖြစ်သည်။
မလေးရှားကဲ့သို့သော နိုင်ငံငယ်လေးများသည် အင်အားကြီးနိုင်ငံများကြားတွင် ဟိုဘက်ဒီဘက် ယိမ်း၍ ကစားရသည်ကို အမြဲတမ်း သဘောကျကြသည်။
အမေရိကန် ကြက်သူခိုးဖြစ်သွားသည်ကို မြင်ပြီး ကျဲခယ် အဖွဲ့၏ ဖိအားကို မခံနိုင်သောအခါ သူတို့က လက်တွေ့ကျကျ စဉ်းစားကာ ကျဲခယ် အဖွဲ့အပေါ် သူတို့၏ ရပ်တည်ချက်ကို ချက်ချင်း ပျော့ပြောင်းရန် ရွေးချယ်ခဲ့ကြသည်။ လူသိရှင်ကြား ဝါဒဖြန့်မှုများကို ပြောင်းလဲရုံသာမက ကျဲခယ် အဖွဲ့ထံ သံတမန်များကို တက်ကြွစွာ စေလွှတ်ကာ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုကြီး တစ်ခု ရရှိရန် ကြိုးပမ်းခဲ့ပြီး တစ်နိုင်ငံလုံးက ကျဲခယ် အဖွဲ့နှင့် လိုက်လျောညီထွေဖြစ်အောင် စတင် လုပ်ဆောင်လာကြသည်။
သစ္စာရှိကြောင်း ပြသရန်အတွက် မလေးရှားက နိုင်ငံတွင်းရှိ အမေရိကန် နိုင်ငံရေး ကိုယ်စားလှယ် တစ်စုကို ရှင်းလင်းပစ်ခဲ့ပြီး စင်ကာပူသို့ ရေနှင့် အစားအစာ ဖြတ်တောက်လိုက်သည်။ ဤသည်က ကျဲခယ်အဖွဲ့ကို အာခံနေသော စင်ကာပူအား ကျဲခယ်အဖွဲ့ကိုယ်စား အပြစ်ပေးရင်း မျက်နှာလုပ်ခြင်းပင်…။
စင်ကာပူ နိုင်ငံက သေးငယ်လွန်းလှသည်။ စင်ကာပူနိုင်ငံသည် အရင်းအမြစ်များ အတွက် မလေးရှားနိုင်ငံကို အဓိက မှီခိုနေရပြီး နိုင်ငံအတွင်းဝယ် ရေနှင့် အစားအစာကိုပင် ဖူလုံအောင် မထုတ်လုပ်နိုင်ပေ။
မလက္ကာ ရေလက်ကြားကို မျိုးဗီဇပြောင်း ရေညှိများက ပိတ်ဆို့လိုက်ပြီးနောက် ရေပြင်တစ်ခုသာ ခြားသော မလေးရှားက သောက်သုံးရေနှင့် အစားအစာများ ပေးအပ်ကာ စင်ကာပူကို မကူညီခဲ့လျှင် စင်ကာပူ၏ ပြည်သူများသည် ယခုအချိန်တွင် ငတ်မွတ်သေဆုံးနေလောက်ပြီ ဖြစ်သည်။
ယခုအခါ ကျဲခယ် အဖွဲ့၏ မျက်နှာသာပေးမှုကို ရရှိရန် မလေးရှားက စင်ကာပူကို ကျဲခယ် အဖွဲ့ထံ သစ္စာစောင့်သိမှု ပြယုဂ်အဖြစ် တိုက်ရိုက် ပူဇော်လိုက်သည်။
စင်ကာပူသို့ သောက်သုံးရေနှင့် အစားအစာ အကူအညီများကို ရပ်တန့်လိုက်ရုံသာမက စင်ကာပူနှင့် မလေးရှား နယ်စပ်သို့ မလေးရှား စစ်တပ်ကိုလည်း စေလွှတ်ခဲ့သည်။ ကျဲခယ်အဖွဲ့ကသာ အမိန့်တစ်ချက် ပေးလျှင် စင်ကာပူ၏ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီး တိုက်ခိုက်နေရန်ပင် လိုအပ်တော့မည် မဟုတ်ချေ။
မလေးရှား သာမက အခြား ကျွန်းစုတစ်သောင်း မဟာမိတ်အဖွဲ့ဝင် နိုင်ငံများကလည်း ကျဲခယ် အဖွဲ့အပေါ် သဘောထားများ ပြောင်းလဲလာကြသည်။ သို့သော် သူတို့၏ ဘက်ပြောင်းသည့် အမြန်နှုန်းက မလေးရှားလောက်တော့ မမြန်ချေ။
အတိုချုပ်ပြောရလျှင် ဘင်္ဂလားပင်လယ်အော် ရေတပ်တိုက်ပွဲတွင် အနိုင်ရပြီးနောက် ကျဲခယ်အဖွဲ့၏ ပုံရိပ်သည် နိုင်ငံတကာတွင် ပြောင်းလဲသွားလေသည်။ ယခင်က ကျဲခယ်အဖွဲ့သည် လက်နက် အားကိုး၍ အခြားသော နိုင်ငံများကို အနိုင်ကျင့်ရန် ကြိုးစားနေသော လူမိုက်ကြီး ဖြစ်၏။ ယခုတော့ ကျဲခယ်အဖွဲ့သည် ဒေသတစ်ခုလုံးကို တည်ငြိမ်အောင် လုပ်ပေးနေသော အစ်ကိုကြီး ဖြစ်သွားလေပြီ။
အရှေ့တောင်အာရှ ဒေသရှိ နိုင်ငံများ အားလုံးနီးပါးက အကြောက်တရားကြောင့် တုန်လှုပ် ချောက်ချားနေကြပြီး အများစုမှာ ကျဲခယ် အဖွဲ့နှင့် ပူးပေါင်းရန် တက်ကြွစွာ ရွေးချယ်ခဲ့ကြသည်။ ကျဲခယ် အဖွဲ့က သူတို့အပေါ် အထူးတလည် ကောင်းမွန်ရန် မတောင်းဆိုသော်လည်း အနည်းဆုံးတော့ သူတို့ကို တိုက်ခိုက်ရန် စစ်တပ်များ မစေလွှတ်ဖို့လောက်တော့ မျှော်လင့်နေကြ၏။
ဘန်ကောက်ဆိပ်ကမ်း…
ဤနေရာသည် ထိုင်း၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ကွန်တိန်နာ ဆိပ်ကမ်း နှစ်ဆယ်ထဲမှ တစ်ခုလည်း ဖြစ်သည်။ ဗဟိုနှင့် တောင်ပိုင်း ကျွန်းဆွယ်ရှိ ကုန်ပစ္စည်းများစွာအတွက် အရေးကြီးသော အဝင်အထွက် နေရာတစ်ခု အဖြစ် ဆောင်ရွက်ပေးသည်။
မတ်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီတိတိတွင် ဘန်ကောက်ဆိပ်ကမ်း၌ လူပင်လယ်ကြီး စည်ကားနေပြီ ဖြစ်သည်။
ထိုင်း၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယား စသည့် အရှေ့တောင်အာရှ၏ ဗဟိုနှင့် တောင်ပိုင်း ကျွန်းဆွယ်ရှိ နိုင်ငံများမှ လူသိန်းပေါင်းများစွာသာမက တရုတ်၊ ရုရှားနှင့် အမေရိကန်တို့မှ ခရီးသွားများပင် လာရောက်ကြသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ မီဒီယာ သတင်းထောက်များသည် ၎င်းတို့၏ ကင်မရာများနှင့် စက်ကိရိယာများကို ဆိပ်ခံတံတားပေါ်တွင် စောစီးစွာ တပ်ဆင်ထားကြသည်။
ဆိပ်ခံတံတားရှေ့တွင် သေသပ်လှပသော စစ်ဝတ်စုံများ ဝတ်ဆင်ထားသည့် ဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းတို့က အသင့်အနေအထားဖြင့် ရပ်နေကြပြီး သူတို့၏ မျက်လုံးများက ပင်လယ်ပြင်ဆီသို့ စူးစိုက်ကြည့်နေကြသည်။
အခြား စစ်သားများက ပရိသတ်များ ကန့်သတ်မျဉ်းကို မကျော်ဖြတ်နိုင်စေရန် လူသားတံတိုင်း အဖြစ် ဖွဲ့စည်းထားကြသည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့် မျိုးဗီဇ စစ်သည်များလည်း အသင့် ရှိနေကြသော်ငြား အနှီ ကြယ်ပွင့်ဟောင်းများသည် ယနေ့ လူအုပ်ကြီးထံမှ အာရုံစိုက်မှုကို သိပ်မရရှိကြပေ။
အကြောင်းမှာ ယနေ့သည် မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ပြန်လည် ရောက်ရှိလာမည့် နေ့ဖြစ်သောကြောင့် ကျဲခယ် အဖွဲ့က ဘန်ကောက်ဆိပ်ကမ်းကို အများပြည်သူနှင့် မီဒီယာများ အတွက် အထူးဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။
ဂျီအိုဗန်နီ ဟာမန်သည် လည်ပင်းတွင် ကင်မရာတစ်လုံး ဆွဲထားသော အမေရိကန် သတင်းထောက် တစ်ဦး ဖြစ်ပြီး CIA အတွက် ပြင်ပ သတင်းပေး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရာထူးကို အသုံးပြု၍ CIA အတွက် အများပြည်သူဆိုင်ရာ ထောက်လှမ်းရေး သတင်းအချို့ကို စုဆောင်းပေးနေသူဖြစ်သည်။
"ဘာလို့ မရောက်လာသေးတာလဲ"
ဂျီအိုဗန်နီ အနည်းငယ် စိုးရိမ်နေသည်။ ဤတစ်ကြိမ်တွင် CIA က ငွေကြေးအမြောက်အမြား ပေးထားသောကြောင့် ခရူဇာ လက်နက်တိုက် စစ်သင်္ဘော ဓာတ်ပုံများကို သူ ပိုရိုက်ချင်နေသည်။
ရွှစ်…
ရုတ်တရက် လူအုပ်ကြီးက ကွဲဟသွားပြီး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ များပြားလှသော မျိုးဗီဇ စစ်သည်များ ခြံရံလျက် စုကျဲက လျူယင်းယင်းနှင့်အတူ ဘန်ကောက်ဆိပ်ကမ်းသို့ ဝင်ရောက်လာသည်။
"ဒီလောက် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတောင် ရောက်နေတာပဲ"
ဂျီအိုဗန်နီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သူက သတင်းထောက် တစ်ဦး ဖြစ်သော်လည်း CIA အတွက် အလုပ်လုပ်ပေးနေသူ ဖြစ်သည်။
CIA က နည်းလမ်းမျိုးစုံဖြင့် ရှင်းလင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ကျဲခယ်အဖွဲ့၏ ခေါင်းဆောင် စုကျဲကို မြင်သောအခါ သူ အကြောင်းပြချက်မရှိဘဲ ကြောက်လန့်သွားသည်။ အကယ်၍ သူသာ လူမိသွားပါက အမေရိကန်သို့ ဘယ်တော့မှ ပြန်ရောက်နိုင်တော့မည် မဟုတ်ပေ။
"အိုး... ဟိုဟာ မလေးရှား သမ္မတ မဟုတ်လား"
ထို့နောက် စုကျဲဘေးတွင် ခါးညွှတ်လျက် အတူပါလာသော အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ် အရွယ် အမျိုးသားတစ်ဦးကို ဂျီအိုဗန်နီ မြင်လိုက်ရသည်။
ဂျီအိုဗန်နီက ချက်ချင်းပင် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားသည်။ ၎င်းက မလေးရှား သမ္မတ ဖြစ်ပြီး သူက စုကျဲကို ဤမျှ ဖားယားနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
"တပ်မှူးစု... ကျွန်တော်တို့ မလေးရှားက ကျဲခယ် အဖွဲ့ကို ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ နှစ်ဖက်ကြား ရေရှည် တည်တံ့တဲ့ မိတ်ဆွေဖြစ်မှုကို မြှင့်တင်ဖို့ ရိုးသားစွာ ဖိတ်ခေါ်ပါတယ်"
ဤအခိုက်အတန့်တွင် မလေးရှား သမ္မတ ဒါတူဟောက်က ဖားယားသော အပြုံးဖြင့် စုကျဲအား သတိထားကာ ပြောဆိုလိုက်သည်။
ယခင်က မလေးရှားသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုကာ အခြားသူများကို အနိုင် ကျင့်ခဲ့ပြီး ကျဲခယ် အဖွဲ့အား ကျိန်ဆဲရသည်ကို နှစ်သက်ခဲ့သည်။ ယခုတော့ တန်ဖိုးပေးဆပ်ရမည့် အချိန် ရောက်လာပြီဖြစ်သည်။
စုကျဲက ဆိပ်ခံတံတား၏ အရှေ့ဘက်တွင် ပင်လယ်ပြင်ကို မျက်နှာမူလျက် ရပ်နေပြီး ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်သည် - "ရေရှည်တည်တံ့တဲ့ မိတ်ဆွေဖြစ်မှု ဟုတ်လား။ ခင်ဗျားတို့ မလေးရှားက ဒီနေ့ ကျုပ်တို့ ကျဲခယ် အဖွဲ့ကို ဖက်တွယ်ထားနိုင်ပေမယ့် မနက်ဖြန်ကျရင် အမေရိကန်ဆီ ပြေးသွားပြီး အဲဒီစကားတွေကိုပဲ အဲဒီလေသံအတိုင်း ပြောနိုင်တာပဲလေ"
စုကျဲ၏ စကားကို ကြားသည်နှင့် ဒါတူဟောက်၏ နဖူးမှ ချွေးစေးများ ထွက်လာတော့သည်။
"မစ္စတာ ဒါတူဟောက်... ခင်ဗျားရဲ့ ရိုးသားမှုက ပူးပေါင်းဆောင်ရွက်မှုနဲ့ မတူဘူး။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုမှတော့ အဖြစ်မှန်ကို စောစောစီးစီး အသိအမှတ်ပြုသင့်တယ်"
လျူယင်းယင်းက ဒါတူဟောက်ကို တစ်ချက်ကြည့်ကာ ရှင်းပြလိုက်သည် - "ကျွန်မတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုတင် လိုအပ်ချက်ကတော့ မလေးရှားအနေနဲ့ ရေတပ်၊ ကုန်းတပ်နဲ့ လေတပ် စစ်စခန်း ငါးခု ဒါမှမဟုတ် အဲဒီထက် များတဲ့ စစ်စခန်းတွေကို ကျွန်မတို့ ကျဲခယ် အဖွဲ့ အတွက် ဖွင့်ခွင့်ပေးရမယ်။ ကျွန်မတို့ ကျဲခယ် အဖွဲ့ကို တပ်တွေ ချထားခွင့်၊ လေတပ်နဲ့ ဒုံးကျည်တွေ တပ်ဖြန့်ခွင့် ပေးရမယ်။ မလေးရှား အုပ်ချုပ်မှုအောက်က လက်နက်ကိုင်တပ်ဖွဲ့တွေက ကျဲခယ် အဖွဲ့ရဲ့ လမ်းညွှန်မှုကို လက်ခံရမယ်။ စစ်လက်နက် လုပ်ငန်းတွေက ကျွန်မတို့ ကျဲခယ် အဖွဲ့ရဲ့ ဝယ်ယူရေးနဲ့ ကိုက်ညီရမယ်။ ကျွန်မတို့ စစ်သင်္ဘောတွေက မလေးရှားရဲ့ အဓိက ဆိပ်ကမ်းတွေကို ရိက္ခာဖြည့်တင်းဖို့၊ အနားယူဖို့နဲ့ ဆိုက်ကပ်ဖို့ အတွက် ရှင်တို့ဘက်ကို ကြိုတင်အကြောင်းကြားစရာမလိုဘဲ အချိန်မရွေး ဝင်ထွက် သွားလာခွင့် ရှိရမယ်"
ကျဲခယ်အဖွဲ့၏ တောင်းဆိုချက်ကို ကြားသောအခါ ဒါတူဟောက် တစ်ယောက် တုန်လှုပ်သွားပြီး ဤမျှ ယုတ္တိမတန်သော တောင်းဆိုချက်အတွက် ဒေါသနှင့် ဝမ်းနည်းမှု နှစ်ခုစလုံးကို ခံစားလိုက်ရသည်။
ဒေါသထွက်ရခြင်းမှာ ကျဲခယ် အဖွဲ့၏ အတောမသတ်နိုင်သော လောဘကြောင့်ဖြစ်သည်။ သူတို့ မလေးရှားသည် စစ်ရှုံးနိုင်ငံ မဟုတ်သဖြင့် တပ်စွဲခံရခြင်းကို လက်ခံ၍ မရနိုင်ပေ။
ဝမ်းနည်းရခြင်းမှာ သူတို့ မလေးရှား နိုင်ငံတွင် ရွေးချယ်စရာ အလွန်နည်းပါးနေပြီ ဖြစ်သောကြောင့်ပင်။ မူလက အမေရိကန်ကို သူတို့၏ ကျောထောက်နောက်ခံအဖြစ် မျှော်လင့်ခဲ့သော်လည်း ယခုအခါ ကျောထောက်နောက်ခံက ဦးစွာ ထွက်ပြေးသွားသဖြင့် ယခုအခါ ကျဲခယ် အဖွဲ့၏ စစ်ရေးဖိအားကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ကျဲခယ်အဖွဲ့သည် လက်ရှိ၌ အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံး ဖြစ်ပြီး မကြာမီတွင် သူတို့၏ နယ်မြေကို ထပ်မံ ချဲ့ထွင်မည့် အလားအလာလည်း ရှိပေသည်။ ထိုအထဲတွင် ကျဲခယ် အဖွဲ့နှင့် ကုန်းတွင်း နယ်နိမိတ်ချင်း ထိစပ်နေသော မလေးရှားက အရင်ဆုံး ခံရမည့်သူ ဖြစ်သည်။
အကယ်၍ စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားမည် ဆိုလျှင် သူတို့သည် ဝံပုလွေများနှင့်တူသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ၊ မျိုးဗီဇ စစ်သည်များ၊ မိစ္ဆာငှက် တိုက်လေယာဉ်များနှင့် ခရူဇာ လက်နက်တိုက် စစ်သင်္ဘောများကိုပင် ရင်ဆိုင်ရမည် ဖြစ်သည်။
ဤအကြောင်းကို တွေးမိရုံဖြင့် ဒါတူဟောက်မှာ အားကိုးရာမဲ့သည့် ခံစားချက်တစ်ခု လွှမ်းမိုးလာသည်။
ကျဲခယ်အဖွဲ့သည် မလေးရှား မယှဉ်ပြိုင်နိုင်သော အလွန် ထိတ်လန့်ဖွယ်ကောင်းသည့် တည်ရှိမှု တစ်ခုသာ ဖြစ်သည်။ မလေးရှား၏ စစ်တပ်သည် ကျဲခယ် အဖွဲ့ရှေ့တွင် ကျားတစ်ကောင်ကို ရင်ဆိုင်နေရသော သိုးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
တွေးလေလေ ပို၍ စိတ်ပျက်လက်ပျက် ဖြစ်လာလေလေ ဖြစ်ပြီး ဒါတူဟောက်သည် စင်ကာပူ သမ္မတ တစ်ခါက ပြောဖူးသော စကားတစ်ခွန်းကို အမှတ်ရသွားသည်။ ကျဲခယ် အဖွဲ့နှင့် နီးလွန်းပြီး ကောင်းကင်ဘုံနှင့် ဝေးလွန်းခြင်းက သူတို့ အရှေ့တောင်အာရှ နိုင်ငံအားလုံး၏ ဝမ်းနည်းစရာပင်။
ယခုတော့ ယင်းစကားက မလေးရှားအတွက် မှန်ကန်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။
***