စုကျဲက အနည်းငယ် လှည့်ကာ မျက်နှာအမူအရာ ပြောင်းလဲနေသော ဒါတူဟောက်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည် - "ဒါတူဟောက်... ခင်ဗျား တရုတ်သမိုင်း ဖတ်ဖူးလား"
"နည်းနည်းပါးပါး ဖတ်ဖူးပါတယ်"
ဒါတူဟောက်က စုကျဲ၏ စကားကို နားမလည်နိုင်ဖြစ်သွားပြီး သူ၏ မျက်နှာပေါ်တွင် သံသယ အရိပ်အယောင် တစ်ခု ပေါ်လာသည်။
"ဒါဆို ခင်ဗျား သိသင့်တယ်။ တရုတ်မှာ ရှေးဟောင်းစကားပုံတစ်ခု ရှိတယ်... ကိုယ့်အိပ်ရာဘေးမှာ တခြားသူကို ဘယ်လိုလုပ် အေးအေးဆေးဆေး အိပ်ခိုင်းထားလို့ရမှာလဲတဲ့"
စုကျဲ၏ အလေးအနက် မထားဟန်ဖြင့် ပြောလိုက်သော စကားတစ်ခွန်းက ဒါတူဟောက်၏ ခြေထောက်များကို အားပျော့သွားစေပြီး သူက စိုးရိမ်တကြီး တံတွေးမြိုချလိုက်သည်။
"တကယ်တော့ ငါက ကိုယ်လိုချင်တာကို ကိုယ်တိုင် ယူရတာကို ပိုသဘောကျတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ငါ့အိမ်မှ မဟုတ်တာ။ ပစ္စည်း နည်းနည်းပါးပါး ရိုက်ခွဲမိတော့ရော ဘာဖြစ်သလဲ။ ကိုယ် လိုချင်တာ ရရင် ပြီးတာပဲလေ"
စုကျဲက ခပ်ရေးရေး ပြုံး၍ ပြောလိုက်သော်ငြား သူ့စကားများက ဒါတူဟောက်၏ ကျောရိုး တစ်လျှောက် စိမ့်တက်သွားစေပြီး သူ၏ မျက်လုံးများတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။
ဒါတူဟောက် သေသေချာချာ နားလည်လိုက်သည်။ အကယ်၍ သူသာ ကျဲခယ် အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများကို သဘောမတူပါက စုကျဲသည် ကျဲခယ် အဖွဲ့၏ စစ်တပ်ကို တောင်ဘက်သို့ ချက်ချင်း စေလွှတ်ကာ သူတို့၏ မလေးရှားကို သေနတ်သံများနှင့်အတူ အပျက်အစီးပုံကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။
"ကျွန်... ကျွန်တော် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ မလေးရှားက ကျဲခယ် အဖွဲ့ရဲ့ အစီအစဉ်တိုင်းကို ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ အခုကစပြီး လုပ်ရပ်တိုင်းက ကျဲခယ် အဖွဲ့ကိုပဲ ဗဟိုပြုမှာ ဖြစ်ပြီး ဒုတိယအတွေး ရှိမှာမဟုတ်ပါဘူး။ ကျဲခယ် အဖွဲ့က မလေးရှားကို အရှေ့ကိုသွားဆိုရင် ကျွန်တော်တို့ ဘယ်တော့မှ အနောက်ကို သွားမှာမဟုတ်ပါဘူး"
ဒါတူဟောက်က တစ်မိနစ်တိတိ ရုန်းကန်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် မလိုလားမှုနှင့် နာကြည်းမှုများဖြင့် အနှီ စကားများကို နောက်ဆုံးတွင် ပြောထွက်သွားသည်။
အကြောင်းမှာ သူ၏ မလေးရှား စစ်တပ်က ကျဲခယ် အဖွဲ့ကို မတားဆီးနိုင်မှန်း ဒါတူဟောက် သိနေသောကြောင့်ပင်။ သူ သဘောမတူလျှင်လည်း တစ်ဖက်လူက အင်အားသုံးပြီး သူတို့ကို အတင်းအကျပ် ခိုင်းစေနိုင်သေးသည်။ ထိုအချိန်ကျလျှင် စည်းကမ်းချက်များက ယခုထက် ပို၍ ပြင်းထန်လိမ့်မည်။
ခုခံနေလည်း အချည်းနှီးပဲ ဆိုမှတော့ ငြိမ်ငြိမ်လေးသာ လက်ခံလိုက်တာက ပိုကောင်းပါသည်။ အနည်းဆုံးတော့ နာကျင်မှု နည်းနည်း သက်သာမည် မဟုတ်ပါလား…။
"ခင်ဗျားက ဉာဏ်ကောင်းတဲ့သူပဲ။ ငါက ဉာဏ်ကောင်းတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို သဘောကျတယ်"
စုကျဲက ဒါတူဟောက်ကို အထင်ကြီးကြောင်း ပြသသည့်အနေဖြင့် သူ၏ ပခုံးကို ပုတ်လိုက်သည်။
"တပ်မှူးစုရဲ့ အထင်ကြီးမှုကို ခံရတာ ကျွန်တော် ဂုဏ်ယူပါတယ်။ အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ငံနှစ်ခုက မိသားစုတစ်စုတည်းလိုပါပဲ။ မိသားစုကြီး တစ်ခုတည်းပါပဲ။ ဟားဟား”
ဒါတူဟောက်က အတင်း လုပ်ယူထားသော အပြုံးဖြင့် ထောက်ခံပြောဆိုလိုက်သည်။ သို့သော် သူ၏ အပြုံးက ငိုနေသည်ထက်ပင် ပိုအရုပ်ဆိုးနေပြီး မတရားမှုကို ခံစားနေရသည့် ချွေးမလေး တစ်ယောက်နှင့် တူနေသည်။
သို့သော် မလေးရှားက လမ်းမှားရွေးမိခဲ့ခြင်း အတွက် ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ ထို့အပြင် မလေးရှားနိုင်ငံက ကျဲခယ် အဖွဲ့အနီးတွင် တည်ရှိပြီး ကျဲခယ် အဖွဲ့နှင့် ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေသေးသည် မဟုတ်ပါလား…။
မူလက သူတို့၏ ကျွန်းနယ်မြေ ထက်ဝက်က ကျဲခယ်နှင့် နယ်နိမိတ်ချင်း မထိစပ်ဘဲ သမုဒ္ဒရာနှင့် ခြားနေသဖြင့် ရေတပ်၏ အကာအကွယ်ကို မှီခိုကာ အတော်လေး လုံခြုံသည်ဟု ခံစားခဲ့ရသည်။
သို့သော်လည်း ကျဲခယ်၏ ခရူဇာ လက်နက်တိုက် စစ်သင်္ဘော ပေါ်ထွက်လာမှုနှင့်အတူ သူတို့၏ မည်သည့်နယ်မြေမှ လုံခြုံမှု မရှိတော့ပေ။
ကျဲခယ် အဖွဲ့က သူတို့ကို တကယ်တမ်း တိုက်ခိုက်ချင်လျှင် ရေတပ်ဖြင့် ချဉ်းကပ်မှုမျိုးကိုပင် သုံးစရာ မလိုချေ။ စစ်တပ်က တောင်ဘက်သို့ ချီတက်ပြီး သူတို့ကို မိနစ်ပိုင်းအတွင်း ရှင်းလင်းပစ်နိုင်ပေသည်။
ဒါတူဟောက် စကားပြောပြီး မကြာမီမှာပင် မူလက ငြိမ်သက်နေသော ပင်လယ်ရေပြင်သည် စတင် ပြောင်းလဲလာလေသည်။
တောက်ပနေသော ပင်လယ်ရေပြင်တွင် နေရောင်ခြည်က လှိုင်းပုတ်နေသော မျက်နှာပြင်ကို ဖောက်ထွင်း ဝင်ရောက်ကာ အလင်းနှင့် အရိပ်များကို ဖန်တီးပေးနေသည်။
ရုတ်တရက် ရေများ နေရာအနှံ့ ပန်းထွက်လာပြီး တန်ပေါင်း သောင်းချီသော ပင်လယ်ရေများ ဖယ်ခွာသွားကာ အထက်သို့ ပင့်တက်သွားသည်။ ပင်လယ်ထဲမှ တောင်ကြီးတစ်တောင် ရုတ်တရက် ပေါ်လာသကဲ့သို့ သို့တည်းမဟုတ် ဝေလငါးမည်းကြီးတစ်ကောင် လှိုင်းတံပိုးများကို ခွဲထွက်လာသကဲ့သို့ အနက်ရောင် စစ်သင်္ဘောကြီး တစ်စင်း ရုတ်ခြည်း ပေါ်ထွက်လာသည်။
ဝုန်း... ဝုန်း... ဝုန်း...
ကြီးမားလှသော ရိုက်ခတ်မှုကြောင့် လှိုင်းလုံးကြီးများပင် ဖြစ်ပေါ်လာပြီး အောက်ခြေရှိ ရေဘဝဲကဲ့သို့ အသက်ဝင်နေသော ရေနက်လက်တံ ရှစ်ခုက ရေပြင်ကို ရိုက်ခတ်လိုက်ရာ လှိုင်းတံပိုးများ ထန်လာပြီး အားကောင်းသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
ဦးဆောင်လာသော ဧရာဝတီ ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ပေါ်လာပြီးနောက် ပင်လယ်ထဲမှ နောက်ထပ် ရေလှိုင်းငါးခု ဆက်တိုက် ထွက်ပေါ်လာကာ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ငါးစင်းက ဝေလငါးကြီးများကဲ့သို့ တစ်စင်းပြီး တစ်စင်း ပေါ်ထွက်လာသည်။
ရေပေါ်ပေါ်လာပြီးနောက် ဧရာဝတီ သင်္ဘောသည် ဆိပ်ခံတံတားဆီသို့ ရွက်လွှင့်သွားပြီး ကျန်သည့် မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ငါးစင်းကတော့ အရေးပေါ် အခြေအနေများကို ကာကွယ်ရန် ဆိပ်ခံတံတားအနီးသို့ မကပ်ဘဲ ကင်းလှည့်ရန်နှင့် သတိအနေအထားဖြင့် စောင့်ကြည့်ရန် သမုဒ္ဒရာပြင်ကျယ်ဆီသို့ ပြန်လည် ထွက်ခွာသွားကြသည်။ အကယ်၍ အန္တရာယ်ကြုံလာပါက ကြိုတင်သတိပေးရန် ၊ ပြန်လည်တိုက်ခိုက်ရန် သို့မဟုတ် ရေနက်ပိုင်းသို့ ပြန်လည် ငုပ်လျှိုးရန် အသင့်အနေအထား ရှိနေကြသည်။
ဘူး…
ဥဩဆွဲသံရှည်ကြီးက ပင်လယ်နတ်ဘုရား၏ ဒေါသတကြီး ဟိန်းဟောက်သံလို ပဲ့တင်ထပ်သွားသည်။ ဧရာဝတီ ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီး ရေပေါ်ပေါ်လာပြီး ဆိပ်ခံတံတားအနီးသို့ ချဉ်းကပ်လာသောအခါ ဆားငန်ရနံ့နှင့် ရောပြွမ်းနေသော စက်ယန္တရား အနံ့အသက် ပြင်းပြင်းတစ်ခုက လွှမ်းမိုးလာသည်။
မြင်ကွင်းက တကယ်ကို အသက်ရှူမှားလောက်စရာပင်။
အလျား ၂၄၆ မီတာ၊ အကျယ် ၃၇ မီတာနှင့် တန်ချိန် ၄၅,၅၀၀ ရှိသော ခရူဇာစစ်သင်္ဘောကြီး၏ စုစုပေါင်း အမြင့်သည် မီတာ ၅၀ ကျော်ရှိပြီး ၁၆ ထပ်တိုက် အဆောက်အအုံတစ်လုံးနှင့် ညီမျှလေသည်။
အလျား ၂၄၆ မီတာရှိသော ရွေ့လျား မိုးမျှော်တိုက်ကြီးတစ်ခု ပင်လယ်အောက်မှ ပေါ်ထွက်လာသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ထိုပုံရိပ်၏ အံ့ဩမှင်သက်စရာ ကောင်းပုံကို စကားလုံးများဖြင့်ပင် ပြောပြရန် ခဲယဉ်းပေလိမ့်မည်။
ဆိပ်ကမ်းမှ ကြည့်ရှုနေသူ အားလုံး အသက်ရှူမှားသွားကြပြီး သူတို့၏ သူငယ်အိမ်များ ကျယ်လာကာ ဧရာဝတီသင်္ဘောကို ကြည့်ရင်း လုံးဝကို ဆွံ့အသွားကြသည်။
မီဒီယာအသီးသီးမှ သတင်းထောက်များသည် ၎င်းတို့၏ ကင်မရာ ခလုတ်များကို စိတ်လှုပ်ရှားစွာ နှိပ်လိုက်ကြပြီး တန်ဖိုးရှိသော အခိုက်အတန့်ကို မှတ်တမ်းတင်ကာ မျိုစင်္ကြာ အတန်းအစား ခရူဇာ စစ်သင်္ဘောကြီး၏ ခမ်းနားထည်ဝါသော ပုံရိပ်ကို မနက်ဖြန် သတင်းစာ မျက်နှာဖုံးခေါင်းစဉ်အဖြစ် ဖော်ပြရန် ပြင်ဆင်နေကြသည်။
ဒါတူဟောက်၏ မျက်လုံးများက တုန်လှုပ်မှုကြောင့် ပြူးကျယ်နေသည်။ ဤအခိုက်အတန့်တွင် ကျဲခယ် အဖွဲ့၏ စည်းကမ်းချက်များကို သဘောတူလိုက်မိသည့် အတွက် သူ လုံးဝ နောင်တမရတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စစ်ရေးနှင့် ရေတပ်အင်အားမျိုးကို သူတို့လို မလေးရှား နိုင်ငံငယ်လေး အနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိသောကြောင့်ပင်။
ဂျီအိုဗန်နီကလည်း CIA ထံ ဓာတ်ပုံအထောက်အထားများ ပေးပို့ရန် သူ၏ ကင်မရာကို ဆက်တိုက် နှိပ်နေခဲ့သည်။ ဧရာမ လက်နက်တိုက် ခရူဇာစစ်သင်္ဘောကြီးကို ကြည့်ရင်း သူ၏ ရင်ဘတ်က စည်တီးနေသကဲ့သို့ တဒိန်းဒိန်း မြည်ကာ ခုန်ပေါက်နေပြီး အဆုံးမရှိသော လေးစားအံ့ဩမှုများ ပြည့်နှက်နေသည်။
သူ့ရှေ့ရှိ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကြီးက လေယာဉ်တင် သင်္ဘောတစ်စင်းထက်ပင် ပိုမို ကြီးမားသော ခြိမ်းခြောက်နိုင်စွမ်းကို ပေးစွမ်းနေသည် ဟု သူ ခံစားရသည်။
ရေပေါ်ပေါ်လာပြီးနောက် မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘောကြီးသည် စတင်၍ အပြည့်အဝ အသက်ဝင်လာသည်။ ၎င်း၏ ၃၀ မီလီမီတာ ၁၁-ပြွန်ပါ အနီးကပ် ကာကွယ်ရေး လက်နက်စနစ် ရှစ်ခု၊ ၂၀၃ မီလီမီတာ စည်နှစ်ပြွန်ပါ ရေတပ်အမြောက်ကြီးများနှင့် မြောက်မြားစွာသော ဒုံးကျည် ပစ်လွှတ်ပေါက်များကို ထုတ်ဖော် ပြသထားပြီး ပြင်ပကမ္ဘာအား အိန္ဒိယရေတပ်ကို အနိုင်ယူလိုက်သူမှာ သူ ဖြစ်ကြောင်း လက်ခမောင်း ခတ်ပြနေပေသည်။
ရေမျက်နှာပြင်အောက်တွင် အရှည် မီတာတစ်ရာကျော်စီ ရှိသော တုတ်ခိုင်ပြီး အသက်ဝင်နေသည့် လက်တံရှစ်ခုက လိမ်ယှက် လှုပ်ရှားနေပြီး စပါးကြီး မြွေကြီးများကဲ့သို့ ပင်လယ်ရေကို ရေဝဲကြီးများ ဖြစ်အောင် မွှေနှောက်နေကာ ကြည့်ရှုနေသူများ၏ အာခေါင်များကို ခြောက်သွေ့သွားစေသည်။
သင်္ဘောကုန်းပတ်ပေါ်တွင်လည်း သင်္ဘောသား ၁၅၈ ဦးနှင့် မျိုးဗီဇ စစ်သည် ၁၅ ဦးတို့သည် ပြိုင်တူ ထွက်ပေါ်လာကြသည်။ သူတို့သည် စိုစွတ်နေသော ကုန်းပတ်ပေါ်တွင် ရပ်နေကြပြီး ဖြူလွနေသော ရေတပ်စစ်ဝတ်စုံများကို ကျော့ရှင်းစွာ ဝတ်ဆင်ထားကာ ကျောရိုးများကို လှံတံများကဲ့သို့ မတ်မတ်ထားလျက် ဆိပ်ခံတံတားရှိ အားပေးနေသော လူအုပ်ကြီးကို အလေးပြုလိုက်ကြသည်။
"ဘုရားရေ... ဒါက တကယ်ကို ခမ်းနားလွန်းတယ်။ ဒါက ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကြီးလား။ စိတ်ကူးနဲ့တောင် မှန်းဆလို့မရအောင် ကြီးမားပါလားဟ။ သူ့အရှည်က လေယာဉ်တင် စစ်သင်္ဘောကြီးတွေလောက် နီးပါး ရှိမယ်ထင်တယ်"
"သောက်ကျိုးနည်း... အဲဒါတွေက ဘာတွေလဲ။ လက်တံတွေနဲ့ သံမဏိဒုံးကျည်တွေလား။ ငါတော့ ရူးတော့မယ်... သူ့ပုံစံကို ကြည့်ရုံနဲ့တင် ဒီကောင်ကြီးက သောက်ရမ်းကို အစွမ်းထက်တယ်ဆိုတာ သိသာတယ်"
"လခွီးပဲ... ဒါ ဂြိုဟ်သားနည်းပညာ မဟုတ်တာ သေချာရဲ့လား။ ဇီဝဗေဒနဲ့ သံမဏိကို ပေါင်းစပ်ထားတဲ့ စစ်သင်္ဘောက စိတ်ကူးယဉ်လို့တောင် မရဘူး။ တကယ်ကို မယုံနိုင်စရာပဲ"
နိုင်ငံခြား ခရီးသွားများသည် မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးကို မြင်သော အခါ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားကြပြီး သူတို့၏ ရင်ထဲတွင် တုန်လှုပ်မှုများ လွှမ်းမိုးသွားသည်။
တန်ချိန် ထောင်ဂဏန်းမျှသာရှိသော စစ်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ် မြင်ဖူးသူမည်သူမဆို စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကို ခံစားရမည်ဖြစ်သည်။ ကမ္ဘာမြေ၏ နောက်ဆုံးပေါ် နည်းပညာကို ကိုယ်စားပြုသော ၊ တန်ချိန် လေးသောင်းကျော်ရှိသည့် ဧရာမ ခရူဇာ လက်နက်တိုက် စစ်သင်္ဘောကြီး ကဲ့သို့ အရာမျိုးကို မြင်ရသူ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
အထူးသဖြင့် ပုံပန်းသဏ္ဍာန်အရ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာ စစ်သင်္ဘောကြီး၏ အလှတရားသည် လေယာဉ်တင်သင်္ဘောများထက် အဆပေါင်းများစွာ သာလွန်ပြီး အမြောက်ကြီးများ တပ်ဆင်ထားသော ပင်မစစ်သင်္ဘောကြီးများ၏ အလှတရားနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
အကြောင်းမှာ ၎င်းတွင် မီတာတစ်ရာ ရှည်လျားသော အသက်ဝင်နေသည့် လက်တံရှစ်ခု ပါရှိနေသောကြောင့်ပင်။
ရေအောက်ထဲတွင် တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လက်တံများက လူများကို ကြက်သီးထစေ၏။ ထို့အပြင် အကြောင်းပြချက် မရှိဘဲ ကျောရိုးများကိုလည်း စိမ့်စေသည်။ ဧရာမ လက်တံ ရှစ်ခုသည် အကြောက်တရားကို ကိုယ်စားပြုပေသည်။ စစ်သင်္ဘောတစ်စင်း အတွက် အကြောက်တရားဆိုသည်မှာ အကောင်းဆုံးသော ချီးကျူးစကားပင် ဖြစ်သည်။
***