တစ်ကိုယ်တည်း ရေရွတ်နေသည့် ကျန်းချိုင်တန် ပုံစံမှာ အရူးတစ်ယောက်ပမာ။ အဖြစ်အပျက်တို့ကို လီယီတောင်း ကိုယ်တိုင်လည်း အပြည့်အဝ နားမလည်နိုင်သေးပေ။
သူ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် ကျန်းချိုင်တန်က ဒေါသတကြီး ထပြောတော့သည်။
" ဒါတွေ အကုန်လုံးက ခင်ဗျားကြောင့်ပဲ... ခင်ဗျားကြောင့် ဖြစ်ရတာ... ခင်ဗျားသာ ပေါ်မလာခဲ့ရင် စာခြောက်ရုပ် နတ်ဘုရားက ကျွန်တော့် အဖေ့ကို သေချာပေါက် လွှတ်ပေးမှာ... "
" သူ ကျွန်တော့်ကို ကတိပေးထားတာ... သူ အဲဒီလို ပြောခဲ့တာ... "
" ခင်ဗျား သေရမယ်... ခင်ဗျား သေရမယ်... သွားသေလိုက်... "
ပြောပြောဆိုဆိုဖြင့် ကျန်းချိုင်တန် အခန်းထဲမှ ထွက်သွားလေသည်။
သို့သော် ထွက်မသွားမီ လျှာကို ကိုက်ကာ လက်ထဲရှိ စာခြောက်ရုပ်လေး အပေါ်သို့ သွေးများ ထွေးချလိုက်သည်ကို လီယီတောင်း သတိထားမိလိုက်သည်။
ကျန်းချိုင်တန် လုပ်ရပ်ကြောင့် ခြံဝင်း ထောင့်အသီးသီးတွင် ပုန်းကွယ်နေသော စာခြောက်ရုပ် နှစ်ဆယ်ကျော်ခန့် မတ်တပ်ထရပ်လာကြပြီး လီယီတောင်းထံသို့ စတင် ရွေ့လျားလာကြလေသည်။ သို့သော် သူတို့၏ လှုပ်ရှားမှုများက သိပ်တော့ မမြန်လှပေ။
" ခင်ဗျားကို သတ်မယ်... စာခြောက်ရုပ် နတ်ဘုရားက ကျွန်တော့် အဖေကို ချမ်းသာပေးလိမ့်မယ်... သူ ကျွန်တော့် အဖေကို လွှတ်ပေးရင် ကျွန်တော် ဘေးကင်းပြီ... "
" ကျွန်တော်က စာခြောက်ရုပ် နတ်ဘုရားရဲ့ အသစ္စာရှိဆုံး နောက်လိုက် ဖြစ်လာနိုင်တယ်... ကမ္ဘာမြေပေါ်က နတ်ဘုရားတစ်ပိုင်း ဖြစ်လာမယ်... "
" သူ့ကို သတ်... "
သွေးရူးသွေးတန်း အော်ဟစ်ရင်း ကျန်းချိုင်တန်က လက်ထဲရှိ အရုပ်လေး အပေါ်သို့ နောက်ထပ် သွေးများ ထွေးချလိုက်ပြန်လေသည်။
ထိုလုပ်ရပ်ကြောင့် စာခြောက်ရုပ်များမှာ ရူးသွပ်သွားသည့်အလား ခပ်ကြမ်းကြမ်း ရှေ့တိုးလာကြသည်။
သို့သော် လီယီတောင်းကတော့ ဤစာခြောက်ရုပ်များ၏ ဟန်ပန်များကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်လေသည်။
သူတို့ တစ်ရုပ်စီအတွက် သူ သက်တမ်း တစ်နှစ်စီ သုံးလိုက်၏။
သက်တမ်း နှစ်တစ်ထောင်ကျော် ပိုင်ဆိုင်ထားသော လီယီတောင်း အတွက် ဤကိစ္စမှာ ဘာမှ မပြောပပေ။
ကြောက်စရာ ဘာရှိလို့လဲ...။
သူ တံခါးဝတွင် တည်ငြိမ်စွာ ရပ်နေပြီး ကျန်းချိုင်တန်ကို အေးအေးဆေးဆေး စိုက်ကြည့်နေလိုက်၏။
" မင်းကို ဘယ်သူက ဒီလွှတ်လိုက်တာလဲ... မင်းတို့တွေက ဘယ်သူတွေလဲ... "
" မင်းအဖေနဲ့ သူ့ရဲ့ သတ္တုတွင်းက သူငယ်ချင်းတွေ ကိစ္စကကော ဘာလဲ... ပြီးတော့ မင်း ခဏခဏ ပြောနေတဲ့ ဒီစာခြောက်ရုပ် နတ်ဘုရား ဆိုတာကကော ဘယ်သူလဲ... "
လီယီတောင်း မေးခွန်းများက ဆက်တိုက်။
သို့သော် ကျန်းချိုင်တန်မှာ ရူးသွပ်သွားသူပမာ ဖြစ်နေပြီး သူ၏ မေးခွန်းများကို လုံးဝ ဂရုမစိုက်ပေ။
" ဟားဟား... ငါ ဘယ်သူလဲ ဟုတ်လား... မင်း သိဖို့ မတန်ဘူး... စာခြောက်ရုပ် နတ်ဘုရား ဟုတ်လား... အဲဒါက ပိုတောင် မတန်သေးတယ်... "
" သေဖို့သာ ပြင်ထားတော့... တမလွန်ကို ရောက်သွားမှ ဒီကိစ္စတွေကို ငါ့ရဲ့ ငတုံး အဖေဆီမှာ သွားမေးလိုက်တော့... "
လီယီတောင်းနှင့် အနီးဆုံးရှိ စာခြောက်ရုပ်များမှာ တစ်မီတာပင် မကွာတော့ပေ။
အခန်းထဲသို့ ဝင်လာသော စာခြောက်ရုပ်ပင်လျှင် ပြန်ထလာပြီး လီယီတောင်း နောက်ကျောဘက်သို့ ကပ်လာကာ တိုက်ခိုက်ရန် ပြင်နေလေပြီ။
ဤအချိန်တွင် ကျန်းချိုင်တန်နှင့် ဆက်လက် ဆွေးနွေးနေရန် အဓိပ္ပာယ် မရှိတော့ကြောင်း လီယီတောင်း သဘောပေါက်လိုက်၏။
ထို့ကြောင့် လက်ကို ဆန့်ထုတ်ကာ နောက်ကျောဘက်ရှိ အနီးဆုံး စာခြောက်ရုပ်ကို လက်ညှိုးထိုးလိုက်လေသည်။
သေမင်း ဓားသွား...။
လီယီတောင်း သေမင်း ဓားသွားကို အသက်သွင်းလိုက်သည်နှင့် သူ လက်ညှိုးထိုးပြထားသော စာခြောက်ရုပ်မှာ ကျယ်လောင်သော အသံကြီးနှင့်အတူ လဲကျသွားပြီး အသက်ကင်းမဲ့သွားတော့၏။
ဤမြင်ကွင်းကြောင့် ကျန်းချိုင်တန် တစ်ယောက် အံ့အားသင့်သွားလေသည်။
စာခြောက်ရုပ်က လက်ညှိုးတစ်ချက် ထိုးလိုက်ရုံနဲ့ ပျက်စီးသွားတာလား...။
လီယီတောင်းက ခပ်အေးအေး အမူအရာဖြင့် ကျန်ရှိနေသော စာခြောက်ရုပ်များကို တစ်ရုပ်ပြီး တစ်ရုပ် ဆက်လက် လက်ညှိုးထိုးပြနေလိုက်၏။
သူ၏ လက်ညှိုး တစ်ချက် အထိုးတွင် စာခြောက်ရုပ် တစ်ရုပ် ပြိုလဲသွားရလေသည်။
မကြာမီမှာပင် စာခြောက်ရုပ် အားလုံးမှာ မြေပြင်ပေါ်တွင် အသက်ကင်းမဲ့စွာ လဲကျသွားကြတော့၏။
ကျန်းချိုင်တန် တစ်ယောက် အံ့အားသင့် မှင်သက်နေပြီး ရင်ထဲ ခံစားချက်တို့ ရောပြွမ်းနေလေပြီ။
သူ့ပုံစံက လဲပြိုလုနီးနီး။
ထိုမျှမကသေးပေ။ ကျန်းချိုင်တန် အတွက် အချိန် သိပ်မကျန်တော့ကြောင်း လီယီတောင်း ခံစားမိလိုက်သည်။
သူ၏ သက်စောင့်စွမ်းအင်များ လျော့ကျလာပြီး သေလုဆဲဆဲ လူတစ်ယောက်ပမာ ဖြစ်နေလေပြီ။
ဤအချိန်တွင် လီယီတောင်း တစ်ခုခုကို နားလည်သွားခဲ့၏။
ဤစာခြောက်ရုပ်များက ကျန်းချိုင်တန်၏ သက်စောင့်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အသက်ဝင် လှုပ်ရှားနေခြင်း ဖြစ်ပုံရလေသည်။
ထို့ကြောင့် ဤစာခြောက်ရုပ်များကို လီယီတောင်း ရှင်းလင်းလိုက်၍ ကျန်းချိုင်တန်မှာ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိသွားလေသည်။
သူ မြေပြင်ပေါ်သို့ ခွေကျသွားပြီး မျက်လုံးများထဲမှ ရူးသွပ်မှုများ ပျောက်ကွယ်သွားသော်လည်း မျက်နှာကတော့ မကောင်းဆိုးဝါးဆန်ဆန် ခက်ထန်နေဆဲပင်။
" ဟားဟား... အခု ပြီးသွားပြီလို့ မင်း ထင်နေတာလား... ငါ သေသွားရင်တောင် မင်းလည်း အသက်ရှင်မှာ မဟုတ်ဘူး... ဒီရွာကနေ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး... ဟားဟား... "
" စာခြောက်ရုပ် နတ်ဘုရားက မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး... ဟားဟားဟားဟား... "
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ကျန်းချိုင်တန်ကို တည်ငြိမ်စွာ စောင့်ကြည့်နေလိုက်၏။
ယခုအချိန်တွင် မေးခွန်းများ မေးနေခြင်းက အလကားပင် ဖြစ်ကြောင်း သူ သိပေသည်။
သို့သော် ကျန်းချိုင်တန်ထံမှ " စာခြောက်ရုပ် နတ်ဘုရား " ဆိုသည့် စကားကိုတော့ သူ အနည်းငယ် စိတ်ဝင်စားမိ၏။
ဤ " စာခြောက်ရုပ် နတ်ဘုရား " တွင် လီယီတောင်းကဲ့သို့ ထူးခြားသော စွမ်းရည် အချို့ ရှိနေပုံ ရလေသည်။
ဤစွမ်းအားက မည်သည့်နေရာမှ လာသည်၊ ဤကမ္ဘာကြီးတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသည် ဆိုသည်ကိုတော့ ယခုအချိန်တွင် လီယီတောင်း အဖြေမပေးနိုင်သေးပေ။
တစ်ချိန်တည်းမှာပင်…
လီယီတောင်းနှင့် ကျန်းချိုင်တန်တို့ တိုက်ခိုက်နေစဉ် အတွင်း ထူးဆန်းသော အရာတစ်ခုက ရွာတစ်ရွာလုံးကို လွှမ်းခြုံသွားလေသည်။
သူ မသိခဲ့သည်မှာ ရွာထဲသို့ ဝင်လာစဉ်က မြင်တွေ့ခဲ့ရသော သေလုဆဲဆဲ ဖြစ်နေပုံရသည့် အဘိုးအိုများမှာ အိပ်ပျော်နေရာမှ ပြိုင်တူ နိုးထလာခြင်းပင်။ သူတို့ သူငယ်အိမ်များထဲတွင် အကြောက်တရားများ ပြည့်နှက်နေပြီး ခန္ဓာကိုယ်များမှာ အကြောသေနေသည့်အလား တစ်ချက်လေးမျှပင် မလှုပ်ရှားနိုင်ကြပေ။
ထို့ပြင် သူတို့ ခန္ဓာကိုယ်ထဲမှ အမည်းရောင် မြူခိုးများကဲ့သို့ အရာတစ်ခုကို ဖြည်းညင်းစွာ စုပ်ထုတ်ခံနေရပြီး အမည်းရောင် အငွေ့တန်းများ အဖြစ် ပြောင်းလဲကာ ရွာထိပ်ရှိ စာခြောက်ရုပ်ကြီးထံသို့ တဖြည်းဖြည်း စုစည်းသွားကြလေသည်။
အမည်းရောင် မြူခိုးများက စာခြောက်ရုပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်သွားသည်နှင့်အမျှ စာခြောက်ရုပ်ကြီး၏ အငွေ့အသက် တစ်ခုလုံး စတင် ပြောင်းလဲလာပြီး မျက်လုံးများက အသိစိတ် ရှိလာသည့်အလား ဖြစ်လာတော့၏။
အသက်ဝင်လာသည့်အလားပင်။
အဘိုးအိုများခမျာ ခြောက်သွေ့ တွန့်လိမ်နေသော အရေပြားများ ပို၍ပင် တွန့်လိမ်လာလေသည်။
သူတို့ထံတွင် ကျန်ရှိနေသော အသက်ငွေ့ငွေ့လေးက တဖြည်းဖြည်း လွင့်ပါးသွားပြီး အချို့မှာ အသက်ကင်းမဲ့သွားလေတော့သည်။
ဤအချိန်တွင် အဝေးမှ တောင်ကုန်းတစ်ခုပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော အမျိုးသမီး တစ်ဦး ရုတ်တရက် မျက်လုံးပွင့်လာလေသည်။
သူမ၏ စူးရှသော အကြည့်များက ရွာထိပ်ရှိ စာခြောက်ရုပ်ကြီးထံသို့ စူးစိုက်သွား၏။
သို့သော် သူမက ဘာမှ မလှုပ်ရှားသေးဘဲ တစ်ခုခု ဖြစ်လာမည်ကို စောင့်နေသည့်အလား စောင့်ကြည့်နေရုံသာ စောင့်ကြည့်နေလိုက်သည်။ အချိန်ကောင်းကို စောင့်နေခြင်း ဖြစ်၍ ယခုက သူမ လှုပ်ရှားရမည့် အချိန် မဟုတ်သေးပေ။
ကျန်း မိသားစု၏ ခြံဝင်း…
လီယီတောင်းက ကျန်းချိုင်တန် အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေသည်။
လီယီတောင်းက ကျန်းချိုင်တန်ကို အပေါ်မှ ရပ်ကာ ငုံ့ကြည့်ပြီး တည်ငြိမ်သော လေသံဖြင့်...
" မင်း သိသမျှ အကုန်လုံးကို ငါ့ကို ပြောပြ... ငါ မင်းကို ကယ်ပေးနိုင်တယ်... "
သူ့လေသံက တည်ငြိမ်နေသော်လည်း ယုံကြည်မှု အပြည့်။
လူတွေကို ကယ်တင်တဲ့ နေရာမှာ လီယီတောင်း က ပရော်ဖက်ရှင်နယ် တစ်ယောက်လေ...။
လက်ရှိ နတ်ဘုရားလက် စွမ်းရည်က တစ်ဖက်လူက လူကောင်း ဖြစ်ဖြစ်၊ လူဆိုး ဖြစ်ဖြစ် ဂရုမစိုက်ဘူး...။
ငါသာ သူတို့ကို ကယ်ချင်တယ် ဆိုရင် သက်တမ်း အလုံအလောက် အသုံးပြုပြီး သူတို့ကို ကယ်တင်နိုင်တယ်လေ...။
သို့သော် ကျန်းချိုင်တန် ခဏမျှ တုံ့ဆိုင်းသွားလေသည်။ အစပိုင်းတွင် သူ့မျက်လုံးများ၌ မယုံကြည်နိုင်သည့် အရိပ်အငွေ့များ ပြသနေသော်လည်း မျှော်လင့်ချက် ရောင်ခြည်လေး စတင် ပေါ်လာတော့၏။
ဘာပဲဖြစ်ဖြစ်... ရှောင်လွှဲလို့ ရနိုင်မယ် ဆိုရင် ဘယ်သူက သေချင်မှာလဲ...။
ထို့ပြင် ကျန်းချိုင်တန်က လီယီတောင်း အကြောင်းအားလုံးကို သေချာ စုံစမ်းထားပြီး ဖြစ်သည်။
တကယ်လို့ လီယီတောင်းသာ ငါ့ကို တကယ် ကယ်ချင်တယ် ဆိုရင်... ငါ သေစရာ မလိုလောက်ဘူး...။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
ထို့နောက် သူ အံကို တင်းတင်းကြိတ်ကာ လီယီတောင်းကို စိုက်ကြည့်လိုက်လေသည်။
" ခင်... ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ကယ်မှာလား... "
***