လီယီတောင်းက ကျန်းချိုင်တန်ကို ဘာမှမပြောပဲ ခပ်ယဲ့ယဲ့ကလေး ပြုံး၍သာ ကြည့်နေလိုက်၏။
သူ့ကို ကယ်ပေးနိုင်တယ်လို့ပဲ ပြောတာလေ... ကယ်ပေးမယ်လို့ ပြောတာမှ မဟုတ်တာ… အပြန်အလှန် အနေနဲ့တော့ စည်းကမ်းချက်တွေ ရှိတာပေါ့...။
ငါ တကယ် ကယ်၊ မကယ် ဆိုတာက ကျန်းချိုင်တန်ရဲ့ ရိုးသားမှု အပေါ်မှာပဲ မူတည်တယ်...။
လီယီတောင်း တိတ်ဆိတ်နေ၍ ကျန်းချိုင်တန် တစ်ယောက် အံကို ထပ်မံ ကြိတ်လိုက်လေသည်။
သူ ရွာထိပ်ဘက်သို့ မသိမသာ လှမ်းကြည့်လိုက်မိ၏။
နောက်ဆုံးတွင်တော့ အသက်ရှင်လိုစိတ်က အရာအားလုံးထက် လွှမ်းမိုးသွားခဲ့လေပြီ။
" ကောင်းပြီ... ကျွန်တော် သိသမျှ အကုန်လုံးကို ခင်ဗျားကို ပြောပြမယ်... "
ကျန်းချိုင်တန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီးနောက် ဆက်ပြောလေသည်။
" ဒါပေမဲ့ ကျွန်တော် ပြောပြပြီးတာနဲ့ ကျွန်တော့်ကို ချက်ချင်း ကယ်ပေးရမယ်လို့ ခင်ဗျား ကတိပေးရမယ်... မဟုတ်ရင် ကျွန်တော် သေသွားရင်တောင် ခင်ဗျားကို လွှတ်ထားမှာ မဟုတ်ဘူး... "
လီယီတောင်း ခပ်ဖွဖွ ပြုံးလိုက်၏။
" မင်း ဘာမှ မဖုံးကွယ်ဘဲ အကုန်လုံးကို အမှန်တိုင်း ပြောပြရင်... မင်းကို ကယ်ပေးမယ်လို့ ငါ ကတိပေးတယ်... "
" ဒါပေမဲ့... တကယ်လို့ မင်းက လိမ်ဆင်တွေနဲ့ ငါ့ကို လှည့်စားဖို့ ကြိုးစားမယ် ဆိုရင်တော့... "
လီယီတောင်း စကားရပ်သွားပြီး မျက်လုံးများထဲတွင် ရက်စက်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
" အင်း... ငါ မင်းကို အဲဒီလောက် မြန်မြန်တော့ သေခွင့်ပေးမှာ မဟုတ်ဘူး... "
ဤစကားများကြောင့် ကျန်းချိုင်တန် တစ်ကိုယ်လုံး အလိုလို တုန်ရင်သွားရလေသည်။
" ကောင်းပြီ... ကျွန်တော် သိသမျှ အကုန် ပြောပြပါ့မယ်... "
ကျန်းချိုင်တန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ စကားပြောရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင် ရုတ်တရက် အေးစက်စက် လေပြင်း တစ်ချက် တိုက်ခတ်သွားလေသည်။
လီယီတောင်း အရိုးကွဲမတတ် ချမ်းစိမ့်သွားပြီး နာရေးခန်းမ ရှိရာသို့ မသိစိတ်မှပင် လှည့်ကြည့်လိုက်မိ၏။
အံ့သြစရာ ကောင်းသည်မှာ ကျန်းအာမောက်၏ ဝိညာဉ်ရိပ်က ယခင်က မျက်နှာသေကြီးနှင့် လုံးဝ မတူတော့ဘဲ အသက်ဝင်လာပုံ ရလေသည်။
သူ၏ အနောက်ရှိ စာခြောက်ရုပ်က ပို၍ပင် ထူးဆန်းသော မျက်နှာထား ဖြစ်နေ၏။စာခြောက်ရုပ်က သူ့ကို မြင်ရသည်ကို အတည်ပြုနေသည့်အလား ခေါင်းစောင်းကြည့်နေသည်ကို လီယီတောင်း ခံစားမိလိုက်သည်။
ကျန်းအာမောက်၏ ဝိညာဉ်ရိပ်ကို ရစ်ပတ်ထားသော မရေမတွက်နိုင်သည့် ချည်မျှင်လေးများက စတင် ရှည်ထွက်လာပြီး ရွာထိပ်ဘက်သို့ လွင့်မျောသွားကြလေသည်။
လီယီတောင်း ရင်ထဲတွင် မကောင်းသော နိမိတ် တစ်ခုကို ခံစားလိုက်ရ၏။
သူ နာရေးခန်းမထဲတွင် ဖြစ်ပျက်နေသည်များကို ဂရုမစိုက်တော့ဘဲ ကျန်းချိုင်တန်ဘက်သို့ လှည့်လိုက်သည်။
" မြန်မြန်... မင်း သိတာတွေ အကုန် ပြော... မင်း ပြောရင် မင်း အသက်ဆက်ရှင်အောင် ငါ ကူညီပေးမယ်... "
လီယီတောင်းက အမိန့်ပေးလိုက်၏။
သို့သော် ကျန်းချိုင်တန်မှာ စောစောက အေးစက်စက် လေပြင်းကြောင့်လား၊ အကြောက်လွန်၍လားတော့ မသိ… လုံးဝ အသိစိတ်လွတ်နေလေပြီ။
" ဖြန်း... "
ရုတ်တရက် ကျန်းချိုင်တန် ပါးကို လီယီတောင်း ဖြတ်ရိုက်လိုက်လေသည်။
နာကျင်မှုကြောင့် ကျန်းချိုင်တန် သတိပြန်ဝင်လာပုံ ရသော်လည်း အကြောက်တရားများကတော့ ကျန်ရှိနေဆဲပင်။
" မင်း သိတာတွေ အကုန် ပြော... အခုဆိုရင် မင်းကို ငါ ကယ်ပေးနိုင်သေးတယ်... မဟုတ်ရင်တော့ ကိုယ့်ဘာသာ သေဖို့သာ စောင့်နေတော့... "
လီယီတောင်း နောက်ဆုံး အနေဖြင့် ထပ်မံ ကြိုးစားလိုက်ခြင်း ဖြစ်၏။
ကျန်းချိုင်တန် ခဏတာ တွေဝေသွားပြီးမှ အလျင်အမြန် တံတွေးမျိုချကာ စကားစလိုက်လေသည်။
" စာခြောက်ရုပ် နတ်ဘုရား ဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းက ကိုးကွယ်တဲ့ နတ်ဘုရား တစ်ပါးပါ... စာခြောက်ရုပ် နတ်ဘုရားကို ကိုးကွယ်တဲ့ ဘယ်သူမဆို နတ်ဘုရားက ပေးတဲ့ စွမ်းရည်တွေကို သုံးလို့ ရတယ်... "
သို့သော် ကျန်းချိုင်တန် ထိုစကား နှစ်ခွန်း ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူငယ်အိမ်များ ပြူးကျယ်သွားပြီး မျက်လုံးများထဲတွင် အကြောက်တရားများ တစ်ဖန် ပြန်လည် ပြည့်နှက်လာပြန်၏။
တစ်ခုခုက သူ့လည်ပင်းကို ညှစ်ထားသည့်အလား လည်ပင်းကို သူ အတင်း ဆုပ်ကိုင်ထားလေသည်။
လီယီတောင်းကတော့ ဖြစ်ပျက်နေသည်များကို အေးစက်တည်ငြိမ်သော မျက်နှာထားဖြင့် စောင့်ကြည့်နေ၏။ ထိုစဉ် လီယီတောင်း စောစောက မြင်တွေ့ခဲ့ရသော စာခြောက်ရုပ် ဝိညာဉ်ရိပ်က အသက်ဝင်လာပုံ ရလေသည်။
ကျန်းချိုင်တန် စကားပြောနေစဉ်မှာပင် စာခြောက်ရုပ်က အနောက်မှနေ၍ သူ့ကို လည်ပင်းညှစ်လိုက်လေသည်။
သေမင်းဓားသွားကို အသုံးပြုရန် လီယီတောင်း ကြိုးစားခဲ့သော်လည်း စာခြောက်ရုပ် ဝိညာဉ်ရိပ် အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
' ဒီစာခြောက်ရုပ် ဝိညာဉ်ရိပ်တွေက ဘာကြီးတွေလဲ... '
ဆယ်စက္ကန့်ခန့် အကြာတွင် လီယီတောင်း ရှေ့မှ ကျန်းချိုင်တန် တစ်ယောက် မကျွတ်မလွတ်နိုင်သော မျက်လုံးများဖြင့် သေဆုံးသွားခဲ့လေပြီ။
သူ့အနောက်မှ စာခြောက်ရုပ် ဝိညာဉ်ရိပ်မှာလည်း ပုံရိပ်ယောင် တစ်ခု အဖြစ် ပြောင်းလဲသွားကာ လေထဲတွင် လွင့်ပါး ပျောက်ကွယ်သွားလေတော့သည်။
ဒီကိစ္စတွေက တဖြေးဖြေး ပိုပြီး လျှို့ဝှက်ဆန်းကြယ်လာပြီ…။
မိမိရှေ့မှ အဖြစ်အပျက်များကို ကြည့်ရင်း မည်သို့ နားလည်အောင် ကြိုးစားရမည်ကို လီယီတောင်း သေချာ မသိတော့ပေ။
သို့သော် ထိုအချိန်မှာပင် ဘယ်ကမှန်း မသိသော အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာလေသည်။
" ကောင်လေး... မြန်မြန် ထွက်သွားတော့... ဒီနေရာက မသန့်ဘူးကွ... "
တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး တံခါးဝတွင် ရုတ်တရက် ပေါ်လာလေသည်။
" ကျန်း မိသားစုက ကောင်လေးက ကိုယ့်ဒုက္ခ ကိုယ်ရှာတာလေ... မနက်ဖြန် မနက်စောစော သူ့အဖေနဲ့ အတူတူ မြှုပ်ပေးလိုက်ကြတာပေါ့... "
လီယီတောင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ တံခါးဝရှိ တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို၏ လူရိပ်ကို သတိထားမိလိုက်လေသည်။
အဘိုးအိုက ဆေးတံကြီး တစ်ခုကို ကိုင်ထားပြီး အသက်အရွယ်ကြောင့် ခါးကိုင်းနေ၏။
ညနက်သန်းခေါင်ကြီး ဘာလုပ်နေတာလဲ…။
သို့သော် ဤအဘိုးအိုက တစ်ခုခုကို သေချာပေါက် သိနေပြီး တစ်ခုခုကို ဖြတ်သန်း ကြုံတွေ့ခဲ့ဖူးကြောင်း မြင်ရုံဖြင့် လီယီတောင်း သိပေသည်။
မဟုတ်လျှင် ကျန်းချိုင်တန် သေဆုံးသွားသည်ကို သူ အဘယ်ကြောင့် ငြိမ်ငြိမ်ကလေး ကြည့်နေပါမည်နည်း။
" ကောင်လေး... မင်းကို ထွက်သွားဖို့ ငါ မတိုက်တွန်းတော့ပါဘူး... ဒါပေမဲ့ အများကြီး သိနေတာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးကွ... တချို့ ကိစ္စတွေကို ရှောင်နေလိုက်တာ ပိုကောင်းတယ်... "
" ထားလိုက်ပါတော့လေ... ငါ ပြောတာ အရမ်း များသွားပြီ... ပြီးတော့ ပြောလည်း အလကားပဲ... မင်း ထွက်သွားမယ့် ပုံမှ မပေါ်တာ… “
" မင်း ဒီမှာပဲ စောင့်နေလိုက်ပါ... ချိုင်တန် အလောင်းကို နာရေးခန်းမဆီ သယ်လာဖို့ လူတချို့ သွားခေါ်လိုက်ဦးမယ်... "
" မနက်ဖြန် မနက်ကျရင် သူတို့ရဲ့ နာရေးကို မင်း စီစဉ်ပေးလို့ ရပါပြီ... မြေကြီးကနေ လာတဲ့အရာတွေ မြေကြီးဆီပဲ ပြန်သွားရမှာပေါ့... ပြာကနေ လာတဲ့အရာ ပြာဆီပဲ ပြန်သွားရမှာပဲ... ဘယ်လို နာကြည်းမှုတွေပဲ ရှိနေပါစေ လူတွေ သေသွားရင် အကုန် ပြီးသွားတာပါပဲ... "
ထိုသို့ ပြောပြီးနောက် အဘိုးအိုက လှည့်ထွက်သွားလေသည်။
အဘိုးအို၏ ကျောပြင်ကို ကြည့်ရင်း လီယီတောင်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရ၏။
ဒီရွာမှာ ဘာတွေ ဖြစ်နေတာလဲ...။
ဘာလို့ ဒီလောက် ထူးဆန်းတဲ့ လူတွေ အများကြီး ရှိနေရတာလဲ...။
အစကတော့ ငါ့ကို ထွက်သွားခိုင်းတယ်... အခုကျတော့ ငါ့ကို အလုပ် လာအပ်နေပြန်ပြီ...။
ထိုမျှမကသေးပေ။ လီယီတောင်း နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ချိန်တွင် နာရေးခန်းမထဲရှိ ကျန်းအာမောက်၏ ဝိညာဉ်ရိပ် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
သူ့ကို ဖမ်းချုပ်ထားသည့် စာခြောက်ရုပ် ဝိညာဉ်ရိပ်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
ယခုအခါ ကျန်း မိသားစု ခြံဝင်း တစ်ခုလုံးတွင် ကျန်ရှိနေသည်မှာ ကျန်းချိုင်တန်၏ အလောင်းနှင့် ကျန်းအာမောက်၏ အလောင်း ထည့်ထားသော အခေါင်းတို့သာ ဖြစ်တော့သည်။
အခြား ရှိနေသည်မှာ မြေပြင်ပေါ်တွင် လဲကျနေသော စာခြောက်ရုပ်သာ။
လီယီတောင်းက ကျန်းချိုင်တန် ပြောပြခဲ့သော အချက်အလက်များကို တွေးတောရင်း ခြံဝင်းထဲရှိ ကြက်သီးထဖွယ် လေထုကို တိတ်တဆိတ် အကဲခတ်နေမိသည်။
' သူတို့ အဖွဲ့အစည်းက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ... '
' မတူညီတဲ့ " နတ်ဘုရားတွေ " ကို ကိုးကွယ်ကြတယ် ဟုတ်လား... '
' ပြီးတော့ ဒီ " နတ်ဘုရားတွေ " ကို ကိုးကွယ်ခြင်းအားဖြင့် သက်ဆိုင်ရာ စွမ်းအားတွေကို ရကြတယ် ဟုတ်လား... '
လီယီတောင်း လုံးဝ မယုံကြည်နိုင်ပေ။
ဒီကမ္ဘာပေါ်မှာ နတ်ဘုရား ဆိုတာတွေမှ မရှိတာ...။
ဒါကြောင့်မို့... ဒီအရာ အားလုံးရဲ့ နောက်ကွယ်မှာ ငါ နားမလည်နိုင်တဲ့ အရာတစ်ခုခုတော့ သေချာပေါက် ရှိရမယ်...။
နာရီဝက်ခန့် အကြာတွင် လူတစ်စုက ကျန်း မိသားစု ခြံဝင်းထဲသို့ တိတ်တဆိတ် ဝင်လာကြလေသည်။
သူတို့ အသက်အရွယ်မှာ ငါးဆယ်မှ ခုနစ်ဆယ် အတွင်း ရှိကြ၏။
စောစောက လီယီတောင်းနှင့် စကားပြောခဲ့သော အဘိုးအို အပါအဝင် သက်ကြီးရွယ်အို အချို့က ဝင်ပေါက်အနီးတွင် ရပ်နေကြလေသည်။
ခြံဝင်းထဲသို့ လှမ်းကြည့်နေကြသည့် သူတို့ မျက်နှာများတွင် ဝမ်းသာမှု၊ ဝမ်းနည်းမှု အလျှင်းမရှိဘဲ ဖတ်ရခက်နေ၏။
ထို့ပြင် သူတို့ အားလုံးက တံခါး အပြင်ဘက်မှာသာ နေမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေကြလေသည်။
ထိုမျှမကသေးပေ။ အထဲသို့ ဝင်လာသူများက အခန်း တစ်ခန်းထဲသို့ ကျွမ်းကျင်စွာ ဝင်သွားကြပြီး အခေါင်း တစ်လုံးကို သယ်လာကြကာ ကျန်းချိုင်တန်၏ အလောင်းကို အံ့မခန်း ကျွမ်းကျင်မှုဖြင့် ထည့်သွင်းလိုက်ကြပြီး အခေါင်းကို ပိတ်လိုက်ကြလေသည်။
အလောင်းကို ကိုင်တွယ်သည်မှ အခေါင်းပိတ်သည်အထိ အဆင့်တိုင်းကို သူတို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လုပ်ဖူးသည့်အလား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်သွားကြခြင်း ဖြစ်၏။
လီယီတောင်းက ဤအရာ အားလုံးကို ဘာစကားမျှ မဆိုဘဲ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
သူတို့၏ လုပ်ရပ်များကို သူ ကြည့်လေလေ... သူ့ရင်ထဲတွင် ပို၍ မသက်မသာ ဖြစ်လာလေလေပင်။
ဒီရွာက ဘယ်လို နေရာကြီးလဲ...။
ရွာသားတွေ အကုန်လုံးက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ...။
ကျန်းချိုင်တန် သေဆုံးသွားတာကို သူတို့ ဘာမှ မခံစားရတဲ့ အပြင် သူတို့ လုပ်သမျှ အရာအားလုံးကို ပုံမှန် အလုပ်တစ်ခုလိုမျိုး ခပ်မြန်မြန် ခပ်အေးအေးပဲ လုပ်နေကြတယ်လေ...။
တစ်ခုတော့ သေချာတယ်...။ ဒီရွာမှာ ပြဿနာ ရှိတယ်...။
ပြီးတော့… တကယ့် ပြဿနာကြီးတွေ…။
***