နာရီအနည်းငယ်ကြာ စနစ်တကျ ပြင်ဆင်ပြီးနောက် ကျန်း သားအဖ၏ အခေါင်းများကို တောင်စောင်းပေါ်ရှိ သုသာန်သို့ သယ်ဆောင်သွားကြလေသည်။
မနက်ခင်း နေရောင်ခြည် ဖျော့ဖျော့လေးက မြေပြင် တစ်ခုလုံးကို မှုန်ဝါးဝါး အလင်းရောင်ဖြင့် လွှမ်းခြုံထား၏။
လီယီတောင်းက တည်နေရာ ရှာဖွေခြင်း စွမ်းရည်မှတစ်ဆင့် ဤနေရာမှာ ဖုန်းရွှေ အလွန်ကောင်းသော နေရာ မဟုတ်သော်လည်း နေရာကျယ်ဝန်းသဖြင့် မြှုပ်နှံရန်အတွက် သင့်တော်ကြောင်း သိလိုက်လေသည်။
သို့သော် လီယီတောင်း ရင်ထဲတွင်တော့ တစ်ခုခု မှားယွင်းနေသလို ခံစားနေရဆဲပင်။
ဤရွာရှိ အရာအားလုံးက တကယ့်ကို ထူးဆန်းလွန်းပေသည်။ အထူးသဖြင့် ရွာသားများ၏ အပြုအမူများပင်။
" လူငယ်လေး... အလောင်းမြေချတော့မယ်... မင်းမှာ တခြား စီစဉ်စရာများ ရှိသေးလား... "
တရုတ်ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦးက ပြုံးရွှင်သော မျက်နှာဖြင့် လီယီတောင်း အနီးသို့ ချဉ်းကပ်လာလေသည်။ သို့သော် သူ၏ အရေပြားပေါ်ရှိ အရေးအကြောင်းများက သူ၏ အပြုံးကိုပင် ကြက်သီးထဖွယ် ဖြစ်စေ၏။
လီယီတောင်း ညင်သာစွာ ခေါင်းခါလိုက်သည်။
လုပ်စရာ ရှိသည်များ အားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်၏။
လိုအပ်သည့် အစီအစဉ် အားလုံးကို သူ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
ကျန်းချိုင်တန် သေဆုံးသွားခြင်းကြောင့် စာခြောက်ရုပ်၏ ဝိညာဉ်ရိပ် ပျောက်ကွယ်သွား၍လားတော့ မသိ၊ နာရေး အခမ်းအနား အတွင်းတွင် အရာအားလုံးက အံ့သြစရာ ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့လေသည်။
အခေါင်းများကို မြေကျင်းထဲသို့ ချလိုက်ချိန်တွင် နာရေး အခမ်းအနား နောက်ဆုံး အချိန်သို့ ရောက်ရှိသွား၏။
အရာအားလုံးက ကြက်သီးထဖွယ်ကောင်းအောင် တိတ်ဆိတ်လျက်။
ငိုကြွေးသံများ မရှိသလို ဆူညံသံများလည်း မရှိပေ။
မြေကျင်းများပေါ်သို့ နောက်ဆုံး မြေများ ဖုံးအုပ်လိုက်သည်အထိ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး နာရေး အခမ်းအနား အဆုံးသတ်သွားလေသည်။
နာရေး အခမ်းအနား ပြီးဆုံးသွားသည်နှင့် လူအုပ်ကြီးက ရွာဆီသို့ စနစ်တကျ ပြန်လှည့်သွားကြ၏။
စောစောက လီယီတောင်းနှင့် စကားပြောခဲ့သော အဘိုးအိုက ပြုံးလျက် လီယီတောင်း အနီးသို့ ချဉ်းကပ်လာလေသည်။
သူတို့ အကြည့်ချင်း ဆုံသွားကြ၏။
" လူငယ်လေး... မင်း လာတဲ့ နေရာကိုပဲ ပြန်သွားပါတော့... ရွာထဲကို ပြန်မလာနဲ့တော့... "
ဤစကား နှစ်ခွန်း ပြောပြီးနောက် အဘိုးအိုက လီယီတောင်း၏ တုံ့ပြန်မှုကို မစောင့်တော့ပေ။ ချက်ချင်းပင် အခြားသူများ နောက်သို့ လိုက်သွားပြီး လီယီတောင်း တစ်ယောက်တည်းကိုသာ ထားခဲ့လေသည်။
လီယီတောင်းက ပြန်သွားသော လူအုပ်ကြီးနှင့် အဝေးမှ ရွာလေးကို ငေးကြည့်နေလိုက်၏။
ယခုအချိန်တွင် လီယီတောင်း စိတ်ထဲ ဝေခွဲမရ ဖြစ်နေဆုံးက ရွာထိပ်ရှိ စာခြောက်ရုပ်ကြီးပင်။
ဒီကောင်ကြီးက ဒဏ်ရာရနေတာလား…။
ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ကောက်ရိုးများ အဖြတ်ခံထားရသကဲ့သို့ ဖြစ်နေသည်မှာ စာခြောက်ရုပ် တစ်ရုပ် အတွက်တော့ ဒဏ်ရာရနေသည်ဟု ယူဆ၍ ရနိုင်ပေသည်။
သုံးနာရီကြာ ခရီးနှင်ပြီးနောက် လီယီတောင်း အပြန်ခရီးအတွက် လေယာဉ်ပေါ်သို့ တက်ခဲ့၏။ နောက်ထပ် ရထား လမ်းချော်မှုကို မကြုံတွေ့ချင်တော့သဖြင့် ရထားမစီးရန် ဆုံးဖြတ်ခဲ့လေသည်။
ဘာပဲဖြစ်ဖြစ်... ဟိုလူတွေက လေယာဉ်ကြီး အထိတော့ မလုပ်ရဲလောက်ပါဘူး…။
ဖြစ်နိုင်သည်မှာ သူတို့၏ ထူးဆန်းသော အဖွဲ့အစည်းတွင်လည်း ကန့်သတ်ချက်များ ရှိနေ၍ ဖြစ်ပေမည်။
ကျန်းမြို့ မြေပေါ်သို့ ခြေချလိုက်ချိန်တွင်တော့ လီယီတောင်း တစ်ယောက် တကယ့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရတော့၏။
' ကြည့်ရတာ ငါ့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ အများကြီး လိုသေးပုံ ရတယ်... '
လီယီတောင်း လေယာဉ်ပေါ် တက်ချိန်တွင် တပ်ဖွဲ့ ၃၆ ဌာနချုပ် အခြေအနေကတော့ သိပ်မကောင်းလှတော့။
အစည်းအဝေး ခန်းမ တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။
အချိန် အတော်ကြာပြီးမှ အကြီးအကဲလျန်က စကားစလိုက်၏။
" ဒီစစ်ဆင်ရေးကနေ ရလာတဲ့ အချက်အလက်တွေ အရ ကြည့်ရရင် လီယီတောင်း က အဲဒီ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အသာစီး ရခဲ့တယ်လို့ ယုံကြည်ရတယ်... ဒါပေမဲ့ သူတို့က တခြား လှုပ်ရှားမှုတွေကို စတင်နေပြီ... ငါတို့ဘက်ကလည်း ရပ်တည်ချက် တစ်ခု ပြသဖို့ အချိန်တန်ပြီ... "
အကြီးအကဲလျန်က အခန်းထဲရှိ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူတို့ အားလုံး၏ မျက်နှာများက ခပ်တည်တည်။
လီယီတောင်းနှင့် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရန် ဆိုသည်မှာ တပ်ဖွဲ့ ၃၆ အတွက် မဖြစ်နိုင်တော့ပေ။
ဒါပေမဲ့ မပူးပေါင်းခဲ့လို့… လီယီတောင်းကို ငါတို့ မကာကွယ်ပေးနိုင်ခဲ့ရင်… ငါတို့ မျက်စိအောက်မှာတင် တခြား အဖွဲ့အစည်း တစ်ခုရဲ့ ဖြေရှင်းခြင်းကို ခံလိုက်ရမယ် ဆိုရင်... တပ်ဖွဲ့ ၃၆ နဲ့ ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေတောင် အဲဒီ အရူးမကြီးရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး...။
" ဘယ်သူမှ စကားမပြောကြတော့ဘူးလား... "
အကြီးအကဲလျန်၏ အသံက တည်ငြိမ်နေသော်လည်း လှောင်ပြောင်သည့် အရိပ်အယောင်လေး ပါဝင်နေလေသည်။
" ဘယ်သူမှ မပြောရင်လည်း ငါပဲ ပြောရတော့မှာပေါ့... "
" ဒီနေ့ကစပြီး ချယ်ရီပန်း အဖွဲ့အစည်းရဲ့ လှုပ်ရှားမှု အားလုံးကို ငါတို့ အပြည့်အဝ သိထားဖို့ လိုတယ်... ငါတို့ နယ်မြေထဲ ဝင်လာတဲ့ သူတို့ရဲ့ အဖွဲ့ဝင် တိုင်းကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ရမယ်... "
" တကယ်လို့ သူတို့ရဲ့ တကယ့် ပစ်မှတ်က လီယီတောင်း ဆိုရင်... ဘာအန္တရာယ်မှ မဖြစ်အောင် ငါတို့ အစွမ်းကုန် တားဆီးရမယ်... "
အကြီးအကဲလျန်က အလေးအနက် ပြောလိုက်သည်။
" အနည်းဆုံးတော့ လောလောဆယ်မှာ ငါတို့ ဒီလို လုပ်ဖို့ လိုတယ်... ငါတို့ အဖွဲ့အစည်းက အရေးကြီးတဲ့ အဆင့်ကို ရောက်နေပြီ... တကယ်လို့ အဲဒီ အရူးမကြီးကို ထပ်ပြီး စော်ကားမိရင် ငါတို့ ဒုက္ခကြီးကြီး တွေ့ရလိမ့်မယ်… “
အကြီးအကဲလျန်က သူ၏ အတွေးများကို တစ်ခါတည်း ရှင်းပြလိုက်ခြင်း ဖြစ်၏။
အခန်းထဲရှိ လူအများအပြား မျက်မှောင်ကြုတ်သွားကြပြီး အချို့က စကားပြောရန် ဟန်ပြင်နေပုံ ရသော်လည်း နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်ကြလေသည်။
သူတို့၏ မျက်နှာ အမူအရာများကို ကြည့်ပြီး အကြီးအကဲလျန်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြန်သည်။
" ကန့်ကွက်သူ မရှိရင်တော့ ဒါကိုပဲ ဆုံးဖြတ်လိုက်မယ်... "
ထိုသို့ ပြောပြီးနောက် အခြားသူများကို အရေးမစိုက်ဟန်ဖြင့် ခပ်တည်တည် ထွက်သွားလေသည်။
ဤကိစ္စကို အားလုံး မကျေမနပ် ဖြစ်နေကြသော်လည်း မည်သူကမျှ ထိုအရူးမကြီးကို မစိန်ခေါ်ရဲကြသဖြင့် အခြေအနေကို ကြိတ်မှိတ် လက်ခံလိုက်ရလေသည်။
ညနေဆည်းဆာ အလင်းရောင်အောက်တွင်…
လီယီတောင်း တစ်ယောက် တက္ကစီပေါ်မှ ပင်ပန်းနွမ်းလျစွာ ဆင်းလာပြီး နာရေးဝန်ဆောင်မှု ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။
ဘာကြောင့်မှန်း မသိ၊ သူ၏ ကိုယ်ပိုင် ဆိုင်လေးသို့ ပြန်ရောက်မှသာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရလေသည်။
" ကတောင်... "
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
အင်း...
ဘာပဲဖြစ်ဖြစ် ကျန်းအာမောက်က ငါ Follow လုပ်ထားတဲ့ ဖောက်သည် တစ်ယောက်ပဲလေ...။
စနစ်၏ နောက်ဆက်တွဲ မစ်ရှင်ကို သူ နောက်တစ်ကြိမ် ပြီးမြောက်ခဲ့ပြန်ပြီမို့ ဆုလာဘ်များက ထုံးစံအတိုင်း ရောက်လာလေသည်။
သို့သော် လီယီတောင်း ဆုလာဘ်များကို မစစ်ဆေးနိုင်မီမှာပင် အနောက်မှ ကျိုးရှုရီ အသံ ထွက်ပေါ်လာလေသည်။
" အစ်ကိုယီတောင်း... ပြန်ရောက်လာပြီလား... "
" အင်း... အစ်ကို ထွက်သွားပြီးတဲ့နောက်မှာ အဘိုးကြီး တစ်ယောက် အစ်ကို့ကို လာရှာသေးတယ်... "
" သူက အစ်ကို ပြန်ရောက်ရင် သူ့ဆီ လာလည်ပါဦးလို့ ပြောသွားတယ်... "
" အဘိုးကြီး ဟုတ်လား... "
လီယီတောင်း ဇဝေဇဝါ ဖြစ်သွားသည်။
" သူ့ မျိုးရိုးနာမည်က ဘာလဲ... "
ကျိုးရှုရီ ဘေးရှိ လီရှင်းထင်က ဝင်ဖြေလိုက်လေသည်။
" ကျွန်မတို့ သူ့နာမည်ကို မေးကြည့်သေးတယ်... ဒါပေမဲ့ သူ မပြောဘူး... သူက ' အဘိုးအို ပြန်ရောက်လာပြီ ' လို့ ပြောရင် အစ်ကို သိလိမ့်မယ်လို့ပဲ ပြောသွားတယ်... "
" အဘိုးအို " ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် လီယီတောင်း၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတော့၏။
ဒီစကားလုံးတွေကို မကြားရတာ ကြာပြီပဲ...။
အဲဒီ အဘိုးအို တကယ် ပြန်ရောက်လာပြီလား...။
" အို... ပြီးတော့... "
လီရှင်းထင် ခဏမျှ တုံ့ဆိုင်းသွား၏။
" အဘိုးအိုက ပြောတယ်... စိတ်မပူပါနဲ့တဲ့... အစ်ကို့ ခြေထောက်တွေကို သူ မရိုက်ချိုးပါဘူးတဲ့... "
ဤနေရာအရောက်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့ နှစ်ယောက်လုံး လီယီတောင်း မည်သို့ တုန့်ပြန်မည်ကို စောင့်နေကြလေသည်။
ဘာပဲဖြစ်ဖြစ်... အဘိုးအိုက အစ်ကိုယီတောင်း ရဲ့ ခြေထောက်တွေကို ရိုက်ချိုးဖို့ ဝန်မလေးဘူး ဆိုရင်... သူက သာမန်လူ တစ်ယောက်တော့ သေချာပေါက် မဟုတ်ဘူးလေ...။
လီယီတောင်း ဆွံ့အသွား၏။
" သူ ငါ့ညီမ အကြောင်းကော မေးသေးလား... "
လီယီတောင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကောင်မလေး နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြ၏။
လီယီတောင်း မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်သွားတော့သည်။
ဘယ်လိုမှ ရှောင်လို့ မရတော့ဘူးပဲ...။
ဒါပေမဲ့ သွားကို သွားရမယ်...။
အဘိုးအိုဆီမှာ မေးစရာ ကိစ္စတချို့ ရှိနေသေးတယ်...။
ပြီးတော့ သေတ္တာထဲက ပစ္စည်းကိုလည်း အဘိုးအို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေတယ်လေ...။
ကြေးမုံပြင်...။
အဲဒါကို ဖြေရှင်းဖို့ အချိန်တန်ပြီ...။
အဘိုးအိုမှာ ဒီလို ထူးဆန်းပြီး သဘာဝလွန် ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သီးသန့် နည်းလမ်း တစ်ခု ရှိပုံရတယ်...။
***