ထိုနေ့ညက လီယီတောင်းမှာ အဘိုးအိုထံသို့ ချက်ချင်း သွားမတွေ့သေးဘဲ နောက်နေ့ နံနက်မှသာ သွားရန် ဆုံးဖြတ်လိုက်၏။
တစ်ညလုံး ကောင်းစွာ အနားယူပြီးနောက် လီယီတောင်း တစ်ယောက် လန်းဆန်းသွားပြီး အဝတ်အစား သန့်သန့်ရှင်းရှင်း လဲလှယ်ပြီး တက္ကစီ တစ်စီး ငှားကာ ကျန်းမြို့၏ ဆင်ခြေဖုံး ရပ်ကွက်ဆီသို့ တန်းမောင်းသွားလေ၏။
အဘိုးအို၏ အိမ်မှာ ဆင်ခြေဖုံး ရပ်ကွက်ရှိ အိမ်ရာ တစ်ခုတွင် တည်ရှိသည်။
ဤနေရာရှိ ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ် ငြိမ်သက်သော်လည်း မြို့ထဲနှင့် အလှမ်းဝေးလွန်းသဖြင့် အနည်းငယ်တော့ အဆင်မပြေလှပေ။
သို့သော် အဘိုးအို တစ်ဦး အနေဖြင့် ဤကဲ့သို့သော အေးချမ်းသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းက အေးချမ်းသော ဘဝတစ်ခုကို ပိုင်ဆိုင်ရခြင်းပင် ဖြစ်၏။
အဘိုးအို၏ နေအိမ်မှာ သီးခြား ခွဲထွက်နေသော နှစ်ထပ်တိုက်လေး တစ်လုံး ဖြစ်သည်။
လီယီတောင်း ခြံဝင်းထဲသို့ ဝင်သွားချိန်တွင် အဘိုးအိုက ပန်းပင်များကို ရေလောင်းနေသည်ကို တွေ့လိုက်ရ၏။
အဘိုးအိုက လီယီတောင်း ရောက်လာသည်ကို မမြင်သည့်အလား ပန်းအိုး တစ်အိုးပြီး တစ်အိုးကိုသာ ဆက်လက် ဂရုစိုက်နေလေသည်။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ တိတ်တဆိတ် ရပ်ကာ စောင့်နေလိုက်၏။
မိနစ် နှစ်ဆယ်ကျော် ကြာပြီးနောက် အဘိုးအိုက နောက်ဆုံး ပန်းအိုးကို ရေလောင်းပြီးသွားလေသည်။
ထို့နောက် သူ အိမ်ထဲသို့ ပြန်ဝင်သွား၏။
လီယီတောင်း စကားမပြောသေးဘဲ အဘိုးအို နောက်မှ အိမ်ထဲသို့ တိတ်တဆိတ် လိုက်ဝင်သွားလေသည်။
" မီးဖိုချောင်ထဲမှာ မနက်စာ ရှိတယ်... ကိုယ့်ဘာသာ သွားစားချေ... "
အဘိုးအိုက အလုပ်ရှုပ်နေဟန်ဖြင့် ဘေးရှိ မီးဖိုချောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
လီယီတောင်း စကားမဟသေးဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲသို့ တန်းဝင်သွားပြီး စားပွဲပေါ်ရှိ ရင်းနှီးနေသော မနက်စာကို မြင်လိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းထောင့်၌ အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာလေသည်။
စွန်ပလွံသီး ပေါက်စီ၊ လူးဆန်ပြုတ် တစ်ပန်းကန်နှင့် အဘိုးအို ကိုယ်တိုင် လုပ်ထားသော ချဉ်ဖတ် တစ်ပွဲ။
ဒီလို မနက်စာမျိုး မစားရတာ ကြာပြီပဲ...။
ဆယ်မိနစ် အကြာတွင် လီယီတောင်း မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့၏။
ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီး မူလ နေရာတွင် ပြန်ထားခဲ့ပြီး ဖြစ်သည်။
ဆိုဖာပေါ်တွင် ထိုင်နေသော အဘိုးအိုကို ကြည့်ရင်း သူ တိတ်တဆိတ် လျှောက်သွားကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
သူတို့ နှစ်ယောက် ကြားရှိ စားပွဲပုလေး ပေါ်တွင် စစ်တုရင်ခုံ တစ်ခု ရှိနေ၏။
မည်သူကမျှ စကားမပြောကြပေ။
စစ်တုရင် ရွှေ့သည့် အသံများသာ လေထုထဲတွင် လွှမ်းမိုးနေလေသည်။
အရာအားလုံးက ယုတ္တိမရှိသလို ဖြစ်နေသော်လည်း အရာအားလုံးက ယုတ္တိရှိနေပြန်၏။
ထိုသို့ဖြင့် သူတို့ နှစ်ယောက် တိတ်တဆိတ် စစ်တုရင် ကစားနေကြလေသည်။
ပထမ တစ်ပွဲ လီယီတောင်း ရှုံးသွား၏။
ဒုတိယ တစ်ပွဲလည်း သူ ရှုံးသွားသည်။
တတိယ တစ်ပွဲလည်း သူ ရှုံးပြန်၏။
ဆဋ္ဌမမြောက် ပွဲတွင်တော့ လီယီတောင်း နိုင်သွားလေသည်။
သူတို့ စစ်တုရင် ကစားနေသည်မှာ နှစ်နာရီ ကြာသွားခဲ့ပြီ ဖြစ်၏။
အဘိုးအိုက နောက်ဆုံးတွင် လက်ထဲမှ စစ်တုရင်ရုပ်ကို ချလိုက်ပြီး စကားစလိုက်လေသည်။
" ကောင်မလေး ဘယ်ရောက်သွားတာလဲ... "
သူက လီယီတောင်းကို မော့မကြည့်ဘဲ မေးလိုက်၏။ သူ့လေသံက တည်ငြိမ်လျက်။
သို့သော် သူ တည်ငြိမ်အောင် ဟန်ဆောင်နေသော်လည်း လေသံထဲမှ စိုးရိမ်ပူပန်မှုများကိုတော့ ဖုံးကွယ်၍ မရနိုင်ပေ။
လီယီတောင်း ခါးသက်သက် ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။
" ကျွန်တော် မသိဘူး... အဲဒီ ကောင်မလေးက ရုတ်တရက် ထွက်သွားတာ... ကျွန်တော် လုံးဝ ရှာလို့ မရဘူး... "
" သူ့အကျင့်ကို အဘိုး သိပါတယ်... သူက ကျွန်တော့်ကို အရှာမခံချင်ဘူး ဆိုရင် ကျွန်တော် ရှာတွေ့နိုင်မှာ မဟုတ်ဘူး... "
" ဟမ့်... "
အဘိုးအိုက အေးစက်စက် နှာမှုတ်လိုက်လေသည်။
အဘိုးအို၏ အေးစက်စက် နှာမှုတ်သံကို ကြားသောအခါ လီယီတောင်း ကြောက်ရွံ့သွားခြင်း မရှိဘဲ ပို၍ပင် စိတ်သက်သာရာ ရသွား၏။
အကယ်၍ အဘိုးအိုကသာ ဆက်လက် တိတ်ဆိတ်နေပါက ပို၍ နေရထိုင်ရ ခက်ပေလိမ့်မည်။
" ကဲပါ အဘိုးရာ... စိတ်မဆိုးပါနဲ့တော့... ယီနို အကြောင်း အဘိုး သိတာပဲ... သူသာ ထွက်သွားချင်ရင် ကျွန်တော် သူ့ကို တားနိုင်မယ်လို့ အဘိုး တကယ် ထင်နေတာလား... "
" ကောင်းပါပြီလေ... ဒီနေ့ ရောက်လာမယ် ဆိုတာကို ငါ အစကတည်းက မျှော်လင့်ထားပြီးသားပါ... အဲဒီ ကောင်မလေးမှာ သူ့လမ်းကြောင်းနဲ့သူ ရှိတယ်... ဒီမှာပဲ တစ်သက်လုံး နေသွားလို့တော့ မရဘူးလေ... "
" ဟားဟား... ဒါပေမဲ့ မင်းက အခုတလော တော်တော် နာမည်ကြီးနေသလိုပဲနော်... အစ်ကိုယီတောင်း... "
" အယ်... မဟုတ်ဘူး... ' သေမင်းတမန် ' အစ်ကိုယီတောင်း လို့ ခေါ်ရမှာပေါ့... အခု မင်းဆီမှာ တကယ်ပဲ အဲဒီလို စွမ်းရည်တွေ ရှိနေပြီလား ဆိုတာ ငါ သိချင်မိတယ်... "
အဘိုးအို၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သူ့မျက်လုံးများထဲတွင် နောက်ပြောင်လိုသည့် အရိပ်အယောင်များ ပါဝင်နေ၏။
အဘိုးအို၏ မျက်နှာထားနှင့် အပြုအမူများ ပုံမှန် ပြန်ဖြစ်သွားသည်ကို မြင်သောအခါမှ လီယီတောင်း တစ်ယောက် သက်ပြင်းချနိုင်တော့သည်။
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။
" အဘိုးရာ... အဘိုး ကျွန်တော့် အကြောင်း ကောင်းကောင်း သိသားပဲ... အဲဒါတွေ အကုန်လုံးက အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ ကောလာဟလတွေ သက်သက်ပါ... ကျွန်တော်က ဘယ်လိုလုပ် သေမင်းတမန် ဖြစ်နိုင်မှာလဲ... အားလုံးက တိုက်ဆိုင်မှုတွေချည်းပါပဲ... "
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ဖူအန်းရှန်း ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - အမည်မသိ အကြောင်းရင်းဖြင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၈၀% ]
[ လက်ခံသူ အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
အသိပေးချက်ကို ဖတ်လိုက်ရချိန်တွင် လီယီတောင်း ပြောလက်စ စကားများ ရုတ်တရက် ရပ်တန့်သွားလေသည်။ သူ့ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့၏။
အဘိုးက...
ဘာလို့ အခုမှ အသိပေးချက် ပေါ်လာရတာလဲ...။ အစက သူ ဝင်လာတုန်းက ဒီလို အသိပေးချက်မျိုး မရှိခဲ့ဘူးလေ...။
စနစ်က တုံ့ပြန်မှု နှေးကွေးနေမည် မဟုတ်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ အဘိုးအို ယခု အန္တရာယ်နှင့် ကြုံတွေ့နေရခြင်းပင်။
ထို့ပြင် သေဆုံးနိုင်ခြေ ၈၀ ရာခိုင်နှုန်း ဆိုသည်မှာ အတော်လေး များပြားလှပေသည်။
လီယီတောင်း ရုတ်တရက် စကားရပ်သွားပြီး စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ အဘိုးအို ခဏတာ မှင်သက်သွားပြီးနောက် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ လီယီတောင်းကို ကြည့်လိုက်၏။
သူ၏ အကြည့်များထဲတွင် စဉ်းစား တွေးတောနေသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
သူက အနီးနားရှိ ခွက်တစ်ခုကို ကောက်ကိုင်ကာ လီယီတောင်း အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
" ကြည့်ရတာ မင်း တကယ်ပဲ အခုတလော စွမ်းရည် တချို့ ရလာတဲ့ ပုံပဲ... "
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ရေတစ်ကျိုက် သောက်လိုက်၏။
အဘိုးအိုကို မည်သို့ အရိပ်အမြွက် ပေးရမည်ကို သူ စိတ်ထဲမှ စဉ်းစားနေခြင်း ဖြစ်သည်။
စနစ်၏ သေဒဏ် ခြိမ်းခြောက်မှုကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
သူ့အနေဖြင့် ၎င်းကို ရှောင်လွှဲရန် နည်းလမ်း မရှိပေ။
အကယ်၍ သူက အဘိုးအိုကို တိုက်ရိုက် သတိပေးရန် ကြိုးစားမည် ဆိုပါက သတိပေးချက် မပေးနိုင်မီမှာပင် သူ သေဆုံးသွားနိုင်လေသည်။
ကျိုးရှုရီ၏ လက်ရှိ အခြေအနေလိုပင် သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း၏ ရလဒ်များက အမည်မသိ ဖြစ်နေဆဲပင်။
နှစ်ယောက်စလုံး၏ သေဆုံးရမည့် အကြောင်းရင်းကို အမည်မသိ ဟုသာ ပြသထားလေသည်။
သေဆုံးမည့် အချိန်နှင့် ခန့်မှန်းခြေ အခြေအနေများကိုပင် လီယီတောင်း မသိရပေ။
' အဘိုးအို နောက်ကို အချိန်တိုင်း လိုက်နေလို့ ရနိုင်မလား... '
အဲဒါက လက်တွေ့ မကျဘူးလေ...။
အဘိုးအို နောက်သို့ နေရာတိုင်း လိုက်သွားရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို ဘေးဖယ်ထားလျှင်ပင် အဘိုးအို၏ သေဆုံးမှုက ချက်ချင်း လက်ငင်း မဖြစ်နိုင်ဘူးဟု မည်သူမျှ အာမမခံနိုင်ပေ။ ဘာပဲဖြစ်ဖြစ် နတ်ဘုရားလက် ၏ ကုသနိုင်စွမ်းက အသက်ရှင်နေသေးသူများကိုသာ ကယ်တင်နိုင်သည် မဟုတ်ပါလား။
သေသွားတဲ့ သူတွေကို ကယ်လို့ မရဘူးလေ...။
ဖြစ်နိုင်သည်မှာ အဘိုးအိုက လီယီတောင်း၏ အတွေးများကို ရိပ်မိသွားခြင်း ဖြစ်ပေမည်။
" အများကြီး မတွေးပါနဲ့... မင်း ဘာပြောချင်လဲ၊ ဘာတွေးနေလဲ ဆိုတာကို ငါ သိပါတယ်... "
တည်ငြိမ်စွာ ပြောလိုက်သည့် အဘိုးအို အသံတွင် နှစ်သိမ့်မှုများ ပါဝင်နေလေသည်။
" စိတ်ချပါ... ငါက အဲဒီလောက် အလွယ်တကူ အရှုံးပေးမယ့် သူမျိုး မဟုတ်ပါဘူး... တချို့ ကိစ္စတွေကို ငါ ကိုင်တွယ်နိုင်ပါတယ်... "
" ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... ပြီးတော့ မင်းညီမကို အမြန်ဆုံး ရှာတွေ့အောင် လုပ်ပါ... ငါ မသေခင် သူ့ကို တစ်ခေါက်လောက် မြင်လိုက်ရရင်ပဲ လုံလောက်ပါပြီ... "
" ဒါပေမဲ့... "
လီယီတောင်း ပြန်ပြောရန် ပြင်လိုက်သော်လည်း အဘိုးအိုက ဖြတ်ပြောလိုက်လေသည်။
အဘိုးအိုက လက်ကာပြကာ သူ့ကို တားလိုက်၏။
" ပြီးတော့... မင်း ရောက်လာတာ အချိန်ကိုက်ပဲ... ငါ မင်းကို ကူညီခိုင်းစရာ တစ်ခု ရှိတယ်... "
" ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် မကြာသေးခင်က အိမ်တစ်လုံး ဝယ်လိုက်တယ်... ဒါပေမဲ့ အဲဒီအိမ်မှာ ပြဿနာ တချို့ ရှိနေတယ်... "
" အစ်ကိုယီတောင်းက အခုတလော တော်တော်လေး နာမည်ကြီးနေတာပဲ... ကြည့်ရတာ မင်းမှာ တကယ်ပဲ စွမ်းရည် တချို့ ရှိနေပုံ ရတယ်... "
" အဲဒီလို ဆိုရင်လည်း... သူ့အတွက် သွားကြည့်ပေးလိုက်ပါဦး... "
စကားပြောနေစဉ် ဖြတ်ပြောခံလိုက်ရသောကြောင့် လီယီတောင်း ခဏမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရလေသည်။
သူ ခဏတာ ဇဝေဇဝါ ဖြစ်သွား၏။
အဘိုးအိုက ဘာကို ဆိုလိုချင်တာလဲ...။
သူ့ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားဘဲ တခြား တစ်ယောက်ရဲ့ အိမ်ကိစ္စကို ကူညီခိုင်းနေတာလား...။
သို့သော် အဘိုးအို၏ အမူအရာကို ကြည့်ရင်း ယခုအချိန်တွင် ဆက်ပြောနေလည်း အလကားသာ ဖြစ်မည်ကို လီယီတောင်း သိလိုက်လေသည်။
အဘိုးအို တကယ်ပဲ ကြိုတင် ပြင်ဆင်ထားပါစေလို့ပဲ မျှော်လင့်ရတော့မှာပေါ့...။
အကယ်၍ သူ့ကြောင့် အန္တရာယ် တစ်ခုခုများ ဖြစ်လာခဲ့မည် ဆိုပါက လီယီတောင်း... သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
သူတို့ နှစ်ယောက် တိတ်တဆိတ် လက်ဖက်ရည် သောက်ရင်း ဟိုဟိုဒီဒီ အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး စကားပြောနေကြ၏။
ပုံမှန်အားဖြင့်တော့ အဘိုးအိုက မေးပြီး လီယီတောင်းက ဖြေရခြင်း ဖြစ်သည်။
လီယီတောင်းကလည်း ဤနှစ်တွေ အတွင်း အဘိုးအို ဘယ်တွေ ရောက်နေသလဲဟု မေးကြည့်သေး၏။
သို့သော် အဘိုးအိုက စကားလမ်းကြောင်း လွှဲရန် အမြဲတမ်း နည်းလမ်း ရှာတွေ့သွားတတ်လေသည်။
နောက်ဆုံးတော့ လီယီတောင်း မေးရန် လက်လျှော့လိုက်ရတော့၏။
အဘိုးအိုက ပြောပြချင်တယ် ဆိုရင် ဖုံးကွယ်ထားမှာ မဟုတ်ဘူး ဆိုတာကို သိတယ်လေ...။
" ဒါနဲ့ အဘိုး... ကျွန်တော် မတော်တဆ ပစ္စည်းတစ်ခု ရလာလို့... အဲဒါကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ အဘိုး ကြည့်ပေးလို့ ရမလား... "
စကားပြောနေစဉ်မှာပင် ယနေ့ လာရသည့် အကြောင်းရင်း တစ်ခုကို လီယီတောင်း ရုတ်တရက် သတိရသွားလေသည်။
သူ့ကျောပိုးအိတ်ထဲမှ ကြေးမုံပြင်ကို ထုတ်ယူကာ အဘိုးအိုထံ ကမ်းပေးလိုက်၏။
ကြေးမုံကို ထုတ်ပေးလိုက်ချိန်တွင် လက်ကနဲ ဖြစ်သွားသေးသည်။
စူးရှသော အလင်းရောင်ကြောင့် လီယီတောင်း တစ်ယောက် တစ်ကိုယ်လုံး ထိန်းချုပ်ခံလိုက်ရသည့် ခံစားချက်ကို နောက်တစ်ကြိမ် ပြန်လည် ခံစားလိုက်ရပြန်၏။
ခဏတာမျှ... သူ နေရာမှာတင် အေးခဲသွားသလို ခံစားလိုက်ရလေသည်။ အဘိုးအိုက ဤမြင်ကွင်းကို ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ နောက်ကျောမှ အဝါရောင် အဝတ်စ တစ်စကို ဆွဲယူလိုက်ပြီး လက်ချောင်းထိပ်မှ သွေးအနည်းငယ် သုတ်လိမ်းကာ ကြေးမုံပြင်ပေါ် ပွတ်ချလိုက်လေသည်။
***