" မင်း ဒီပစ္စည်းကို ငါ့ဆီမှာပဲ အရင် ထားခဲ့လိုက်... ငါ ဖြေရှင်းလိုက်မယ်... နောက်ကျရင် မင်းအတွက် အကူအညီ တစ်ခုခု ဖြစ်လာနိုင်တယ်... "
" ပြီးတော့... ဒီအပေါ်မှာ အထူး အမှတ်အသား တချို့ ရှိနေတယ်... တစ်ယောက်ယောက်က မှတ်သားထားတဲ့ ပုံပဲ... မင်း ဆက်သိမ်းထားဖို့က မလုံခြုံဘူး... "
" ဒါနဲ့ စကားမစပ်... ဒီကြေးမုံပြင်ကို မင်း ဘယ်က ရလာတာလဲ... "
ကြေးမုံပြင်ကို ယာယီ ဖိနှိပ်ထားပြီးနောက် အဘိုးအိုက လီယီတောင်းကို ဇဝေဇဝါ မျက်နှာထားဖြင့် မေးလိုက်လေသည်။
လီယီတောင်းက ဘာမျှ မဖုံးကွယ်တော့ဘဲ Live တစ်ခုတွင် ချယ်ရီပန်း နိုင်ငံမှ ရာဇဝတ်ကောင်များကို ဘုံကျောင်းထဲတွင် ကိုးကွယ်ထားသည်ကို မြင်လိုက်ရသဖြင့် ရှန်းမြို့သို့ သွားခဲ့ရသည့် အကြောင်းကို ပြောပြလိုက်၏။
လီယီတောင်း၏ စကားများကို ကြားပြီးနောက် အဘိုးအို ခဏတာ တိတ်ဆိတ်သွားလေသည်။
" မင်း မသွားခဲ့သင့်ဘူး... မင်းသာ မသွားခဲ့ရင် အခု ဒီကိစ္စတွေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး... "
အဘိုးအိုက ခေါင်းခါလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်လေးပင် ပါဝင်နေ၏။
" ငါသာ အဲဒီမှာ ရှိနေခဲ့ရင်... ဒီလောက် ပြဿနာတွေ အများကြီး ရှိလာမှာ မဟုတ်ဘူး... "
အဘိုးအို၏ စကားများကို နားထောင်ရင်း လီယီတောင်း တိတ်ဆိတ်နေလိုက်သည်။
ဒီကိစ္စက အဘိုးအိုနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဝင်ပြောနေဖို့ မလိုဘူး ဆိုတာကို သိပါတယ်...။ အဘိုးအို ပြောနေတဲ့ စကားတွေက ငါ့ကို ပြောနေတာ မဟုတ်ဘဲ... အဘိုးအို ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတာ...။
" ကောင်းပြီ... ဘာပဲဖြစ်ဖြစ် မင်းက ဟင်းမှ မချက်တတ်တာ... မင်းကို ငါ ဆက်မဆွဲထားတော့ပါဘူး... ပြန်ပြီး ကိုယ့်ဘာသာ စားလိုက်တော့... ယီနိုလည်း မရှိတော့ ငါ့အတွက် ဟင်းချက်ပေးမယ့်သူ မရှိဘူးလေ... "
လီယီတောင်း ခါးသက်သက် ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်၏။
အဘိုးအိုက ငါ့ကို နှင်ထုတ်ချင်တာ မဟုတ်မှန်း ငါ သိတယ်...။ နှစ်ယောက်လုံး ဟင်းမချက်တတ်ရင်တောင် အပြင်ကနေ မှာစားလို့ ရတာပဲ မဟုတ်လား...။
အခု အဘိုးအိုက ငါ့ကို ပြန်လွှတ်ချင်နေတဲ့ အကြောင်းရင်းက ကြေးမုံပြင်ကြောင့် ဖြစ်ဖို့ များတယ်...။
အဘိုးအိုက ကြေးမုံပြင် အပေါ်ကို လက်တစ်ဖက် ဖိထားတုန်းပဲလေ...။ နောက်ပိုင်းမှာ သူ လုပ်စရာ ရှိတာတွေ လုပ်ရဦးမယ် ထင်တယ်... ငါ့ကို ဒီကိစ္စတွေထဲ မပါစေချင်လို့ နေမှာပါ...။
လီယီတောင်း ထလိုက်ပြီး နှုတ်ဆက်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
အဘိုးအိုက ဘယ်တော့ ထွက်သွားမယ် ဆိုတာကို မပြောခဲ့ဘူး ဆိုတော့ လတ်တလောတော့ ဘယ်မှ သွားမယ့်ပုံ မပေါ်ဘူး...။ မနက်ဖြန် ပြန်လာခဲ့လို့ ရပါတယ်လေ...။
ပြီးတော့...
အဘိုးအိုက သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ကိစ္စကို ကူညီပေးဖို့လည်း ပြောထားသေးတယ်လေ...။ ဒီတော့… ဆိုလိုတာက ငါ့ကို သေချာပေါက် ပြန်ခေါ်ဦးမှာပဲ...။
လီယီတောင်း လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် အနောက်မှ အဘိုးအိုက တည်ငြိမ်သော လေသံဖြင့် ထပ်မံ စကားစလိုက်လေသည်။
" တပ်ဖွဲ့ ၃၆ ကို မင်း ထပ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး... သူတို့ အကူအညီ လိုရင် တောင်းဖို့ ဝန်မလေးနဲ့... "
" ဘာပဲဖြစ်ဖြစ် သူတို့က ရန်သူတွေမှ မဟုတ်တာ... နိုင်ငံသားချင်း တူတူပဲလေ... ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ စည်းခြားထားဖို့ လိုသေးတယ်... "
လီယီတောင်း ခဏတာ မှင်သက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
အဘိုးအိုက တပ်ဖွဲ့ ၃၆ အကြောင်း ဘယ်လို သိနေတာလဲ ဆိုတာကို သူ မမေးခဲ့ပေ။
ငါ့အမြင်မှာတော့ အဘိုးအိုက အရာအားလုံးကို သိနေတဲ့ သူပဲလေ...။
သူ ခြံဝင်းငယ်လေး ထဲမှ ထွက်လာခဲ့ပြီး တက္ကစီ တစ်စီး ငှားကာ နာရေးဝန်ဆောင်မှု ဆိုင်သို့ ပြန်လာခဲ့၏။
ဆိုင်ထဲသို့ ရောက်ပြီး ငါးမိနစ်ပင် မပြည့်သေးမီ လီရှင်းထင်က လင်ဗန်း တစ်ချပ် ကိုင်ကာ ဝင်လာလေသည်။
" အစ်ကိုယီတောင်း... အစ်ကို ထမင်း မစားရသေးဘူး မဟုတ်လား... အစ်ကို့အတွက် နေ့လယ်စာ ပြင်ထားပေးတယ်... ပူပူနွေးနွေးလေး စားလိုက်ဦးနော်... "
လီယီတောင်းက လီရှင်းထင်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
" ကျေးဇူးပါပဲ... "
သူ တကယ် ဗိုက်ဆာနေပြီလေ...။
မနက်က အဘိုးအို အိမ်မှာ နည်းနည်းလေးပဲ စားခဲ့ရတာ... အခုက မွန်းလွဲပိုင်းတောင် ကျော်နေပြီ...။
ဟင်းကတော့ ရိုးရိုးရှင်းရှင်း ဟင်းနှစ်ခွက်နဲ့ စွပ်ပြုတ် တစ်ခွက်၊ ပြီးတော့ ထမင်းဖြူ တစ်ပန်းကန်။
လီယီတောင်း ဆယ်မိနစ်ကျော်လောက် အချိန်ယူပြီး ထမင်းစားလိုက်သည်။ ထို့နောက် ပန်းကန်များကို ဆေးကြောပြီး လင်ဗန်းကို ပြန်ပေးလိုက်၏။
ဆိုင်ထဲသို့ ပြန်ရောက်သောအခါ လီယီတောင်း တစ်ယောက် အတွေးထဲ နစ်မျောသွားပြန်သည်။
ဒီတစ်ခေါက် အဘိုးအိုက ဘာမှ မလုပ်သလို ထင်ရပေမဲ့ တကယ်တမ်းတော့ အများကြီးကို ထုတ်ပြသွားခဲ့တာပဲ...။
အဘိုးအိုက အထင်သေးလို့ မရတဲ့ သူတစ်ယောက် ဆိုတာ သိထားပေမဲ့ ဒီလောက်အထိ အစွမ်းထက်မယ်လို့တော့ တကယ် မထင်ထားခဲ့ဘူး...။
သေချာ စဉ်းစားကြည့်ပြီးနောက် အဘိုးအိုက ငါ့ကို အန္တရာယ် ပေးမှာ မဟုတ်ဘူး ဆိုသည်မှာ သိထားသဖြင့် ဆက်ပြီး စိတ်ပူနေလည်း အလကားပဲဟု သူ သဘောပေါက်လိုက်လေသည်။
ပျင်းပျင်းရှိသည်နှင့် ဖုန်းကို ထုတ်ကာ ဗီဒီယိုများကို စတင် ပွတ်ကြည့်နေလိုက်၏။
ယောဂ ကောင်မလေးတွေကို မကြည့်ရတာ တော်တော် ကြာသွားပြီလေ...။
Follow လုပ်ထားတဲ့ စာရင်းထဲက လူတော်တော်များများလည်း ဗီဒီယို အသစ်တွေ တင်ထားကြတယ်...။
ဖုန်းပွတ်နေရင်းနှင့်ပင် တစ်နာရီကျော် ကုန်ဆုံးသွားလေသည်။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : Fitness ရှောင်ဝမ် ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - ကာလရှည် အစာရှောင်ခြင်းကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ကာ သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၇၅% ]
[ လက်ခံသူ အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
ရင်းနှီးနေသော်လည်း ကူကယ်ရာမဲ့ဖွယ် ကောင်းလှသော အသိပေးချက်ကို ကြားလိုက်ရချိန်တွင် လီယီတောင်း ခဏတာ မှင်သက်သွားလေသည်။
Fitness ရှောင်ဝမ် ဆိုတာ သူ ပထမဆုံး Follow ခဲ့တဲ့ Fitness သမားတွေထဲက တစ်ယောက် မဟုတ်လား...။
လီယီတောင်း တစ်ယောက် အတိတ်ကို ပြန်လွမ်းသွားမိသည်။
တကယ်ပါပဲ... မမျှော်လင့်ထားတဲ့ ကိစ္စတွေက အမြဲတမ်း ရုတ်တရက် ရောက်လာတတ်တာပဲ...။
လီယီတောင်း " Follow " ခလုတ်ကို နှိပ်လိုက်၏။
ထို့နောက်... " ကောင်းမွန်တဲ့ ဝါသနာ တစ်ခုကို လုပ်နိုင်ဖို့ အတွက် ကျန်းမာရေး ကောင်းဖို့ လိုအပ်ပါတယ်... တခြားသူတွေကို ကျန်းမာရေး ဗဟုသုတတွေ ဝေမျှပေးသလို ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦး... " ဟု comment တစ်ခု ချန်ထားခဲ့လိုက်လေသည်။
သူ၏ ထူးခြားသော ကြော်ငြာစာသားကိုလည်း အောက်တွင် ထည့်ရေးလိုက်သေး၏။
“ သေပြီးရင် စိတ်ပူစရာ မလိုပါဘူး... လီယီတောင်းက လိုက်ပို့ပေးပါမယ်... တစ်နေရာထဲမှာ အစုံရနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု... ဘယ်သူမှ ဒါကို မလိုအပ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်... “
ဒီတစ်ခါ ကြော်ငြာစာသားက နည်းနည်း ကွဲပြားသွားပြီ...။
သူ စကားပြောနေစဉ်မှာပင် Live ထဲရှိ ပရိသတ်များက အလုအယက် စာရိုက်လာကြတော့၏။
" အိုး ဘုရားရေ... အစ်ကိုယီတောင်း က ရှောင်ဝမ် ကို Follow လိုက်ပြီ... "
" အစ်ကိုယီတောင်း နောက်ဆုံးတော့ ပြန်ပေါ်လာပြီဟေ့... အစ်ကိုယီတောင်း... ကျွန်တော်တို့ အစ်ကို့ကို စောင့်နေကြတာ... "
" အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... ဒါ တကယ်ကြီးလား... ဘာတွေ ဖြစ်နေတာလဲ... "
" ရှောင်ဝမ်... ပြေးတော့... အစ်ကိုယီတောင်း ရောက်လာပြီ... မဟုတ်ဘူး... မပြေးနဲ့... အစ်ကိုယီတောင်း ကို အားကိုးဖို့ ကြိုးစား... "
" ဟုတ်တယ်... အစ်ကိုယီတောင်း ရဲ့ ခြေသလုံးကိုသာ ဖက်ထား... မင်းတို့ ယုံချင်မှ ယုံမယ်... ဒါပေမဲ့ ကျိုးရှုရီ တို့၊ အလှလေး တို့ကို ကြည့်လိုက်... သူတို့က အစ်ကိုယီတောင်းကို အားကိုးခဲ့လို့ အခုထိ ဘေးကင်းနေကြတာ... "
" ဟုတ်တယ်... ရှောင်ဝမ်... မြန်မြန်သွားပြီး ကျိုးရှုရီ ဆီမှာ အခန်းဖော် သွားလုပ်လိုက်တော့... "
ဤအချိန်တွင် ရှောင်ဝမ် လည်း အံ့အားသင့်နေလေသည်။
ငါက ဘယ်လိုလုပ်ပြီး အစ်ကိုယီတောင်း Follow လိုက်တာကို ခံရတာလဲ...။
အသိပေးချက်ကို သူမ ကြည့်လိုက်၏။
သူက ငါ သေမယ့် အကြောင်းကို အရိပ်အမြွက် ပေးနေတာလား...။
အစ်ကိုယီတောင်းက ငါ့ရဲ့ ဗီဒီယိုတွေကို မကြာခဏ ကြည့်တတ်တယ် ဆိုတာ သိတယ်လေ...။
ဒါကြောင့်မို့ လီယီတောင်း ရဲ့ စွမ်းရည် အကြောင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ နားလည်ထားပြီးသားပါ...။
ပြီးတော့ တစ်ခုကို ငါ သေချာ သိတယ်...။
အစ်ကိုယီတောင်း Follow လိုက်တဲ့ လူတိုင်း သေရမယ်လို့ မဆိုလိုဘူး...။
မျှော်လင့်ချက် ရောင်ခြည်လေး အမြဲ ရှိနေတတ်တယ်...။
အစ်ကိုယီတောင်း ရဲ့ သတိပေးချက်က အရမ်း အရေးကြီးတယ်...။
အခုတော့ အဓိက အချက်ကို သူမ ချက်ချင်း သဘောပေါက်သွားလေပြီ...။
ရှောင်ဝမ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်၏။
ထို့နောက် သူမက Live ထဲသို့...
" သူငယ်ချင်းတို့... အစ်ကိုယီတောင်း က ကျွန်မကို Follow လိုက်တာ အားလုံး မြင်ပြီးပြီ မဟုတ်လား... ဒါကြောင့် ဒီနေ့ Live ကို ဒီမှာပဲ ယာယီ ရပ်လိုက်တော့မယ်နော်... "
" နောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို အားလုံးကို အသိပေးပါ့မယ်... အားလုံးကို ကျေးဇူးတင်ပါတယ်... "
" အစ်ကိုယီတောင်း... သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်... "
ထိုသို့ ပြောပြီးနောက် သူမက Live ကို အလျင်အမြန် ပိတ်လိုက်လေသည်။
ဆေးရုံသွားဖို့ လိုပြီ...။
အခုချက်ချင်းပဲ...။
ရှောင်ဝမ်၏ Live ကို ပိတ်လိုက်သည်နှင့် ပရိသတ် အားလုံးက သူတို့၏ အာရုံကို ပြောင်းလဲလိုက်ကြလေပြီ။
အစ်ကိုယီတောင်း၏ ပရိသတ် ဂရုထဲတွင် comment အချို့ တက်လာ၏။
" လခွမ်း... အစ်ကိုယီတောင်း နောက်ဆုံးတော့ ပြန်ပေါ်လာပြီပဲ... အစ်ကိုယီတောင်း သတင်း မကြားရတာ တော်တော် ကြာသွားပြီ... "
" ဟုတ်တယ်... ဒါပေမဲ့ ရှောင်ဝမ် ဒီတစ်ခါ လွတ်နိုင်ပါ့မလား မသိဘူး... ဟူး... "
" ရှောင်ဝမ် ဘာမှ ဖြစ်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်... အစ်ကိုယီတောင်း ပြောတဲ့ စကားတွေကို နားလည်နိုင်ရင် သေချာပေါက် ဘေးကင်းမှာပါ... "
" တကယ်တော့... အစ်ကိုယီတောင်း ရဲ့ ကြော်ငြာစာသား ပြောင်းသွားတာကို မင်းတို့ သတိထားမိကြလား... "
" အို... အစ်ကိုယီတောင်း ရဲ့ ကြော်ငြာစာသား တကယ် ပြောင်းသွားတာပဲ... "
" ဟုတ်တယ်... တကယ် ပြောင်းသွားတာ... အစ်ကိုယီတောင်း ရဲ့ ကြော်ငြာစာသား အသစ်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်... "
" ဒါက... အစ်ကိုယီတောင်း က ဒီစာသားနဲ့ ဘာကို ဆိုလိုချင်တာလဲ... "
" ဒါနဲ့ စကားမစပ်... အစ်ကိုယီတောင်း ငါတို့အတွက် Live မလွှင့်တာ ဘယ်လောက်တောင် ကြာပြီလဲ... ငါတို့ ဆန္ဒပြပြီး သူ့ကို Live ပြန်လွှင့်ခိုင်းသင့်တယ် မဟုတ်လား... "
" ဟုတ်တယ်... သူက အိမ်မှာ ထိုင်ပြီး ယောဂ ကောင်မလေးတွေကို ကြည့်နေတာလေ... ဘာလို့ ငါတို့နဲ့ အတူတူ မကြည့်တာလဲ... "
" ဟားဟား... အစ်ကိုယီတောင်း Live လွှင့်တိုင်း ယောဂ ကောင်မလေး ပရိသတ်တွေရဲ့ ID တွေကို ငါ မှတ်ထားလိုက်တယ်... အစ်ကိုယီတောင်း နဲ့ အကြိုက်တူနေပြီလား မသိဘူး... "
" အပေါ်ကလူ... အဲဒီ စာရင်းကို ငါ့ဆီ private လေး ပို့ပေးလို့ ရမလား... "
" မရဘူး... ငါတို့ ဆန္ဒပြရမယ်... အစ်ကိုယီတောင်း ကို Live လွှင့်ခိုင်းမယ်... "
" အဝါရောင် စက္ကူလေး တချို့လည်း ဝယ်ချင်တယ်... ဒါပေမဲ့ အစ်ကိုယီတောင်း က မရောင်းတော့ဘူးဟ... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက တစ်ခါပဲ ရောင်းခဲ့တာ... ပြီးခဲ့တဲ့ အခေါက်က ငါ တစ်ရွက်မှတောင် မရလိုက်ဘူး... "
" တစ်ယောက်ယောက်က အစ်ကိုယီတောင်း ရဲ့ အဝါရောင် စက္ကူကို ဝယ်ပြီး ဘိုးဘွားတွေရဲ့ ဂူမှာ သွားမီးရှို့တာ ထီ ၅ သန်း ပေါက်တယ်လို့ ငါ ကြားတယ်... "
" အဲဒီအကြောင်း ငါလည်း ကြားတယ်... တကယ်တော့ မဟုတ်လောက်ပါဘူး... ဒီတစ်ခေါက်တော့ အစ်ကိုယီတောင်း ကို အများကြီး ယူလာခိုင်းရမယ်... တစ်သောင်း ပေးပြီးကို ဝယ်မှာ... "
" ဟင်... တစ်သောင်း... တစ်သန်း ပေးရင်တောင် ယူမယ့်သူ ရှိတယ် ဆိုတာ မင်း ယုံလား... "
" မဖြစ်နိုင်တာ... နောက်နေတာလား... အဝါရောင် စက္ကူ တစ်ထုပ်ကို တစ်သန်း ဟုတ်လား... "
" နောက်နေတယ် ထင်လို့လား... တကယ်လို့ အစ်ကိုယီတောင်းသာ တကယ် ပြန်ရောင်းရင် ငါတို့ သိရမှာပေါ့... "
" သွားကြစို့... အစ်ကိုယီတောင်း ကို သွားရှာကြစို့... ဟုတ်တယ်... သူ့ကို သွားရှာပြီး Live လွှင့်ခိုင်းမယ်... ပြီးရင် လင့်ခ် ချပေးဖို့ တောင်းဆိုမယ်... ပရိုမိုးရှင်း မလုပ်တဲ့ Streamer ဘယ်မှာ ရှိလို့လဲ... "
" အတိအကျပဲ... ပရိုမိုးရှင်း မလုပ်တဲ့ Streamer ဘယ်မှာ ရှိလို့လဲ... မြန်မြန် ပစ္စည်း ပြန်ဖြည့်ပေးပါ... "
" Live လွှင့်ပေးပါ... လင့်ခ် ချပေးပါ... "
" Live လွှင့်ပေးပါ... လင့်ခ် ချပေးပါဗျို့... "
ဤအချိန်တွင် ဖုန်းကို ပိတ်ပြီး အနားယူရန် ရည်ရွယ်ထားသော လီယီတောင်း တစ်ယောက် ခဏမျှ စဉ်းစားလိုက်လေသည်။
လူတိုင်းကို ငါ တကယ်ပဲ အချိန်အကြာကြီး စောင့်ခိုင်းထားမိပုံ ရတယ်...။
Live လွှင့်ဖို့ အချိန်တန်ပြီ...။
ဒါမှမဟုတ်... ဒီတစ်ခေါက်တော့ အားလုံးအတွက် အထူး အစီအစဉ်လေး တစ်ခု လုပ်ပေးလိုက်ရင် ကောင်းမလား...။
အနီးနားရှိ စားပွဲပေါ်မှ ဖယောင်းတိုင်များကို တစ်ချက် ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ သူ၏ ပင်မစာမျက်နှာတွင် စာတစ်ကြောင်း တင်လိုက်လေသည်။
" ဒီည ၈ နာရီမှာ Live လွှင့်မယ်... အားလုံးအတွက် အံ့သြစရာ ဘောနပ်စ်လေး ပါမယ်နော်... "
***