Live ထဲတွင် " ၉၉,၉၀၀ " ဆိုသည့် စာသားများ ဆက်တိုက် တက်လာနေသည်ကို မြင်သော်လည်း လီယီတောင်းက ဈေးတင်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်လေသည်။
" အားပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒါက ဖယောင်းတိုင် တစ်တိုင် သက်သက်ပါပဲ... တကယ်လို့ ၉၉,၀၀၀ နဲ့ ရောင်းလိုက်ရင် တချို့လူတွေက ဒါကို အလွဲသုံးစား လုပ်ကြမှာကို ကျွန်တော် စိုးရိမ်တယ်... "
" ဒါကြောင့်... ၉၉၉ ယွမ် ပဲ သတ်မှတ်ထားပါတယ်... လှည့်စားမှုတွေ မရှိပါဘူး... အားလုံးကို တရားမျှတတဲ့ ရွေးချယ်ခွင့် ပေးထားပါတယ်... "
ထိုသို့ပြောပြီး လီယီတောင်းက ပရိသတ်များကို တုံ့ပြန်ခွင့် မပေးတော့ဘဲ ဖယောင်းတိုင် ဝယ်ယူရန် လင့်ခ်ကို ချက်ချင်း ချပေးလိုက်လေသည်။
တစ်တိုင်ကို ၉၉၉ ယွမ်။
ဤအချိန်တွင် ပရိသတ် အချို့က စာရိုက်နေကြဆဲ ဖြစ်ပြီး အချို့ကတော့ အသင့် ပြင်ထားကြပြီး ဖြစ်၏။
လီယီတောင်း လင့်ခ် ချပေးလိုက်သည်နှင့် စတင် ဝယ်ယူတော့သည်။
သို့သော်
စခရင်က ထစ်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။
သူတို့ တစ်စက္ကန့်ခန့် နောက်ကြသွားပြီး ချိန်တွင်တော့ အရေအတွက်က ဘာဆိုဘာမှ မကျန်တော့။
' ဘုရားရေ... '
" ဖက်ခ်... မင်းတို့က လူတွေရော ဟုတ်သေးရဲ့လား... ငါ ဝင်လို့တောင် မရသေးဘူး... အကုန် ရောင်းကုန်သွားပြီလား... "
" ဟင့်... ငါ့ရဲ့ နတ်သမီးလေးက ပြောတယ်... အစ်ကိုယီတောင်း ရဲ့ ဖယောင်းတိုင်ကိုသာ မရရင် ငါ့ကို အရန်လူ အဖြစ်တောင် လက်မခံတော့ဘူးတဲ့... ငါ ဘယ်လိုလုပ်ရမလဲ... "
" အား... ငါ့ရဲ့ ၅ သန်း... ထီထိုးဖို့ ထီဆိုင်ကိုတောင် ရှာတွေ့ထားပြီးပြီ... ဖယောင်းတိုင် ရဖို့ပဲ စောင့်နေတာ... အခုတော့ ဖယောင်းတိုင်လည်း မရှိတော့ဘူး... ငါ့ရဲ့ ၅ သန်းလည်း သွားပါပြီ... "
" လခွမ်း... ငါ ငွေရှင်းတဲ့ နေရာအထိ ရောက်ပြီးပြီ... ငွေရှင်းတဲ့ ပတ်စ်ဝက်ဒ် မှားရိုက်မိလို့... ဖက်ခ်... "
" ဟေ့... အပေါ်က ငတုံး... ' One-click Payment ' ဆိုတာ ရှိတယ်ကွ... "
" ဟုတ်တယ်... ငါ ရလိုက်တယ်... ဟီးဟီး... အရမ်း မိုက်တာပဲ... အချိန်တန်ရင် ငါ့ကောင်လေးနဲ့ အတူတူ ဆုတောင်းမယ်... "
" ကဲ... ကဲ... စကားမများကြနဲ့တော့... ငါ တစ်ခါတည်း ဖယောင်းတိုင် ဆယ်တိုင် ရလိုက်တယ်... ဟီးဟီး... အားကျလိုက်ကြ... "
" အဟမ်း... အဟမ်း... လိုချင်ပေမဲ့ မရလိုက်တဲ့ သူတွေ ငါ့ကို မက်ဆေ့ချ် ပို့လို့ ရတယ်နော်... အသေးစိတ်ကို ဆွေးနွေးကြတာပေါ့... အစ်ကိုယီတောင်း စတိုင် ဘာသာရေး ဖယောင်းတိုင်တွေ... လိမ်မရောင်းပါဘူး... "
" မင်း ဖယောင်းတိုင်တွေက အစ်ကိုယီတောင်း ရဲ့ ဖယောင်းတိုင်တွေနဲ့ ယှဉ်လို့ ရမလား... ဘယ်သူ့ကို လိမ်ချင်နေတာလဲ... "
" ဟုတ်တယ်... အစ်ကိုယီတောင်း ရဲ့ အဝါရောင် စက္ကူကို မီးရှို့ရင် ထီ ၅ သန်း ပေါက်တယ် ဆိုရင်... ဒီဖယောင်းတိုင်တွေကို ထွန်းရင် ဘာလို့ ၃ သန်း မရနိုင်ရမှာလဲ... "
" ဟီးဟီး... ငါ မစောင့်နိုင်တော့ဘူး... အပြာကား ကြည့်တဲ့ အချိန်ကျရင် ဒီဖယောင်းတိုင်ကို ထွန်းပြီး ကြည့်မယ်... အဲဒါဆို အိမ်က မမိလောက်ဘူးကွ… "
" သောက်ကျိုးနည်း... "
Live ထဲတွင် ရူးသွပ်မတတ် ဆွေးနွေးနေကြသည်ကို ကြည့်ပြီး လီယီတောင်း ခဏတာ ဆွံ့အသွားရလေသည်။
သူတို့တွေ ဘာတွေ ပြောနေကြတာလဲ...။
ငါ့ဖယောင်းတိုင်တွေက မှော်ဆန်တဲ့ မီးအိမ်ကြီးတွေ ကျနေတာပဲ...။
သေချာတာပေါ့... ဒီဖယောင်းတိုင်တွေက သက်တမ်း ဆယ်နှစ်ကို အကုန်ခံထားရတာ ဆိုတော့ အကျိုးသက်ရောက်မှု တချို့တော့ ရှိမှာပါ...။
ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲ ဆိုတာကိုတော့... ရိုးရိုးသားသား ပြောရရင် ငါ ကိုယ်တိုင်တောင် အခုအချိန်မှာ သေချာ မသိသေးဘူး။
ပရိသတ်တွေဆီက တုံ့ပြန်ချက် ရတဲ့အထိ စောင့်ကြည့်ရဦးမယ်…။
" အင်း... ဒီနေ့ မရလိုက်တဲ့ သူတွေလည်း စိတ်မပူကြပါနဲ့... နောက်ပိုင်း အခွင့်အရေး ရရင် ရသလို အားလုံးအတွက် အံ့သြစရာလေးတွေ ဆက်ပြီး ယူလာပေးပါ့မယ်... "
" ဒီနေ့လည်း ညဉ့်နက်နေပြီ ဆိုတော့ ဒီလောက်နဲ့ပဲ နားကြတာပေါ့... နှုတ်ဆက်ပါတယ် အားလုံးပဲ... "
ပရိသတ်များကို နှုတ်ဆက်ပြီးနောက် လီယီတောင်းက Live ကို အဆုံးသတ်လိုက်လေသည်။
အမည်းရောင် ပြောင်းသွားသော Live စခရင်ကို ကြည့်ရင်း အင်တာနက် သုံးစွဲသူများ အားလုံး နောက်တစ်ကြိမ် မှင်သက်သွားကြပြန်၏။
" ဖက်ခ်... အစ်ကိုယီတောင်း... ဘာတွေ ဖြစ်နေတာလဲ... နည်းနည်းလောက် ပိုကြာကြာ နေလို့ မရဘူးလား... "
" ပလက်ဖောင်းရဲ့ သမိုင်းမှာ ပထမဆုံး Live လွှင့်ပြီး ပစ္စည်းရောင်းတဲ့ ပွဲက စလွှင့်တာကနေ လင့်ခ်ချပေးတဲ့ အချိန်အထိ ဆယ်မိနစ်တောင် မကြာလိုက်ဘူး... ပြီးတော့ Streamer က လိုင်းဆင်းသွားတယ်... "
" အရေးအကြီးဆုံးက... အစ်ကိုယီတောင်း က ပရိသတ် သန်းဆယ်ချီ ရှိနေတဲ့ Live ကြီးကို ဒီတိုင်း ပစ်ထားခဲ့တာလေ... ပလက်ဖောင်းရဲ့ အော်ပရေးရှင်း အဖွဲ့တွေ ငိုနေလောက်ပြီလို့ မင်းတို့ ထင်လား... "
" ငါသာ ပလက်ဖောင်း တာဝန်ခံ ဆိုရင်... အစ်ကိုယီတောင်း ကို Live ဆက်လွှင့်ပေးဖို့ ဒူးထောက် တောင်းပန်မိမှာ... ဟားဟား... ဒီ Live တစ်ခုတည်းကနေ အစ်ကိုယီတောင်း ဆွဲခေါ်လာတဲ့ Traffic ဘယ်လောက်တောင် ရှိလဲ မင်းတို့ သိလား... "
" ဒီနေ့ အစ်ကိုယီတောင်း ရဲ့ အံ့သြစရာ အစီအစဉ် အကြောင်းကို အင်တာနက် တစ်ခွင်လုံးမှာ ပရိုမိုးရှင်း လုပ်ထားတာကို ငါ မြင်လိုက်တယ်... ပလက်ဖောင်းရဲ့ အော်ပရေးရှင်း အဖွဲ့တွေ သေချာပေါက် ငိုနေလောက်ပြီ... ပရိုမိုးရှင်း အတွက် ပိုက်ဆံတွေ အများကြီး အကုန်ခံထားရတာကို... Live က ဆယ်မိနစ်လေးပဲ ကြာတာလေ... "
" ဒါနဲ့... ခုနက ဝယ်လိုက်ရတဲ့ ဖယောင်းတိုင်တွေကို ပြန်ရောင်းချင်တဲ့သူ ရှိလား... ငါ ၁ သန်း ပေးမယ်... ရိုးရိုး ဖယောင်းတိုင်တွေနဲ့ လာမလိမ်နဲ့နော်... လိမ်ရင် ရပါတယ်... ဒါပေမဲ့ အကျိုးဆက်ကိုတော့ ကိုယ့်ဘာသာ တာဝန်ယူရမယ်... "
" ၁ သန်း... ဘုရားရေ... ရုတ်တရက်ကြီး ငါ ငိုချင်လာပြီ... ငါ ဘာလို့များ ရည်းစား ထားလိုက်မိတာလဲ... "
" ဟေ့... အပေါ်ကလူ... ရည်းစား ထားတာနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ... "
" ငါသာ ရည်းစား မရှိဘူး ဆိုရင်... ငါ့လက်က ဒီလောက် နှေးနေမှာ မဟုတ်ဘူးလေ... "
" လျှောက်ပြောမနေနဲ့... Single တွေတောင်မှ ဖယောင်းတိုင် လုနိုင်တဲ့ သူက လက်ချိုးရေလို့ ရတယ်... "
လီယီတောင်း ထွက်သွားပြီး နာရီဝက်ခန့် အကြာတွင်မှ Live ထဲရှိ comment များက တဖြည်းဖြည်း ငြိမ်ကျသွားလေသည်။
Live ကို ပိတ်ပြီးနောက် လီယီတောင်းက ချက်ချင်း အိပ်ရာဝင်ရန် မလုပ်သေးပေ။
သူ အဝတ်အစား လဲကာ နာရေးဝန်ဆောင်မှု ဆိုင်ထဲမှ ထွက်လာခဲ့၏။
ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့လေ...။
ဆိုင်တံခါးကို သူ သော့ခတ်လိုက်သည်။
" အစ်ကိုယီတောင်း... ညကြီးမိုးချုပ် ဘယ်သွားမလို့လဲ... "
လီယီတောင်း တံခါးသော့ခတ်ပြီးသည်နှင့် အနောက်မှ ကျိုးရှုရီ အသံကို ကြားလိုက်ရလေသည်။
လှည့်ကြည့်လိုက်ရာ ဆိုင်တံခါး အပြင်ဘက်တွင် ရပ်နေသော ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို တွေ့လိုက်ရ၏။
သူတို့လည်း အပြင်ထွက်မည့်ပုံ ရသည်။
လီယီတောင်း ခေါင်းညိတ်ပြလိုက်၏။
" အင်း... ညဘက် နည်းနည်း ပျင်းလာလို့... လမ်းထွက်လျှောက်ရင်း ညလယ်စာ သွားစားမလို့... "
" ဝါး... မိုက်တယ်... ကျွန်မတို့လည်း ညလယ်စာ သွားစားမလို့လေ... အစ်ကိုယီတောင်းကိုပါ လိုက်မလားလို့ သွားမေးမလို့... အတူတူ သွားကြတာပေါ့... "
လီရှင်းထင်က ပျော်ရွှင်စွာ ပြောလိုက်သည်။
သို့သော် ပြောပြီးနောက် သူမ အနည်းငယ် နောင်တရသွားမိ၏။လီယီတောင်းက သူတို့နှင့် အမြဲတမ်း စည်းတစ်ခု ခြားထားလေ့ ရှိသည် မဟုတ်ပါလား။ ယခုလို ရုတ်တရက် ဖိတ်ခေါ်လိုက်ခြင်းက အနည်းငယ် နေရခက်စရာ ကောင်းနေသလိုပင်။
ရိုးရိုးသားသား ဆိုရလျှင် လီယီတောင်းလည်း သူမ၏ ဖိတ်ခေါ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားရ၏။သို့သော် ခဏမျှ စဉ်းစားပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
ငြင်းစရာ အကြောင်းမှ မရှိတာ... ပြီးတော့ သူတို့နဲ့ အတူတူ အချိန်ဖြုန်းရတာလည်း မပျင်းရပါဘူးလေ...။
လီယီတောင်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူတို့ နှစ်ယောက် အလွန် ဝမ်းသာသွားပုံ ရလေသည်။
" အဲဒီလို ဆိုရင်လည်း... ရေချိုပုစွန် သွားစားကြမယ်... တအား စားကောင်းတဲ့ ရေချိုပုစွန် ဆိုင်ကို ကျွန်မ သိတယ်... "
" ဟုတ်တယ်... ရေချိုပုစွန် သွားစားကြမယ်... ဘယ်လိုလဲ အစ်ကိုယီတောင်း... "
လီရှင်းထင်က ရေချိုပုစွန် စားရန် အကြံပြုလိုက်သောအခါ ကျိုးရှုရီ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်နေသော အမူအရာ ပေါ်လာလေသည်။
ရေချိုပုစွန်က ညစာအတွက် စံသတ်မှတ်ချက် တစ်ခု ဖြစ်နေကြောင်း ထင်ရှားလှပေသည်။
လီယီတောင်း ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ်လိုက်၏။တကယ်တမ်းတွင် သူလည်း ရေချိုပုစွန် သွားစားရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
နှစ်တိုင်း ဒီနေ့ ရောက်ရင် လီယီနို နဲ့ အတူတူ ရေချိုပုစွန် ထွက်စားလေ့ ရှိတယ်လေ...။ ဒါက လီယီနို အကြိုက်ဆုံး အစားအစာတွေထဲက တစ်ခုပေါ့…။
မကြာမီ သူတို့ သုံးယောက် ဆိုင်နှင့် သိပ်မဝေးလှသော စားသောက်ဆိုင် ငယ်လေး တစ်ခုသို့ ရောက်ရှိသွားကြလေသည်။
ရေချိုပုစွန် ပန်းကန်လုံးကြီး ချပေးလိုက်သည်နှင့် မိန်းကလေး နှစ်ယောက်စလုံးက ဟန်ပင်မဆောင်တော့ဘဲ အငမ်းမရ စတင် စားသောက်ကြတော့၏။
မိန်းကလေးတွေက အစားစားနေရရင် အကုန် အဆင်ပြေတယ်…။
လီယီတောင်းလည်း အားနာမနေတော့ပေ။ သူလည်း ရေချိုပုစွန်ကို ကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်၏။
" တီတီ... တီတီ... "
သူတို့ သုံးယောက် စားလို့ ပြီးခါနီး အချိန်မှာပင် လီယီတောင်း ဖုန်းက ရုတ်တရက် မြည်လာလေသည်။
' ဒီအချိန်ကြီး ဘယ်သူကများ ဖုန်းဆက်တာလဲ... '
လီယီတောင်း ဇဝေဇဝါဖြင့် လက်အိတ်များကို ချွတ်ကာ ဖုန်းကို ထုတ်ကြည့်လိုက်၏။ခေါ်ဆိုသူ၏ နာမည်ကို မြင်လိုက်ရချိန်တွင် သူ ခဏတာ မှင်သက်သွားရလေသည်။
' အဘိုးအို ဟုတ်လား... '
' ဘာလို့ အဘိုးအိုက ဒီလောက် ညဉ့်နက်မှ ဖုန်းဆက်ရတာလဲ... '
သူ ဖုန်းကိုင်လိုက်၏။
" ပြောပါ အဘိုး... ဘာဖြစ်လို့လဲ... "
" ငါ့ဆီ လာခဲ့ပါဦး... ငါ့မိတ်ဆွေ တစ်ယောက် ပြဿနာ တက်နေလို့... မင်း သွားကြည့်ပေးဖို့ လိုတယ်... "
အဘိုးအို၏ အသံက တည်ငြိမ်နေသော်လည်း ကြီးမားသည့် ကိစ္စ တစ်ခုခု ရှိနေကြောင်းကို လီယီတောင်း ခံစားမိလိုက်လေသည်။
" ဟုတ်ကဲ့... သဘောပေါက်ပါပြီ... အခုချက်ချင်း လာခဲ့ပါ့မယ်... "
တုံ့ဆိုင်းနေစရာ အကြောင်း မရှိပေ။ ညဉ့်နက်နေပြီ ဖြစ်သော်လည်း လီယီတောင်းက မည်သို့မျှ တွေးမနေဘဲ သွားမည် ဖြစ်၏။
ဒီကမ္ဘာပေါ်မှာ လီယီနိုပြီးရင် ငါ့အတွက် အရေးပါဆုံးက အဘိုးအိုပဲလေ...။
ဒါကြောင့်... အဘိုးအိုရဲ့ ကိစ္စတွေက လီယီတောင်း ရဲ့ ကိစ္စတွေပဲ...။
ဒါပေမဲ့...
အရင်ကတော့ အဘိုးအိုရဲ့ မိတ်ဆွေကို ကူညီမယ်… ဒါပေမဲ့ နောက်ရက်မှ အေးဆေးပေါ့ ဆိုပြီး သဘောတူထားကြတာ…။
အခုတော့...
ဒီလို ညဉ့်နက်ချိန်ကြီးကျမှ လာခိုင်းတယ် ဆိုတော့... တစ်ခုခု အကြီးအကျယ် ဖြစ်နေလို့များလား...။
***