နာရီဝက်ခန့် အကြာတွင် လီယီတောင်း တစ်ယောက် အဘိုးအို၏ ခြံဝင်းငယ်လေးထဲသို့ ရောက်ရှိလာခဲ့၏။
အိမ်ထဲသို့ ဝင်သွားချိန်တွင် အဘိုးအိုက လက်ဖက်ရည် သောက်လျက် ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။
" ရောက်လာပြီလား... "
လီယီတောင်း ဝင်လာသည်ကို မြင်သောအခါ အဘိုးအိုက တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။
" အဘိုး... ဘာတွေ ဖြစ်လို့လဲ... "
သို့သော် လီယီတောင်း၏ မေးခွန်းကို အဘိုးအိုက တိုက်ရိုက် မဖြေပေ။ ထိုအစား သူက အနီးနားရှိ စစ်တုရင်ခုံကို လက်ညှိုးထိုးပြလိုက်လေသည်။
" ငါ့မိတ်ဆွေ ရောက်လာတဲ့ အထိ စောင့်လိုက်ပါဦး... ပြီးမှ ပြောကြတာပေါ့... လောလောဆယ်တော့ ငါနဲ့ စစ်တုရင် လာကစားပေးပါဦး... "
လီယီတောင်းလည်း ရွေးချယ်စရာ မရှိတော့၍ ဝင်ထိုင်လိုက်ရလေသည်။
မည်မျှ အရေးကြီးနေပါစေ၊ ပြဿနာ တစ်ခုခု ပေါ်လာတိုင်း စစ်တုရင် တစ်ပွဲ ကစားခြင်းက အဘိုးအို၏ အလေ့အကျင့် တစ်ခု ဖြစ်၏။
ဆယ်မိနစ် ကုန်ဆုံးသွားသော်လည်း လီယီတောင်းနှင့် အဘိုးအို၏ ကစားပွဲမှာ အကြိတ်အနယ် ရှိနေဆဲပင်။
တဖြည်းဖြည်းနှင့် လီယီတောင်း၏ ဂနာမငြိမ် ဖြစ်နေမှုများ ပျောက်ကွယ်သွားလေသည်။
' ဒါကြောင့်များ... အဘိုးအိုက ပြဿနာတွေကို မပြောခင် စစ်တုရင် အရင် ကစားခိုင်းတာလား... '
" ဒင်တောင်... ဒင်တောင်... "
ထိုစဉ် လူခေါ်ခေါင်းလောင်းသံ ထွက်လာ၍ အဘိုးအိုက တံခါးကို အဝေးထိန်း စနစ်ဖြင့် ဖွင့်ပေးလိုက်၏။
အသက်အရွယ် အိုမင်းနေပြီ ဖြစ်သော လူကြီး တစ်ဦး အပြင်ဘက်မှ ဝင်လာလေသည်။
" ကိုကြီးဖူ... ညကြီးမိုးချုပ် လာနှောင့်ယှက်ရတဲ့ အတွက် တောင်းပန်ပါတယ်... "
လူကြီး မျက်နှာပေါ်တွင် အရေးတကြီး ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေ၏။
လီယီတောင်းက ဝင်လာသူကို မော့ကြည့်လိုက်သော်လည်း အဘိုးအို၏ ပြတ်သားသော စစ်တုရင် ရွှေ့ကွက်ကြောင့် စစ်တုရင်ပွဲဆီသို့ အာရုံ ပြန်ရောက်သွားလေသည်။
အဘိုးအိုက...
" ခဏလောက် အနားယူလိုက်ပါဦး... ငါ ဒီကောင်လေးနဲ့ ကစားလို့ ပြီးရင် မင်းနဲ့အတူ သူ့ကို ထည့်ပေးလိုက်မယ်... "
အဘိုးအို၏ စကားကို ကြားသောအခါ ဝင်လာသော လူကြီး၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်မှုနှင့်အတူ စိုးရိမ်ပူပန်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
လီယီတောင်းကို ဘာကြောင့် သူ့နှင့်အတူ ထည့်ပေးလိုက်မည် ဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေကြောင်း ထင်ရှားလှ၏။
ဘာပဲဖြစ်ဖြစ် သူက အဘိုးအိုကို လာတွေ့တာလေ...။
သို့သော် သူက အဘိုးအို၏ စိတ်နေသဘောထားကို ကောင်းကောင်း နားလည်ပုံ ရပြီး ဘာမှ ကန့်ကွက်ခြင်း မပြုပေ။ လောလောဆယ်တော့ သူတို့ စစ်တုရင် ကစားလို့ ပြီးသည်အထိ သူ စောင့်နေလိုက်လေသည်။
နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားပြန်၏။
အဘိုးအိုက နောက်ထပ် အနိုင်ရွှေ့ကွက် တစ်ခု ရွှေ့လိုက်ချိန်တွင် မိမိ ရှုံးသွားပြီ ဖြစ်ကြောင်း လီယီတောင်း သိလိုက်လေသည်။
အဘိုးအိုက တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး ရေခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက် သောက်လိုက်၏။
ထို့နောက် သူ၏ မိတ်ဆွေကို ခပ်တိုးတိုး ပြောလိုက်သည်။
" မင်းဝယ်လိုက်တဲ့ အဲဒီအိမ်အတွက် ပိုက်ဆံ တော်တော်များများ ကုန်သွားတယ် မဟုတ်လား... "
" အာ... အဲဒီအကြောင်း မပြောပါနဲ့တော့... အဲဒီအိမ်က စုစုပေါင်း ယွမ် သန်း ၂၀ ကုန်သွားတာ... "
" သန်း ၂၀ " ဆိုသည့် ဂဏန်းကို ကြားလိုက်ရချိန်တွင် လီယီတောင်း ခဏတာ မှင်သက်သွားရလေသည်။
သန်း ၂၀... ကျန်းမြို့မှာ...။
ကျန်းမြို့မှာ အဲဒီလောက် ဈေးကြီးတဲ့ အိမ်တွေ ရှိလို့လား...။
လီယီတောင်း ဇဝေဇဝါ ဖြစ်နေသည်ကို ရိပ်မိ၍လားတော့ မသိ၊ လူကြီးက ဆက်လက် ရှင်းပြလေသည်။
" တကယ်တော့ ဒီအိမ်ကို ငါ ဝယ်ရတဲ့ အဓိက အကြောင်းရင်းက အရင် ပိုင်ရှင်ဆီက စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတချို့ကြောင့်ပါ... "
" တစ်နည်းအားဖြင့် ပြောရရင်... ရှေးဟောင်း ပစ္စည်းတွေနဲ့ အတူ အိမ်ကို လက်ဆောင် အဖြစ် ဝယ်လိုက်တယ်လို့ ပြောလို့ရတာပေါ့... "
" ဒီအိမ် ပိုင်ရှင်က နိုင်ငံခြားကို သွားဖို့ စီစဉ်နေတာ... ပြီးတော့ ဒီပစ္စည်းတွေကို ယူသွားလို့ မရဘူးလေ... ဒါကြောင့် သူက ရောင်းဖို့ ဆုံးဖြတ်လိုက်တာ... ငါကလည်း အဲဒီအထဲက ပစ္စည်း တချို့ကို တကယ် စိတ်ဝင်စားနေတာနဲ့... မျက်စိစုံမှိတ်ပြီး ဝယ်လိုက်တာပဲ... "
ယခုမှ လီယီတောင်း တစ်ယောက် သဘောပေါက်သွားတော့၏။
ဒါပေမဲ့ အဲဒီ ရှေးဟောင်း ပစ္စည်းတွေက ဘာတွေများလဲ...။
လီယီတောင်း စူးစမ်းချင်စိတ် ပေါ်လာ၏။ သို့သော် တိုက်ရိုက် မမေးတော့ဘဲ အဘိုးအိုကိုသာ မသိမသာ လှမ်းကြည့်လိုက်မိသည်။
တကယ်လို့ အဘိုးအိုရဲ့ မိတ်ဆွေက ဒီလောက် ချမ်းသာတယ် ဆိုရင်... အဘိုးအိုလည်း ချမ်းသာမှာပေါ့…။
ပြန်စဉ်းစားကြည့်လျှင် အဘိုးအို ရှိစဉ်က သူနှင့် လီယီနိုတို့ ငွေကြေးအတွက် တကယ် စိတ်ပူစရာ မလိုခဲ့ကြောင်း လီယီတောင်း သတိထားမိလိုက်၏။သူတို့ ငွေလိုနေသည့် အချိန်တိုင်း အဘိုးအိုက ငွေပို့ပေးရန် အကြောင်းပြချက် အမျိုးမျိုး ရှာတတ်လေသည်။
ဒါကြောင့်မို့လို့ နာရေးဝန်ဆောင်မှု ဆိုင်က ဖောက်သည် သိပ်မရှိရင်တောင် ရပ်တည်နိုင်ခဲ့တာပေါ့...။
အဘိုးအိုက သူ့မိတ်ဆွေ၏ ဇာတ်ကြောင်းကို တိတ်တဆိတ် နားထောင်နေပြီး အဓိက အချက်များကို စောင့်နေလေသည်။
" ဒီလိုကွ... အစကတော့ အိမ်ရဲ့ တည်နေရာနဲ့ အပြင်အဆင်က တော်တော်လေး ကောင်းတယ်လို့ ငါ ထင်ခဲ့တာ... ဒါကြောင့် အိမ်ကို ပြန်ပြင်ဆင်ပြီး ရှေးဟောင်း ပစ္စည်းတွေကို သေချာ နေရာချထားလိုက်တယ်... "
" ဒါတင် မကသေးဘူး... ငါ့ရဲ့ ကိုယ်ပိုင် ရှေးဟောင်း ပစ္စည်း တချို့ကိုတောင် အဲဒီကို ပြောင်းရွှေ့ထားလိုက်သေးတယ်... "
" ဘာမှ အထူးအဆန်း မဖြစ်ဘူး ဆိုရင်... အဲဒီအိမ်မှာပဲ အနားယူဖို့ ငါ စီစဉ်ထားခဲ့တာ... "
" ဒါပေမဲ့... ပြောင်းလာပြီး နှစ်ဝက်လောက် အတွင်းမှာပဲ ပြဿနာတွေ စဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ... "
ထိုနေရာအရောက်တွင်တော့ လူကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။ ထို့နောက် သူက အရှည်ကြီး စတင် ရှင်းပြတော့ရာ လီယီတောင်းနှင့် အဘိုးအိုတို့က တိတ်တဆိတ် နားထောင်နေကြ၏။
" အစကတော့... ငါတို့ အိမ်က အိမ်ဖော် တစ်ယောက် ရုတ်တရက် နှလုံးရပ်ပြီး ဆုံးသွားတာကနေ စတာပဲ... "
" သူက ငါတို့ မိသားစုနဲ့ အတူတူ နေလာတာ ဆယ်နှစ်ကျော်ပြီ... မိသားစုဝင် တစ်ယောက်လိုတောင် ဖြစ်နေပြီလေ... "
" ဒီကိစ္စကြောင့် ငါတို့ တစ်မိသားစုလုံး အတော်လေး ဝမ်းနည်းခဲ့တယ်... အထူးသဖြင့် ငါ့မြေးလေးပေါ့... သူက ငါ့မြေးကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့တာကိုး... "
" သူ့ရဲ့ နာရေးကိစ္စကို ငါ တာဝန်ယူ စီစဉ်ပေးခဲ့ပြီး... သူ့မိသားစုကိုလည်း လျော်ကြေးငွေ အများကြီး ပေးခဲ့တယ်... အဲဒီကိစ္စက လောလောဆယ်တော့ ပြီးသွားပြီလို့ ထင်ရတာပဲ... "
" ဒါပေမဲ့... အဲဒီအချိန် ကစပြီး ငါတို့ အိမ်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာတော့တာပဲ... "
" ပထမဆုံး... ငါတို့ အိမ်က စားဖိုမှူးက ဟင်းသီးဟင်းရွက် လှီးနေရင်း သူ့လက်ချောင်းကို မတော်တဆ ဖြတ်မိသွားတယ်... "
" အဲဒီနောက် သန့်ရှင်းရေး အလုပ်သမား တစ်ယောက် လက်ကျိုးသွားပြန်တယ်... "
" အဆိုးဆုံးကတော့... ငါ့သား ကားအက်ဆီးဒင့် ဖြစ်ပြီး ခြေထောက် တစ်ချောင်းလုံး ကျိုးသွားတာပဲ... အခုထိ အရှင်း ပြန်မကောင်းသေးဘူး... "
" အဲဒီ အချိန်ရောက်မှ တစ်ခုခုတော့ မှားနေပြီ ဆိုတာကို ငါ စပြီး ခံစားလာရတာ... ပထမအချက်က... ငါတို့ရဲ့ အိမ်ဖော်ဟောင်းက ပုံမှန် ဆေးစစ်လေ့ ရှိပြီး နှလုံးရောဂါ ရာဇဝင် လုံးဝ မရှိခဲ့ဘူး... "
" ပြီးတော့... စားဖိုမှူး ဆိုတာကလည်း ငါတို့နဲ့ အတူတူ အလုပ်လုပ်လာတာ အနှစ်သုံးဆယ် ကျော်နေပြီ... သူက ဘယ်လိုလုပ်ပြီး ဒီလောက် ပေါ့ဆမှာလဲ... "
" သန့်ရှင်းရေး အလုပ်သမားရဲ့ မတော်တဆမှုကလည်း ထူးဆန်းနေတာပဲ... သူက နှစ်မီတာတောင် မမြင့်တဲ့ နေရာကနေ ပြုတ်ကျတာလေ... ဘယ်လိုလုပ် သူ့လက်က ကျိုးသွားရတာလဲ... "
" နောက်ဆုံး တစ်ခုကတော့... ငါ့သားရဲ့ ကားအက်ဆီးဒင့်က တစ်နာရီ မိုင်သုံးဆယ် နှုန်းနဲ့ သွားနေတုန်း ဖြစ်တာ... အဲဒါတောင် ကားမှောက်သွားသေးတယ်... "
" ဒါပေမဲ့ အဲဒါ အကုန် မဟုတ်သေးဘူး... ငါ့ရဲ့ ဒီမျက်လုံးကို ကြည့်ကြည့်ဦး... အကောင်းကြီးလို့ ထင်ရပေမဲ့ တကယ်တော့ ကန်းနေတာ... "
ထိုနေရာအရောက်တွင်တော့ လူကြီးက ခါးသက်သက် ပြုံးလိုက်လေသည်။
' ကန်းနေတယ် ဟုတ်လား... လုံးဝ မသိသာပါလား... '
လူကြီးက ခါးသက်သက် အပြုံးဖြင့် ဆက်ပြောလေသည်။
" ဘယ်လို ဖြစ်သွားမှန်းတောင် ငါ မသိဘူး... တစ်နေ့တော့... ငါ အိပ်နေတုန်း ရုတ်တရက် အသက်ရှူကျပ်လာသလို ခံစားလိုက်ရတယ်… တော်တော်လေး ဆိုးတာ... "
" အဲဒီအချိန်မှာ ငါ့မျက်လုံးထဲ စူးကနဲ နာသွားတယ်... တစ်ယောက်ယောက်က ငါ့မျက်လုံးကို ဖောက်ထုတ်နေသလိုပဲ... "
" အဲဒီ ခံစားချက်က တကယ်ကို အစစ်ကြီးဟေ... "
ထိုအချိန်တွင် လူကြီး၏ မျက်လုံးများထဲမှ အကြောက်တရားများကို လီယီတောင်း မြင်တွေ့နေရလေသည်။ လူကြီး ပြောပြနေသမျှ အရာအားလုံးက အစစ်အမှန် ဖြစ်ကြောင်းကို သူ ခံစားသိရှိနိုင်၏။
" ငါ နိုးလာတဲ့ အချိန်မှာတော့ နာနေတဲ့ မျက်လုံးက လုံးဝ ကန်းသွားပြီ... "
" ငါ ဆေးရုံသွားပြီး စစ်ဆေးကြည့်တယ်... ဒါပေမဲ့ ဆရာဝန်တွေက ဘာရောဂါမှ ရှာမတွေ့ဘူး... ဘာတစ်ခုမှကို ရှာမတွေ့တာ... ရောင်ရမ်းနေတာတောင် မရှိဘူးတဲ့... "
" ဒါပေမဲ့ ငါ ဘာမှ မမြင်ရတော့ဘူး... "
လူကြီးက ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်လေသည်။
" ဒါဆို အခုကော... အော်… မင်း မြေးလေးရော ဘယ်လိုနေလဲ…"
အဘိုးအိုက ညာလက်ကို မြှောက်ကာ တွက်ချက်မှု အချို့ ပြုလုပ်ပြီးနောက် ရုတ်တရက် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
ရိုးရိုးသားသား ဆိုရလျှင် အဘိုးအို၏ ဤကဲ့သို့သော ပုံစံမျိုးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။
အဘိုးအိုမှာ စွမ်းရည်များ ရှိကြောင်း သူ သိထားသော်လည်း ဤမျှ ပေါ်ပေါ်တင်တင် ထုတ်ပြသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဒါပေမဲ့ အခုတော့ လက်ချောင်းလေး တချို့ လှုပ်ရှားလိုက်ရုံနဲ့ အဘိုးအိုရဲ့ မြေးလေး တစ်ခုခု ဖြစ်နေတယ် ဆိုတာကို သိနေပါလား...။
" ဟုတ်တယ်... ငါ့မြေးလေး ဒီည ရုတ်တရက် သတိလစ်သွားတယ်... ဆေးရုံကလည်း ဘာရောဂါမှ ရှာမတွေ့ဘူးတဲ့... "
လူကြီး၏ လေသံတွင် အသနားခံလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
" ကိုကြီးဖူ... ဒီတစ်ခါတော့ ကျွန်တော့် မြေးလေးကို ကယ်ပေးပါဗျာ... ကျွန်တော့် ဘဝ တစ်လျှောက်လုံးမှာ ကိုကြီးဆီက ဘာမှ မတောင်းဆိုဖူးပါဘူး... "
" ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ တောင်းဆိုမှုလို့ သဘောထားပေးပါ... ကျွန်တော်တို့ မိသားစု မျိုးဆက် တစ်ခုလုံးက သူ့အပေါ်မှာပဲ မူတည်နေတာ... ကျွန်တော့်မှာ ဒီမြေးလေး တစ်ယောက်တည်း ရှိတာပါ... သူ့ကို ကယ်ပေးပါလို့ ကျွန်တော် တောင်းပန်ပါတယ်... "
ဤမြင်ကွင်းကို ကြည့်ရင်း အဘိုးအိုက လီယီတောင်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။
အစပိုင်းတွင် လီယီတောင်း အံ့အားသင့်သွားသော်လည်း အဘိုးအို၏ ရည်ရွယ်ချက်ကို မကြာမီ သဘောပေါက်သွား၏။ အဘိုးအိုက သူ၏ ထင်မြင်ချက်ကို တောင်းခံနေခြင်းပင်။
" အဘိုး... အဘိုးပဲ ဆုံးဖြတ်ပါ... "
လီယီတောင်း၏ သဘောထားက အလွန် ရှင်းလင်းနေလေသည်။
အကယ်၍ အဘိုးအိုသာ သူ့ အကူအညီကို လိုအပ်ပါက ဝင်ပါပေးရန် အသင့်ရှိပြီး သူ၏ ကိုယ်ပိုင် စွမ်းရည်များကိုလည်း ယုံကြည်မှု ရှိပေသည်။
အဘိုးအို တိတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို တွေးတောနေ၏။
" ဒီကိစ္စက ဒီလောက် ရှုပ်ထွေးမယ်လို့ ငါ မထင်ထားခဲ့ဘူး... အစကတော့ သာမန် ပြဿနာ သေးသေးလေးတွေပဲ ထင်ပြီး မင်းကို သွားကြည့်ခိုင်းမလို့ စီစဉ်ထားတာ... "
" အခု ကြည့်ရတာ... ဖြေရှင်းဖို့ လိုမယ့် တော်တော်လေး ထူးဆန်းတဲ့ ပြဿနာ တချို့ ရှိနေပုံပဲ... လောလောဆယ်တော့ ငါ ကိုယ်တိုင် ဝင်ပါလို့ မရသေးဘူး... မင်း တကယ် လုပ်နိုင်ပါ့မလား... "
အဘိုးအိုက လီယီတောင်း၏ ထင်မြင်ချက်ကို ထပ်မံ တောင်းခံလိုက်လေသည်။
လီယီတောင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
" စိတ်ချပါ အဘိုးရာ... ကျွန်တော်က အဘိုး နှင်ထုတ်လို့ ရတဲ့ ကလေးလေး မဟုတ်တော့ပါဘူး... "
လီယီတောင်း စကားကြောင့် အဘိုးအိုက ကျေနပ်သော အပြုံးဖြင့် ရယ်မောလိုက်လေသည်။
ထို့နောက် သူ၏ မိတ်ဆွေဘက်သို့ လှည့်ကာ...
" သူ့ကို မင်းနဲ့အတူ ခေါ်သွားလိုက်... သူ့စွမ်းရည်တွေကို မင်း သံသယ ဝင်စရာ မလိုဘူး... အင်တာနက်ပေါ်မှာ ' အစ်ကိုယီတောင်း ' ဆိုပြီး ရှာကြည့်လိုက်... မင်း ကိုယ်တိုင် မြင်ရပါလိမ့်မယ်... “
" အစကတော့ ငါ ကိုယ်တိုင် မင်းနဲ့ အတူတူ လိုက်သွားမလို့ စီစဉ်ထားတာ... ဒါပေမဲ့ အခုတော့ အဲဒါက အဆင်မပြေ ဖြစ်သွားနိုင်တယ်... သူ့ကို မင်းနဲ့ အတူတူ လိုက်သွားခိုင်းတာက မင်းအိမ်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အကူအညီ ဖြစ်စေရုံတင်မကဘူး… မင်းမြေးလေးရဲ့ လုံခြုံရေးကိုပါ သေချာစေလိမ့်မယ်... "
အဘိုးအို၏ စကားများတွင် လီယီတောင်း အပေါ် ယုံကြည်မှုတို့ ပြည့်နှက်နေလေသည်။
လီယီတောင်းက ပြဿနာ မရှိဘူးဟု ပြောလျှင် လုံးဝ ပြဿနာ မရှိနိုင်ကြောင်း အဘိုးအို သိထားလေသည်။
နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိသေး၏...။
အဘိုးအို၏ အကြည့်များက ခြံဝင်းဘက်သို့ ရွေ့သွားလေသည်။
တကယ်လို့ လီယီတောင်းက အခြေအနေကို မဖြေရှင်းနိုင်ခဲ့ရင်တောင်... ကူညီပေးမယ့် တခြား တစ်ယောက်ယောက် ရှိနေလိမ့်ဦးမယ်...။
***