" ဆရာ... ကျွန်တော်တို့ ဆေးရုံသွားပြီး မြေးလေးကို အရင် သွားမကြည့်သင့်ဘူးလား... "
" အိမ်က အရေးမကြီးပါဘူး... လိုအပ်ရင် အိမ်ကိုတောင် စွန့်လွှတ်လိုက်လို့ ရပါတယ်... ဒါပေမဲ့ ကျွန်တော့် မြေးလေးကတော့... "
အဘိုးအို၏ မိတ်ဆွေက ခြံဝင်းထဲမှ ထွက်လာစဉ် ပြောလိုက်ခြင်း ဖြစ်၏။သူ၏ နာမည်မှာ ဝေ့ဝမ်ချန် ဖြစ်ပြီး ကျန်းမြို့ရှိ အချမ်းသာဆုံး လျှို့ဝှက် ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦး ဖြစ်လေသည်။
ဝေ့ဝမ်ချန်က လီယီတောင်းကို သူ၏ အိမ်သို့ အရင်ဆုံး ခေါ်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် ဝေ့ဝမ်ချန်မှာ မြေးလေး ကျန်းမာရေးအတွက်သာ ဇောကပ်နေလေသည်။
လမ်းတစ်လျှောက်လုံး သူက လီယီတောင်းကို ဆေးရုံသို့ အရင်သွားပြီး မြေးဖြစ်သူကို ကယ်တင်ရန် ဖျောင်းဖျနေခဲ့၏။သို့သော် လီယီတောင်းက ပြုံးလျက်...
" ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းဘူး ဆိုရင်... ခင်ဗျားရဲ့ မြေးလေးကို အခု ကယ်လိုက်ရင်တောင် နောက်ပိုင်းမှာ ပြဿနာတွေ ဆက်ရှိနေနိုင်သေးတယ်... "
" အဘိုးအိုက ကျွန်တော့်ကို လာခိုင်းတာ ဆိုတော့... ဒီကိစ္စကို အရင်းအမြစ် ကနေပဲ ဖြေရှင်းရမယ်... တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ခင်ဗျား မြေးလေးကိုပဲ ကယ်စေချင်တယ် ဆိုရင်လည်း ရပါတယ်... ဒါပေမဲ့ အဘိုးအို ဆီကိုတော့ ဖုန်းအရင် ဆက်ရလိမ့်မယ်... "
လီယီတောင်း လေသံက တည်ငြိမ်လျက်။
ဝေ့ဝမ်ချန် တစ်ယောက် အတော်လေး ဇဝေဇဝါ ဖြစ်နေပြီးမှ အံကို တင်းတင်းကြိတ်ကာ နှုတ်ဆိတ်နေလိုက်တော့၏။
ကားက အဆင့်မြင့် လူနေအိမ်ရာ တစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီးနောက် အိမ်ရာ၏ အလယ်ဗဟိုရှိ သီးခြား ဗီလာ တစ်လုံးရှေ့တွင် ရပ်တန့်သွားလေသည်။
လီယီတောင်းသည် ဝေ့ဝမ်ချန် နောက်မှနေ၍ ဗီလာအတွင်းသို့ ဝင်ရောက်သွား၏။
သို့သော် အိမ်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တစ်အိမ်လုံးတွင် နွေးထွေးသော မီးရောင်များ ထွန်းလင်းနေသော်လည်း တစ်ခါမျှ မကြုံဖူးသော ချမ်းစိမ့်စိမ့် အအေးဓာတ်ကြီးကို လီယီတောင်း ခံစားလိုက်ရလေသည်။
ရေခဲတမျှ အအေးဓာတ်ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိ၏။
' ဒီဗီလာမှာ ပြဿနာ ရှိတယ်... '
" အိမ်က လူတွေ အကုန်လုံးကို တခြား နေရာကို ပြောင်းခိုင်းထားလို့ အခု ဗီလာ တစ်ခုလုံးမှာ ဘယ်သူမှ မရှိတော့ဘူး... "
" ဒါပေမဲ့ ကျွန်တော် ဗီလာထဲမှာ နေရတာ အဆင်မပြေသေးလို့... မထွက်ခင် အိမ်အကူကို နွေးထွေးတဲ့ မီးရောင်တွေ ဖွင့်ထားခဲ့ဖို့ မှာထားခဲ့တာ... "
သို့သော်...
ဤနေရာအရောက်တွင် ဝေ့ဝမ်ချန် မျက်လုံးများထဲ၌ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။
နောက်ဆက်တွဲ ဘာဖြစ်လာသလဲ ဆိုတာကို သူ ပွင့်ပွင့်လင်းလင်း ပြောပြစရာ မလိုတော့ပေ။ အခြေအနေက ရှင်းလင်းနေပြီ ဖြစ်၏။
ဒါပေမဲ့ သူ အေးနေတုန်းပဲလေ...။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်လျက် အကဲခတ်နေလိုက်သည်။ အခြေခံ ဝိညာဉ် ရှာဖွေခြင်း စွမ်းရည် အောက်တွင် မူမမှန်သည့် အရာ တစ်ခုမျှ သူ မတွေ့ရပေ။
' သာမန် လူတစ်ယောက်တောင်မှ ဒီနေရာမှာ တစ်ခုခု မှားနေတယ် ဆိုတာကို ခံစားမိမှာ သေချာတယ်... '
' အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်း... '
အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်းကို အသုံးပြုရာတွင် သက်တမ်း တစ်နှစ်သာ ကုန်ဆုံးသွား၍ လီယီတောင်း မျက်လုံးပြူးသွား၏။
ဒါက... သက်တမ်း တစ်နှစ် ဆိုရင် ရလဒ် ဘာမှ ရမှာ မဟုတ်ဘူး...။
ထင်သည့်အတိုင်းပင် လီယီတောင်းက အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်းကို အသက်သွင်းလိုက်သော်လည်း ဘာမှ မမြင်ရကြောင်း သဘောပေါက်လိုက်လေသည်။
မဟုတ်သေးပေ။ ထိုသို့ပြောလျှင် အပြည့်အဝ မမှန်ပေ။
အခန်း တစ်ခုလုံးရှိ အမည်းရောင် အငွေ့အသက်များမှာ ဝိညာဉ် ရှာဖွေခြင်း စွမ်းရည် အောက်တွင် အနီရောင် ဖျော့ဖျော့ အငွေ့အသက်များနှင့် တဖြည်းဖြည်း ရောနှောလာသည်ကို သူ သတိထားမိလိုက်၏။
ဤမြင်ကွင်းကြောင့် လီယီတောင်း လုံးဝ ဇဝေဇဝါ ဖြစ်သွားရလေသည်။
' အနီရောင် ဖျော့ဖျော့ အငွေ့အသက်... ခရမ်းရောင်လေးတောင် သန်းနေသလိုပဲလား... '
' မိန်းမဝတ် စကပ် အရောင်လိုမျိုးလား... '
' တစ်ခုခုတော့ မှားနေပြီ... '
အကယ်၍ အနီရောင် ဖျော့ဖျော့ အငွေ့အသက်သာ ဆိုလျှင် ၎င်းက နာကြည်းနေသော စွမ်းအင်များဟု လီယီတောင်း ထင်မှတ်မိပေလိမ့်မည်။
သို့သော် ထိုခရမ်းရောင် အရိပ်အယောင်ကတော့ လုံးဝ ကွဲပြားခြားနားနေလေသည်။
ခရမ်းရောင် အငွေ့အသက်က မည်သည်ကို ကိုယ်စားပြုသနည်း။
အဲဒါက တကယ့် စည်းစိမ်ချမ်းသာရဲ့ အငွေ့အသက်လေ...။
ဖုန်းရွှေ ပညာရပ်တွင် ၎င်းကို အကောင်းဆုံး စွမ်းအင် အမျိုးအစားဟု သတ်မှတ်ကြ၏။
ဒီလို ကြက်သီးထစရာ ပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ...။
သူ့မျက်လုံးများထဲတွင် စဉ်းစား တွေးတောနေသည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ထို့နောက် လှေကားပေါ်သို့ ဖြည်းညင်းစွာ တက်သွားလိုက်၏။
အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်း စွမ်းရည် အောက်တွင် ခရမ်းရောင် ရောနှောနေသော အနီရောင် ဖျော့ဖျော့ အငွေ့အသက်များက တဖြည်းဖြည်း စုစည်းလာပြီး ဒုတိယထပ်သို့ သွားရာ လမ်းကြောင်းဘက်မှ ထွက်ပေါ်လာနေသည်ကို သူ သတိထားမိလိုက်လေသည်။
ဆိုလိုသည်မှာ ဤထူးဆန်းသော အငွေ့အသက်များ၏ ပါဝင်ပစ္စည်းများက ဒုတိယထပ်တွင် ပိုမို သိပ်သည်းနေခြင်း ဖြစ်၏။
ထို့ကြောင့် လီယီတောင်းက အပေါ်ထပ်သို့ တက်ကာ ဆက်လက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဝေ့ဝမ်ချန် ဇဝေဇဝါ ဖြစ်နေသော်လည်း ခဏမျှ တုံ့ဆိုင်းပြီးနောက် လီယီတောင်း အနောက်မှ အနီးကပ် လိုက်ပါသွားလေသည်။
သို့သော် သူ၏ မျက်လုံးများထဲမှ အကြောက်တရားများကတော့ အထင်းသား။
သူတို့ အပေါ်ဆုံးထပ်အထိ ဆက်တက်သွားကြ၏။
လီယီတောင်း တံခါးတစ်ချပ်ရှေ့သို့ ရောက်သောအခါ မျက်မှောင်ကြုတ်ကာ...
" ဒီနေရာက ဘာနေရာလဲ... " ဟု မေးလိုက်သည်။
ဝေ့ဝမ်ချန်က အခန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက်...
" ဒါက ကျွန်တော့်ရဲ့ စာကြည့်ခန်းတွေထဲက တစ်ခန်းပါ... "
" စာကြည့်ခန်း ဟုတ်လား... "
လီယီတောင်း ခဏတာ ရပ်တန့်သွားသည်။ စာကြည့်ခန်း တစ်ခန်းမှာ ဘာပြဿနာမှ မရှိနိုင်ဘူး မဟုတ်လား...။
သို့သော် ခရမ်းရောင် ရောနှောနေသော အနီရောင် ဖျော့ဖျော့ အငွေ့အသက်များက ဤအခန်းထဲမှ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူ မတုံ့ဆိုင်းတော့ဘဲ တံခါးကို တွန်းဖွင့်လိုက်၏။
တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် လီယီတောင်း မှင်သက်သွားလေသည်။
အငွေ့အသက်များက ပို၍ပင် ပြင်းထန်နေပုံမှာ အရင်းအမြစ်မှ ပေါက်ကွဲထွက်လာသည့်အလားပင်။
စာကြည့်ခန်းထဲရှိ စားပွဲဆီသို့ သူ လှမ်းကြည့်လိုက်မိ၏။
ဤအငွေ့အသက်များက စားပွဲရှိရာ နေရာမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
အဆင့်မြင့် ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်ကြောင့် စားပွဲပေါ်ရှိ မှင်သွေးကျောက် တစ်ခု ပတ်လည်၌ ထူထပ်သော ခရမ်းရောင် ရောနှောနေသည့် အနီရောင် ဖျော့ဖျော့ အငွေ့အသက်များကို လီယီတောင်း မြင်တွေ့လိုက်ရလေသည်။
လီယီတောင်း စားပွဲဆီသို့ တိုက်ရိုက် မသွားသေးဘဲ ဝေ့ဝမ်ချန်ဘက်သို့ လှည့်ကာ...
" အဲဒီ မှင်သွေးကျောက်ကို ခင်ဗျား ဘယ်ကရတာလဲ... "
ထိုမေးခွန်းကြောင့် ဝေ့ဝမ်ချန် ခဏတာ မှင်သက်သွားလေသည်။
မှင်သွေးကျောက် ဟုတ်လား...။
သူ ထိုဘက်သို့ လှမ်းကြည့်လိုက်မိပြီး အူကြောင်ကြောင် ဖြစ်သွား၏။
ရိုးရိုးသားသား ဆိုရလျှင် မှင်သွေးကျောက် တစ်ခုကို သူ သိပ်ပြီး ဂရုမစိုက်ခဲ့မိပေ။
ဤစာကြည့်ခန်းက သူ၏ အဓိက အလုပ်လုပ်ရာ နေရာ မဟုတ်ပေ။ ၎င်းက စာရေးသားရန်နှင့် လက်ရေးလှ ရေးရန်အတွက် အဓိက ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်၏။
ထို့ပြင် သူ၏ နေ့စဉ် ဘဝတွင် ထိုအရာများမှာ အထူးတလည် အရေးပါခြင်းလည်း မရှိပေ။
အိမ်၏ ယခင် ပိုင်ရှင်မှာ လက်ရေးလှ ရေးခြင်းကို အလွန် ဝါသနာပါသူ ဖြစ်၍ အခန်းကို အလွန် သေသပ် လှပစွာ ပြင်ဆင်ထားခဲ့လေသည်။
သူ အိမ်ကို ပြန်လည် ပြင်ဆင်မွမ်းမံချိန်တွင် ဤအခန်းကို ကြီးကြီးမားမား ပြောင်းလဲမှုများ မလုပ်ခဲ့ပေ။ ခြစ်ရာ အချို့ကိုသာ ပြင်ဆင်ခဲ့ပြီး အခန်း၏ မူလ အသွင်အပြင်ကို ထိန်းသိမ်းထားခဲ့လေသည်။
ထိုအကြောင်းကို တွေးမိရင်း ဝေ့ဝမ်ချန် အရေးကြီးသည့် အရာတစ်ခုကို ရုတ်တရက် သတိရသွားလေသည်။
ဒီ မှင်သွေးကျောက်...။
အိမ်၏ ယခင် ပိုင်ရှင်က ၎င်းနှင့် ပတ်သက်ပြီး အထူးတလည် မှာကြားခဲ့ဖူးလေသည်။
ယခင် ပိုင်ရှင်က ဤမှင်သွေးကျောက်ကို မထားခဲ့ချင် ဖြစ်နေခဲ့သည်ကိုပင် သူ မှတ်မိနေသေး၏။ အစကတော့ ဝေ့ဝမ်ချန်က ယခင် ပိုင်ရှင်ကို ယူသွားခွင့်ပြုရန် ရည်ရွယ်ထားခဲ့သည်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက အရင် ပိုင်ရှင်ရဲ့ အပြုအမူက တော်တော်လေး ထူးဆန်းနေခဲ့တယ်...။
မထားခဲ့ချင်ဘူး ဆိုပေမဲ့… ယူမသွားဘဲ ငါ့ကို သေချာမှာခဲ့တာ…။
" ဒါကို ဖြတ်တောက်လိုက်သင့်ပြီ... " လို့တောင် ပြောခဲ့သေးတယ်...။
အဲဒီတုန်းက သိပ်နားမလည်ပေမဲ့ သိပ်ပြီးလည်း အရေးတယူ မလုပ်ခဲ့ဘူး...။
" ဘာဖြစ်လို့လဲ... တစ်ခုခု သတိရသွားလို့လား... "
ဝေ့ဝမ်ချန် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို သတိထားမိ၍ လီယီတောင်းက မေးလိုက်ခြင်း ဖြစ်၏။
ထိုအခါမှ ဝေ့ဝမ်ချန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စိုးရိမ်တကြီး လေသံဖြင့် အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြလိုက်လေသည်။
ဝေ့ဝမ်ချန်၏ ပြောစကားများကို ကြားပြီးနောက် လီယီတောင်း မျက်မှောင် ပြန်ကြုတ်သွား၏။
ကိစ္စတွေက အစက ထင်ထားတာထက် ပိုရှုပ်ထွေးနေပုံ ရတယ်...။
ဒီအရာ အားလုံးရဲ့ နောက်ကွယ်မှာ ဇာတ်လမ်း တစ်ပုဒ် ရှိနေတာ သေချာတယ်...။
လက်ရှိ အခြေအနေကို ကြည့်ရသလောက် ဝေ့ဝမ်ချန် အိမ်တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များက ဤမှင်သွေးကျောက်နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေရန် ရာခိုင်နှုန်း အလွန် များနေလေသည်။
' ကြည့်ရတာ... ပြီးခဲ့တဲ့ မစ်ရှင် ပြီးလို့ ဆုလာဘ် အနေနဲ့ ရထားတဲ့ စွမ်းရည်ကို စမ်းသုံးကြည့်ဖို့ ဒီနေ့က အခွင့်အရေးကောင်း တစ်ခု ဖြစ်လာမယ့်ပုံပဲ... '
***